Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

မြိတ်မြို့မှ စိတ္တဇဓါးသမားများသို့

ကျွန်တော်တို့မြို့မှာ စိတ္တဇဓါးသမားတွေ ပေါ်လာတယ်။

ညညဆို သူတို့က ဆိုင်ကယ်စီးရင်း နီးရာလူကို ဓါးနဲ့ကစားသွားတယ်။

မင်းဆိုးမင်းညစ်နဲ့ ငွေရှင်ဓနရှင်တွေရဲ့ သူခိုး သူပုန်အဖြစ်အစွပ်စွဲခံရသလောက်
ပြည်သူလူထုရဲ့ သူရဲကောင်းအဖြစ်သတ်မှတ်ခြင်းခံရတဲ့
ရောဘင်ဟုဒ်လို၊ ဇောရိုးလိုလည်း မဟုတ်။
အစိုးရနဲ့သက်ဆိုင်ရာတွေ မသိချင်မမြင်ချင်ယောင်ဆောင်နေတဲ့ မှုခင်းနဲ့ဖြစ်ရပ်မှန်တွေမှာ
လူမိုက်ကို လူမိုက်နည်းနဲ့ လူယုတ်မာကိုလူယုတ်မာနည်းနဲ့
လူဆိုးကို လူဆိုးနည်းနဲ့ မတရားမှုကို မတရားတဲ့နည်းနဲ့ ကိစ္စရှင်းပေးနေတဲ့
မာဖီးယားလို ယာကူဇာလို နယ်မြေအပိုင်းအခြားအလိုက် ဂန်းစတားတွေလိုလည်း မဟုတ်။
အစီအစဉ်မရှိ ရည်ရွယ်ချက်မရှိ အမျှော်အမြင်မရှိ
ညည လူခြေတိတ်မှ ဆိုင်ကယ်တစ်စီး ဓားတစ်ချောင်းနဲ့ မြို့ပတ်ပြီးလက်သရမ်းနေတဲ့ အလကားကောင်တွေပါပဲ။

စိတ္တဇဓါးသမားတွေဟာ မြို့ရဲ့မျက်နှာကို ကန့်လန့်ဖြတ် ခြစ်ပစ်လိုက်တယ်။
စိတ္တဇဓါးသမားတွေဟာ မြို့ရဲ့အရှက်ကိုဖုံးအုပ်ထားတာတွေကို တတိတိလှီးဖြတ်နေတယ်။
စိတ္တဇဓါးသမားတွေဟာ မြို့ရဲ့နောက်ကျော အမှောင်ရိပ်ထဲမှာ အစဉ်အမြဲရှိနေတယ်။

ဒါနဲ့ ဒီစိတ္တဇဓါးသမားတွေ နေ့စဉ်မှီဝဲသုံးစွဲဖို့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးအမျိုးမျိုး
ဘယ်က ရနေသလဲ၊ ( ဘယ်သူတွေ ဘယ်ဆိုင်တွေက ထုတ်လုပ်ရောင်းချနေလဲ၊
ဘယ်လမ်းကြောင်းကနေ ကုန်သွယ်ကူးသန်းဝင်ရောက်လာခဲ့သလဲ )
မြို့ကြီးက စိတ္တဇဓားသမားတွေ ဆေးကိုအလွယ်တကူသုံးစွဲနိုင်အောင် မြူဆွယ်လိုက်လျောမိခဲ့သလား။
အဲဒီ ဓါးသမားတွေရဲ့ စိတ္တဇဆိုင်ကယ်ထဲ မီးကူးအရှိန်မြင့်စေမယ့် လောင်စာတွေ ဘယ်အုပ်ထိန်းသူတွေ ဖြည့်ပေးလိုက်သလဲ။
စိတ္တဇဓါးသမားတွေ မြို့တွင်းလမ်းမတွေပေါ် အတင့်ရဲစွာသွားလာနိုင်အောင်
သက်ဆိုင်ရာနဲ့လုံခြုံရေးတွေ ဘယ်နှညလောက် တာဝန်ပျက်ကွက်ပေါ့ဆနေခဲ့သလဲ။
စိတ္တဇဓါးသမားတွေရဲ့ ဓားသွားမှာ ရက်စက်မုန်းတီးမှုတွေ တလက်လက်ထလာအောင်
ဘယ်လူတန်းစားတွေက ဖိနှိပ်ပွတ်တိုက်ရင်း သွေးပေးခဲ့လဲ။
စိတ္တဇဓါးသမားတွေရဲ့ ဦးခေါင်းထဲ ဆင်ခြင်တုံတရားထည့်သွင်းပေးဖို့
ဘယ်စာသင်ကျောင်းနဲ့ ပညာရေးဝန်ထမ်းတွေ မေ့လျော့ပေါ့ဆခဲ့လဲ။
ရည်ရွယ်ချက်မဲ့ အနာဂတ်မဲ့ အိပ်မက်မဲ့ မျှော်လင့်ချက်မဲ့စွာ
စိတ္တဇဓါးသမားတွေ သူတို့ဆိုင်ကယ်ကို လမ်းစပျောက်ညသန်းခေါင်ထဲ မောင်းနှင်နေအောင် ခေတ်နဲ့စနစ်ကြီးက
ဘာတွေ ဘယ်လို ဘယ်လောက် ပိတ်ဆို့ကာဆီး ပျက်ကွက်ဖျက်ဆီးခဲ့သလဲ။
ဒါမှမဟုတ်
စိတ္တဇဓါးသမားတွေဟာ စိတ္တဇနိုင်ငံရေးသမားတချို့ရဲ့ ရုပ်သေးရုပ်သက်သက်ပဲလား။

စိတ္တဇဓါးသမားတွေကို မြို့သားတွေက ကြောက်ရွံ့ကြတယ် ထိပ်လှန့်အံ့သြကြတယ်
ရွံရှာကြတယ် မုန်းတီးကြတယ်
နာကျင်ကြတယ် ရှုံ့ချကြတယ်
အဲဒီခံစားချက်တွေ
အဲဒီ ဝေဒနာတွေ

အဲဒီ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ
အဲဒီ စိတ္တဇတွေ
နောင်လာမယ့်နေ့များမှာ နောင်လာမယ့်ဘ၀များမှာ
ကင်းဝေးပါစေလို့
မြို့ကြီးမှာမွေးဖွားပေါ်ပေါက်လာတဲ့ စိတ္တဇဓါးသမားတွေကို
ကျွန်တော်က ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။  ။

မောင်ယုပိုင်
Base on true event

No comments:

Post a Comment