ငါတို့ငယ်ငယ်တုန်းက ဘုရားစဉ်မှာ
သူ့တစ်ပင်လုံးနဲ့ တစ်တိုင်းပြည်လုံး လန်းလို့။
အနက်ရောင်ရေတံခွန်တွေပေါ်
အဝါရောင်မွှေးရနံ့တွေဟာ လျောလျောပြီးဆင်းလို့။
အာရုံလာရင်အခန်းထောင့်ကဂစ်တာကို ဆတ်ကနဲကောက်ယူတီးခတ်လိုက်သလို
ကြိုးညိုစရာကီးချိန်စရာမလိုဘဲ တိကျလို့။
အလင်းနှစ်သန်းနဲ့ချီပြီးဘယ်လောက်ဝေးခဲ့ဝေးခဲ့
ညကျရင်ကိုယ့်ခေါင်းပေါ်လာပွင့်နေတဲ့ကြယ်လို့ သူပွင့်ခဲ့။
သာသနာအရောင်နဲ့ကောင်းကင်ကြီးခြိမ့်ခြိမ့်ညံလို့
ဗန်ဂိုးရဲ့နေကြာပန်းများလိုခန့်ညားထည်ဝါခဲ့လို့။
၁၂လရာသီကို တစ်ရက်ထဲနဲ့ ကျေအောင် အကြွေးဆပ်နိုင်တဲ့ပန်း။
ခုတော့
တရားပျက်တာလားတံခါးပျက်တာလား ဦးနှောက်ပျက်သွားတာလား။
သူလာမယ့်လမ်းမှာဓါးထမ်းပြီးစောင့်နေကြလို့လား
သူလာမယ့်လမ်းမှာသူနားမယ့်အကိုင်းတွေ ဘီယာမူးပြီး လျှပ်ပေါ်လော်လီနေခဲ့ကြလို့လား။
တစ်ပြည်လုံးမီးဟုန်းဟုန်း ထတောက်လို့
သင်္ကြန်းတစ်တွင်းလုံးဘယ် မီးသတ်ပိုက်နဲ့မှ ငြိမ်းလို့
မငြိမ်းတော့တဲ့ယဉ်ကျေးမှုကြီးကိုမကြည့်ချင်တော့လို့လား။
တစ်ကယ်ပါသွားကြည့်တော့လည်း
အရေးပေါ်ဥသြဆွဲသံတွေအင်တာနက် ဓါတ်ပုံတွေကြားမှာလည်း ခြေရာခံလို့မရ
ဘယ်သူ့ပါးစပ်ပေါက်ဆီကမှလည်းသူ့ကို အနံ့ခံလို့မရတော့ဘူး။ ။
ခရမ်းပြာထက်လူ

No comments:
Post a Comment