Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

** မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်း **

ဘဝဟာ
ဆေးဆိုးပန်းရိုက် ပိတ်သားစ တစ်စတဲ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ ... ။

လူတွေရဲ့ အထင်သေးမှုကို ခံယူပါ
(ဒါဟာ လူဖြစ်ကြောင်း သိအောင် ကြိုးစားခဲ့တာလို့
ပြောပြလို့ရသေး)
အဲလို .. ကိုယ့်အပေါ် အထင်သေးမှုတွေကို
ပေးချေ
ပြီးရင်
ကိုယ်ရသင့်တာ ကိုယ်ပြန်ယူခဲ့နိုင်ကြဖို့ပဲ ။

မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ ..
အချို့လူတွေ လူမုန်းခံရတာကိုက သူ့အတွက်
ကိုယ်ရသင့်တာ
ငွေတွေ သောက်သောက်လဲ ရစေခဲ့သတဲ့။
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ။
မိတ်ဆွေ တစ်ယောက်ရဲ့ အောင်မြင်မှုဟာ
အရက်တစ်လုံးတောင်မှ
မဖြစ်ခဲ့ ဖူးဘူးတဲ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ ။

ကမ္ဘာကြီးမှာ “ ထီး” နဲ့ “ သော့” ဟာ
အလိုနဲ့ အလုပ်ကို လုပ်ကြတယ်
သေချာတယ်
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ ။

ကိုယ့်အိမ်က တန်ဖိုးအရှိဆုံး ပစ္စည်း
ဒီပစ္စည်းမှ အမိအရ ခိုးသွားနိုင်သူ
ဒီ သူခိုး
ဒင်းကို
အတိအကျ ကျေးဇူး ဥပကာရ တင်ရှိရမယ် ။
သိကြ
ကိုယ့်ဂုဏ်သိက္ခာမြင့်မားအောင်
မြှင့်ပေးတယ် လို့ပေါ့။
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ ။

နှင်းဆီဟာ
သောက်လို့ကောင်းတယ်
လမင်းဟာ
ဆေးစပ်ကောင်းတယ်
နွားဟာ
ဆေးစပ်ပြင်းပြင်းနဲ့ သောက်လို့ကောင်းတယ် ။

လမ်းမတွေဟာ
သင်ခန်းစာတွေဖြစ်တယ်
သင်ခန်းစာတွေဟာ
လမ်းမတွေဖြစ်တယ်
မစ္စတာ ဒဗလျူကလက်ဟာ
ချည်မျှင်နဲ့ အထည်ကို မှတ်တမ်းတင်ခဲ့တယ်ပေါ့ ။

ဘဝနဲ့ မျှော်လင့်ချက်ဟာ
မျှော်လင့်ချက်နဲ့ အသက်ရှင်မှုဟာ
လူတွေက လူ့မျက်နှာကို မကြည့်ခဲ့တာဟာ
ချည်မျှင်နဲ့ အထည်ကိစ္စဆိုတာကို မသိခဲ့။
ဒါကြောင့်ပဲ
မစ္စတာ ဒဗလျူကလက်နဲ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းကို
မှတ်တမ်းတင်လိုက်မိပါရဲ့။ ။

မောင်ချောနွယ်

No comments:

Post a Comment