Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

တွေ့ရ တွေးရတာ ခက်လာတယ် မြတ်သူ

တွေ့ရတာ ခက်လာတယ် မြတ်သူ

မိန်းမတစ်ယောက် ကိုမျှော်လင့်ရင်း ငါတို့တွေ လည်ပင်းရှည်လာကြတယ်
တွေ့ရတာ ခက်လာတယ် မြတ်သူ
အရေးမကြီးရင် ဖုံးမဆက်နဲ့သက်ပြင်းတွေ အပြင်ခဏခဏထွက်နေတယ်
တွေ့ရတာ ခက်လာတယ် မြတ်သူ
မင်းလ္ဘက်ရည်သောက်နေပေမယ့်၊ ငါ ပြီးခဲ့တဲ့ ညစာမစားရသေးဘူး
တွေ့ရတာ ခက်လာတယ် မြတ်သူ
မင်းအပူလူ သိပေမယ့် ၊ ဟော်တယ်မှာ ဂျပိုးကြီး ကိုက်တာလူမသိဘူး
တွေ့ရတာ ခက်လာတယ် မြတ်သူ
ဒီတံတားက နောက်နှစ်ရာသီလောက်ဆို ကျိုးသွားမလားပဲ
တွေ့ရတာ ခက်လာတယ် မြတ်သူ
ငါတို့အကိုတွေက ယောက္ဖ ကြက်ဥတိုက်နေသလိုပဲ
တွေ့ရတာ ခက်လာတယ် မြတ်သူ
ငါ့မြင်းငါစိုင်းတွေ ၊ ငါ့လှေငါထိုး ပဲခူး ဆိုတဲ့ကောင်တွေနဲ့ပဲ တည့်တည့်တိုးနေတယ်
တွေ့ရတာ ခက်လာတယ် မြတ်သူ
မင်းကငါ့ကို ဆံပင်ရှည်မဟုတ်ဘူးပဲတဲ့ မင်းမှာရော ငါ့မှာရော အပူတွေဝေနေတယ်လေ
တွေ့ရတာ ခက်လာတယ် မြတ်သူ
မင်းတို့ငါတို့ကို ကျဲချခဲ့တဲ့ မျိုးစေ့တွေမှာ အဖျင်းတွေ များတယ် ၊ ပေါင်းပင်တွေ များတယ်
တွေ့ရတာ ခက်လာတယ် မြတ်သူ
ဒီသီချင်းကိုပဲ ခဏခဏ ပြန်ကျော့ဆိုနေရတယ်
တွေ့ရတာ ခက်လာတယ် မြတ်သူ
တံငါသည်ရဲ့ ပိုက်ထဲကို ငြင်ငြင်သာသာ ၀င်တိုးနေကြတာလား
တွေ့ရတာ ခက်လာတယ် မြတ်သူ
တောမီး ၀ိုင်းထဲ ငါတို့တွေ ပိတ်မိသွားကြပြီလား
တွေ့ရတာ ခက်လာတယ် မြတ်သူ
အနေအထားက ဖာသည်မ ပဲများတာ ထိုင်စောင့်နေရသလိုပဲ
တွေ့ရတာခက်လာတယ် မြတ်သူ
ငါတို့တွေဟာ လင်းဆွဲတွေလို ဇောက်ထိုး အိပ်စက်တတ်ရတော့မယ်
တွေ့ရတာခက်လာတယ် မြတ်သူ
ငါတို့တိုက်စစ်မှုးတွေဟာ OG တွေ ပြန်သွင်းနေတယ်
တွေ့ရတာ ခက်လာတယ် မြတ်သူ
ငါတို့ရဲ့ ချွေးသီးချွေးပေါက်တွေဟာ အဆမတန်ကျယ်လာတယ်
တွေ့ရတာ ခက်လာတယ် မြတ်သူ
ငါတို့ အစာအိမ်တွေ လမ်းပေါ်ရောက်အောင် လိမ့်အကန်ခံနေရတယ်
တွေ့ရတာ ခက်လာတယ် မြတ်သူ
ရေစီးကြောင်းအတိုင်းလိုက်နေကြတာ ရောဂါပိုများလာသလိုပဲ
တွေ့ရတာ ခက်လာတယ် မြတ်သူ
ခွေးအတွေက အရင်ထက်ပိုပြီး ဥဏ်များလာကြတယ်
တွေ့ရတာ ခက်လာတယ် မြတ်သူ
ဝစ်လစ်စလစ် ကောင်တွေရှောင်နေရတာ နဲ့ ရှေ့မရောက်ဘူး
တွေ့ရတာ ခက်လာတယ် မြတ်သူ
ဒီကဗျာ မှာ သမိုင်းတစ်ပတ် ပြန်လည်မလား ရေးကြည့်နေတာ ။

တွေးရတာ ခက်လာတယ် မြတ်သူ
မင်းကြောင့်ခေတ်ကြီး  ကိုယ်လေးလက်ဝန် မဖြစ်စေနဲ့ ။

ဘိုဟန်
Friday, February 22, 2013 at 1:21am

No comments:

Post a Comment