ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Monday, April 22, 2013
** အမေနဲ့ငါနဲ့ ခေတ်ကြီးကတော့ခက်ပြီစံနီဦး **
စစ်ရှုံးပြီဆို
စာအုပ်ဆိုင်ရောက်ပြီ
လ္ဘက်ရည်ဆိုင်က
ငါ့နောက်ဆုံးခံတပ်ပဲ
မိုးလင်းတာနဲ့
အမေက
ငါ့ကိုမုန့်ဖုတ်တယ်
ပန်းစိုက်တယ်
ဖယောင်းတိုင်မီးများအကြောင်းပြောတယ်
အမေက
ငါ့ကို
အရသာရှိသောရဲတိုက်ဖြစ်စေချင်
အမှိုက်သိမ်းခေါင်းလောင်းထိုးသံမြည်ရင်
ငါက
လမ်းထိပ်က
ဆိတ်စွတ်ပြုတ်
ခေမာသီရိကောင်မလေးနဲ့
ဓာတ်တူနံတူ ဒင်နီတို့အကြောင်းခေါင်းထဲဝင်
လမ်းကို ဖြုတ်ချလိုက်တာပဲ
အမေက
ဆိတ်စွတ်ပြုတ်ကလွဲရင်
အဲ့ဒါ တွေအားလုံး
ရှောင်လေဝေးဝေး မူးယစ်ဆေးတဲ့
ဘာဆိုင်လည်း
ဟက်ကနဲ
ငါရှောင်တခင်ထရယ်တော့
အမေက
နင်ဟာ တံငါသည်တစ်ယောက်
နင်ဟာ
အချိန်တွေလည်ပင်းဖြတ်ဆွဲထားတဲ့
ဖဲသမား
ခု . . .
ကိုယ်စောင့်နတ်က
နင့်ကိစ္စမစဉ်းစားတော့ဘူးတဲ့
မြို့စောင့်နတ်က
နင့်နာမည်လွှင့်ပစ်လိုက်ပြီတဲ့
တစ်ချိန်လုံး
နင်ဟာ ငါ့ခေါင်းကို ကိုယ်ထားတယ်တဲ့
ဒီလိုပဲ
အမေက တပျစ်တောက်တောက်
အမှန်တော့
ငါ့ခေါင်းပေါ် မီးမတောက်စေချင်ဘူး
တကယ်တော့
ငါ့ခေါင်းပေါ် ရေတစ်ပေါက်မရောက်စေချင်ဘူး
ဒီလိုပါပဲ
လူဆိုတာက
တစ်ယောက်တည်း သွေးစုတ်သလို
ဖြူရော်တိတ်ဆိတ်မနေနိုင်
ကိစ္စတစ်ခုစီ ခေါင်းထဲထည့်
ကိစ္စတစ်ခုစီ ဆိုတာက
အသက်ဇီဝကို ရေလောင်းဖို့ပဲ
မဟုတ်လား။
ကဲကွာ
ဒီအချိန်ငါဖုန်းဆက်ခေါ်ရင်
မင်းအရောက်လာနိုင်မလား စံနီဦး
Sound box က
စကားပြောသလို သီချင်းဆိုနေရင်
ငါတို့က
လ္ဘက်ရည်ဆိုင်မှာ
သီချင်းဆိုသလို စကားပြောကြရအောင်လေ။
ခရမ်းပြာထက်လူ
(နံရံမှာ ငါရေးထွင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment