မနက်က ဈေးထဲက ဆိတ်သားဆိုင်မှာ
ထူးထူးဆန်းဆန်း အလင်းတွေလင်းလို့ သွားကြည့်ကြတာ
သြော်….. သားလှီးဓါးတွေအားလုံး လတ်ဆတ်သစ်လွင်နေတာကိုး ။
ငါဟာ ကိုယ်ခန္တာ ပြန်လည်ပြုပြင်ပေးတဲ့ ခွဲစိပ်ဆရာဝန်ပါ ။
အမာရွတ်ကို ပါးပါးနပ်နပ် ၀ှက်တက်တယ် ၊ လှီးထုတ်ပစ်တတ်တယ် ။
စက္ကူပေါ်က သမိုင်းအရေးအကြောင်းတွေ ၊ အရေပြားပေါ်က စာသားတွေ
အက်ကြောင်းတွေအရေးအသားတွေ အက်ကြောင်းအရေးအသားတွေ ။
“တွန့်လိပ်နေတဲ့ စက္ကူလို အရေပြားတစ်ရွက်ပေါ်မှာ”
ငါ့ကိုငါ နှစ်ပေါင်းများစွာ နှိပ်စက်ခဲ့ပြီးပြီ ၊ ပတ်ဝန်းကျင် အကူအညီနဲ့ပေါ့ ။
ဒီတော့ ၊ ငါ့ ဘယ်အပိုင်းကို စဉ်းတီးတုံးပေါ် ဘယ်လို ဘတ်ကနဲ. ….. ။
အရှေ့တောင်အာရှဟာလည်း စဉ်းတီးတုံးပဲ ဆိုပါစို့ ။
ငါ့ကို ဘယ်ကာလထဲက ထုတ်ပြီး ဘယ်ကာလထဲ ထိုးထည့်မလဲ ။
ရာဇ၀င်ချီပြောရင် ဂျပန်ခေတ်ကို ရှောင်ပြောသလိုလား ၊ အို…. ချယ်ရီပန်းများ !! ။
ပါးစပ်ထဲမှာ သမိုင်းဟာ ဆေးလိပ်သိုးလို ခါးသက်နေတာပဲ ။
လောင်မြိုက်မှုဟာ တမြေ့မြေ့ ။ တငွေ့ငွေ့ဟာ တစ်နေ့ပြီးတစ်နေ့ ။ မေ့မရ ။
ဓါတ်ကင်လား ၊ ခွဲစိပ်ဓါးလား ၊ ကော့တေး ဆေးစပ်ဖျော်ရည်လား ။
အပ်ချည်ကြိုးတစ်ချောင်းဟာ ပြတ်တာက်မှတ်ရောက်လုချိန်မှာ
သူ့တင်းအားနဲ့ အလိုလိုတွန့်လိပ်သွားတာ သိကြလား ။
ဖွဲ့နွဲ့မှုပေါ်ကျရောက်တဲ့ လိုင်းရေးအပြောင်းအလဲဖိအား ။
သူသူငါငါ အားလုံးကြိတ်ပြီး ကြို့ထိုးနေသလိုပဲ
သာမန်ထက်ပိုတဲ့ စိတ်ဝင်စားမှုဟာ လည်ချောင်းထဲ တအွတ်အွတ် ။
လည်ကိုလည်း ခွဲစိပ်ရတာတွေ ကြားဘူးတယ်
အချို့လည်း လည်လှီးခံကြရတယ် ။ ၀ါးရင်းတုတ်နဲ့လည်း…။
တစ်ချိန်ချိန်မှာ အမည်စာရင်းရှည်ကြီး တစ်ခုချကြရလိမ့်မယ် ။
ဘယ်သူ့အမိန့် ၊ ဘယ်သူ့တာဝန် ၊ ဘယ်သူ့ ကိုယ်ထိလက်ရောက် ။
ငါဟာ ခွဲစိပ်ကုတင်ပေါ်က လူနာပါ ။
ငါ့ကို မေ့ဆေးမထိုးရသေးဘူး။
ငါဘာဖြစ်လို့ ဒီကိုရောက်ရှိနေခဲ့ရသလဲ စာရင်းဇယားမရှိဘူး ။
ငါ့ကိုယ်ခန္တာကိုတော့ ဒင်းတို့ကို အလွယ်တကူ မပေးလိုက်ချင်ဘူး ။
ဈေးပိတ်ချိန်မှာ အဲ့ဒီသွေးတွေ ဘယ်သူဆေးပစ်သလဲ ။
ယင်ကောင်စိမ်းကြီးတွေဟာ ကိုယ်ခံအားကိုလည်း စုပ်ယူနေကြတယ် ။ ။
ဇေယျာလင်း
တပ်မတော်နေ့ ၂၀၁၂
No comments:
Post a Comment