ကိုယ့်အမြီးကိုယ်မျိုပြီး … သုညယောင်ဆောင် ခရီးထွက်ပစ်လိုက်တယ် ။
(၁)
“ ဟေ့ … ဟေ့ … ရပ်စမ်း … နာတို့ရှေ့မှာ ကိုးလိုးကန့်လာမလုပ်နဲ့ …
နေပါဦးမင်းကဘာကောင်လဲ ”
“ ငါက ဘာကောင်မှ မဟုတ်ပါဘူးကွာ ။ မင်းတို့ သိတဲ့ သုညပါ ”
“ ဘာ … သုည မဖြစ်နိုင်ပါဘူး။ နေပါဦး မင်းရုပ်မင်းရည်က “ အို ” လည်းဖြစ်နိုင်တာပဲ ”
“ မဟုတ်ပါဘူးကွာ … တကယ် သုညပါ ”
“ ဟေ့ရောင် မောင်ဒေါင်း .. စကားရှည်မနေနဲ့ သုညနဲ့အို လည်း ဟုတ်ချင်မှ ဟုတ်မှာ
ဝလုံးလည်းဖြစ်နိုင်တယ် ကွ ”
“ အေးကွ ဘာပဲဖြစ်ဖြစ်ကွာ ဒီကောင်က ငါတို့ကို ကျောင်းစတက်ကတည်း ဒုက္ခပေးလာတဲ့ကောင်
ဆိုတော့ ငါတို့လည်း ပညာပြန်ပေးရမယ် ”
“အေး … ဟုတ်တယ် … ဒီကောင့်ကြောင့် ငါ့လက်ဆစ်တွေ ဆရာက ခဏခဏခေါက်ခံရတယ် ”
“ ဘာဆိုင်လို့ ဒုန်းဗျ ... မင်းတို့ ငါကိုပီပြင်အောင်မရေးတတ်တာနဲ့ အရိုက်ခံရတာကိုများ ”
“ မင်း ပေမရှည်နဲ့ ဆိုင်ဆိုင်မဆိုင် မင်းကို ငါတို့ ဂွေအဖြစ်လိမ့်ရမယ် ”
“အာ ... ငါက ၀လုံးလည်းမဟုတ်၊ အိုလည်းမဟုတ်တော့ မင်းတို့ အဆင်ပြေမယ် မထင်ဘူး ”
“ ပြေပြေမပြေပြေ လိမ့်မယ်ကွာ ... ”
ကျနော်လည်း ဂွေလိမ့်နေတဲ့ မောင်ဒေါင်းတို့ကြား တားဆီးချိန်မရပဲ လမ်းပေါ်မှာ အလိမ့်ခံခဲ့ရပါတယ် ။
(၂)
“ အောင်မာ ကြီးကြီးကျယ်ကျယ် မကြီးမငယ်နဲ့ ငထွဋ်ကြီး
မန်ယူအင်္ကျီဝတ်ပြီး ဘောလုံးဝင်ကန်နေတယ် ”
“ အဲဒါ မင်းနဲ့ဘာဆိုင်တုန်း …. နေပါဦး မင်းကဘာလဲ ”
“ သိပ် ဆိုင်တာပေါ့ဗျ ….အဲဒီလူတွေ အသင်းကန်လိုက်တိုင်း ဘယ်တော့မှ ကြက်ဥဘဲဥ မကွဲပဲ
အရှက်မရှိ ရှုံးပြီးပြန်ပြန်လာတယ်။ကျုပ်က သုညလေ ကျုပ်သိက္ခါကျတာပေါ့ ”
“ ဟေ့ …. ငထွဋ်ကြီး ဒီမှာ သုညဆိုတဲ့အကောင် မင်းတို့ကို စောက်သုံးမကျဘူးပြောနေတယ် ”
“ အန် … ဘယ်ကကောင်လဲ … ငထွဋ်ကြီး အကြောင်း မကြားဖူးသးလို့ ထင်တယ် …
အေး ငါလာပြီ အွန်လိုင်းပေါ်မှာ ငါကိုဖိုက်ရဲတဲ့ တစ်ကောင်မှ မရှိဘူးဆိုတာ မကြားဘူးဖူး
ထင်ပါ့ …. ညင်းညင်း ….”
“ မဟုတ်ပါဘူး … ကျုပ်က … ကျုပ်အားပေးတဲ့ အသင်း တစ်ခါမှ မနိုင်ဘူးလို့
ဂရုဏာဒေါသော ပြောမိတာပါ ”
“ အောင်မာ ကြီးကြီးကျယ် … မင်းက ဘာကောင်မို့လို့တုန်း … ဘာဖြစ်ဖြစ်ကွာ ..
ငါတို့ ဘောလုံးပေါက်သွားတာနဲ့ အတော်ပဲ …. မင်းကိုပဲကန်ရမယ် ”
အဲဒီလိုနဲ့ လူဖြစ်ခါနီး အကောင်ကြီး တွေကြားမှာ ဘော့လုံးတစ်လုံး အဖြစ်လှိမ့်အကန်ခံ
ခဲ့ရပါတယ် ။အဆိုးဆုံးက ကျနော့်ကို ကန်ပဲကန်ကြတယ်။ခေါင်းတိုက်ပြီးဘယ်တော့
မှ ဂိုးမသွင်းဘူး ။ ဒီတော့ သူတို့ရဲ့ ဆုံးနိမ့်ခြင်း အကြောင်းကို ရိပ်စားမိခဲ့တယ် ။
(၃)
“ ဘယ်လိုလည်းဗျ … ဒေါ်ကြာညိုရ … အရောင်းအ၀ယ်ကောင်းလား ”
“ မကောင်းပါဘူးဟယ် … အရောင်းအ၀ယ်မကောင်းရတဲ့ကြား တစ်လုံးထဲကပ်လွဲသွားတယ်
ဒါနဲ့ … နင်က ဘာကောင်လေးတုန်း ”
“ အာဗျာ .. ခင်ဗျားကလည်း အပွေးမြင် အပင်သိမှပေါ့ ။ကျုပ်က သုည ပါ ”
“ ဘာ သုည …. သုည ဆိုတော့ .. အာလိုက်ရင် ဘာပါလိမ့် ”
“ အာဗျာ … ခင်ဗျား မှာ ဒါကြောင့် ဒီလို ငါးစိမ်းသည် ဖြစ်နေတာ ။သုည ပါဆိုမှ ဘာမှ အာစရာ
ပတ်စရာမလိုဘူး ”
“ အော် … အေးအေး ….လာထိုင်ပါကွဲ့ … ငါ့ကံရှိလို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့
ဧည့်သည်ဆိုတော့ ဧည့်ဝတ်ကျေရမှာပေါ့ ”
“ အာ … ရပါတယ် ဒေါ်ကြာညိုရ …. ခင်ဗျားလည်း ပြေလည်တာမှ မဟုတ်ပဲ ဖြစ်သလိုပေါ့ ”
“ ဘယ်ဟုတ်မလဲကွယ်ခဏနေဈေးကွဲတော့မှာ နေ့လည်ဂိမ်းအမီသွားထိုးလိုက်ဦးမယ်။
စလောင်းကြည့် .... ပြီးမှ ပြန်လာမှာနော် ဆိုင်စောင့်ထားဦး ”
“ ဟုတ် သွားပါရပါတယ် … ကျုပ်က သုညဆိုပေမယ့် ဈေးတော့ ရောင်းတတ်ပါတယ်ဗျ ”
ခဏနေတော့ ဒေါ်ကြာညိုကြီး တစ်ယောက် ၀မ်းသားအားရနဲ့ ပြန်လာတယ်။ သုညပူး
ထွက်လို့တဲ့ ။ကျုပ်ကိုလည်း အိမ်ဦးခန်းမှာ တင်ကျွေးထားလေရဲ့ဗျာ ။ဒါပေမယ့် ကျုပ်
အပျော်တွေဟာ ရေရှည်မဖြစ်ခဲ့ပါဘူး။
“
ဟင် … မသာကောင် … နင်ယောက်လာကတည်းက နှစ်ဂိမ်းပဲ ပေါက်တယ်
။နတ်ကိုးထားတဲ့ပိုက်ဆံတောင် မကျန်ဘူး ကုန်ပြီ … သွားနင် ငါအိမ်မှာ မနေနဲ့
သွားတော့ ”
“ ကျနော်မှ မထိုးခိုင်းတာ ကိုယ့်ဟာကိုထိုးပြီးတော့ … သုည ချည်းပဲ အမြဲတမ်းတော့
ဘယ်ထွက်မလဲဗျ … ဒါလေးတောင်မှ မစဉ်းစားနိုင်ဘူးလား ”
“ အောင်မယ် … နင်မမလားလို့ပေါ့ … အလကား ဘာမှ သုံးစားမရတဲ့ သုည ဘုရားတမနေနဲ့ ”
“ မလုပ်ပါနဲ့ ဂျီးတော်ရယ် ကျနော်ကို ခိုင်းချင်တာ ခိုင်းပါ ဘယ်မှ မသွားပါရစေနဲ့ ”
“ အေး ဒါဆိုလည်း ငါ့ဆီမှ ပိဿလေးလုပ်ပေးပေတော့ … ၀ိုင်းဝိုင်းစက်စက်လေးဆိုတော့
အလေးလှတာပေါ့ ”
ဒီလိုနဲ့ ငါးစိမ်းသည် ဆီမှာ ကျနော် ပိဿလေး ဖြစ်ခဲ့ရပြန်ပါတယ်။ဒီငါးစိမ်းသည်နဲ့
ပေါင်းမှ ပိဿလေးနဲ့ ဘေးပစ်တယ်လို့ တောင်အမည်တွင်ခဲ့ရတယ်။တစ်ခါတစ်ခါ သူချိန်ခွင်
ချိန်ပြီဆို
အသက်အောင့်ပေးထားရတာ ခဏခဏ ၊ နောက် ဈေးဂေါင်းရုံးရောက်ရတာလည်း
အကြိမ်ကြိမ်ဆိုတော့ ကျုပ်နာမည်ပျက်တာပေါ့ ။ သုညက တန်ဘိုးတော့
အကျမခံနိုင်တာနဲ့ ဒေါ်ကြာညို ဆီက လစ်ထွက်ခဲ့ပြန်တယ် ။
…………………………………..
(၄)
ဒီတစ်ခါတော့ ကိုယ့်ဘ၀ကိုယ်စဉ်းစားရပြီ ။ အတည်တကျ အလုပ်လေးလည်း
လုပ်ချင်ပြီ ။ဂွကောင်းကောင်းတစ်ခုတော့ ထိုင်ဖို့သင့်ပြီ ။ဘာမှ အဖိုးမတန်တဲ့ သုည အဖြစ်နဲ့တော ဘ၀အဆုံးမခံနိုင်ဘူး။
ဒီလိုနဲ့ မြက်ခင်းစိမ်းစိမ်း ကွင်းပြင်ကြီးထဲ ကျွန်တော်ရောက်သွားတယ်။မော်လည်း
မောလာတော့ တစ်ရေးတစ်မော အိပ်မယ်ဆိုပြီး ကျင်းတစ်ကျင်းထဲ ထိုးဝင် အိပ်ပစ်လိုက်တယ် ။
“ ဘာလဲဟ … ဟေ့ဟေ့ ကောင်လေးတွေ လာစမ်းပါဦး ဒီကျင်းထဲက ဟာ အပြင်ထုတ်ပေးစမ်း ”
ကျနော်လည်း အိပ်မောကျနေတော့ အိပ်ရာက လန့်နိုးလာတယ် ဆိုရင်ပဲ
“ မင်းက ဘာကောင်လည်း … ဘာလို့ ငါကျင်းထဲဝင်စိမ်နေရတာလဲ ”
“ ကျနော်တအား အိပ်ချင်လို့ …. ၀င်အိပ်မိတာပါ ခင်ဗျ … ကျနော် သုညပါ ”
“ အိပ်စရာ ရှားလို့ကွာ … အေးပေါ့လေ … မင်းလိုတန်ဖိုးမရှိတဲ့ ကောင်က ဒီလိုပဲ နေထိုင်စားသောက်
ရမှာပေါ့ ”
“ ဟုတ်ပါတယ် ခင်ဗျာ.. ကျနော့်မှာ အလုပ်အကိုင်လေးများ ရှိရင်ပေးပါလား အာစိရယ်။ ကျနော်က
သုည ဆိုတော့ ဘာလုပ်ရလုပ်ရပါ။ဘယ်သူနဲ့ပေါင်းပေါင်းရပါတယ်… အာစိရယ် ..
အာစိနဲ့ကျနော်နဲ့ ပေါင်းရင် အာစိ အများကြီး အကျိုးရှိမှာ သံသယမရှိပါနဲ့ ။အာစိရဲ့
ပိုင်ဆိုင်မှုတွေနောက် ကျနော့်ကို ပေါင်းလိုက်ရင် ကမ္ဘာကြီးတောင် ၀ယ်လို့ရမှာပါ အာစိရယ်နော် … ”
“ အေး ဟုတ်တယ် .. ငါ နဲ့ မင်းပေါင်းရင် ငါ့အတွက် တန်းဖိုးတွေ အများကြီးတက်
သွားနိုင်တယ်။ ဒါပေမယ့် မင်းအရည်အချင်းကို စမ်းသပ်ရမယ်… ဟိုမှာ အနားယူ
နေတဲ့ညွှန်မှုးတွေ အရာရှိကြီးတွေဆီသွား ငါ တရုတ်ကသွင်းလာတဲ့ ဂေါက်ပစ္စည်းတွေကို
ဂျပန်မိတ်ဆိုပြီး သွားရောင်းစမ်း ”
ကျနော်သွားဖောပြီးရောင်းလိုက်တာ ကျနော့အာစိ “ ကျောက်ဖားကျယ် ” ရဲ့
ပစ္စည်းတွေ တော်တော်များများကုန်သွားတဲ့အပြင် အခြားပါမစ်တော်တော်များများ
လည်း ရလာခဲ့တယ်။ဒါပေမယ့်ဗျာ ကျနော်ဘယ်လောက်လုပ်ပေးလုပ်ပေး အဲဒီသူဌေးဆိုတဲ့ကောင်တွေဟာ တော်တော်ကို အနံအသက်ဆိုးပါတယ်။ ငါးစိမ်း
သည်ရဲ့
အနံ့အသက်တောင် ခံနိုင်ခဲ့သေးတဲ့ကောင်ပါ။ခင်ဗျားစဉ်းစားကြည့်ဗျာ …
ကျနော်ကို ဂေါက်သီးနဲ့ မှားမှားပြီး သူ့ဘောင်းဘီအိပ်ထဲ ထိုးထိုးထည့်နေတော့
…. ကြပ်လည်းကြပ်သေးနံလည်းနံသေးပေါ့ ။ အဲဒါနဲ့ …. …. ကျနော်လည်း ……
…………………………………….
( နိဂုံး )
သုညဟာ သုညအဖြစ် နဲ့ လူတွေ အားလုံးအပေါ် မှာ ရိုးသားခဲ့ပါတယ် ။ လူတွေအပေါ်
မှာ သုညဟာမရိုးသား ခဲ့ဘူးဆိုလျှင် …. တစ်ချက်တည်း စားပစ်လိုက်လို့ ရတယ် ။ သူတို့လည်း
ကျနော်လို သုည ဖြစ်သွားမှာပေါ့ ။
သုညအဖြစ်ကနေ ဖြည်ချပြီး ….. မြွေတစ်ကောင် အဖြစ်ပြန်နေလိုက်တယ်။ပြီးတော့
လာရာလမ်းအတိုင်း ပြန်လှည့်ခဲ့တယ် ။ ဘယ်သူ့ဆီကို အရင်ဝင်ရပါ့မလဲ
….မောင်ဒေါင်း ….. ငထွဋ်ကြီး … ဒေါ်ကြာညို … ကျောက်ဖားကျယ် …. ….. ။
..............................
အဘ ကျုပ်က မြွေနော် … ကိုက်တတ်တယ် … မြွေ ခါးပိုက်ပိုက်မထားသင်ဘူးဆို
တာကြားဘူးတယ် မဟုတ်လား ”
“ မင်းလို ကောင်မျိုးတွေ ငါမွေးလာတာ ဘယ်နှစ်ကောင်မှန်းမသိဘူး။
မင်း သုညယောင်ဆောင်ပြီး ဒုက္ခပေါင်းစုံရောက်ခဲ့တာလည်
း ငါသိတယ်။
ဒီဘက်ခေတ်မှာ ငါမသိတာ ဘာမှ မရှိဘူး ”
“ ကျနော်လို မြွေတောင် မကြောက်ရအောင် … ဒါနဲ့ အဘက ဘယ်သူတုန်း ….. ”
“ ဟေ့ … မင်းတော့ နာချင်ပြီ ထင်တယ် …. ငါက တပ်ချုပ်ကြီးဟောင်း မားရွှေ လေ ….. ”
“ ခင် ..ခ…ခင်ဗျာ …. ဟုတ် … ဟုတ် ကဲ့ အအဘ အအ နားယူ သွား သွားပြီဆို ”
“ဘာမဟုတ်တဲ့ မင်းလို သုညတောင် မြွေအဖြစ်ပြန် လှည့်လာသေးတာ
ငါလို မားရွှေ က အနားယူစရာလား … ”
ဒီလိုနဲ့ တပ်ချုပ်ဟောင်းကြီး မားရွှေဆီမှာ မြွေအဖြစ်ရော သုည အဖြစ်ပါ သရုပ်ဆောင်ပြီး
တစ်ခါတစ်ခါ လျှာထုတ်ပြသင့်တဲ့သူကြပြပေါ
့ ။ အဆင်မပြေတဲ့သူကြ သုည အဖြစ်သူတို့ကို
စားပေးလိုက်ရတယ်။ဒီလိုနဲ့ ကျနော် မောင်သုည ဟာ သမ္မတကြီးဆီရော ၊ ပါတီပေါင်းစုံ ဟိုလျှောက်သွား
ဒီလျှောက်စားနဲ့
နိုင်ငံရေးလောက မှာကျင်လည်ရင်း နေသားတော့ ကျလာပါပြီ။ အော် … ကျေးဇူးရှင်
တပ်ချုပ်ကြီး မားရွှေ သက်တော်ရာကျော် ရှည်ပါစေကြောင်း …… )
ဘိုဟန်
Wednesday, August 15, 2012 at 12:26pm
(တောင်ရေးမြောက်ရေးနဲ့ သူငယ်ချင်းများ အား စနောက်ခြင်းသာ ဖြစ်ပါသည်။
ဟိဟိ ... လျှာနှစ်ခွမြင်ရင် ခင်ဗျားတို့ သတိသာထားကြပေရော့ဗျို့ )
No comments:
Post a Comment