၂၀၀၈
ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တစ်ဆယ့်ခြောက်ယောက်မြောက် နိုင်ငံတော် ကဗျာဆရာ
(poet laureate) အဖြစ် အမေရိကန်အစိုးရရဲ့ တရားဝင် ဂုဏ်ပြုခန့်အပ်ခြင်းကို
ခံရတဲ့ ကေးရိုင်ယန် (Kay Ryan) ဟာ Fairfax, California မှာနေထိုင်ရင်း
Kentfield မှာရှိတဲ့ College of Marin မှာ နှစ်သုံးဆယ်ကျော် ကြာမြင့်စွာ
အင်္ဂလိပ်စာ မလိုက်နိုင်တဲ့ ကျောင်းသားတွေအတွက် လက်တွဲခေါ်ယူသင်ကြားပေးတဲ့
အလုပ်ကို လုပ်ကိုင်နေခဲ့ပါတယ်။ သူမကို ကဗျာလောကရဲ့ အပြင်ကလူ ဒါမှမဟုတ်
အနှိမ်ခံတစ်ယောက်အဖြစ် လူအများက မကြာခဏ အမည်တပ်လေ့ရှိတယ်။ ကဗျာတွေမှာ ပထမလူ
နေရာကနေပဲ အမြဲထိန်းရေးလေ့ရှိပြီး သူမရဲ့ ပုဂ္ဂိုလကဗျာတွေကိုတော့ "ဘယ်သူမှ
သိစေဖို့ မလိုအပ်" ဆိုတဲ့ ခံယူချက်မျိုးနဲ့ ရေးရတာကို ပိုပြီး
ခုံမင်သူတစ်ယောက် ဖြစ်တယ်။
သူမဟာ ကံခေလှတဲ့ လူသားဖြစ်တည်မှုနဲ့ လူတစ်ယောက်ချင်းစီအလိုက် ဘာသာစကား ထူးခြားမှု (idiosyncrasies of language) ကို ဖြေချဖို့ အတ္ထုပ္ပတ္တိပုံစံ၊ ဇာတ်ကြောင်းပြန်ပြောတဲ့ ပုံစံတွေအစား ဟာသညဏ်နဲ့ ရွဲ့တဲ့တဲ့ ဇောက်ထိုးစကားတွေကို အသုံးပြုတတ်တယ်။ ကဗျာဆရာအများစုက မပြောအပ် မသုံးအပ်လို့ တားမြစ်ထားခဲ့တဲ့ လူမှုသတ်မှတ်ချက်အစွဲ (taboo) လို့လက်ခံကြပြီး ဘာသာဗေဒ လက်နက် ပရိယာယ် နှစ်ခုလို့ ဆိုနိုင်တဲ့ မရွည်ရွယ်ပဲ မှားယွင်းသုံးစွဲမိစေတဲ့ သံတူကြောင်းကွဲ စကားလုံးတွေ (malapropisms) ၊ ဖန်တစ်ရာတေအောင်သုံးမိလို့ ဟုန်သွားတဲ့ စကားလုံးမျိုး (clichés) တွေကို သူမက နှစ်သက်တယ်။
ပြန်လည်ပြောင်းလဲပေါင်းစပ် ဖွဲ့စည်းထားသော ကာရန် (recombinant rhyme) လို့ သူမခေါ်တဲ့ စာကြောင်းတိုလေးတွေ အဆုံးမှာထက် အလယ်မှာ မြုပ်နေတတ်တဲ့ ကာရန်၊ နဘေတွေကို သူမ သုံးလေ့ရှိတယ်။ သူမရဲ့ ကျစ်လစ်တိုတောင်းမှုကို ခုံမင်ခြင်းဟာ သူမကို သိပ်သည်းအောင်အတိုချုံးတတ်တဲ့ ကဗျာဆရာတစ်ယောက် (poet of "compression") ဆိုတဲ့ နာမည်ကို ရစေခဲ့တယ်။ ဒါပေမယ့် ရိုင်ယန်ကတော့ ဒီအချက်ကို ငြင်းဆိုပါတယ်။ သူမက စာတွေကို ပေါက်ကွဲလုနီးပါး ကျပ်ကျပ်သိပ်သိပ် ညှစ်ယူရတာကို သဘောကျတယ်လို့ ပြောပေမယ့် သူမကဗျာရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေမှာတောင် လေထုရဲ့ အငွေ့အသက်ကို ချောင်ချောင်လည်လည် ရှူရှိုက်နိုင်နေသေးသလို စိုးရိမ်သောကတွေကိုလဲ လျော့ပါးစေနိုင်တဲ့ ခံစားမှုတွေ ရှိနေပါတယ်လို့ မလျှော့တမ်း ပြောပါသေးတယ်။
ရိုင်ယန်ကို ၁၉၄၅ ခုနှစ်မှာမွေးဖွားခဲ့ပြီး သူမဟာ Califonia မှာ ကြီးပြင်းခဲ့တယ်။ သူမရဲ့ မိသားစုဟာ Mojave Desert မှာရှိတဲ့ Rosamond ဆိုတဲ့ မြို့ငယ်လေးမှာ တဖြည်းဖြည်း အခြေချလာခဲ့ကြတယ်။ "ပြုပြင်ပြောင်းလဲလို့မရတဲ့ တစ်စုံတစ်ရာရဲ့ ပါရဂူ" ဆိုတဲ့ စိတ်ကူးဟာ သူမကို စိုးထိတ် စိတ်ပျက်အောင် မချောက်လှန့်ခင်အထိ သူမဟာ UCLA မှာ စာပေဝေဖန်ရေး ဘာသာရပ်အဓိကနဲ့ Ph.D ကို ခဏတာ တတ်ရောက်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်၊ အမေရိကန် နိုင်ငံရဲ့ နှစ် နှစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားမှာ သူမဟာ စာရေးဆရာတစ်ယောက် ဖြစ်ချင်ခဲ့တာ သေချာရဲ့လား ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့အတွက် ဒီခရီးဟာ သူမကို အထောက်အကူပေးလိမ့်လို့ မျှော်လင့်ပြီး ရိုင်ယန်ဟာ Oregon ကနေ California အထိ မိုင် လေးထောင်ကျော် တောလမ်းခရီးကို စက်ဘီးစီးနင်းခဲ့တယ်။
"ကဗျာရဲ့ ပြုလုပ်မှုတိုင်းကို သူမက ခံနေရပါတယ်" ဆိုတဲ့ အခိုင်အမာပြောဆိုချက်တွေကိုလဲ တောင့်ခံနေရတယ်လို့ သူမကဆိုပါတယ်။ ဒါပေမယ့် Colorado ရဲ့ Hoosier Pass ကိုရောက်တဲ့အခါမှာ သူမရဲ့ စိတ်ဟာ လေဆာရောင်ခြည်တန်း တစ်ခုအလား စာရေးသားခြင်းကသာလျှင် သူမကို အခြားဘယ်အရာနဲ့မှ မတူတဲ့ ကြည်နူးမှုမျိုး ပေးတယ်ဆိုတဲ့ အချက်ကို ထင်ရှားပြတ်သားစွာ ခံစားမိလာတယ်လို့ သူမကဆိုတယ်။ နောက်ဆုံးတော့ သူမဟာ အဖြေကို ရှာဖွေတွေ့ရှိ သွားခဲ့တာပေါ့။ ဒါပေမယ့် သူမအနေနဲ့ ကဗျာဆရာတစ်ယောက် ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး ဘာအကြံဥာဏ်မှ မရှိခဲ့သေးပါဘူး။
အနုပညာဈာန် ဝင်စားဖို့အတွက်တော့ လူအများ ယုံနိုင်စရာမရှိတဲ့ နေရာတစ်ခုကနေ သူမ ရရှိတယ်။ အဲဒါကတော့ Ripley’s Believe It or Not! စာအုပ်တွေပါပဲ။ စိတ်ကူးယဉ် ဖန်တီးထားတဲ့ အရာတွေကို အကျိုးရှိရှိ အသုံးချဖို့ ဒီစာအုပ်တွေက သူမကို သင်ကြားပေးခဲ့တယ်။ အဲဒီစာအုပ်တွေဟာ သူမကိုယ်တိုင်မဖြစ်မနေ လုပ်ရမယ်လို့ သတ်မှတ်ထားတဲ့ ရှစ်နှစ်တာ အလုပ်သင်ကာလအတွင်း သူမရဲ့ ရိက္ခာတွေပါပဲ။ ၁၉၈၃ ခုနှစ်မှာ သူမရဲ့ ပထမဆုံး ကဗျာပေါင်းချုပ်ကို မထုတ်ခင် ကာလအတွင်း သူမဟာ ကဗျာတွေ မရေတွက်နိုင်အောင် ရေးခဲ့တော့တာပါပဲ။
"ကဗျာဆရာဆိုတာဟာ ကိုယ့်ကိုယ်ကို အများထက် ပိုသိပိုတတ်တဲ့ ဆရာကြီးတစ်ယောက်ပုံ ပေါက်နေတယ်" လို့ ယူဆကြတဲ့ မိသားစုမှာ သူမ ကြီးပြင်းခဲ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် သူမဟာ တဖြည်းဖြည်း အောင်မြင်မှုရလာပြီး အများလက်ခံတဲ့ ယုံကြည်မှု၊ စံ၊ ဓလေ့ တွေကို ပုတ်ခတ်ပြောဆိုသူ (iconoclast) တစ်ယောက်ထက် ပိုဝေးတဲ့ ဘောင်အပြင်မှာ နေလေ့ရှိတယ်။ ရိုင်ယန်ဟာ ကဗျာပေါင်းချုပ် ခုနှစ်အုပ်ကို ရေးသားခဲ့သူလဲ ဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တာ ကာလအတွင်း သူမဟာ Ruth Lily Poetry Prize, Guggenheim Fellowship နဲ့ National Endowment for the Arts ရဲ့ ဂုဏ်ထူးဆောင်ဆု တွေကိုလဲ ရရှိခဲ့ပါတယ်။ Best American Poetry စာအုပ်တွဲနဲ့ Entertainment Weekly ရဲ့ "It List" အစီအစဉ်တွေမှာလဲ ဖော်ပြခြင်း ခံခဲ့ရဖူးတယ်။ သိပ်မကြာသေးခင်ကပဲ Central Park Zoo, US က နံရံမှာ သူမရဲ့ ကဗျာတစ်ပုဒ်ကို ကမ္ပည်းထိုးထားခဲ့ကြသေးတယ်။
ဒီ interview ကတော့ ပူအိုက်တဲ့ သြဂုတ်လတစ်ခုမှာ သူမရဲ့ နှစ်သုံးဆယ်ခန့် လက်တွဲဖော် Carol Adair ၊ သူတို့ရဲ့ ကြောင် Ubu နဲ့အတူ Marin County မှာရှိတဲ့ ရိုင်ယန်ရဲ့ နေအိမ်မှာ လေးရက်ကြာ မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။ Carol ဟာ မကြာသေးမီကပဲ ကင်ဆာရောဂါနောက်ဆုံး အဆင့်ကို ခံစားနေရပြီး ဓာတုကုထုံးတွေနဲ့ ကုသနေရပေမယ့် ဘဝကို ဆက်လျှောက်ပြီး ဒီတွေ့ဆုံမေးမြန်းမှုရယ်၊ poet laureate အဖြစ်လက်ခံရယူမှု အပါအဝင် အရာအားလုံးကို သူမ ကမ်းလှမ်းခဲ့ပါတယ်။ အစိုးရက သတ်မှတ်ထားတဲ့ နာမည်ရ ကဗျာဆရာ ဆိုတဲ့ ဂုဏ်ပုဒ်ဟာ လက်ရှိနေထိုင်နေတဲ့ Fairfax မှာတော့ သူမကို အတိုင်းအတာတစ်ခုအထိ ထင်ထင်ရှားရှား ဖြစ်စေပါတယ်။ ဒါပေမယ့် ဒါဟာ "စာတိုက်တို့ အခြားနေရာတို့မှာ သူမစီတန်းနေတဲ့အချိန် အမှတ်စဉ်ကျော်ပြီး ဖြတ်ဝင်ခွင့်မျိုးကိုတော့ ဘယ်သူကမှ သူမကို ခွင့်မပြုပါဘူး" လို့ ရယ်စရာပြောပါသေးတယ်။
သူမကို ထုံးစံအတိုင်း poet laureate မေးခွန်းတစ်ခုဖြစ်တဲ့ "ကဗျာဆရာကောင်း တစ်ယောက် ဘယ်လို ဖြစ်လာနိုင်သလဲ" လို့ မေးမိတဲ့အခါ "ကျမ ဘယ်လိုလုပ် သိနိုင်မလဲ" လို့ သူမက ပြန်ဖြေခဲ့ပါတယ်။
----------------
Paris Review Issue No. 187 (Winter 2008) မှာ Sarah Fay နဲ့ ပြုလုပ်ခဲ့တဲ့ ဒီအမေးအဖြေကို အောက်မှာဖော်ပြပေးလိုက်ပါတယ် ။
မေး
ကဗျာတစ်ပုဒ်ဟာ ခရီးဆောင်သေတ္တာ အခွံ တစ်လုံးလို ပြုမူသင့်တယ်လို့ ရှင်ပြောခဲ့တယ်နော်။ အဲဒါ ရှင် ဘာကို ဆိုလိုချင်ခဲ့တာလဲ။
ဖြေ
ဒါဟာ လူပြက်တစ်ယောက်ရဲ့ ခရီးဆောင်သေတ္တာ တစ်လုံး ဆိုပါစို့။ လူပြက်က ဒီသေတ္တာကို ကျွမ်းသန္တာလန်အောင် လှန်ပစ်လိုက်ပြီးတော့ ပစ္စည်းတွေ အများကြီးကို ဆွဲထုတ်လေ့ရှိတယ်။ ကဗျာဆိုတာဟာ ဗလာကျင်းသွားအောင် ရှင်းထုတ်ပစ်ဖို့ ဘယ်တော့မှ မဖြစ်နိုင်တဲ့ ခရီးဆောင်သေတ္တာ အခွံတစ်လုံးပဲ။
မေး
ရှင့်ရဲ့ ကဗျာတွေထဲမှာ ဟာသမြောက်အောင် ကြိုးစားထားတာလား၊ ဒါမှမဟုတ် မတော်တဆပဲ ဒီအတိုင်း ရယ်စရာလေးတွေ ဖြစ်သွားတာမျိုးလား။
ဖြေ
Calvino ပြောတဲ့ ပုံစံအတိုင်းပဲ ပေါ့ပေါ့ပါးပါးဖြစ်ဖို့ ကျမ ကိုယ့်ကိုယ်ကို တိုက်တွန်းပါတယ်။ သူက ဘယ်လိုမျိုး ထုတ်ပြောသလဲဆိုတော့ သူ့ရဲ့ စာအုပ်ဖြစ်တဲ့ Six Memos for the Next Millennium ထဲမှာ "ကျတော့် အတွက်တော့ ပေါ့ပါးတယ်ဆိုတာမှာ အနုစိတ် တိကျမှု (precision)၊ သေချာတဲ့ စိစစ်သတ်မှတ်မှု (determination) ၊ အလေးချိန်မဲ့ပုံရတဲ့ နှုတ်အားဖြင့် ဖွဲ့စပ်ပုံ (verbal texture) တွေပါတယ်။ သူတို့ရဲ့ အဓိပ္ပါယ်ကိုယ်၌က ရှားရှားပါးပါး အပြောင်းအလဲမရှိတဲ့ အခြေအနေရောက်သည်အထိပေါ့။"
လူတွေဟာ Billy Collin ရဲ့ ကဗျာတွေ ဟာသမြောက်သလို၊ တင်္ခဏုပ္ပတ္တိဉာဏ် ပေါ်လွင်စေသလိုမျိုး ကျမကဗျာတွေဟာ ဟာသနှောပြီး ရယ်ရွင်ဖို့ကောင်းတယ်လို့ ပြောချင်တဲ့အတွက်ကြောင့် ကျမ ကဗျာတွေကို ဝေဖန်မှုမှာ သူတို့အနေနဲ့ နည်းနည်း ခဲရာခဲဆစ် ဖြစ်ကြတယ်။ ဒါပေမယ့် အဲဒါတွေအပြင် နောက်ထပ် အခြားတစ်ခုရှိနေသေးတယ်။ အဲဒီ ရုပ်ပြောင် ကိစ္စပဲ။ ကျမ ကဗျာတွေကို ပရိတ်သတ်ကို ရွတ်ပြတဲ့အခါမျိုးမှာ လူတွေဆီက ရယ်သံမောသံတွေကို ကြားရတတ်တယ်။ ဒါပေမယ့် ဒါဟာ ဒဏ္ဍာရီနတ်သမီးတစ်ပါးရဲ့ လက်ဆောင်တစ်ခုလိုမျိုး အိမ်ပြန်ရောက်လို့ သဘောပေါက်သွားတာနဲ့ တပြိုင်နက် အလန့်တကြားဖြစ်သွားကြလိမ့်မယ်လို့ ကျမကတော့ သူတို့ကို အမြဲ သတိပေးပါတယ်။
လေးလေးနက်နက် တွေးလွန်းစေတဲ့ ကဗျာမျိုးကို ကျမလဲ မခံစားတတ်ဘူး။ ဒါပေမယ့် ဒီလိုပြောလို့ ကျမရဲ့ ကဗျာတွေဟာ လေးနက်မှု မရှိဘူးလို့တော့ ကျမ မဆိုလိုပါဘူး။
မေး
ဝေဖန်ရေးသမားတွေကတော့ ရှင့် ကဗျာတွေကို Dickinson ရဲ့အရေးအသားတွေနဲ့ ခိုင်းနှိုင်းကြတယ်။ ရှင်ရော ရှင့်ကိုယ်ရှင် Dickinson နဲ့ တူတယ်လို့ ထင်မိသလား။
ဖြေ
ဒီမေးခွန်းက ဘာနဲ့တူသလဲဆိုတော့ "ရှင်ဟာ ဘုရားသခင်နဲ့ တူတယ်လို့ ထင်မိလား" ဆိုတဲ့ မေးခွန်းမျိုးပဲ။ ဒါဟာ အခြားလူတွေအတွက် စိတ်ဝင်စားစရာ ကောင်းချင်ကောင်းနိုင်တယ်။ ကျမအတွက်တော့ စိတ်ဝင်စားစရာ မကောင်းလှဘူး။ ဒါပေမယ့် ဒီလိုဝေဖန်ခံရတာဟာ တခြားလူတွေက လုပ်သင့်တယ်လို့ ထင်တဲ့အလုပ်မျိုးကို ကျမကို လုပ်ဖြစ်အောင် ပြောနေသလိုပဲ။ ဒါ့ထက် ရှင်ဆိုရင်ရော ဘုရားသခင်နဲ့ ဘယ်လိုပုံစံ နှိုင်းယှဉ်တာမျိုးကို လိုချင်မိသလဲ။
မေး
ရှင် နိုင်ငံတလျှောက်ဖြတ်ပြီး စက်ဘီးခရီးရှည် စီးခဲ့စဉ်က ရှင်ဟာ စာရေးဆရာတစ်ယောက် ဖြစ်ဖို့ ကံပါလာတယ်ဆိုတာကို တွေ့ရှိခဲ့တယ် မဟုတ်လား။ ဒီတော့ စာတွေရေးတတ်ဖို့ ရှင့်ကိုယ်ရှင် ဘယ်လို သင်ကြားခဲ့သလဲ။
ဖြေ
ဒီခရီးနဲ့ ပတ်သတ်လို့ နေ့စဉ်မှတ်တမ်းတစ်ခု ကျမ သိမ်းထားခဲ့ပြီး နေ့စဉ် အိပ်ရာနိုးတိုင်း ဒီမှတ်တမ်းကို ပြင်စရာရှိတာတွေ ပြင်၊ ပိုရှည်လာအောင် ကူးပြီးတော့ အသွင်ပြောင်းအောင် ရေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ အကျင့်တစ်ခု ဖြစ်လာခဲ့တယ်။
ဒါပေမယ့် အဲဒီအလုပ်ပြီးသွားတော့ ကျမ ဘာဆက်လုပ်ရမယ်ဆိုတာ မသိတော့ဘူး။ ဒီတော့ ကျမ တာရော့ကားချပ်တစ်ထုပ် ဝယ်ခဲ့တယ်။ ကဒ်တွေကို ဘယ်လိုဖတ်ရမယ်၊ ဘယ်လို စီရမယ်၊ ဘယ်လို ကုလားဖန်ထိုးရမယ် စတာတွေပါတဲ့ စာအုပ်သေးသေးတစ်အုပ်။ ၁၉၇၀ ပုံမှန် ကဒ်တစ်ထုပ်ပဲ။ ဒါပေမယ့် ကျမ တစ်ခါမှ မလေ့လာဖူးတဲ့အတွက် ဒီကဒ်တွေကို ဘယ်လိုဖတ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကို သင်ယူဖို့ စိတ်မရှည်ခဲ့ဘူး။ ကဒ်တွေဟာ ကြည့်ဖို့လောက်ပဲ စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်မိတယ်။ ဒါပေမယ့် စာအုပ်လေးထဲမှာပါတဲ့ အသေးစိတ်ရေးထားတဲ့ ကုလားဖန်ထိုးနည်းတွေကိုတော့ သုံးဖြစ်ခဲ့တယ်။ မနက်တိုင်း ကဒ်တစ်ခုကို ကျမ လှန်ပြီးတော့ အဲဒီကဒ်အကြောင်း ကဗျာတစ်ပုဒ်ရေးခဲ့တယ်။ ကဒ်ဟာ အချစ်အကြောင်း ဖြစ်ရင်ဖြစ်မယ်။ မရဏဆိုတာမျိုး ဖြစ်ချင်ဖြစ်မယ်။ ကျမရဲ့ ပရောဂျက် ဒါမှမဟုတ် ကစားနည်းကတော့ ဒီအထုပ်ထဲမှာရှိတဲ့ ကဒ် အရေအတွက်အတိုင်း ကဗျာတွေ ရေးဖို့ပဲ။ ဒါပေမယ့် ဘယ်ကဒ် ရောက်လာမယ်မှန်း ကျမထိန်းချုပ်လို့ မရတဲ့အတွက် တချို့အရာတွေကို ထပ်တလဲလဲ ရေးခဲ့တယ်။ တချို့အရာတွေကိုတော့ တခါမှ မရေးခဲ့ဖူးဘူး။ ဒါဟာ ကျမကို အပိုင်းအခြားတစ်ခု သတ်မှတ်ပေးခဲ့တာပဲ။
ကဗျာရေးတယ်ဆိုတာ အဖုံးအအုပ် အကာအကွယ်မဲ့ပြီး လုံးဝမြင်သာအောင် ဖော်ပြခြင်းပဲလို့ အမြဲတမ်း နားလည်ထားခဲ့တာ။ ဒါပေမယ့် ဒီကဒ်တွေထဲမှာ အဝတ်အစားတွေကို ဆုတ်ဖြဲထားတဲ့ သရုပ်ပြပုံစံတွေပဲ ရှိပြီး ကျမ သူတို့လို လိုက်မဆုတ်ဖြဲနိုင်ဘူး။ ကျမရဲ့ ဦးနှောက်ကတော့ ဗလာဟင်းလင်းဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမယ့် အဲလိုမျိုးလဲ ကျမ မဖြစ်စေချင်ခဲ့ဘူး။ နောက်ပြီး အဲဒီ နှလုံးသားအကြောင်း အချစ်အကြောင်းတွေလဲ စိတ်မဝင်စားခဲ့ဘူး။ တာရော့ကဒ်တွေက ကျမကို အကြောင်းအရာမျိုးစုံ။ လိုအပ်လာခဲ့ရင် အချစ်အကြောင်း အပါအဝင် အားလုံးကို ရေးလို့ရပါ့လား ဆိုတဲ့အချက်ကို မြင်အောင် ပြပေးခဲ့တယ်။ မြင်သာအောင် မပြနိုင်ဘူးဆိုတဲ့ စိတ်ရဲ့လှည့်စားမှုကိုတော့ ထိန်းထားရင်းနဲ့ပေါ့။ အကယ်၍ လူတစ်ယောက်ဟာ စာကို ကောင်းကောင်းရေးနေပြီဆိုရင် လုံးဝ မြင်သာအောင် သူ့အလိုလို ဖော်ထုတ်ပြသွားနိုင်တာပဲ။ ဒါပေမယ့် တချိန်တည်းမှာပဲ စာရေးနေသူဟာ လုံလုံခြုံခြုံ ကာကွယ်ပြီး သေချာ ဖုံးကွယ်ထားတယ်လို့လဲ ခံစားတတ်ရမယ်။
မေး
ဒါပဲလား။ ရှင့်ရဲ့ စာရေးပုံ style ဟာ ဒီအတိုင်းပဲ မွေးဖွားလာတယ်ပေါ့။
ဖြေ
ဟင့်အင်း။ ကျမရဲ့ စာရေးပုံက အလွန်အမင်းကို စကားပြေဆန်လွန်းနေသေးတယ်။ ကျမရဲ့ ပြဿနာက ဘာလဲဆိုရင် ပထမဆုံး ကျမဟာ ကဗျာကို ဆန္ဒနဲ့ ဖွဲ့စည်းလိုက်တယ်။ ထိန်းချုပ်မှု အားလုံးဟာ ကျမလက်ထဲမှာ။ ဒါပေမယ့် မကြာဘူး။ metaphor (တင်စားမှု ဥပစာ) တွေရဲ့ သဒ္ဓါထက်သန်မှုတွေနဲ့ rhyme (ကာရန်၊ နဘေ) တွေဟာ ကျမကို သူတို့ရဲ့ ရှုပ်ထွေးပြီး လွယ်လွယ်ကူကူ လွတ်လမ်းမရှိတဲ့ နေရာတွေ၊ ဦးတည်ချက် အသစ်တွေဆီကို ခေါ်သွားတော့တာပဲ။ ဒီတော့ ကျမ စိတ်ထဲမှာ ရှိနေတဲ့ ကဗျာအတွက် ဆန္ဒ၊ ရည်ရွယ်ချက် ဆိုတာက ဟိုဟိုဒီဒီတွေ ရောက်ကုန်တယ်။ အဲဒီ ရည်ရွယ်ချက်တွေ၊ လမ်းလွှဲ၊ လမ်းလွဲခြင်းတွေ ရောစပ်ထားမှုထဲမှာမှ ကျမထက် အဝေးကြီးကိုကျော်လွန်ပြီး အကြောင်းအရာတွေရဲ့ သေးငယ်လွန်းတဲ့ အရိပ်အမြွက်လေးတွေကို နောက်ဆုံး ကျမ ရတယ်။
မေး
recombinant rhyme လို့ ရှင်ခေါ်တဲ့ အရာကို ဘယ်မျိုး တွေ့ခဲ့သလဲ။
ဖြေ
ကျမ စရေးတဲ့အချိန်မှာ ဘယ်သူမှ ကာရန်ညီအောင် မရေးကြဘူး။ ဒါဟာ လုံးလုံးလျားလျား နာမည်ပျက်နေတဲ့ ကိစ္စတစ်ခုပေါ့။ ဒါပေမယ့် ကာရန်ဟာ ကျမအတွက်တော့ အချက်ပေး ဥသြပဲ။ ကျမစိတ်ထဲမှာ ကျမခွင့်ပြုချက် မပါပဲ ကာရန်ထပ်နေတဲ့ အကြောင်းအရာတွေ ရှိနေခဲ့တယ်။ ဒါပေမယ့် စာကြောင်းတွေ နောက်ဆုံးမှာ ဆုံးလေ့ရှိတဲ့ ကာရန်မျိုးကိုတော့ ကျမ အတည်မယူချင်ဘူး။ ဒီတော့ ကျမအနေနဲ့ အခြားနည်းလမ်းတစ်ခုကို ရှာရတော့မယ်။ ကာရန်တွေကို မှားယွင်းတဲ့ စာကြောင်းအဆုံးမှာတွေ၊ စာကြောင်းရဲ့ အလယ်တွေမှာ ကျမ သိုဝှက်လိုက်တယ်။ စကားလုံးတစ်လုံးရဲ့ အစက အခြားစကားလုံးတစ်လုံးရဲ့ အဆုံးနဲ့ ကာရန်တူနေလိမ့်မယ်။ ဒါမှမဟုတ် စကားလုံး တစ်လုံးဟာ အခြားစကားလုံး သုံးလုံးနဲ့ ခပ်ဆင်ဆင်ရှိချင် ရှိနေနိုင်တယ်။ ဥပမာ "Turtle" မှာဆိုရင် "afford" ကို အတက် လေးခုပါတဲ့ ခမောက် "a four-oared" ဆိုတာနဲ့ ကာရန်စည်းချက်မိအောင် လုပ်လိုက်တယ်။
Who would be a turtle who could help it?
A barely mobile hard roll, a four-oared helmet,
She can ill afford the chances she must take
In rowing toward the grasses that she eats.
တတ်နိုင်ခဲ့မယ်ဆိုရင် ဘယ်သူက လိပ်တစ်ကောင် ဖြစ်ချင်မှာလဲ
ရွေ့လျားနိုင်ရုံမျှသာ ရှိတဲ့ အလိပ်လို၊ အတက်လေးခုနဲ့ ခမောက်
သူမ လက်ခံရမယ့် စွန့်စားမှုတွေအတွက် ခံနိုင်စွမ်းက မရှိ
လှော်ရင်းခတ်ရင်း သူမ စားတဲ့ မြက်ပင်တွေဆီ
ဒီပုံစံနဲ့ ကာရန်တွေဟာ ဒီအထဲမှာပဲ ဟိုခုန်လိုက် ဒီခုန်လိုက်နဲ့ အားလုံးကို တစ်စုတစ်စည်းထဲဖြစ်အောင် ချုပ်နှောင်ထားတယ်။
ပေါင်းစပ်ပြောင်းလဲဖွဲ့စည်း ကာရန် (recombinant rhyme) ဆိုတာက ဘာလဲဆိုတော့ ရေခူ (jellyfish) တစ်ကောင်ရဲ့ အမှောင်ထဲမှာ လင်းတဲ့ မျိုးဗီစကို ယုန်ကလေးတွေဆီမှာ ညှပ်ထည့်ပြီး သူတို့ကို အစိမ်းရောင်အလင်း ဖြာထွက်အောင် လုပ်သလိုမျိုးပဲ။ အသံစလေးတွေကို ကဗျာတစ်ပုဒ်လုံးမှာ ဟိုတစ်စ ဒီတစ်စ ဖြတ်ညှပ်ထည့်လိုက်။ အမှောင်မှာ အရောင်အသွေးတောက်ပမှု နည်းနည်းဖြစ်ဖြစ် ထွက်မယ်လို့ ယူဆတဲ့ ကဗျာတွေမှာ ပြန်ဖြန့်ခွဲဝေပြီးတော့ အဲဒီ အသံစလေးတွေကို ထည့်လိုက်တာပဲ။ ဒီတော့ ကဗျာတွေ တောက်ပသွားတာပေါ့။
မေး
ရှင် form အနေနဲ့ ကဗျာတွေ ရေးလေ့ရှိလား။
ဖြေ
ဟင့်အင်း။ ကျမ ဘယ်တုန်းကမှ မရေးခဲ့ဘူး။ ကျမ အဲဒီအတွက် အထုံပါရမီ မပါဘူး။ ဒါဟာ ကသိကအောက်ဖြစ်စေတာတော့ အမှန်ပဲ။ တကယ်လို့ Frost ရေးတယ်၊ Larkin ရေးတယ် ဆိုရင်တော့ ကျမသိပ်သဘောကျတယ်။ ဒါပေမယ့် ကျမအတွက်တော့ ဒါဟာ ကိုယ်နဲ့ မတော်တဲ့ အဝတ်အစားတွေ ဝတ်နေရသလိုပဲ။
မေး
Strangely Marked Metal နဲ့ Flamingo Watching အကြား ကိုးနှစ်တာကာလမှာ ရှင် နေ့တိုင်း ကဗျာတွေ ရေးနေခဲ့လား။
ဖြေ
နေ့တိုင်းတော့ ကျမ မရေးဘူး။
မေး
စာအုပ် တစ်အုပ်နဲ့ တစ်အုပ်ကြားမှာ အချိန်များများ ယူရတယ်လို့ ရှင်ထင်မိလား။
ဖြေ
ကျမ အထင် အပြင်လောကမှာ ကဗျာတွေ အရေအတွက် အရမ်းပေါပါတယ်။ ဒီစွန့်ပစ်စီးကြောင်း မှာ ကျမ ထပ်ထည့်ဖို့ မလိုဘူးလေ။
မေး
ရှင့်ရဲ့ ကဗျာတွေမှာ ရှင်အမြဲတမ်း ယုံကြည်မှု ရှိလား။ ဟိုး ကနဦးကနေ စလို့ပေါ့။
ဖြေ
အထူးသဖြင့် အစပိုင်းမှာ ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါး ရေးနေမိမှန်း ကျမကိုယ်တိုင် မသိခဲ့ဘူး။ ဒါဟာ ကံကောင်းခြင်း တစ်မျိုးပဲ။ လူတိုင်းဟာ ကျမ ကောင်းတယ်လို့ ထင်သလောက် ကောင်းပါတယ်လို့ မတွေးကြလောက်အောင် မိုက်မဲကြပါလားလို့ ကျမ မတွေးခဲ့မိဘူးဆိုရင် ကျမ ဘယ်လိုများ ရပ်တည်မလဲဆိုတာကို တွေးတောင်မတွေးတတ်ဘူး။ ဒါပေမယ့် ကျမ ကိုယ့်ကိုယ်ကို ကာကွယ်ပြီး ပြောရလိမ့်မယ်။ ဘာလို့လဲဆိုတော့ လက်သစ် စာရေးဆရာတစ်ယောက် ဖြစ်ရခြင်းလောက် တရားဝင်ဖြစ်တာ ဘာမှမရှိဘူးလေ။ ဒီတော့ ကျမက ဒါကို အလေးထားပြီး ဒီစာရေးခြင်း အတတ်ပညာကို ကျွမ်းကျင်အောင်ပဲ ဖန်တီးသင်ယူခဲ့ရတာပေါ့။
မေး
ရှင် အောင်မြင်လာတာနဲ့အမျှ ရှင့်ရဲ့ အရေးအသားတွေအပေါ်မှာ ထားတဲ့ အမြင်ရော ပြောင်းလဲခဲ့သလား။
ဖြေ
လောကကြီးဆီက အသိအမှတ်ပြုမှုကို အရနည်းလေလေ ဒါဟာ အခြေခံအုတ်မြစ်တစ်ခုကို ရှာဖွေတွေ့ပြီးကတည်းက အကောင်းဆုံးအရာတစ်ခုပဲလို့ ခိုင်ခိုင်မာမာ မရမက ပြောနိုင်လာလေလေပဲ။ ဒါပေမယ့် လောကဆီက ကျမအပေါ်ထားတဲ့ ထင်မြင်ချက် သဘောထားတွေ မြင့်တက်လာတိုင်း ကိုယ့်ကိုယ်ကို ထားတဲ့ သဘောထားကတော့ သိသိသာသာ လျှော့ကျသွားတယ်။
ကျမရဲ့ စာတွေ တွင်တွင်ကျယ်ကျယ် ရောက်နေတာကိုတော့ အံ့သြမိတယ်။ ကျမ အလုပ်သင်ပုံစံမျိုးနဲ့ ကိုယ်တိုင် အချိန်ကြာကြာ သင်ယူခဲ့ရတာကိုး။
အမေရိကန် အမျိုးသမီးကဗျာဆရာ ကေးရိုင်ယိုင်နှင့် တွေ့ဆုံခြင်း (၂)
by Phyu Hnin Phway (Notes)
http://www.facebook.com/notes/phyu-hnin-phway/%E1%80%A1%E1%80%B1%E1%80%99%E1%80%9B%E1%80%AD%E1%80%80%E1%80%94%E1%80%B9-%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%80%E1%80%97%E1%80%BA%E1%80%AC%E1%80%86%E1%80%9B%E1%80%AC-%E1%80%B1%E1%80%80%E1%80%B8%E1%80%9B%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%9A%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%82%94-%E1%80%B1%E1%80%90%E1%80%BC%E1%82%94%E1%80%86%E1%80%B6%E1%80%AF%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%81%81/10151381956350671 မှရယူပါသည် ။

No comments:
Post a Comment