Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ရေစိုငှက်တစ်ကောင်ရဲ့ လေဆန်လမ်း


ဒီနေ့ ရန်ကုန်ကို ဖုန်းဆက်မယ်
ပိတောက်ပွင့်သစ်ကို ဖုန်းဆက်မယ်
မဟေသီကို ဖုန်းဆက်မယ်
သူငယ်ချင်း မောင်ရင့်မာဆီ ဖုန်းဆက်မယ်
သစ္စာနီနဲ့ နေမျိုးအေးဆီ ဖုန်းဆက်မယ်
မနက်ဖြန် ကျွန်တော် ခွဲစိတ်ခန်းထဲပြန်ဝင်ရဦးမယ်
လူသားချင်းစာနာတဲ့ အရေးပေါ် အကူအညီလိုတယ်
ကဗျာဆရာချင်းအနှောင်အဖွဲ့ကင်းတဲ့အကူအညီလိုတယ်။
ဒီနေ့
ဆိုက်ကားတစ်စီးနဲ့ တစ်မြို့လုံးပတ်မယ်
ခင်ဝမ်းအမျိုးသမီးဆီဝင်မယ်
ဆရာမောင်လင်းကြည်ဆီဝင်မယ်
စာပေမိတ်ဆွေ၊ ကိုကျော်ရွှေဆီဝင်မယ်
ဘာဘူ၊ ပြေမြင့်၊ တိုးနှောင်မိုးနဲ့ ယဉ်ဝေလွင်ဆီဝင်မယ်
ပြီးတော့ သုခကိုဝင်မယ်
ကျွန်တော့်အပေါ် နားလည်မှုအပြည့်အ၀ရှိမယ့်
နွေးထွေးတဲ့အကူအညီလိုတယ်။
ကျွန်တော်မသေချင်သေးဘူး
အငယ်မ ၂ယောက် ကျောင်းမပြီးသေးဘူး
အကြီးဆုံးသား ပင်လယ်က ပြန်မလာသေးဘူး
နေစရာအိမ် လုံခြုံမှုမရှိသေးဘူး
စားစရာအလျင်မမီနိုင်သေးဘူး
ကဗျာကလေးအနည်းအကျဉ်းရေးခဲ့တာကလွဲလို့
ကျွန်တော့်ကို ထမ်းပိုးထားတဲ့ ကမ္ဘာမြေအတွက်
ဘာတစ်ခုမှ ပြန်မပေးနိုင်သေးဘူး
ပြီးတော့
ကျွန်တော် မြင်တွေ့သွားချင်တဲ့
ပျော်ရွှင်စရာ ရှုမျော်ခင်းအသစ်တွေနဲ့
ပွဲတော်ညတွေ
ကျွန်တော့်ဆီရောက်ရှိမလာသေးဘူး။
ဒီနေ့ ရန်ကုန်ကို ဖုန်းဆက်မယ်
ခင်ဗျားတို့နဲ့ ၁၇၉ မိုင်ကွာအရပ်မှာ
ကဗျာဆရာတစ်ယောက်
ရင်အုံဖွင့်ပျံသန်းရင်း
အတောင်ပံတွေ ကောင်းကင်နဲ့ ငြိနေတာ
ရာသီဥတု ဆိုးသွမ်းလွန်းတဲ့
ဟောဒီ သရေခေတ္တရာ ပျူမြို့ဟောင်းကြီးပေါ်မှာ။ ။

ချမ်းငြိမ်းအေး
ရယ်စရာမဂ္ဂဇင်း၊ မတ်လ၊ ၂၀၀၈

No comments:

Post a Comment