ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Wednesday, April 24, 2013
လူသားဆန်ချင်တာတရားတယ်
မြစ်တစ်စင်းနဲ့အတူပူးချည်
စွန့်စွန့်စားစားစီးဆင်းခဲ့တယ်
တစ်ခါမှမမြင်ဘူးတဲ့နေ့တွေကိုမြင်ချင်လွန်းလို့ပါ။
မြေပုံမှာမပါတဲ့ကျွန်းတွေ
ပင်လယ်ထဲမှာအများကြီးရှိတယ်
ရေထဲကငါးကို
လေထဲမှာပျံနေတဲ့သိမ်းငှက်ကဖမ်းယူစားတယ်
ဒါသဘာဝပဲလား
နက်နက်ရှိုင်းရှိုင်းတိုးဝင်သွားရင်
ဘာတွေမြင်ရဦးမလဲ
ကမ္ဘာပေါ်မှာ
မနက်ဖြန်ကိုမြင်ရတဲ့နေရာတွေလည်းရှိ
မနက်ဖြန်ကိုမမြင်ရတဲ့နေရာတွေလည်းရှိ
ကိုယ်ရောက်နေတဲ့နေရာကို
ကိုယ့်ဟာကိုယ်သိဖို့အရေးကြီးရဲ့
မိတ်ဆွေတစ်ယောက်ပြောတာသတိရမိတယ်
အခန်းတစ်ခန်းလိုချင်တယ်တဲ့
အေးအေးဆေးဆေးဘုရားရှိခိုးဖို့
အမူးလွန်တဲ့အခါထိုးအန်ဖို့
အမျိုးသမီးတစ်ယောက်ကိုဧည့်ခံဖို့တဲ့
အိုး…လူသားဆန်လှချည်လား
ကျွန်တော်ကရောဘာထူးလို့လဲ
အာဇာနည်တွေကိုလေးစားမယ်
ကိုယ်ဟန်ပြမယ်တွေကိုပြစ်မှားမယ်
ထမင်း၀၀စားချင်တယ်
ဒါလည်းလူသားဆန်ခြင်းတစ်မျိုးဖြစ်နိုင်ရဲ့
ဒါပေမယ့်ရှေ့မှာ
ဂျူးလူမျိုး ခြောက်သန်းကျော်သေခဲ့ပြီးပြီ
ကမ္ဘောဒီယားပြည်သူတစ်သန်းကျော်သေခဲ့ပြီးပါပြီ
ဘ၀ပေါင်းများစွာကိုလျှောဖွပ်ဖို့
လွတ်လပ်မှုရှိမှဖြစ်မယ်
မျှော်လင့်ချက်တွေဟာလုပ်ကြံခံလိုက်ရတယ်
အနာဂါတ်ကတော့အသက်ငင်နေဆဲ
မကြာခင်ရှင်ပြန်ထမြောက်လေမလား
စိတ်ဓါတ်ကျစရာအကြောင်းမရှိ
နောင်တရစရာအကြောင်းမရှိ
ဟောဒီ့ညတစ်ညရဲ့လိုအပ်ချက်ဟာ
“မ” ဓါတ်ဖြစ်နေတာသေချာခဲ့ပြီပဲ..။ ။
လှသန်း
Labels:
ကဗျာ - လှသန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment