Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

မမေ့သေးတဲ့ အမေ့အကြောင်းကဗျာ


ငါတို့အမျိုးက သေတာတောင်

ငါးပြေမလို ဆူးတောင်ကားပြီးသေမယ်

အချိုးမပြေရင် အဲ့ဒီဖဲထုပ်ကို

ငှက်အတောင်ပံခတ်သလို တဖျပ်ဖျပ်ကလဖန်ထိုး

အမေ့လက်ထဲမှာ

ကင်းရော ကုလားရော စပိတ်တစ်တွေရော

တဖြန်းဖြန်းပါးအရိုက်ခံရ

သတိရမှုဟာ

မီးပလပ်ပေါက်ထဲ

မီးရထားတစ်စင်း ထိုးဝင်သွားသလိုပါပဲ

ဟိုတုန်းက နှင်းတွေကျနေတုန်း

ကျွန်တော်ကျဆုံးမှာကြောက်လို့

စက်ရုံထဲဝင်လိုက်ထွက်လိုက်

နှင်းထဲမှာ

တကယ့်ဂေါ်ကီရဲ့ Mother အမေ

စာလုံးတစ်လုံးမှ မတတ်ပေမယ့်

တာဗိုအင်ဂျင်တစ်လုံးလို လည်ပတ်

ကျွန်တော့်ရှေ့မှာ

အမေဟာ နိုင်ငံတော်အလံတစ်ခုလို မားမားမတ်မတ်ရပ်

ရေဒါတစ်ခုလို

တောကြီးမျက်မည်းထဲရောက် သံလိုက်အိမ်မြှောင်တစ်လုံးလို

ခပ်စွာစွာ

ကျွန်တော်ဆာနေတဲ့ လမ်းတွေကို ဝယ်ကျွေးမွေးခဲ့တာ

သူများတွေချစ်တာ

ငါဆဲနေသလောက်ပဲရှိတယ်

ပြန်ဖြေလို့မရအောင် ဆံပင်တွေဖြူလာသလို

မေတ္တာတရားရဲ့ ပျားရည်ထဲ ပြေးမရအောင်နစ်လို့

လောကဓံ ၈-စိတ်ကို ချွေးခံအင်္ကျီအိတ်ကလေးထဲထည့်

သားတွေကို တစ်ယောက်ချင်း

လောကအတွင်း မောင်းသွင်းခဲ့တာ

အမေဘာလိုချင်လို့လဲ

မြောက်ဘက်က နှင်းတွေကို သပ်ချရင်းလာတဲ့အမေ

ကျွန်တော်တို့ စုန်နေတုန်းမှာပဲ

ဆန်တက်ကောင်းနေတဲ့ အမေ

အမေလေ

ဂြိုလ်တုကလှမ်းကြည့်ရင်

စီးဆင်းခြင်းနဲ့ဆန်တက်ခြင်း

ကမ္ဘာကြီးရဲ့သွားကြားမှာ (မေတ္တာတရားရဲ့)

အလျိုးရာကြီးတစ်ခုအဖြစ် ဖြတ်ပြေးနေတာတွေ့ရမယ်။    ။

 ခရမ်းပြာထက်လူ

No comments:

Post a Comment