Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ခင်ဗျားကို ကျွန်တော် ပြောနေတဲ့အကြောင်းက ကျွန်တော်ဟာ ပေသီးခေါက်ခဲ့ပါတယ်





မောင်ချောနွယ်ရဲ့ ညီမလေးမမမြင့်ကိုတွေတော့
ကဗျာမရေးဖြစ်ခဲ့ဘူး ။

မြို့သစ်ဈေးထဲက အသုတ်ဆိုင်းထမ်းလေးနဲ့
ကဗျာဆရာ ညီဈာန်ကို ကြည့်ပြီး
ကဗျာမရေးဖြစ်ခဲ့ဘူး ။
ဒဿနိကကျောင်းပြီး ညစောင့်ကဗျာဆရာ
မိုးသောက်နီကို ကြည့်ပြီး
ကဗျာမရေးဖြစ်ခဲ့ဘူး ။
၁၂ပွဲဈေး ထင်းရှုးသေတ္တာတွေ ရိုက်ရောင်းနေတဲ့
ကဗျာဆရာ ကိုဌေးကြည်ကို ကြည့်ပြီး
ကဗျာမရေးဖြစ်ခဲ့ဘူး ။
အဖေ့ပခုံးတွေကိုကြည့်ပြီးတော့လည်း
ကဗျာမရေးဖြစ်ခဲ့ဘူး ။
အမေ့အရက်ဖိုလေးက ချွေးတွေကိုကြည့်ပြီးတော့လည်း
ကဗျာမရေးဖြစ်ခဲ့ဘူး ။
GTI ကျောင်းဆင်း ဆိုက်ကားလေးတစ်စင်းနဲ့
စာအုပ်လည်ငှားတဲ့ ကိုယ့်ဘ၀ကို ကြည့်ပြီးတော့လည်း
ကဗျာမရေးဖြစ်ခဲ့ဘူး ။
ကိုယ့်သွေးအမျိုးအစားကိုမယုံကြည်လို့
ကဗျာရေးဖြစ်ခဲ့ဘူး ။
ဒါပေမယ့်
မောင်ချောနွယ်ရဲ့ သလဲသီးပင်လေးကို ကြည့်ပြီး
ကဗျာရေးချင်လာတယ် ။
အခန်းကျဉ်းလေးထဲ ကုတင်ပေါ် ရေဒီယိုတစ်လုံးနဲ့
ကဗျာဆရာ ကိုအေးမင်းစောကိုကြည့်ပြီး
ကဗျာရေးချင်လာတယ် ။
သူတို့အားလုံးကို ကြည့်ပြီး
ကဗျာရေးချင်လာတယ် .......။
ကိုယ်တိုင်စိုက်ပျိုးခွင့်မရတဲ့ လယ်ကန်သင်းရိုးလေးကို ကြည့်ပြီးတောင်
ကဗျာရေးချင်နေတော့တယ် ။
ကဗျာတွေဟာ အနာတရတွေနဲ့ ပေမီဒေါက်မီပါ့မလား
သွေးကြောင်ခဲ့တဲ့ ကျွန်တော်အကြောင်းကို ခင်ဗျားဖတ်ရချိန်
ဒါကို ကဗျာလို့ လက္ခံနိုင်ပါ့မလား ။
 
ဘိုဟန်
 Friday, March 23, 2012 at 10:02am

No comments:

Post a Comment