ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Monday, April 22, 2013
ငါ ပါရီကို သွားချင်သေးတယ်
(၁)
အလက်ဇင်းဒါး သည်ဂရိတ်ဘုရင်ကြီး
ဥရောပတစ်ခွင် အာရှတစ်ခွင် ပြဲပြဲစင်အောင်
နယ်ချဲ့ကျူးကျော် သိမ်းပိုက်ခဲ့တဲ့ တိုက်တိုင်းအောင်
စစ်ပွဲတိုင်းမှာ ထမင်းချက်တစ်ယောက်မှမပါဘူးလားဗျာလို့
ဂျာမန်ကဗျာဆရာ (ဘားဒေါ့ဗရက်) က (အလုပ်သမားတစ်ဦး)
သမိုင်းဘာသာရပ်ကိုလေ့လာခြင်း ကဗျာထဲမှာ ရေးခဲ့တာဖတ်ဖူးတယ်။
သမိုင်းဆိုတာ ရာဇဝင်မဟုတ်ဘူး
ရာဇဝင်ဆိုတာ ရာဇဝံသပဲ မဟုတ်လား
မဟာမျိုးမဟာနွယ် အုပ်စိုးသူ ပဒေသရာဇ်
ဧကရာဇ်တို့ရဲ့ ရွှေဘုန်းတော်တိုးပါလို့
ရွှေမိုးတွေရွာဆိုတဲ့ ဘုန်းတော်ဘွဲ့ကို
ရာဇဝင်လို့ခေါ်တာပါပဲ။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သမိုင်းပါမောက္ခကြီး
ဒေါက်တာသန်းထွန်းကို စာရေးဆရာတစ်ဦးက
ဆရာသမိုင်းကို ဘာကြောင့်သင်ရတာလည်းလို့မေးတော့
(မအအောင်လို့ပေါ့) လို့ဆရာကြီးက တိုတိုတုတ်တုတ်ပဲ ဖြေခဲ့တယ်။
ရာဇဝင်ကိုတုတ်ထမ်း ဓားထမ်းပြောရမယ်ဆိုတဲ့
မကျက်တစ်ကျက် မုန်းစိမ်းပေါင်းတွေ ရှိသေးတယ်
တုတ်ထမ်း ဓာထမ်းပြီးပြောဖို့ မလိုပါဘူး
ပေါက်ပြားထမ်း ပေါက်တူးထမ်းပြီး ပြောရင်လည်း
ရပါတယ်လို့ ဆရာကြီးဦးဖေမောင်တင်က ပြောဖူးပါတယ်။
ငါတို့ရွာဦးက ဘုရားငုတ်တိုဟာ
(သီရိဓမ္မာသောကမင်းကြီး တည်သွားတာကွ) လို့
ရှေ့မှီနောက်မှီ လူကြီးတစ်ဦးက အလှူအိမ် ၊ အသုဘအိမ်တွေမှာ အလျဉ်းသင့်တိုင်း လက်ဖက်ဝါးရင်
ရေနွေးသောက်တိုင်း လူထူထူ ရှိတဲ့ နေရာတိုင်း အာပေါင်းအာရင်းသန်သန်နဲ့
ပြောနေကျဆိုနေကျ တစ်နေ့တော့ ရွာမြောင်ပိုင်းက
အသုဘအိမ်တစ်အိမ်မှာ ထုံစံအတိုင်း အဲ့ဒီလူကြီးက
အပ်ကြောင်းထပ်နေပြီဖြစ်တဲ့ စကားအိုစကားဟောင်း
ရွာဦးက ဘုရားငုတ်တိုအကြောင်းကိုပဲ ပြောနေလေတော့
နားကြားမြင်းကတ်ဟတ်ရှိနေတဲ့ လူလတ်ပိုင်း ရောက်နေတဲ့ လူတစ်ယောက်က
(သူက မူလတန်းလေးတန်းအထိနေဖူးတယ်) ဘယ်ဟုတ်ရမှာလဲဗျ
အလောင်းစည်သူမင်းကြီး ဖောင်စင်္ကြာလှည့်ရင်း ကျုပ်တို့ရွာမှာ နားနေတုန်း
ဒီဘုရားကို တည်ခဲ့တာဗျ ၊ ခင်ဗျားကြီး ဘာသိလို့လဲ
(အဲ့ဒီရွာက မြစ်နားချောင်းနားနဲ့ နီးတဲ့ရွာ မဟုတ်ဘူး၊ ကုန်းခေါင် ခေါင်အရပ်)
တစ်ယောက်တစ်ခွန်း ရုတ်ရုတ်သဲသဲ ရန်ပွဲဖြစ်လိုက်ကြတာ ဆွေစဉ်မျိုးဆက်တွေအထိ
ကူးစက်သွားတော့တယ်၊ ဓားထမ်းတုတ်ထမ်း ဆိုတာ ဒါမျိုးပဲလားမသိ။
မှန်နန်းရာဇဝင်ထဲက ဇာတ်ညွှန်းအရဆိုရင် အနော်ရထာမင်းကြီး မြစ်ခြေအရပ်မှာ ကျွဲရိုင်းခတ်လို့
နတ်ရွာစံသွားရရှာတယ်တဲ့
(မြစ်ခြေဆိုတာ ပန်ချီလည်းဆွဲ၊ ကဗျာလည်းရေးတဲ့ မောင်ဒီရဲ့ ဇာတိမြေပေါ့)
ကျွဲရိုင်းအမည်က (စက္ခုပါလ) ဆိုပဲ
စိတ်ကူးများရင် သမိုင်းမဟုတ် သမိုင်းဟုတ်ရင် စိတ်ကူးမပါ
အဲ့သလို ဒေါက်တာသန်းထွန်း ပြောဖူးတယ်
(၂)
မောင်လေးအောင်တို့ ကျွန်တော်တို့ အမြည်းနည်းနည်း
စကားလုံးအမြည်းများများ ပလုပ်ပလောင်းစားပြီး
ပုဇွန်တောင် အမေ့ဆိုင်မှာ သောက်တုန်းကပေါ့
လမ်းလျှောက်အမြည်းရောင်းတဲ့ ကုလားလေးတစ်ယောက်ရှိတယ်
ဟိန္ဒူမျိုးနွယ် လူငယ်တစ်ယောက်ပါ
သူ့မှာ ဘယ်ဘက် လက်တစ်ဖက် မရှိဘူး ဘယ်လက်ပြတ်ပေါ့
ငယ်ငယ်က ရထားကြိတ်လို့ဆိုလားပဲ ညာတစ်ဖက်ပဲရှိတယ်
သူ့ကိုမောင်လေးအောင်က ဗိုလ်လက်ယာလို့ နာမည်ပေးထားတယ်
ပုဇွန်တောင်အရက်ရွာထဲ လာရောက်သောက်သုံးသူတွေကလည်း
ဆိုတဲ့အမည်ကို ကန့်ကွက်သူမရှိ ထောက်ခံကြတယ်
သူ့ကိုခင်လို့။ သနားလို့ သူရောင်းတဲ့ ကွမ်းယာဆေးလိပ်
မြေပဲလှော် အချည်ထုပ်တွေကိုအားပေးကြတယ်။
ဗိုလ်လင်္ကျာ အမြည်းရောင်းရင်း ကျွန်တော်တို့ဝိုင်းကို
(အရက်စကားဝိုင်း)
နေ့စဉ်ခဏတစ်ဖြုတ်ထိုင်ပြီး ကျွန်တော်တို့ပြောတာတွေကို
စိတ်ဝင်တစားနားထောင်တယ်။တစ်နေ့တော့
ကိုလေးအောင် ခင်ဗျားတို့ပြောပြောနေတဲ့ ” လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးရတယ်”
ဆိုတာဘာလဲဗျ ၊ သမိုင်းဆိုတာ ဘာလဲ
ကျုပ်သိတဲ့သမိုင်းကတော့ အုန်ကျင်းပြီးတော့ သမိုင်းဆိုတာပဲသိတယ်
ဗိုလ်လင်္ကျာ ဝင်ပြောတယ် (ပါဝင် ဝင်ရောက်ဆွေးနွေးတယ်ပေါ့ လေ)
အဲ့ဒီအချိန်မှာ ဗိုလ်လင်္ကျာ အစာအိမ်ထဲမှာ ဘီအီးသုံးလေးပက်လောက်ဝင်နေပြီ
ဟုတ်တယ်….ဟုတ်တယ် ဗိုလ်လင်္ကျာ ပြောတာ လွှတ်မှန်တယ်
ပစ္စုပ္ပန်တည့်တည့်က သမိုင်းစစ်စစ်ကိုပြောတာ
ကိုရွှေရက ထောက်ခံလိုက်တော့
ဝေါခနဲ ရယ်သံလှိုင်းလုံးကြီး အရက်ဝိုင်းထဲ ပြိုကျသွားပါတော့တယ်။
နပိုလီယံ၊ စိန့်ဟယ်လီနာ၊ ဝါတာလူးစစ်ပွဲ၊ ပါရီကွန်မြွန်း လူဝီ(၁၆)၊ မေရီအင်တွိုင်းနက်
ပြင်သစ်တော်လှန်ရေး
ပေါသိုး အားသိုးဓားတစ်ညံ၊ ဂါစကွန်နယ်၊ နိုင်ငံတကာသီချင်း
ယူဂျင်းဖော်တီရဲ၊ မိုပါးဆွန်း၊ ဂေါ်ဂင်၊ အီဖယ်မျှော်စင်
ရှောင်ဇေလီလမ်းမ၊ ဟစ်တလာရဲ့ကိုလိုနီ၊ အိုင်ရင်ဘတ်
ပါရီကျဆုံးခန်း၊ ကွန်မြူနစ်ပါတီအတွင်းရေးမှုးရဲဘော်သောရက်(စ်)
ယန်းပေါဆတ်၊ ဒီဂေါ၊ နော်မန်ဒီကမ်းခြေ၊ အယ်ဂျီးရီးယားစစ်ပွဲနဲ့
ရုပ်ရှင်မင်းသမီး ဘားဒေါ့၊ ဇီဒန်းတို့ရဲ့ပြင်သစ်ကို
သမိုင်းလေ့လာ သင်ကြားဖို့ ငါ ပါရီကိုသွားချင်သေးတယ်
(အောင်ဘညိုရေ) မင်းလည်းလိုက်ခဲ့။
မောင်သင်းခိုင်
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း 2/2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment