ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Monday, April 22, 2013
နယ်စပ်ဘ၀ စပ်မိစပ်ရာ(၅)
ကျယ်ခေါင်သမိုင်းကြောင်းပြောရင် (၄)လမ်းမပါရင် မပြီးသလို မိညို မပါရင်လည်းမပြီးဘူး။
မိညိုအကြောင်းပြောရင် သူပြောနေကြ “ မိညို အပိုမပြောဘူး ” ဆိုတာနဲ့ အရင်စရမယ် ။နို့မိညိုက ဘာလုပ်တုန်းမေးရင် မိညိုဆိုတာ (၄)လမ်းမှာ ရာမ ၊ ဖိုးရောင်းတယ်။မျက်လုံး တစ်ဖက်တိမ်တွယ်တစ်ဖက်က အဝေးမှုန်။စာမတတ်ပေမတတ်နဲ့ဆိုတော့ ယောက်ျားတစ်ယောက်ကို စာဖတ်ပြဖို့ ယူလိုက်ရတယ်ဆိုပဲ။သူဖတ်ခိုင်းတာက ကာတွန်း၊ရုပ်ပြတွေ။
ယူလိုက်တဲ့ ယောက်ျားက စာတတ်ပေမဲ့ဆေးသမား။ မိညိုကတော့
သူ့ယောက်ျားကို အခန်းတွင်းမှာပဲ နေစေတယ်။မိညိုလို့သာ ပြောရတာ အသက်က(၄၀)ကျော်၊ကလေး
နှစ်ယောက် အမေ။
“ မမိညို ခင်ဗျားစာမတတ်ဖူးလည်းဆိုသေး စာအုပ်တွေ ဒီလောက်အများကြီး မထပ်အောင် ဘယ်လိုရွေးလဲ ”
“ မိညို အပိုမပြောဘူး .... ဘယ်လိုရွေးလဲဆိုတော့ အရုပ်ကြည့်ရွေးတယ် အဲလောက်တော့ မှတ်ညဏ်
ကောင်းပါသေးတယ် ”
အဲဒါတော့ ယုံတယ် ။မမိညိုဆိုတာ ကျွန်တော်တို့ ကျယ်ခေါင်ရဲ့ အဘိဓါန်ကြီး။ အနှစ် ၃၀ အတွင်း ကျယ်ခေါင် အကြောင်းဘာမေးမေး သူမသိတာ မရှိ။ “ မိညို အပိုမပြောဘူးက အစချီပြီး ခင်ဗျားကို ပြောပြပါလိမ့်မယ် ” ။
“ မမိညို ညက ကိုဇော်ထွန်းတို့ ဘာဖြစ်တာလည်းဗျ ”
လူမိုက် ဇော်ထွန်း ညကတရုတ်လူမိုက်တွေနဲ့ရန်ဖြစ်တဲ့ ကိစ္စကိုမေးကြည့်လိုက်တယ် ။
“ အေး .... မိညို အပိုမပြောဘူးနော် .... ညက ဇော်ထွန်းလေ ရေစိမ်ဆိုင်မှာ တရုတ်၎၊၅ယောက်လောက်ကို ၀င်ခုတ်တာ ။ဗွီဒီရိုထဲက အတိုင်းပဲ ။ ကြည့်လို့ကောင်းလိုက်တာ ။ဇော်ထွန်းက ဦးထုတ်ကြီးဆောင်း၊၀ိုင်းတစ်ဝိုင်းမှာထိုင် အခြေအနေကြည့်ပြီး ခေါက်ဆွဲစားနေ
တဲ့ တရုတ်တွေကို တုတ်နဲ့ အရင်ဖြတ်ရိုက်ပြီး သူ့ငှက်ကြီးတောင် ဓားကြီးနဲ့ခုတ်ချလိုက်တယ်။တရုတ်
တစ်ကောင် လက်မောင်းမှာခုတ်မိတယ်။သူနဲ့ပါတဲ့ တရုတ်တွေ ဘယ်လောက် သတ္တိကောင်းလဲ ပြေး
လိုက်တာ တန်းနေတာပဲ ။ဇော်ထွန်းကကျန်နေခဲ့တဲ့ အကောင်ကို သေအောင် မခုတ်လို့ တော်သေး
တယ်။ မိညို အပို မပြောဘူးနော် ..... ” ဆိုပြီး ကိုဇော်ထွန်းဋီကာကြီး ကိုဆက်ဖွင့်ပါတော့တယ် ။
“ နေပါဦး မမိညို ရဲ့ ခင်ဗျားက မျက်လုံးလည်း မမြင်ရဘဲနဲ့ ပြောပြလိုက်တာ က အသေးစိတ် ”
“ မိညို အပိုမပြောဘူး ..... ညက သူတို့ဝိုင်းဘေးမှာ ငါထိုင်ပြီး ရေစိမ်တစ်ပွဲ မှာစားပြီး ဈေးရောင်းနေတာ ”
“ မမိညို ဒါမျိုးကြ ခင်ဗျား မျက်စိက မြင်သလား ”
“ မိညို အပိုမပြောပါဘူး ။ ဇော်ထွန်းတကယ်တော်တယ် ။ အနီးကပ်ဆိုတော့မြင်တာပေါ့ဟဲ့ ငါ့မျက်စိနဲ့
သေချာတပ်အပ်မြင်တာ ။ဒီကျယ်ခေါင်မှာ ငါနေလာသမျှ တရုတ်ကို ပြောင်ခုတ်ရဲတဲ့ကောင် တစ်ကောင်မှ မရှိဘူး ”
“တရုတ် ခုတ်ရဲတာနဲ့တော့ တော်တယ်လို့ ပြောလို့ မရပါဘူးဗျာ ”
ကျွန်တော်လည်း ကိုဇော်ထွန်း အကြောင်းသိချင်တာနဲ့ နဲနဲဆွပေးလိုက်တယ် ။
“ဟဲ့ .... မိညို အပိုမပြောဘူး ။ ဇော်ထွန်းဆိုတာ သူ့ဟာသူ သူခိုး ၊ ဒမြတွေဆီက မိုက်ကြေးခွဲစားချင်
စားမယ်။ကောင်းရောင်းကောင်းဝယ်လုပ်စားတဲ့ သူတွေကို ဘယ်တော့မှ ဒုက္ခမပေးဘူး ”
“နို့ ..... ဒါဆို ခင်ဗျားတို့ ဆီကရော ...”
“ မိညို အပိုမပြောဘူး ငါတို့ လောကမှာလည်း ဇော်ထွန်း ဆပ်ကြေးကောက်တဲ့ လူတွေက သပ်သပ် ရှိတယ်။ငါတို့က အလိုက်တသိ သုံးဖို့စွဲဖို့လေး ပေးလိုက်ရင်ပြီးရော ။ရဲကင်းပတ်မယ်ဆို လာအကြောင်းကြားပေးတယ် ။လူမိုက်လုပ်နေပေမဲ့ ဘွဲ့ရပညာတတ်အသိဥဏ်ရှိတယ်။ ဟိုစာအုပ်ထဲ က လမ်းမတော်ဖိုးတုတ်လိုမျိုးပေါ့ ........ ”
အင်း ကိုဇော်ထွန်း အကြောင်းတော့ တော်တော် သိလိုက်ရပြီ ။
“ တော်ပါဗျာ .... မမိညိုက ခင်ဗျားယောက်ျား ဖတ်ပြတဲ့ စာအုပ်ထဲက ဟာတွေ ဇာတ်လမ်းဆင်ပြီးပြောနေတာပါ ။ မမြင်မကန်းနဲ့ ဟုတ်မယ် မထင်ပါဘူး ”
“ ရော ခက်ပြီ ...... မိညို အပိုမပြောပါဘူး ”
“ ကျုပ်ကလက်တွေ့ လေဗျာ ... ခင်ဗျား မမြင်တာက အရေးမကြီးဘူး ကျုပ်က တစ်ဘ၀လုံးစာ ခံခဲ့ရတာ ”
“ အေးဟယ် .... မိညို အပိုမပြောပါဘူး အဲဒီ ကိစ္စငါတောင်းပန်ပါတယ် ”
မမိညို ပြန်တွေးပြီး အတော် စိတ်မကောင်း ဖြစ်သွားပုံရပါသည် ။အဲဒီတုန်းက အဖြစ်မပျက်ကို အခုတွေးကြည့်တော့လည်း တကယ်ရယ်စရာပါ။
ကျွန်တော့်စာအုပ် သုံးဘီးလေး လေးလမ်းမှာ ရောက်လာပြီဆို ဖာသည်မ ဖိုးရောင်း၊ရာမရောင်းတဲ့ သူတွေ အပြေးအလွှား ရောက်လာတတ်ကြတယ် ။
တစ်နေ့တော့ ..... တရုတ်ရဲတွေက ကျွန်တော် စာအုပ်တွေ ဟိုကြည့်ဒီကြည့်ဟိုလှန်ဒီလှန်နဲ့ လျှောက်
ကြည့်နေတယ်။ အဲဒီအချိန်မှာ မမိညို စာအုပ်တွေ တပွေ့တစ်ပိုက်ကြီးနဲ့ လျှောက်လာတယ် ။ သူတို့မှာ
ရောင်းတဲ့ ပစ္စည်းတွ ကိုယ်ပေါ်မှာ အမြဲပါတတ်တော့ “ မမိညို ..... မမိညို ”ဆိုပြီး အတင်းအော်မိတယ် ။ ကျွန်တော်က အော်လေ ..... သူကခပ်မြန်မြန်လျှောက်လာလေ .... သူလျှောက်လာလေ ကျွန်တော်က အော်ရလေ .... ။ ဒီရဲယူနီဖောင်းကြီးနဲ့တရုတ်ရဲတွေကို သူမြင်မယ် ထင်တာပေါ့ ။ ကျေးဇူးရှင်က မမြင်တဲ့အပြင် သူ့ပစ္စည်းထုတ်နဲ့ စာအုပ်တွေကို ကျွန်တော် ဆိုက်တွဲပေါ်တင်လိုက်ပါလေရော ။တရုတ်ရဲကလည်း ပစ္စည်းထုတ်လည်းမြင်ရော သူလက်ကို လက်ပြန်ဖမ်းချုပ်ပြီး ခေါင်းပေါ်လက်တင် ငုတ်တုတ်ထိုင်ခိုင်းလိုက်တယ် ။ အဲသူ့တင်မကဘူး ကျွန်တော့်ပါ အဲလိုလုပ်ခိုင်းပြီး စခန်းခေါ်သွားပါလေရော ။စခန်းရောက်တော့ ပိုက်ဆံနဲ့အရွေးခိုင်းတယ် ။ မမိညိုလည်း ကျွန်တော်နဲ့ဘာမှ မပတ်သက်ကြောင်း ပြောပေးပါတယ် ။ဒါပေမယ့် မရဘူး ။တထောင်ဆိုတော့ ကျွန်တော်လည်း ဘယ်တတ်နိုင်ပါ့ မလဲ ။ မမိညို ဘယ်လိုလုပ်မလဲပေါ့ ။
“ မိညို ... အပိုမပြောပါဘူးဟယ် ။ ဘယ်တတ်နိုင်ပါ့မလဲ ။ငါစိုက်ပေးပါ့မယ်။တရုတ်ရဲတွေ ငတ်ကြီးကို
ကြတယ် ။ငါဆီကတောင်းထားတာ ဘယ်လောက်မှ မကြာသေးဘူး ။ ဒီကောင်တွေက အသစ်တွေ ”
အဲဒါနဲ့ ကျွန်တော်က တစ်ထောင် ၊မမိညိုက တစ်သောင်းနဲ့ ပေးထွက်လာခဲ့ရတယ် ။တစ်သက်နဲ့တစ်ကိုယ် အချုပ်ထဲ ပထမဦးဆုံးရောက်ဖူးတာပေါ့ ။
“နို့ မိမိညိုရ အဲဒါဆို ခင်ဗျားတို့ ဘယ်ချောင်မလဲဗျ ”
“ မိညို အပိုမပြောဘူး .... ။ ရာမရောင်းလာတာ နှစ်ဘယ်လောက်ရှိပြီလဲ ။ငါတို့ ချမ်းသာသွားပါ့လား
နင်မြင်တဲ့ အတိုင်းပဲ ဝေစားမျှစား ပဲ ။ တစ်လတစ်ခါ ပေးရတယ် ။အရောင်းအ၀ယ်မကောင်းလို့ သူတို့ကို ရှောင်မိရင် အဖမ်းခံရရော ။မုန့်စားပွဲ ၊ နှစ်သစ်ကူးဆို ရှယ်ပေးရတာတော်ရေ့  ..... မိညို အပိုမပြောဘူး ”
“ ဒါနဲ့များ တခြားကောင်းရောင်းကောင်းဝယ်လုပ်စားပါ့လားဗျာ .... ”
“ မိညို အပိုမပြောဘူး ..... ငါ့ရုပ်ငါ့ရည်၊စာမတတ်ပေမတတ်နဲ့ ဘာသွားလုပ်စားမလဲ ... ။အချက်အပြုပ်ကြတော့လည်း ငါတောကလာတာ။ငါချက်တာ ငါ့ယေက်ျားဘိန်းစားတောင် မစားဘူး။မလွယ်ပါဘူးဟာ ငါအကုန်လုပ်စားဘူးပါတယ် ”
“ အဲ .... မမိညိုကလည်း အမနဲ့အတူတွဲနေတဲ့ ဟို မမိုးနန္ဒာ ဆိုတဲ့ အမကြတော့ အဆင်ပြေနေတာ
ပဲ ”
“ဟဲ့ ... မိညို အပိုမပြောဘူး။သူ့ကြောင်းနင်ဘယ်လောက်သိလို့လည်း အဲကောင်မကြောင့် ငါနဲ့ ညွှန်ဝေ
ဘ၀ပျက်ရတာ ပေါ့ ”
“ဘယ်လိုကြောင့်တုန်းဗျ ”
ကျွန်တော်လည်း စကားထိုင်ပြောလက်စနဲ့မထူးဘူးဆိုပြီး ထပ်ဆွပေးလိုက်တယ် ။
“ဟုတ်ပါ့တော် ..... ငါရယ်ညွှန့်ဝေရယ်၊မိုးနန္ဒာရယ်က တစ်ရွာထဲ ။ဒီမှာ အိမ်ဖော်လုပ်ရမယ် ဆိုပြီး ခေါ် ၊နောက် ဦးမောင်မောင် ဘိမှာ ငါတို့ကို ရောင်းစားလိုက်တယ်။အဲဒီတုန်းက တရုတ်ကိုရောင်းတာက
ခေတ်မစားသေးဘူးလေ ”
“ အောင်မာ .... မမိညိုကြီး က တရုတ်က ၀ယ်ရင်တော့ အရောင်းစားခံမဲ့ ပုံပေါ့ ”
“ မိညို အပိုမပြောပါဘူးဟယ် ... အဲဒီလောကထဲက ထွက်ပြီး အစုံလုပ်ကြည့်ရင်း ဒီဘ၀ရောက်ခဲ့တာ။
မိုးနန္ဒာက ဗိုလ်မှုးဟောင်းတစ်ယောက်က မယားငယ်ထားပြီး တော်ကောက်တော့ ဒီဘ၀ရောက်သွား
တာပေါ့ ။ခုသူက ငါတို့ကိုနေ့ပြန်တိုးပေးစားတယ်လေ။တစ်သောင်းယူရင် ၁၄ရက် သောင်းလေးထောင်
သွင်းရတယ်။ အဆင်ပြေတာပေါ့ ”
အဲဒါကြောင့်ပြောတာ မမိညိုက ကျယ်ခေါင် အဘိဓါန်ကြီးပါဆို ။ လူတွေအကြောင်းပြီးတော့ ပထ၀ီအနေအထား ဆက်မေးရတယ် ။
“ ဒါနဲ့စကား မစပ် မမိညို အမြဲတမ်း ဟိုနေရာကို သွားသွားကြည့်တယ်နော် ”
“ ဘယ်နေရာလည်း ”
“ မြန်မာ သူရဲကောင်းများသချုင်္ိင်း ဆိုပြီး အုတ်နံရံမှာ ရေးထားတဲ့နေရာလေ ဆေးသမားတွေ တချို့လူတွေ သေရင်အဲဒီနား ဘာလို့ လာလာပြစ်ထားတာလဲဗျ ”
“ မိညို အပိုမပြောဘူး .... ကိုယ့်ဖောက်သယ်တွေ ဘယ်သူတွေ ရှောသွားကြပြီလည်း ဆိုတာ သွားသွားကြည့်တာ။ကိုယ့်အပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့ သူတွေဆိုတော့ ကိုယ်တတ်နိုင်သလောက်ကူညီ
တာပါ ”
“ အင်းနော် .... ဆေးသမားတွေကသစ္စာတော့ အရှိသား အချင်းချင်းသွားပြီးပစ်ပေးကြတယ်နော် ”
“ဘယ်ကလာ မိညိုအပိုမပြောဘူး ..... ငါတို့ ဗမာတွေသေရင် ဘယ်နေရာသွားပစ်မလဲ ... သေစရာသချိုင်းတောင်မရှိဘူး။ရွှေလီမြစ်ထဲ ခိုးပစ်ရင်ပစ် ဒါမှ မဟုတ် တာဝန်ယူမဲ့သူမရှိတဲ့ အလောင်းဆို ဒီနေရာလာပစ်ပေါ့ ... အဲဒါကို ငါတို့က တတ်နိုင်သလောက်တာဝန်ယူရတယ် ”
“ သချိုင်းတွေ ရှိတာပဲဗျ .... ပြောဆိုပြီး ချလို့မရဘူးလား ”
“ မိညို အပိုမပြောဘူး .... ရှမ်းရွာသချုင်္ိင်း၊တရုတ်သချုင်္ိင်း ဘယ်ကမှလက်မခံဘူး၊ငါတို့ မှာ သေရင်မြေ မရှိဘူး၊အဲဒါကြောင့် ပိုက်ဆံကောက်ပြီး သချုင်္ိင်းမြေနေရာ ၀ယ်တာတောင် ဘယ်မှဝယ်လို့ မရဘူး။မိညို အပိုမပြောဘူး .... မန္တလေးနင် သွားကြည့်စမ်း ....... ”
“တော်ပါ မမိညိုရယ် ....အပိုတွေ မပြောစမ်းပါနဲ့ .... နိုင်ငံရေးတွေ မပါကြေး ”
“ အေး ... နိုင်ငံရေး ဆိုလို့ ဟိုစာစောင်လေး တွေမဖတ်ရတာကြာပြီ ။ လုပ်ပါဦးဟ ”
“တော်ပါဗျာ ... ခင်ဗျားတော့ ကြောက်လွန်းလို့ ..... ကျုပ်မှာ မနည်း ဖြေရှင်းယူရတယ် ”
“ ဟို မသာ မူးယစ်ကအကောင်လေ .... အိမ်မှာဆေးလာရောင်း၊ဆေးလာချရင်းတွေ့ သွားပြီး စသုံးလုံးကို အာသွားချောင်တာ ”
မမိညို ဆိုတာအဲလို ။စာမတတ်ပေမတတ်နဲ့နိုင်ငံရေးကလည်း စိတ်ဝင်စားသေး ။ကျွန်တော့်ဆီက မစ္ဇျိမ
စာစောင်တွေယူပြီး သူမောင်တော်ကို အဖတ်ခိုင်းတယ်။ကိုယ်တော်ချောကလည်း ဖတ်ပြီးသိမ်းမထားဘူး မူးယစ်ကတစ်ယောက်လာတော့ တွေသွားပြီး ကျွန်တော့်ကို စသုံးလုံးက ခေါ်စစ်
လို့ မနည်းဖြေရှင်းယူရတယ် ။
“နေပါဦး ခင်ဗျားက ဆေးလည်းရောင်စားသေးတယ်။နိုင်ငံရေးနဲ့ခင်ဗျားနဲ့ဘာဆိုင်သတုန်း ”
“မဆိုင်ပဲလားတော် .... မညိုအပိုမပြောဘူး။ကိုယ်စာမတတ်ပေမဲ့ ကိုယ့်သားသမီးတွေ ခေတ်ကိုမျှော်ရသေးသတော့် ”
“ ဒါနဲ့ကလေးတွေက ဘယ်နှစ်တန်းရောက်ပြီတုန်းမမိညိုရဲ့ ”
“ မိညိုအပိုမပြောဘူးနော် ...အကြီးက ဒီနှစ်၉တန်း၊အငယ်က (၇)တန်း ၊ မေမြို့မှာ ငယ်ငယ်ကတည်းက ဘော်ဒါသွားထားတယ် ”
“မမိညိုရယ် ခင်ဗျားလည်းဒီအလုပ်ကြီး တသက်လုံးလုပ်လာခဲ့ပြီးပြီ အဆင်လည်းပြေတာမဟုတ်ဘဲနဲ့
ကိုယ့်ဘ၀ကို မျက်နှာအငယ်ခံပြီး ဘာလို့ဒီအလုပ်လုပ်နေလဲ၊စွန့်လိုက်တော့ပေါ့ ”
“ငါ့ဘ၀က ဘာအရေးလည်းဟယ်။သားတွေအရေးက ရှိသေးတယ်လေ။ငါဘာဖြစ်ဖြစ်သူတို့ ဘ၀က အရေးကြီးတယ်။ခေတ်ကြီးကလည်း ပိုက်ဆံရှိမှ လူရာဝင်တဲ့ခေတ်ဖြစ်နေတာကို။ပိုက်ဆံ မရှိရင် သေတတ်တယ်ဆိုတာ နင်လည်းကြားဘူးသားပဲ ။အဲဒါ အသက်တင်သေတာမဟုတ်ဘူး ဘဝ
ပါသေတတ်တယ် ”
“တော်ပါ မမိညိုရယ် ။ ခင်ဗျား မပီကလာပီကလာ ဒဿနအကျိုးအပဲ့ တွေက ကျုပ်လာလာစင်တယ်ဗျ ”
“မိညို အပိုမပြောပါဘူးဟယ် ”
“ဟုတ်ပါပြီဗျာ .... ဒါနဲ့စကားမစပ် တရုတ်ရဲတွေ တော်တော်သောင်းကျန်းနေတယ်နော်၊တရုတ်လင်မယား နှစ်ယောက်အသတ်ခံရတဲ့ ကိစ္စနဲ့ ”
“အေး ဟေ့ ခုစခန်းထဲမှာ ဗမာလေးငါးရာလောက်ရှိမယ်။ဘာမှလည်းမစားရဘူးနေပူထဲငုတ်တုပ်ထိုင်ခိုင်ထားတယ်။ရေတောင်မသောက်ရဘူး ။ အင်္ဂလိပ်လို ငါမခေါ်တတ်ပါဘူး ဘာစစ်ဖို့ဆိုလားပဲ။မနေနိုင်တဲ့ သူတွေက ကျွေးတာတောင် မစားရဘူး။အလကားသက်သက်လူလည်ကျတာ နောက်ပြီးတော့ တစ်ယောက်ကို ၂၀၀နဲ့ပြန်လွှတ်တယ်။ငါတို့ ဗမာတွေကို နေလို့ မရအောင် ခြိမ်းခြောက်တာပါအေ ”
“ ဟုတ်တယ်ဗျ ... ခုလိုက်ဖမ်းနေတာ ကုန်ထမ်းသမား၊မျက်မှန်တပ်ထားတဲ့သူ၊နောက်ကျောမှာ ဆေးမှင်ကြောင်ထိုးထားတဲ့သူ၊လက်မှာ ဒဏ်ရာရထားတဲ့သူ အကုန်ဖမ်းနေတော့ ကုန်ပြီပေါ့ဗျ ။ဒါနဲ့ မမိညိုတို့လို ဆေးရောင်းတဲ့သူတွေရော မဖမ်းဘူးလား ”
“အောင်မာ .... မိညို အပိုမပြောဘူး ။ဒီအချိန်မှာ ငါတို့ကရောင်းကောင်းတယ်။သူတို့ ငါတို့ကို အာရုဏ်မစိုက်နိုင်ဘူး။စိုက်လို့လည်းမရဘူး ငါတို့ဆီက တောင်းထားတာ မကြာသေးဘူးလေ ”
“ကောင်းပါလေ့ဗျာ ..... တရုတ်အခက် မမိညိုတို့ အချက်ပေါ့ ။သူတို့ တရုတ်ထိတော့ ဆတ်ဆတ်ထိ မခံနိုင်ကြဘူးနော်၊ကျုပ်တို့ ဗမာတွေဘယ်လောက်အသတ်ခံရခံရ ဘယ်ဂရုစိုက်လို့တုန်း ”
“ အင်း ဟုတ်ပါ့ ... ဟိုတလေက ငါမျက်စိရှေ့ မှာတင်တရုတ်လူမိုက်တွေ ဘက္ထရီဆိုင်ကယ်နဲ့လင်မယားကို ပိုက်ဆံအိတ်ဆွဲလုလိုက်တာ မိန်းမဆိုင်ကယ်ပေါ်က ကြပြီးသေသွားပါလေရော။အဲဒါကြ ဘယ်သူမှ ဂရုမစိုက်ဖူး။တရုတ်မှ မဟုတ်ဘူးဗမာရဲလည်းဒီအတိုင်းပဲ ဟိုတလောက စည်သူတို့ ကျောက်မဲက ကားသမားအဘိုးကြီးကို ဘာမှမဟုတ်ပဲ သံဒုတ်နဲ့နောက်စိရိုက်ချလိုက်တာ ပွဲချင်းပြီးသေရော။စည်သူမှန်းလည်း သိရဲ့သားနဲ့ ဘာမှ မဘာကြဘူး ”
“ အော် ကိုယ်ကသူနိုင်ငံမှာ လာနေတာကိုဗျ .... သူပြုသမျှနုရတော့ မှာပေါ့ ။ဗမာရဲတော့ အားကိုးမနေပါနဲ့ဗျာ ”
“ဟုတ်တယ် .... မိညို အပိုမပြောဘူး .... ငါသားလေးတွေ ၁၀တန်းအောင်ပြီးလို့ သူ့အလုပ်နဲ့သူဖြစ်
ဖြစ်ရင် ဒီမှာလည်းမနေ ဒီအလုပ်လည်းလုပ်မစားတော့ ပါဘူးဟာ ”
“ အေးပါဗျာ မမိညိုလည်း ဒီဘ၀ ကမြန်မြန်ကျွတ်ပါစေ ”
ဒီလိုပဲ မမိညိုနဲ့က မသိတာမေးလိုက်။ဟိုအကြောင်း ဒီအကြောင်းပြောလိုက်နဲ့နေလာခဲ့ကြတာပါ ။
ဘာကြောင့် ခင်ဗျားတို့ကို မမိညို အကြောင်းပြောပြနေရသလဲဆိုတော့ မမိညို အကြောင်းပြောရင် ကျယ်ခေါင်အကြောင်း၊ဒီမှာနေတဲ့ မြန်မာနိုင်ငံသားတွေ အကြောင်း ၊တရုတ်တွေအကြောင်း သိသွားရတာပေါ့ ။ မမိညို တကယ့်ကို အပိုမပြောခဲ့ပါဘူးလေ ။
ဗျာ ...... မမိညို အကြောင်းဆက်ပြောပါဦး ဟုတ်လား ။မမိညို အကြောင်းက ပြောပြရရင်တော့ အများကြီး။ပြောချင်စိတ် မရှိရင်လည်း ဘာမှပြောစရာ မရှိတော့ပါဘူး ။ခင်ဗျားကို ပြောပြနေတာတွေက လွန်ခဲ့တဲ့ (၂)နှစ်ကအကြောင်းတွေပါ။ ခု .... မမိညိုမရှိတော့ပါဘူး ။...... ခင်ဗျားထင်ထားသလို တရုတ်ရဲ ဗမာရဲ ဖမ်းလို့ ထောင်ကျသွားတာ မဟုတ်ပါဘူး။သေသွားတာပါ ။သေတာကလည် ဘယ်လိုသေသွားတယ်မှတ်လည်း သူယောက်ျားက ဆေးကြောင်ပြီး သောက်ရေအိုးထဲကို ရာမတွေထည့်ထားတာ ရေဆာတော့ သောက်မိတာနဲ့ သေသွားရတာပေါ့ ။မမိညို သူပြုသမျှကံ သူပြန်ခံရတာပါလေ ။ဒါပေမယ့် သူ့စေတနာက သူ့ကိုအကျိုးပေးသွားပါတယ် ။မမိညိုသေတော့ လူမမာယောင်ဆောင်ပြီး တရုတ်ရဲတွေကို မျက်လှည့်ပြ ဂိတ်ပေါက်ကထွက် မူဆယ်သင်္ချိုင်းမှာ အုတ်ဂူလေးတည်ပေးခဲ့ပါ ။
သူ့ယေက်ျားကတော့ လမ်းဘေးဆေးသမားဘ၀နဲ့ အဆုံးသတ်သွားပါတယ်။သူ့သား အကြီးကောင်ကတော့ (၁၀)တန်းကျပြီး ကျယ်ခေါင်မှာ ဆေးရောင်းရင်း လူမိုက်ကလေး ဖြစ်သွားပါပြီ ။
အငယ်ကောင်ကတော့ သူဆွေမျိုးတွေက ကျောင်းဆက်ထားပေးတယ် ဆိုလားပဲ။ကျယ်ခေါင်တော့ သူရောက်မလာခဲ့ပါဘူးဗျာ ။
ဒါပါပဲဗျာ .....မမိညို ဘယ်တော့မှ အပိုမပြောခဲ့သလို ကျွန်တော်လည်း ခင်ဗျားကို အပိုမပြောခဲ့ပါဘူး ။
တကယ့်ကို ...... ကျွန်တော် အပိုမပြောခဲ့ပါဘူး ။
ဘိုဟန်
Sunday, July 22, 2012 at 2:57pm
Labels:
ဝတ္ထုတို - ဘိုဟန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment