Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ကိုယ်ထူကိုယ်ထပျော်ရွင်ခြင်း

ကိုယ်
အသက် ၄၀ ကျော်လာပြီ ဆိုတော့
အပူပေးသလောက်ပဲ တွေးခေါ်တတ်လာတယ်
ဓါတ်ကြိုးတန်းပေါ်က
ခုန်ချနေရတဲ့ မိုးရေစက်လေးတို့ရယ်
စိတ်မပျက်ပါနဲ့
ဒဏ်ရာ ဆိုတာ
တူနဲ့ထုမိတဲ့ မျှော်လင့်ချက်ပဲ ဖြစ်မှာပေါ့
လောကနဲ့ တူသူ
သစ္စာပန်းပွင့် ဖြူဖြူလေးတို့လည်း
သစ္စာတရားအကြောင်း ကိုယ်ဟန်ပြရုံ
ငူငူငိုင်ငိုင်ရပ်လို့
စစ်ကြိုခေတ်က
ဘတ်စ်ကားအိုကြီးတွေ ကြည့်စမ်း
သက်ပြင်းလမ်းမ အဆင့်ဆင့်ပေါ်
ခန္ဓာကိုယ် နှိမ့်ချဖြတ်လျှောက်နိုင်ခဲ့တာပဲ မဟုတ်လား
အက်ကွဲလာစ ဘဝမှန်တင်ခုံကိုလည်း
ကိလေသာ ကြွေပြားအသစ်ကပ်
မြိန်ရေရှက်ရေ မမြင့်မြတ်ချင်တော့
သူငယ်ချင်း
မင်း ခုထိ ဘာဖြစ်ချင်တာလဲ မသိသေးဘူးလား မေးတယ်
စားကြွင်းစားကျန်လို အကုသိုလ် အကြံအစည် ဖြစ်ဖြစ်
သံချေးထပ်ကပ်မယ့် ကုသိုလ်ချေးညှော် ဖြစ်ဖြစ်
၃၁ ဘုံအစပ်နား အားလုံးဆေးကြောလိုက်ချင်တာ
သစ်ရွက်လေးတွေဆို
အလိုနည်းနည်းနဲ့ ပေါ့ပါးနေကြ
အဲဒါ အားကျတယ်။

ခိုင်မြဲကျော်စွာ

No comments:

Post a Comment