Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ရုပ်ရှင်ထဲက ရုပ်သေများ


ခေါက်ရိုးကျိုးဇာတ်လမ်းတစ်ပုဒ်လို
တိုးလျိုးပေါက် မြင်လိုက်ရပြီ
စာတန်းထိုးကတည်းက
“ဘ၀” တဲ့။      

မှော်ဆလိုက်တို့ရဲ့မာယာမှာ
အရိပ်များ၊ အရောင်များ
တဖျတ်ဖျတ်ပြေးလွှားတယ်
တို့မျက်လုံးတွေကို ယုံကြည်သင့်ရဲ့လား။

ပန်းခင်းလေးပေါ်လွှမ်းခြုံ ယမ်းငွေ့မြူ
တ၀ုန်းဝုန်းပေါက်ကွဲနေ အမုန်းတရား
အပြုံးရောင် နှုတ်ခမ်းနှုစ်လွှာအကွယ်က အစွယ်များ
ရာသီမရွေး၊ မြေလွှာမရွေး နေရာတိုင်းမှာ
သေပန်းတွေသာ ဖွေးဖွေးလှုပ်ပွင့်ဝေ
လေဒီမက္ကဘတ်လက်တွေ မွှေးပျံ့စေဖို့
ပြင်သစ်နိုင်ငံကကော တတ်နိုင်ပါ့မလား
ပိတ်ကားဟာ အဖြူထည်ဆိုတာ
သက်သေမပြနိုင်တော့ဘူး။

မင်းလည်း မင်းအလျောက်
ငါလည်း ငါ့အလျောက်
ပရိသတ်လည်း ပရိသတ်အလျောက်
သွေးစက်ကျရာ အရုပ်ထင်ဖို့ ရုန်းကန်ရ
ဒီလိုနဲ့ သွေးလွန်ခဲ့ကြတယ်။

နောက်ဆုံးကျည်တစ်တောင့်မှာ
လူကြမ်းလဲကျသွား…ကြိုက်လား
နောက်ဆုံးအပြတစ်ကွက်မှာ
ကောင်မလေးက မင်းသားရင်ခွင်ထဲ…ကြိုက်လား
လက်ခုပ်သံဝေးရာအရပ်မှာ
ကိုယ်တို့ဟာ ရေသေတွေလို စီးဆင်း
ငြင်းပယ်ခံရခြင်းကိုသာ
ပါရမီဖြည့်ဖက်အဖြစ် ပေါင်းသင်းခဲ့ကြတယ်။           ။


အဂ္ဂ လင်း
ပန်းအလင်္ကာမဂ္ဂဇင်း၊ အမှတ်(၁၇) ဇန်န၀ါရီ ၂၀၀၈

မဂ္ဂဇင်းတချို့မှာ ကဗျာအနည်းငယ်ဖော်ပြခံခဲ့ရဖူးတယ်။ မဂ္ဂဇင်းစာမျက်နှာပေါ်ကိုယ့်ကဗျာတွေ့ရင် ခုထိ ကျေနပ်သာယာမိတုန်း။ မှတ်မှတ်ရရစိတ်လှုပ်ရှားပျော်ရွှင်မိခဲ့တဲ့ကဗျာအနေနဲ့ကတော့ ဒီကဗျာနဲ့ “၀ိုးတ၀ါးမြင်လိုက်ရတဲ့ ဥသြဆွဲသံ” နှစ်ပုဒ်ပဲ။ အဲ့ဒီအချိန်က အဖြစ်အပျက်အနေအထားလေးတွေအရလည်းပါတယ် :)

No comments:

Post a Comment