Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

လူငယ် ( ၂ ) - မောင်မြတ်သူ



ကိုဘိုဟန်ရေ
လူငယ်ဆိုတာ
ဂန်းနန်းစတိုင် ကို လည်ကတုံးနဲ့တွဲကချင်ကမယ်
သောက်သောက်စားစား ပျော်ပျော်ပါးပါးပေါ့
တဂိုးရဲ့ အချစ်ကဗျာ နုနုလေးတွေဖတ်
အချစ်ကဗျာ လေးတွေ ကိုယ်တိုင်ရေး
တခါတလေ ဘီယာနဲ့
တခါတလေလည်း ဥပုသ်သီတင်းသီလစောင့်လို့
လူငယ်ဆိုတာ တစ်ယောက်အမြီးတစ်ယောက်ပြန်မျိုနေတဲ့
လူကြီးသူမတွေမှ မဟုတ်တာ။

ကိုဘိုဟန်ရေ
ခေတ်တစ်ခုလုံးကို လူငယ်တွေ ထမ်းထားသင့်ရဲ့လား
နောင်တော်တွေလွဲရင်ကော လူငယ်တွေ လွဲသင့်ရဲ့လား
သူရဲကောင်းဝါဒကို လူငယ်တွေ အကျီ င်္ ချုပ်ဝတ်သင့်လား
လူသားဆန်မှုကို လူငယ်တွေ ဆေးလိပ်တိုတစ်ခုလို သောက်ပြီးလွှတ်ပစ်သင့်လား

လူငယ်ဆိုတာက လူငယ်ပါပဲကိုဘိုဟန်
လူကြီးတွေ တိုက်တဲ့ စစ်ပွဲတွေနဲ့
လူကြီးတွေ ရောင်းတဲ့ ဘိန်းတွေမှာ
လူငယ်တွေဟာ လက်ညှိုးထိုးခံသင့်ရဲ့လား
လူငယ်ဆိုတာ တစ်ယောက်အမြီးတစ်ယောက်ပြန်မျိုနေတဲ့
လူကြီးသူမတွေမှ မဟုတ်တာ။

ကိုဘိုဟန်ရေ
တော်လှန်ရေးဆိုတာ လူငယ်တွေက စတယ်
နိုင်ငံရေးဆိုတာမှာ လူငယ်တွေဆုံးကုန်တယ်
ခေါင်းလောင်းဘောင်းဘီက စပြီး
အခုကျတော့ skinဖင်ကျပ်နဲ့
ကျပ်ကျပ်တည်းတည်းထိုင်နေကြတဲ့ ခေတ်
ဒီခေတ်မှာ လူငယ့်အသံ ဆုံးရှုံးပြီလား
ဆံပင်တွေ ပါးကုန်ပါစေ
ခင်ဗျားရဲ့ တွေးခေါ်ကြောကို အလွတ်မပေးနဲ့
သတိတော့ချပ် ကိုဘိုဟန်
လူငယ်ဆိုတာ တစ်ယောက်အမြီးတစ်ယောက်ပြန်မျိုနေတဲ့
လူကြီးသူမတွေမှ မဟုတ်တာ။

ကိုဘိုဟန်ရေ
သစ်ပုတ်ပင်ကြီးတောင် အိုနေပြီ
အဓိပတိလမ်းက ခြေရာတွေ အိုနေပြီ
လူငယ်တွေရဲ့ တော်လှန်ရေးဟာ လွှတ်လှတုန်းပဲ
တော်လှန်ရေးဆိုတာ လူငယ်
လူငယ်ဆိုတာ တော်လှန်ရေး
ဒါကို ကျုပ်တို့ ခွဲလို့မှ မရတာ
ကမ္ဘာတစ်ခြမ်းမှာ
တက္ကသိုလ်ကြီးကနေ ကတ္တီပါတော်လှန်ရေး
ကမ္ဘာတစ်ခြမ်းမှာ
တက္ကသိုလ်ကြီးကနေ ကမ္ဘာမကြေ ၈ လေးလုံး
တက္ကသိုလ်ကြီးကနေ အာဇာနည်တွေ
ဇွတ်မထုတ်ပဲ ပေါ်လာတယ်
တစ်ပါတီစနစ် ၊ အာဏာရှင်စနစ်
မခိုင်းပဲနဲ့ တိုက်ခဲ့တယ်။
ဆိုလိုတာက တက္ကသိုလ်ဆိုတာ လူငယ်တွေရဲ့ ဇာတိမြေ
ကျွန်တော်တို့ရဲ့ ဗမာ့ဇာတိမြေမှာ ကျွန်တော်တို့ ဘာလို့ မနေရတော့တာလဲ
စဉ်းစားပါ ကိုဘိုဟန်
ကျယ်ဂေါင်ကနေပြီး ရန်ကုန်ရောက်သည်အထိ
နည်းနည်းလေးတော့ ဖြည့်တွေးပေးပါ
လူငယ်ဆိုတာ တစ်ယောက်အမြီးတစ်ယောက်ပြန်မျိုနေတဲ့
လူကြီးသူမတွေမှ မဟုတ်တာ။

ကိုဘိုဟန်ရေ
လူငယ်ဆိုတာ ရန်တော့ ကောင်းကောင်းဖြစ်ကြတယ်
မတူတာရှိရင် ထိပ်တိုက်ရင်ဆိုင်လိုကြတယ်
သွေးဆူ တတ်သလို သွေးလည်း ဆာတတ်ကြတယ်
ဒါမင့် အရောင်ဆိုးဆေးတွေ မများရင် လူငယ်ဆိုတာ အဖြူထည်ပဲလေ
ကြိုက်သလို အရောင်ဆိုးလို့ ရတဲ့အချိန်မှာ
ကျုပ်တို့ မျိုးဆက်ကို ကျုပ်တို့ ဆေးခက်အုံးမှလား
အဖြူထည် သက်သက်ပဲ သုံးမလား
တွေးလေ ပေါ်လေပါပဲ ကိုဘိုဟန်
လူငယ်ဆိုတာ တစ်ယောက်အမြီးတစ်ယောက်ပြန်မျိုနေတဲ့
လူကြီးသူမတွေမှ မဟုတ်တာ။

ကိုဘိုဟန်ရေ
လူငယ်ဆိုတာ မှာ ဘာသာအယူဝါဒတွေ ခွဲလို့များရအုံးမလား
လူငယ်ဆိုတာ မှာ အသားအရောင် ခွဲခြားနေကြအုံးမလား
လူငယ်ဆိုတာ မှာ ယဉ်ကျေးမှုတွေ ခွဲခြားနေကြအုံးမလား
လူငယ်ဟာ လူငယ်ပေါ့ဗျာ
ဘာလို့များ တစ်ယောက် နားရွက် တစ်ယောက် တံတွေးစွတ်အုံးမှာလဲဗျာ
လူငယ်ဆိုတာ တစ်ယောက်အမြီးတစ်ယောက်ပြန်မျိုနေတဲ့
လူကြီးသူမတွေမှ မဟုတ်တာ။

မောင်မြတ်သူ

No comments:

Post a Comment