Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ပြည့်တန်ဆာမှတ်စု


ကျွန်မတို့ဟာ
မြို့ကြီးရဲ့ လက်နှစ်ဖက်ကို ကုတင်တိုင်မှာ ပုဝါပါးနဲ့ ဖွဖွလေးချည်ထားတယ်။
မြို့ကြီးထဲက လူကြီးမင်းဆိုသူများ ကျွန်မတို့ရဲ့ အပေါစားပေါင်ဒါအနံ့မှာ လာလာအညံ့ခံကြ။

ကျော်မကောင်းကြားမကောင်းဖြစ်မီ လူကြီးလူကောင်းများ
ဖွတ်မထွက်မီ ကြောင်သူတော်ကြီးများ
လိင်စိတ္တဇမ၀င်မီ လူရိုးလူအ ဆိုသူများ
အားလုံးအတွက်စီစဉ်ထားပါတယ်။

ကျွန်မတို့ရဲ့ အိမ်တံခါးပေါက်ကို
အချစ်ကံခေသူတို့ရဲ့ ထွက်ပေါက်အဖြစ် ညလုံးပေါက်ဖွင့်ထားပါတယ်။
လွယ်ကူပြီးဈေးနှုန်းသက်သာ ကျွန်မတို့ကို
အသင့်ဖေါက်စားလိုက်ရုံနဲ့
ကာလသားများရဲ့ မုန်ယိုရောဂါဟာ သက်သာပျောက်ကင်းစေနိုင်မှာပါ။

အချစ်တို့ ၊ စိန်တစ်ဆင်စာတို့ ၊
တိုက်တစ်လုံးကားတစ်စီးတို့
လက်ဆောင်ပစ္စည်းတို့နဲ့
တစ်ယောက်ကိုတစ်ယောက် ရှည်ကြာလှည့်စား လုပ်မနေပါနဲ့ရှင်
ကျွန်မတို့ရဲ့ ဆံညှပ်ကလစ်လေးကို
ခဲရာခဲဆစ် ကတုန်ကယင်လက်နဲ့ ဖြုတ်နေစရာမလိုပါဘူး
ရှင်တို့နဲ့ကျွန်မကြား ခြားဖို့ အပေါစားအကာအကွယ်တစ်ခုပါရင်ပဲ
အိုကေပြီလေ။

ကျွန်မတို့ရဲ့ ငခုံးမတစ်အုပ်စုကြောင့်
တစ်မြို့လုံးပုပ်နေတယ်လို့ မထင်ပါနဲ့
ကျွန်မတို့ဟာ ဒီမြို့ကြီးရဲ့တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာတဲ့ သားရဲတွင်းတစ်တွင်းပါ။
ရက်စက်တဲ့ မုဆိုးတွေလက်ချက်နဲ့
ဒဏ်ရာရ ယုန်မလေးတွေ သမင်မလေးတွေ နေ့စဉ်နဲ့အမျှ
အသစ်အသစ်ရောက်ရှိလာနေတာပဲ ကြည့်လေ။

အဲဒါ ကျွန်မတို့ရဲ့ ရှိစုမဲ့စုပစ္စည်းကို
ထု ခွဲ ရောင်း ချ ခြင်း ပဲ။
တွတ်တွတ်ရဲအောင် ခြယ်သထားတဲ့ ကျွန်မတို့ရဲ့ ဘ၀အားမာန်ဟာ
မိဘအမွေအနှစ်မှန်တင်ခုံရှေ့က ရွှေရည်စိမ်မိန်းကလေးတွေထက် ပိုမလှဘူးလား။

ကျွန်မတို့ရဲ့ ဘ၀အမြှေးပါးတွေ၊ ကျွန်မတို့ရဲ့အမဓါတ်အပြည့်နဲ့ ပိရိသေသပ်ခဲ့တဲ့နှုတ်ခမ်းသားတွေဟ
ဘယ်တော့မှ အကောင်းအတိုင်းပြန်မရတော့ပေမယ့်
ကျွန်မတို့ကန့်လန့်ကာနောက်ကွယ်က ကျွန်မတို့မိသားစု ကျွန်မတို့ချစ်ရတဲ့သူတွေ
ဘ၀ကို ဗိုင်းကောင်းကျောက်ဖိနေနိုင်ကြဖို့ပဲ မဟုတ်လား။

ကျွန်မတို့ဟာ ဖာသည်မတွေပါ
လူကြီးမင်းတို့ လိုအပ်ချက်နဲ့ကွက်လပ်များကို ဖာပေးနိုင်ပါတယ် ဖြည့်ပေးနိုင်ပါတယ်
ပူးပေါင်းပါဝင်လိုပါက အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်း
သတင်းကောင်းပါးအပ်ပါတယ်ရှင်။ ။
.............................................

မောင်ယုပိုင်
၂၀၀၄

No comments:

Post a Comment