သွေးဆုံးနေတဲ့ မိန်းမလို ဆိုင်းဘုတ်နဲ့
လူညံ့တွေရယ်
အဲဒါတွေကိုတော့
လှမယ်ထင်လို့
မြို့ဟာ
သူ့ကိုယ်သူ
အစွမ်းကုန် ခြယ်သထားလေရဲ့၊
မြို့ဟာ
ဟောဒီဖဲချပ်တော့ ၀ှက်ထားလေရဲ့။
မြို့ဟာ
ဝန်ရိုးစွန်းမှာ
တစ်ကိုယ်တည်း ဟိုတယ်စာ သွားသွားစားတတ်တဲ့
အကြင်နာတရားပုံ သစ်တုံးတစ်တုံးကို
ဝှက်ထားတယ်။
မြို့ဟာ
လမင်းနဲ့ ဧည့်ခံတတ်တဲ့
ရပ်ကွက်တစ်ခုကိုလည်း ၀ှက်ထားတယ်။
မြို့ဟာ
စကားပြောတတ်စ ကြယ်ကလေးတစ်ပွင့်ကိုလည်း
ဝှက်ထားတယ်။
မြို့ဟာ
လူသားစစ်စစ်ဖြစ်ရက်နဲ့
ကုလားအုပ်တစ်ကောင်လို
စုဆောင်းထားတဲ့ ရေတွေလည်းရှိ
သူ့အဖို့ရာ ဘို့တစ်လုံးလည်း ပါရှိ
အဝေးမြင် လည်ပင်းရှည်ကြီးလည်းရှိ
ပြီးတော့
ကမ္ဘာကျော် ကျေးစွပ်ပုံပြင်ကိုလည်း ပိုင်ဆိုင်တဲ့
စားပွဲခုံတစ်လုံးကိုလည်း ၀ှက်ထားတယ်။
မြို့ဟာ
အဲဒါကြောင့်ပဲ
ကမ္ဘာပုသွားတဲ့ နေ့တစ်နေ့ကို
ကိုယ်ဝန်ဆောင်ထားရပြီဆိုတာ
မသိရှာခဲ့ဘူးပေါ့။ ။
မောင်ချောနွယ်
No comments:
Post a Comment