မလင်းပြာ
ငါ အခုပဲ စစ်ထွက်တော့မယ်
ငါ ဗီယက်နမ်ကို သွားရမယ်
အဲဒီမှာ
ရွံ့ရေညစ်ညစ်
သလုံးသားနစ်တဲ့ လယ်တရိုးမှာ
ပျိုးနှုတ်နေသူ လုံမရဲ့
ကျောကရိုင်ဖယ်ကို ယူ
ကျူးလာသူ လေယာဉ်မှန်သမျှ
ငါ စောင့်ပစ်ပေးရမယ်။
မြန်မာကဗျာ/ခေတ်ပေါ်ကဗျာသမားမှန်ရင် အထက်ပါ(မောင်သိင်္ဂါရဲ့ မလင်းပြာသို့)ကဗျာစာသားများကို သိကြ၊ ဖြတ်သန်းခံစားဖူးကြလိမ့်မယ်လို့ ယူဆပါတယ်။ ဒီကဗျာ(အထက်ပါစာသားတွေ)ဟာ ၇ဝခုနှစ်မတိုင်မှီ တော်လှန်ကဗျာကာလကတည်းက ပေါ်ပေါက်ခဲ့တဲ့ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပေမယ့် ကျွန်တော့်အနေနဲ့ ၂ဝဝဝဝန်းကျင်လောက်မှာမှ မြင်ဖူး၊ဖတ်ဖူးတာပါ။ အဲဒီ(၂ဝဝဝ)ဝန်းကျင်မှာ ပေါ်ပေါက်ထွက်ရှိလာသမျှ ကဗျာတွေနဲ့ ရူးသွပ်ပျော်မွေ့နေတဲ့ကြားက မလင်းပြာရဲ့ (အထက်ပါကဗျာပါဒတွေဟာ)ရိုင်ဖယ်ဟာ ကျွန်တော့်ကို 'ထိ'အောင် ပစ်ခပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်မှတ်မိသလောက်ကတော့ ဒီစာသားတွေကို 'ကဗျာအလုပ်ရုံကလေး တနိုင်တပိုင်ထူထောင်ခဲ့တဲ့ ကဗျာဆရာ(သတင်းဆောင်းပါးဆရာ)တစ်ယောက်ရဲ့ စာအုပ်တစ်အုပ်မှာ စမြင်ဖူး ဖတ်ဖူးတာဖြစ်ပြီး အထက်ပါစာပိုဒ်လေးကို လက်ရေးနဲ့ ကူးယူခဲ့တာပါ။ နောက် ၂ဝဝ၄ခေတ်ပေါ်ကဗျာအဖွင့်မှာ အဲဒီအပိုဒ်လေးကိုပဲ စိုင်းဝင်းမြင့်က ထပ်မံကောက်နှုတ်ညွန်းဆိုခဲ့တာကို တွေ့ရပြန်ပါတယ်။ လိုရင်းပြောရရင် ၇ဝခုနစ်အလွန် တော်လှန်ကဗျာတစ်ပုဒ်ထဲက ကဗျာတစ်ပိုဒ်ဟာ ၂ဝဝဝအလွန်လူငယ်ကဗျာသမားများလက်ထက်အထိ ရင်ခုန်ဆွဲဆောင်နိုင်စွမ်းရှိနေတာကိုပါ။
ကျွန်တော့်အနေနဲ့ ဒီကဗျာစာပိုဒ်လေး/လိုင်းလေးတွေမှာ အလှပဆုံးလို့ ယူဆတာက ''သလုံးသားနစ်တဲ့ လယ်တရိုးမှာ ပျိုးနှုတ်နေသူ လုံမရဲ့ကျောကရိုင်ဖယ်ကို ယူကျူးလာသူ လေယာဉ်မှန်သမျှ ငါ စောင့်ပစ်ပေးရမယ်''ဆိုတဲ့ အပိုဒ်လေးပဲ ဖြစ်ပါတယ်။ အောင်မြင်ခဲ့တဲ့ ဒီကဗျာအပိုဒ်လေးကို အထူးတလည်ရှင်းလင်းဖွင့်ဆို မနေတော့ပါဘူး။ ဒီအပိုဒ်လေးမှာ ရောမန္တိကအငွေ့သက်တွေရော၊ ရဲရင့်ပြတ်သားမှုတွေရော၊ မလွဲမရှောင်သာတဲ့(စစ်/ခေတ်ကာလ)အခြေအနေကိုရော၊ စာနာ နားလည်နိုင်မှုရော ရောပြွမ်းပြီး ပါကောင်းပါနေနိုင်လို့လည်း မြန်မာကဗျာဖတ်ပရိသတ်များနဲ့ အပေးအယူတည့်ခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ၇ဝခုနှစ်မတိုင်မှီက ကျွန်တော်တို့ဆီမှာလည်း တော်လှန်ခံစားမှုဆိုတာ အထူးသဖြင့် စာရေးဆရာ၊ကဗျာဆရာတွေကြားမှာ လွမ်းမိုးမှုအရှိဆုံးနဲ့အရေးပါဆုံးလို ဖြစ်ခဲ့တယ် မဟုတ်လား။
ကမ္ဘာတစ်ဝန်းမှာ အာရှ၊အာဖရိကမှသည် ဗီယက်နမ်အထိ ထကြွလာတဲ့ နယ်ချဲ့တော်လှန်ရေးဂယက်ဟာ ကျွန်တော်တို့ဆီကိုလည်း ကျရောက် ကူးစက်ခဲ့ပါတယ်။ ဥပမာ အညာမြေခေတ်ကဗျာများ(၁၉၆၃)ခုနှစ်ထုတ် စာအုပ်လေးထဲက ကဗျာရေးသူတွေရဲ့ ကဗျာတွေကိုကြည့်ရင် မြင်သာထင်သာအရှိဆုံးက 'တော်လှန်ကဗျာ'တွေပဲ။ ဒါဟာ အဲဒီကာလက အနုပညာသမားတွေရဲ့ သီးခြားအတ္တ (Idetity)တစ်ခုလိုတောင် ဖြစ်လာတယ်။ ဘာကြည့်ကြည့် ဘာသိသိ ဒီအတ္တနဲ့ပဲ ကောက်ချက်ဆွဲ၊ ခံစားတုံ့ပြန်နေမိတာမျိုးပေါ့။ အဲဒီ(၇ဝ)ခုနစ်မတိုင်မှီတုန်းကတော့ ရှင်းတယ်။ ကျူးကျော်လာသူဟာ ရန်သူပဲ၊ ဒီ အမေရိကန်တွေ၊ အင်္ဂလိပ်တွေ၊ အနောက်တိုင်းသားတွေ၊ မျက်နှာဖြူတွေဆိုတာထက် သူတို့က နယ်ချဲ့လို့ပဲ မြင်တော့တယ်။ ဘာမှစဉ်းစားမနေနဲ့။ ကျူးကျော်လာရင် ပစ်ထည့်လိုက်၊ စိုက်ပျိုးရေးသမ လုံမပျိုလေးကအစ တိုက်ပွဲဝင်နေပါပြီ။ ငါလည်း အခုပဲ စစ်ထဲသွားတော့မယ်။ စာပိုဒ်လေးက စိတ်ဓါတ်တက်ကြွဖွယ်နဲ့ ခေတ်စနစ်ရဲ့ အဖြစ်အပျက်ကိုလည်း ထင်ဟပ်နိုင်သလို၊ အခြေအနေအရ စစ်ထဲပါဝင်ခွင့်မရသူတွေအတွက်လည်း ကျေနပ်နှစ်သိမ့်ဖွယ်ဖြစ်သလို တစ်နည်းအားဖြင့် ကဗျာရေးသူက သူ့ကလောင်နဲ့ တိုက်ပွဲဝင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ တော်လှန်ကဗျာဖြစ်ပါတယ်။ ဒါဟာ မိုးဝေခေတ်ကဗျာများရဲ့ အသက်သွေးကြောတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ၇ဝခုနှစ်မတိုင်မှီက ကဗျာတစ်ပုဒ်ဖြစ်တယ်ဆိုတာကိုတော့ သတိထား/သိထားဖို့ လိုပါလိမ့်မယ်။ ဆိုပါစို့ ၂ဝဝဝခုနှစ်လွန်လာတဲ့အခါ ၂ဝဝ၅ခုနှစ်ကနေ ၂ဝဝ၈တိုင်အောင် မပြီးပြတ်နိုင်တဲ့ အမေရိကန်-အီရတ်စစ်ပွဲအတွက်ဆိုရင် ကဗျာပါဇာတ်ကောင်/ကဗျာရေးသူရဲ့ ထွေပြားရောနှော(လာတဲ့)အတ္တဟာ ၇ဝခုနှစ်မတိုင်မှီကလို သူ့ရဲ့မလင်းပြာကို ပေါ့ပေါ့ပါးပါး(ပေါ့ပျက်ပျက်မဟုတ်ပါ)ပြတ်ပြတ်သားသား ပြောဆိုနိုင်ပါဦးမလား။
၂ဝဝ၇ ပရူးဖရော့က်ရဲ့ အချစ်တေး
'သိမ်းပိုက်ပါ ဆွတ်ငင်ပါ
ရှင်ကိုယ်တိုင်ပဲ ကျွန်မကို
ရှင့်ထံ လူကုန်ကူးလိုက်ပါ'
ဒီစကားဟာ ငါ့သွေးသားထဲ
မလိုင်တွေ ဝေ့တက်လာခဲ့တယ်
အဲဒီတော့ကာ အီရတ်မှာ
ငါ ဘယ်ဘက်က တိုက်ပေးရမလဲ မလင်းပြာ။
ကိုးကား(၁) Ts Eloit ရဲ့ 'the love song of J.ALfred Prufrok’
ကိုးကား(၂)မောင်သိင်္ဂါရဲ့ 'မလင်းပြာ'။
ရုပ်ရှင်တေးကဗျာ ၂ဝဝ၇ နိုဝင်ဘာ
ဒါကတော့ ၂ဝဝဝအလွန်၂ဝဝ၇မှာရေးသားခဲ့တဲ့ ဇေယျာလင်းရဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ကဗျာခေါင်းစဉ်က အိလိယော့ရဲ့ he love song of J.ALfred Prufrok ၁၉၁၇ကို ယူထားပါတယ်။ ထင်းရှူးပင်ရိပ်မှာတုန်းက ဒီကဗျာအပေါ် မောင်သာနိုး ဖေါ်ပြထားတာပြန်ဖေါ်ပြရရင် ''သူလျှောက်နေတဲ့ ကနေ့ခေတ်ကာလဆိုတာလည်း မပြတ်သားမှုတွေ လှည့်စားမှုတွေနဲ့ ပြည့်လျှမ်းတဲ့ ငရဲဘုံပါပဲ'တဲ့။ ဒီသဘောထားအမြင်ဟာ ပရူးဖရော့က်ရဲ့ အချစ်တေးမှာ အဓိကကျတဲ့ အနှစ်သာရ/ဆိုလိုရင်း/ခံစားမှု/အတွေးအခေါ်လို့ ဆိုနိုင်တဲ့အတွက် ၂ဝဝ၇ပရူးဖရော့က်ရဲ့ အချစ်တေးက ဘာပြောချင်သလဲ၊ ဘယ်လိုသီဆိုသလဲဆိုတာ ခံစားနားဆင်ဖို့ ဒါကိုသိထားရင် ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။ ဇေယျာလင်းပြန်ဆိုတဲ့ အချစ်တေးဟာ အိလိယက်တို့ခေတ်က အချစ်တေးမဟုတ်တော့ပါဘူး။ ဒါပေမယ့် လုံးဝမဟုတ်တော့ဘူးလို့လည်း ပြောလို့မရပြန်ဘူး။ တကယ်လို့ ၂ဝဝ၇(ခေတ်စနစ်)မှာ ပရူးဖရော့က်သာ အချစ်တေးကိုသီဆိုမယ်ဆို၇င် ဘယ်လိုနေမလဲ၊ ဘယ်လိုဆိုမလဲ၊ ဘယ်လိုနောက်ဆက်တွဲ စာသားတွေထပ်ဖြည့်မလဲ။ ၁၈၊ ၁၉၊ ၂ဝရာစုအလိုက် ကမ္ဘာကြီးရဲ့ သမိုင်းမြင်ကွင်းတွေ တဖြည်းဖြည်းနဲ့ပြောင်းလဲခဲ့သလို ၂၁ရာစုအဝင်မှာလည်း မယုံကြည်နိုင်လောက်အောင်(အိုင်တီကြောင့်လို့ ဆိုနိုင်မလား)နေ့စဉ်နဲ့အမျှကိုပဲ ပြောင်းလဲမှုတွေ ကြုံလာရပါတယ်။ ကြုံကြရလိမ့်မယ်။ (ခြွင်းချက်အနေနဲ့ သမိုင်းပြောင်းလဲမှုတွေ ယဉ်ကျေးမှုရှော့ခ်တွေ ကြီးကြီးမားမားရိုက်ခပ်ခြင်းမခံရဘူး၊ မရှိဘူးဆိုတဲ့ တိုင်းပြည်မြို့ရွာအရပ်ဒေသတွေ ရှိကောင်းရှိမှာပါ) 'သိမ်းပိုက်ပါ လူကုန်ကူးလိုက်ပါ' ဆိုတဲ့ စာသားဟာ ရုတ်တရက်ကြည့်ရင် ဘာမှဖွင့်ဆိုစရာမလိုလောက်အောင် ခံစားနားလည်ဖို့လွယ်ကူတယ်လို့ ထင်မှတ်စရာပါ။ ဒီစာပိုဒ်လေးကို စာဖတ်သူအဓိက(Writerly text ) တို့ စာဖတ်သူက သူ့သီးခြားအတ္တအရ ဖတ်ယူတဲ့စာသားအဆက်အစပ်(textual context)တို့ စတဲ့ ပို့စ်မော်ဒန်စာပေလေ့လာမှုတွေနဲ့ ချည်းကပ်ကြည့်ရင် စိတ်ဝင်စားဖွယ် အချက်အလက်တွေ အများကြီးရှိလာနိုင်ပေမယ့် ဒီနေရာမှာ ဒီစာပိုဒ်လေးကို ခွဲခြမ်းစိပ်ဖြာမှုမပြုသေးဘဲ ခဏထားချင်ပါတယ်။ (ကျွန်တော့်အနေနဲ့ ဒီစာမျက်နှာပေါ်ကခြစ်ရာများအလွန်ဆောင်းပါးတွေကို ရေးသားရာမှာ ကဗျာအကျိုးကို မနေနိုင်မထိုင်နိုင် တနိုင်တပိုင်ဝင် ထမ်းပိုးခြင်းသာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ မဖြစ်မနေလိုအပ်တယ်ထင်လို့ အင်္ဂလိပ်ဝေါဟာရတွေယူသုံးရတယ်ဆိုပေမယ့် နောက်ခံသီအိုရီတွေသိမ်မွေ့ရှုပ်ထွေးပြီး အနက်ဖွင့်ရာမှာအားနည်းချက်ရှိလာနိုင်တဲ့ ကိုယ့်ကိုယ်ကိုလိပ်ပတ်မလည်တဲ့ဝေါဟာရတွေကိုတော့ ရှောင်ပါတယ်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တခြားရှုထောင့်တစ်ခုက ပြောကြည့်ဖို့ပဲ ရည်ရွယ်ပါတယ်။ ဒီအယူအဆတွေနဲ့ပတ်သက်ပြီး သေသေချာချာနဲ့ကျယ်ကျယ်ပြန့်ပြန့်လေ့လာချင်ရင်တော့ ပြည်တွင်းပြည်ပ စာပေလေ့လာ/ ဝေဖန်ရေးဆရာတွေရဲ့ စာတွေကိုပဲ ရှာဖတ်ဖို့ မေတ္တာရပ်ခံပါတယ်၊ ဥပမာ-မင်းခက်ရဲ)
ကဗျာရဲ့နောက်ဆက်တွဲ 'ဒီစကားဟာငါ့သွေးသားထဲ မလိုင်တွေ ဝေ့တက်လာခဲ့တယ်'ဆိုတဲ့အထိ ကဗျာဟာ အဆက်စပ်ရှိရှိ ခံစားနားလည်နိုင်ဖို့ လွယ်ကူပေမယ့် 'အဲဒီတော့ကာ အီရတ်မှာ ငါ ဘယ်ဘက်က တိုက်ပေးရမလဲ မလင်းပြာ'ဆိုတဲ့ ကဗျာရဲ့အထက်လိုင်းနဲ့မဆိုင်တဲ့ အထူးသဖြင့် အစဉ်လာခေတ်ပေါ်ကဗျာဖတ်စဉ်က အလေ့အကျင့်နဲ့ဆိုရင် မပတ်သက်မစပ်ဆိုင်ဘူးထင်စရာကောင်းတဲ့ မေးခွန်းဝါကျတစ်ကြောင်းဝင်လာပြီး ကဗျာကိုအဆုံးသတ်သွားတဲ့အခါကျတော့ ခုနကအဆက်အစပ်ရှိတယ်၊ သာမာန်ရေးဖွဲ့ပုံဖြစ်တယ်ထင်ရတဲ့ ကဗျာအပိုဒ်တွေဟာ အသေမဟုတ်ဘဲ(အပွင့်သဘော)ဖြစ်နေတာ တွေ့ရပြန်ပါတယ်။ ဆိုလိုတာက အထက်ကဗျာနှစ်ပိုဒ်ရဲ့ စာသား၊ နိမိတ်ပုံ၊ မတ္တဖာ၊ အကြောင်းအရာ၊ အညွန်းနဲ့အညွန်းခံတွေဟာ ပြန်စဉ်းစားစရာဖြစ်လာတယ်။ အစဉ်အလာကဗျာဖတ် အလေ့အကျင့် အရတော့ ဒီကဗျာရဲ့အထက်နှစ်ပိုဒ်ဟာ ပင်မရေစီးပုံစံ(ဥပမာ- ကြည်မောင်သန်း၊မိုဃ်းဇော်၊ ခရမ်းပြာထက်လူ)တွေနဲ့ ဘာမှမထူးပါလား ထင်မှတ်စရာပါ။
ဒါကို ထူးခြားတယ်လို့ ကျွန်တော့်အနေနဲ့ဘာလို့ ယူဆရသလဲဆိုတော့ ဒီကဗျာရဲ့နောက်ကွယ်မှာ ပို့စ်မော်ဒန်အမြင်/ရှုထောင့်ကိုမြုပ်ထားတာ တွေ့ရလို့ပါပဲ။ တစ်နည်းဆိုရင် ပို့စ်ကဗျာဗေဒအမြင်နဲ့ ခေတ်ပေါ်လေကိုသုံးပြီး ရေးဖွဲ့ထားတယ်လို့ မြင်ပါတယ်။ ဒါဟာ ဒုတိယမျိုးဆက် ပို့စ်-ပို့စ်မော်ဒန်ကဗျာရေးသူများ/ကဗျာဗေဒများကြားမှာ သုံးစွဲလာတဲ့ အိုင်ဒီယာတစ်ခုလည်း ဖြစ်ပါတယ်။ သူတို့ဆီမှာတော့ “ခေတ်ပေါ်”ဆိုတာထက် သရုပ်မှန်ကိုအခြေပြုပြီး ပို့စ်မော်ဒန်အမြင်နဲ့ချဉ်းကပ်ကြခြင်း ဖြစ်ပါတယ်။ တချို့ဆိုရင် ပို့စ်မော်ဒန်အမြင်ကို အများစုယဉ်ပါးပြီးသားဖြစ်တဲ့ လိုင်းရစ်ရေးဖွဲ့ဟန်နဲ့ ရေးဖွဲ့တာတောင်ရှိပါတယ်။ ပထမမျိုးဆက်ပို့စ်မော်ဒန်သမားတွေလုပ်ခဲ့တဲ့ ပုံသဏ္ဍာန်အစွန်းရောက်ဖန်တီးမှုတွေကို ဒုတိယမျိုးဆက်ပို့စ်မော်ဒန်တွေက လျော့ချလိုက်တယ်၊ နောက်ပြီး လူအများစုနားလည်နိုင်တဲ့ သရုပ်မှန်ရေးဟန်နဲ့ပို့စ်မော်ဒန်အမြင်ကို တွဲစပ်ဖန်တီးကြတယ်။ ပို့စ်မော်ဒန်အမြင်ကိုနောက်ခံပြီး လူထုကြားရေပန်းစားတဲ့ ပေါ်ပြူလာဖြစ်တဲ့ ပေါ့ပ်သတင်းပေါ့ပ်အဖြစ်အပျက်တွေနဲ့ ရေးဖွဲ့ဖေါ်ထုတ်ဖို့ကြိုးစားကြတာမျိုးလည်းရှိတယ်။ (အဲဒီအခါမှာ လူ့အဖွဲ့အစည်းအတွင်းလွမ်းမိုးကြီးစိုးပြီး လည်ပတ်အလုပ်လုပ်နေတဲ့ ပေါ့ပ်အဖြစ်အပျက်တွေကို မေးခွန်းထုတ်ပြီးသား သရော်ပြီးသားဖြစ်သွားအောင် ပြုလုပ်ကြတယ်) ဒါဟာ ခက်ခဲရှုပ်ထွေးသယောင်ထင်ရတဲ့ပို့စ်မော်ဒန်သိမှုကို လူထုကြားပျံ့နှံ့စိမ့်ဝင်လွယ်အောင် အမျိုးမျိုး ကြံဆောင်ကြတဲ့သဘောပါပဲ။ အခုတွေ့ရတဲ့ ဇေယျာလင်းရဲ့ကဗျာဟာလည်း ဒီအတိုင်းပါပဲ။ ကဗျာဖတ်အခြေခံတော်ရုံတန်ရုံရှိသူဘယ်သူမဆို နားမလည်နိုင်စရာ တစ်ခုမှ မရှိပါဘူး။ ဒီလိုရေးဖွဲ့မှုအတွက် တချို့က ကဗျာရေးသူဟာ ခေတ်ပေါ်ဘက်ပြန်လှည့်တယ် လိုင်းရစ်ဖက်ပြန်နွယ်လာတယ် အရင်ရေးဖွဲ့ဟန်တွေမစွန့်လွတ်နိုင်ဘူး စသဖြင့် ထင်မြင်ကောင်းထင်မြင်မိနိုင်တယ်။ တချို့အတွက်တော့ ဒီပို့စ်မော်ဒန်/အယ်လ်ပီကဗျာကလည်း ရိုးစင်းလွယ်ကူလှချည်လားလို့ မှတ်ထင်ကောင်းမှတ်ထင်နိုင်တယ်။ အများအားဖြင့် ပို့စ်မော်ဒန်ကဗျာရေးသူတွေဟာ ခေတ်ပေါ်/ပင်မရေစေီး/မော်ဒန်စတာတွေကို ပြန်လှည့်မကြည့်တော့ဘဲ ဥပက္ခာပြုရေးဖွဲ့လေ့ရှိကြပေမယ့်၊ တခါတရံတော့လည်း အပြောင်းအလဲကို မိတ်ဆက်လမ်းကြောင်း-စေ့စပ်တံတားခင်းတဲ့အနေနဲ့ ရေးဖွဲ့တဲ့ ပို့စ်မော်ဒန်ကဗျာရေးသူတွေ ကဗျာတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ ကဗျာအီဗော်လျူးရှင်းဖြစ်စဉ်ထဲက အရွေ့တစ်ခုပဲ မဟုတ်လား။
ဒီတော့ကာ ၂ဝဝ၇ပရူးဖရော့က်ရဲ့ အချစ်တေးကို အရင်လိုဖတ်၊ အရင်လိုခံစား၊ အရင်လိုတုံ့ပြန်ခြင်းနဲ့ ရပ်တန့်မနေဘဲ ဒီကဗျာမှာ မထင်မှတ်တဲ့ အင်နာဂျီတွေ၊ ပို့စ်မော်ဒန်လောကအမြင်တွေ ဘယ်လိုဘယ်လောက်ကျန်သေးလဲ သိရအောင်(အခြားတစ်ဖက်ကနေ)ပြန်ဖတ်ရှုကြည့်ကြတာပေါ့။ ပထမနှစ်ပိုဒ်ဟာ အချစ်၊ရမ္မက်၊မေတ္တာ၊အိမ်ထောင်ရေးစတဲ့ အကြောင်းအရာကို နောက်ခံထားတယ်လို့ ယာယီယူဆနိုင်သလို ကဗျာအဆုံးသတ်အပိုဒ်ကလည်း စစ်နဲ့ပတ်သက်တာလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဒီအယူအဆနှစ်ခုကို ဘယ်လိုဆက်စပ်ဖတ်ရှုမလဲ။ အိလိယော့ခေတ်အချစ်တေးနဲ့ ဗီယက်နမ်တော်လှန်ကဗျာ ဘာလို့ဆက်စပ်ရေးထားသလဲ။ ဒါဟာ စာဖတ်သူရဲ့ စာသားအဆက်အစပ် Textual context ပြုလုပ်တတ်တဲ့ အလေ့အကျင့်ကို စိန်ခေါ်ပါတယ်။ အဲဒီမှာ ပြန်စဉ်းစားရမှာက ကျွန်တော်တို့ဟာ ဘာနဲ့ဘာကိုမှ အဆက်အစပ်(ရှိတယ်)လို့ယူဆပြီး ဘာနဲ့ဘာဆိုရင် ဆက်စပ်လို့မရဘူးလို့ ယူဆသလဲ။ ဘာလို့ယူဆသလဲ၊ ဒီအယူအဆတွေဟာ ပြုပြင်ပြောင်းလဲဖို့ မလိုအပ်ဘူးလို့ ယူဆသလား။ စာဖတ်သူအနေနဲ့ ချစ်ခြင်းမေတ္တာ၊တဏှာရမ္မက်၊စစ်ပွဲ၊စစ်ကာလအစရှိတာတွေကို ဆက်စပ်လို့မရဘူး၊ ဆက်စပ်မှုမရှိဘူးလို့ ထင်လား။ ဘာလို့ထင်သလဲ။ ဒီမေးခွန်းတွေပေါ်ပေါက်လာခဲ့ရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အိုင်ဒီယိုလော်ဂျီ၊ လူမှုအလေ့အကျင့်၊ ယဉ်ကျေးမှုတည်ဆောက်ပုံ၊ ဘာသာစကားအပေါ်အမြင်၊ ကဗျာအပေါ်အမြင်၊ ရသဗေဒအတွေ့အကြုံ စတာတွေမဖြစ်မနေ ထည့်စဉ်းစားဖို့လိုအပ်လာပါပြီ။
ချစ်ခြင်းမေတ္တာ၊တဏှာရမ္မက်စတဲ့ အငွေ့အသက်တွေလွမ်းခြုံနေတဲ့ ပရူးဖရော့က်ရဲ့ အချစ်တေးသံစဉ်နဲ့ ဒီသံစဉ်စာသားအပေါ် မလိုင်တွေဝေ့တက်လာတဲ့ ခံစားမှုတွေဟာ နောက်ဆက်တွဲအဆုံးသတ်ဝါကျဖြစ်တဲ့ မလင်းပြာသို့ သံသယမေးခွန်းကြောင့် စစ်နဲ့ဆိုင်တဲ့ စစ်ပွဲ/စစ်ကာလ/ခေတ်စနစ်နဲ့စပ်လျဉ်းတဲ့ အရေးအဖွဲ့များ ဖြစ်သွားရသလို၊ စစ်ပွဲ/စစ်ကာလ/ခေတ်စနစ်ကိုယ်စားပြု မလင်းပြာရဲ့ဇာတ်ကောင်ဟာလည်း ၇ဝခုနှစ်ဗီယက်နမ်လယ်ကွင်းထဲက ထွက်လာပြီး ပရူးဖရော့က်ရဲ့ ချစ်ခြင်းမေတ္တာ၊ တဏှာရမ္မက်နဲ့အိမ်ရာထူထောင်လူမှုဘောင်ထဲ ပြန်ဝင်လာရတယ်။ ဒါပေမယ့် ဘယ်ဘက်က တိုက်ပေးရမှန်းမသိတော့ဘူး။ ချစ်ရမ္မက်ဘက်ကလား၊ စွန့်လွတ်အနစ်နာခံခြင်းဘက်ကလား၊ တောင်းဆိုသူက(ဆန္ဒပြင်းပြစွာ)တောင်းဆိုနေပေမယ့် ပုရိသ/ယောင်္ကျားသား/လူငယ်ဖြစ်ပုံရတဲ့ ဇာတ်ကောင်/'ငါ'နာမ်စားဟာ ဝေခွဲမရဖြစ်လို့။ ချစ်သူဘဝ၊အိမ်ထောင်ရေးလူမှုအဖွဲ့အစည်းရဲ့တာဝန်ဝတ္တရားနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာတွေဟာ ဒီကနေ့ အီရတ်လိုပါပဲလား။ မင့်ရဲ့ အချစ်ရမ္မက်ကို ဆန္ဒဖြည့်ရမှာလား၊ အသိုင်းအဝိုင်းရဲ့နောက်ဆက်တွဲပြဿနာကို ကြည့်ရမှာလား၊ တို့နှစ်ယောက်ရဲ့ ရှေ့ရေးအတွက် ဒါကို ထည့်သွင်းမစဉ်းစားတော့ဘူးလား။ ငါ့သွေးသားထဲ မလိုင်တွေ ဝေ့တက်လာပြီ၊ မင်းဟာ ဘယ်လိုအမျိုးသမီး/မိန်းမ/မိန်းကလေးလဲ၊ ငါဘယ်ဘက်က တိုက်ပေးရမလဲ။
ဒါမှမဟုတ် မလင်းပြာနဲ့ သူ့ဇာတ်ကောင်ဟာ အီရတ်ကိုရောက်သွားတာလည်း ဖြစ်နိုင်တယ်။ ဒီနေရာမှာ အီရတ်ဟာ မတ္တဖာတစ်ခုဖြစ်ပေမယ့် အရင် ခေတ်ပေါ်ကဗျာတွေမှာ အသုံးပြုတဲ့မတ္တဖာတွေလို တိကျတဲ့အညွန်းခံတစ်ခု ရရှိခံစားစေလိုတဲ့သဘောနဲ့ အသုံးပြုထားခြင်း မဟုတ်ပါဘူး။ ဆိုလိုတာက 'အီရတ်'ဟာ (စစ်ဖြစ်ပွားနေတဲ့)မြို့တစ်မြို့လည်းဖြစ်နိုင်သလို ခေတ်ရဲ့အခြေအနေ/ ဒီလိုလူသားတွေရဲ့ ဘဝအခြေအနေ/အိမ်ထောင်ရေးဘဝအခြေအနေလည်း ဖြစ်နေနိုင်လို့ပါပဲ။ ဒါဟာ ကျွန်တော့်ရဲ့လိုရာဆွဲတွေးမှု မဟုတ်ပါဘူး။ ကဗျာရဲ့တည်ဆောက်ပုံအရ အီရတ်ကို တခြားအညွှန်းခံဆီရောက်ရှိ ဖြစ်နိုင်ချေရှိအောင် စာသားကို ဆက်စပ်ရေးဖွဲ့ခဲ့(ဖွင့်ရေးခဲ့)တာတွေ့ရလို့ပါပဲ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ စစ်-ဖြစ်-နေ-တာ။ မလင်းပြာနဲ့ သူ့ဇာတ်ကောင်ဟာ ဒီလို'အီရတ်'ကို ရောက်ရှိနေခြင်းဖြစ်တယ်။ ဒီနေရာမှာ ဒီကနေ့ဖြစ်ပွားနေတဲ့(ဖြစ်ပွားခဲ့တဲ့)အမေရိကန်-အီရတ်စစ်ပွဲအကြောင်း တစေ့တစောင်းပြောချင်ပါတယ်။
အမေရိကန်-အီရတ်စစ်ပွဲကာလတလျှောက်မှာ နှစ်ဖက်နိုင်ငံကပြည်သူတွေဟာ စစ်ရဲ့အနိဠာရုံအကျိုးအဆက်နဲ့ ခါးသီးတဲ့အတွေ့အကြုံတွေရရှိခဲ့ ရရှိမြဲဖြစ်ပါတယ်။ အမေရိကန်သမ္မတကြီးနဲ့တကွ အုပ်ချုပ်ရေးအရာရှိပိုင်းရဲ့ဆုံးဖြတ်ချက်တွေ အမိန့်အာဏာနဲ့ကိုင်တွယ်ဖြေရှင်းပုံတွေကိုလည်း ပြည်တွင်းပြည်ပမီဒီယာပေါင်းစုံကနေ ဝေဖန်တိုက်ခိုက်ခံခဲ့ ရပါတယ်။ စစ်မြေပြင်ရောက်စစ်သားတွေဟာ တစ်နှစ်တစ်နှစ်ကို(ဆိုးရွားတဲ့)နည်းမျိုးစုံနဲ့ ရာထောင်ချီသေဆုံးကြရသလို အီရတ်နိုင်ငံနေပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ဟာလည်း ဆုံးရှုံးပေါင်းမနည်းတော့ အနာဂတ်အခြေအနေဟာလည်း ဘာမှမသေချာမရေနိုင်တော့။ စစ်ကာလရဲ့ရလဒ်အနေနဲ့ အမှန်အမှားဆုံးဖြတ်ရမသေချာမှု၊ မှားယွင်းစွာဆုံးဖြတ်ချက်ချမှု၊ လူစိတ်ပျောက်ကြမ်းကြုတ်ရက်စက်မှု၊ စိတ်ဒဏ်ရာဒဏ်ချက်နဲ့လက်စားချေလိုစိတ်၊ ပုဂ္ဂိုလ်ရေး/လူမျိုးရေးမုန်းတီးမှု၊ နာကျည်းခံပြင်းမှု၊ ဘာသာရေး/အမျိုးသားရေး အစွန်းရောက်အယူအဆနဲ့ ကြံရာမရ လက်တုံ့ပြန်ခြင်း၊ အသေခံဗုံးဖေါက်ခွဲခြင်း စတဲ့နောက်ဆက်တွဲတွေဟာလည်း နားနဲ့မဆန့် ရင်နဲ့မဆန့်အောင်(၂ဝဝ၆-၂ဝဝ၇-၂ဝဝ၈နှစ်ဦးအထိ)ရုပ်သံလိုင်းတွေကတဆင့် မြင်ခဲ့ကြားခဲ့ရပေါ့။
'အဲဒီတော့ကာ အီရတ်မှာ ငါ ဘယ်ဘက်က တိုက်ပေးရမလဲ မလင်းပြာ'ဆိုတဲ့မေးခွန်းမှာ ဘယ်သူ၊ဘယ်ဝါ၊ဘယ်တိုင်းပြည်၊ဘယ်စနစ်၊ဘယ်အယူအဆ၊ ဘယ်ဟာကမှန်သလဲဆိုတာ ဝေခွဲမရဖြစ်နေတဲ့ နားလည်ခံစားမှုက ပါဝင်နေသလို ဘယ်ဘက်က ဝင်ကူရမလဲဆိုတာ မသိတော့တဲ့သဘောလည်း ပါဝင်နေပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ ကဗျာရေးသူရဲ့'အီရတ်'စစ်ပွဲအပေါ်အမြင်လည်း ဖြစ်ပါတယ်။ 'စစ်'အပေါ်အမြင်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီ'အီရတ်'စစ်ပွဲဟာ ဒီနေ့ကမ္ဘာကြီးရဲ့ ဒီနေ့ကမ္ဘာ့သမိုင်း ဒီနေ့ကမ္ဘာ့ယဉ်ကျေးမှုရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်သလို ဒီ'အီရတ်'ကို ကဗျာရေးသူဟာ ဝေါဟာရနဲ့တကွ နောက်ခံအိုင်ဒီယိုလော်ဂျီကိုပါ ဆွဲသုံးပြီး(၇ဝခုနှစ်က)မလင်းပြာကို မေးလိုက်ခြင်းဖြစ်ပါတယ်။ ဆိုလိုတာက ၇ဝခုနှစ်မတိုင်မှီက ရန်သူမြင်ရင်၊ ရန်သူကိုရန်သူလို့ အဖြူအမဲကွဲပြားစွာမြင်ပြီး ရိုင်ဖယ်ကိုဆွဲယူ အလွယ်တကူ(ဗီယက်နမ်ဘက်က)ဝင်ပါ၊ ဝင်တိုက်ခဲ့တဲ့ မလင်းပြာရဲ့ဇာတ်ကောင်ဟာ ဒီနေ့၂ဝဝ၇ကို ရောက်လာတဲ့အခါမှာတော့ ဘာကိုမှ အဖြူအမည်း ကွဲကွဲပြားပြား မသိတော့ဘူး၊ မပြောနိုင်တော့ဘူးဆိုတာ ကဗျာက 'ပြ'ပါတယ်။
အဲဒီစစ်နဲ့စစ်ပွဲအကြောင်း မေးခွန်းထုတ်ထားတဲ့အဆုံးသတ်ဝါကျကို အထက်က(ပရူးဖရော့က်ရဲ့ အချစ်သီချင်း)ကဗျာစာပိုဒ်တွေနဲ့ ပြန်ချိပ်ကြည့်ရရင် ပြန်-ချိပ်ကြည့်တတ်ရင် ပြန်-ကြည့်ချိပ်တတ်ရင် 'ဒီနေ့ အီရတ်စစ်ပွဲ'ကိုက ဒီ'အီရတ်'ကိုက ဒီနေ့ကမ္ဘာကြီးကိုက ဒီနေ့မြို့ပြလူနေမှုဘဝကိုက ဒီနေ့ခေတ်ကာလကြီးကိုက ဒီနေ့အိမ်ယာ ထူထောင်ရေးကိစ္စကိုက ဒီနေ့ချစ်သူရည်းစားဘဝကိုက အဖြူအမည်းမသဲကွဲတော့ဘူးဆိုတာနဲ့ ဘယ်ဘက်က ဝင်တိုက်ရမလဲ မသိတော့တဲ့ တွေဝေမှု၊သံသယဖြစ်မှု၊ ဆုံးဖြတ်ရ မသေချာမှု အစရှိတဲ့ စစ်/အချစ်/ဘဝ စတဲ့ ဂယက်အနက်တွေအထိ ကဗျာဟာလမ်းပွင့်ကျယ်ပြန့်သွားတာ တွေ့ရပါမယ်။
ကဗျာရဲ့နောက်ဆုံးပါဒဟာ ဒီနေ့ခေတ်ကြီးမှာ ရှင်သန်ကျင်လည်ရတဲ့လူသားတစ်ယောက်ရဲ့ ဘဝ/လောက/ကမ္ဘာကြီးသို့ ထုတ်လိုက်တဲ့မေးခွန်တစ်ခုပဲ ဖြစ်တယ်။ ဒါဟာ ဒီနေ့ကမ္ဘာသူကမ္ဘာသားတစ်ယောက်ရဲ့ ကျရောက်နေတဲ့ အခြေအနေပဲ။ ဒါဟာ ဒီကနေ့ ကမ္ဘာကြီးပေါ်က အနုပညာသမား၊ ကဗျာရေးသူတစ်ယောက်ရဲ့ ပြဿနာပဲ။ ဒါဟာ ဒီနေ့ခေတ်စနစ်ကိုထင်ဟပ်တဲ့ ကဗျာပဲ။ ဒါဟာ version အသစ်နဲ့ ဇေယျာလင်းက ပြန်ဆိုလိုက်တဲ့ ၂ဝဝ၇ ပရူးဖရော့က်ရဲ့အချစ်တေးပဲ။

- မောင်ယုပိုင်
- ၂ဝဝ၈ မေလ
- နွယ်နီ
No comments:
Post a Comment