ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Tuesday, April 23, 2013
လေအေးစက် လမ်းလေးများ
ဒီတခေါက် မွေးရပ်မြေကို ပြန်တော့ ရွာအနောက်က တောမိုးတောင်ကို တက်တယ်။ နွေခေါင်ခေါင်ဖြစ်နေပေမဲ့လည်း အမြဲစိမ်း မိုးသစ်တော အရပ်ဖြစ်လို့ တောတောင်တွေ စိမ်းနေမြဲ။ တကယ်ကအမြဲစိမ်းတောလည်း ရွက်ကြွေပါတယ်။ အပင်ခြေရင်းမှာ ရွက်ဝါကြွေနဲ့ အပင်ပေါ် မော့ကြည့်တော့တပင်လုံး စိမ်းစိမ်းစိုစိုနဲ့ တော လက်ကျန်လေးကို မြင်လာခဲ့ရသေးတယ်။ ဥယျာဉ်လုပ်တဲ့လူတွေကတောင်ပေါ်အထိ တဖြည်းဖြည်း ဆန့် လာကြတော့ လက်ကျန်တောလေးလည်း ရင်မအေးစရာဘဲ။
ထားဝယ် ရေနက်ဆိပ်ကမ်းဧရိယာ ဒေသတ၀ိုက်က ရွာအတော်များများဆီကိုလည်း သွားခဲ့တယ်။အလွန်လှတဲ့ ပင်လယ်ကမ်းစပ် သဲသောင်တွေဆီ ရောက်ခဲ့ရတယ်။ လူသူ အရောက်အပေါက် မများတဲ့ ပင်လယ်ကမ်းခြေတွေဟာအလွန်တရာ သန့်ရှင်းကြည်လင် လှပလွန်းလို့ ပူပြင်းတဲ့ ရာသီနဲ့ နေရောင်ခြည်ကိုတောင် မေ့စေတယ်။
မနက် ၅ နာရီလောက်ကတည်းက အိမ်ကထွက်ပြီး ဆိုင်ကယ်တစီးနဲ့ မောင်နှမ နှစ်ယောက်ပတ်လိုက်တာ မောင်းမကန် ပန်းတက်အင်း သပြေ မူးဒူး လဲရှောင် ထိန်ကြီး နဘုလယ်ဒေသ ဧကနိ ၀ဇွမ်းဒေါ ဘ၀ါ မယင်းကြီးကမ်းခြေ ပိတတ်ငယ် ကရင်ကြီး ရွာပေါင်း စုံပါလေရော။
ခရီးတွင်ချင်တာနဲ့ မောင်လေးက ကွမ်းသီးတော ရော်ဘာတော ဆီအုန်းတော ဥယျာဉ်ခြံဖြတ်လမ်းလေးတွေ သုံးတယ်။ သို့ပေမဲ့ ‘ခဏ ရပ်ပေးအုန်း ဓာတ်ပုံရိုက်မလို့ ခဏရပ်ပေးအုန်း’လို့ ကျွန်မ တချိန်လုံး အော် နေတော့ ခမြာ ခရီးတွင်ချင်သော်လည်း မတွင်နိုင်။
ဧကနိရွာကနေ ၀ဇွမ်းတောရွာကို သွားတော့ လမ်းမှာ ကွမ်းသီးတောနဲ့လမ်းကို ဖြတ်ရတယ်။လမ်း တဘက်တချက်မှာ ကွမ်းသီးတောနဲ့ မိုးသစ်တောက မိုက် နေတာဘဲ။ အဲဒီနေရာကို ဖြတ်တော့စိမ့် နေအောင် အေးမြသွားတယ်။ ၀ဇွမ်းတောကနေ နဘုလယ်ကို ပြန်လာတော့ ဖြတ်လမ်းက ပြန်လာတယ်။ဒီလမ်းမှာလည်း ဖြတ်လိုက်ရင် အေးစိမ့်သွားတဲ့ လမ်းကလေးတွေ အများကြီး တွေ့လာတယ်။ လမ်းတဘက်တချက်မှာပိတ်ပိတ်မှောင်နေတဲ့ သစ်ပင် နွယ်ပင် ချုံပင်များဟာ ဧပြီလရဲ့ ပူပြင်းလှတဲ့ နေရောင်ခြည်ကိုကာကွယ်တားဆီး ထားလိုက်တယ်။ နေရာင်မခ ဆိုတဲ့ စကားအဓိပ္ပါယ်ကို ကောင်းစွာ သဘောပေါက်နိုင်စေတဲ့လမ်းလေးတွေပါ။ လိုက်ပို့တဲ့ မောင်လေးက ဒီလမ်းလေးတွေကို အဲကွန်းလမ်းကလေးတွေလို့ နာမည်ပေးထားတယ်တဲ့။သဘာဝ လေအေးစက် လမ်းလေးတွေ ပေါ့။
ကိုယ့်မြေက အရွက် ပိုစိမ်းတယ်လို့ ကျွန်မ အမြဲ ဂုဏ်လုပ်ခဲ့သလို အမြဲစိမ်းတောရဲ့သစ်ရွက်စိမ်းပုံက အလွန် ခိုင်ခိုင်ခံ့ခံ့ စိမ်းတာပါ။ ပေါ့လွင်လွင် စိမ်းတာမဟုတ်ဘူး။စိမ်းရုံလေး စိမ်းတာမဟုတ်ဘူး။ တည်တည်ငြိမ်ငြိမ် အိနြေ္ဒရရ စိမ်းတာပါ။ ဒီလို အစိမ်းထုလွမ်းခြုံထားတဲ့ လမ်းကလေး အေးပြီပေါ့။ မအေး ခံနိုင်ရိုးလား။
ဒီလမ်းကလေးတွေကို တန်ဘိုးထား ချစ်မြတ်နိုးစိတ်နဲ့အတူ တနေ့ ပျောက်ကွယ်သွားမလားစိုးရိမ်စိတ်က တပါတည်း ကပ်ပါလာပါတယ်။ ဒီလမ်းကလေးတွေ ရှိတဲ့အရပ်ဒေသမှာ ကြီးမားတဲ့ စီမံကိန်းကြီးတခုရှိနေတယ် မဟုတ်လား။ သူတို့ နယ်မြေထဲ ဒီလမ်းလေးတွေ ဘယ်လောက်ပါသွားမလဲ။ မပါဘဲ ကျန်ခဲ့ရင်ဘယ်လောက်ကောင်းမလဲ။ ကျွန်မကဘဲ နောက်ပြန်ဆွဲသူ အမြင်မရှိတဲ့လူ ဖြစ်နေပြီလား။ တွေးတောမဆုံးပါဘဲ။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအကြောင်း အမျိုးမျိုးအဖုံဖုံ ပြောကြဆိုကြတာဖတ်နေရတာဘဲ။ အမတ်မင်းတယောက်ကလဲ အဖွဲ့အစည်းတချို့က ဒီစီမံကိန်းပျက်အောင် လုပ်နေတယ် စွပ်စွဲတယ်။သဘာဝပတ်ဝန်းကျင်သမားကလဲ အော်ကြတယ်။ ဒေသခံတွေရဲ့ သဘောထားကကော။ ၀ဇွမ်းတောရွာသား တယောက်နဲ့တွေ့တော့ လျှပ်တပြက် မေးခွန်းထုတ်မိတယ်။ သူ့သဘောကတော့ တောကို နဂိုနေ ရှိစေချင်တာတဲ့။
လတ်တလော စီမံကိန်းကြောင့် ရွှေ့ပေးရမဲ့ ရွာအတွက် ဆောက်ထားတဲ့ ဘ၀ါမြို့သစ် အိမ်ယာစခန်းကိုလည်းရောက်ခဲ့တယ်။ ဆင်တူအိမ်လေးတွေ အစီအရီနဲ့ အမြင်ကတော့ လှသလိုလိုပါဘဲ။ အနီးကပ် ကြည့်တော့အိမ်ဆောက်ထားတာ ခို ထားမှန်း အလွန် သိသာတယ်။ တံခါးဘောင်တွေ ခုတောင် ရွဲ့စောင်းနေပြီ။မူလ သတ်မှတ်ချက်ကတော့ ကောင်းမှာပါ။ စီမံကိန်းကုမ္ပဏီက ဆောက်လုပ်ခွင့်ရထားတဲ့ ကုမ္ပဏီအဆင့်ဆင့် ကန်ထရိုက် ပေးလိုက်တော့ အမြတ်ကျန်အောင် ချန်ကြရင်း ဒီလိုအခြေ ရောက်လာကြတယ်ထင်ပါရဲ့။
ဥယျာဉ်ခြံ သီဟိုခြံ ရော်ဘာခြံ ကွမ်းခြံလုပ်လာခဲ့သူ တောထဲဝင် တောင်ပေါ်တက် ရှာစား ဖွေစား လုပ်လာခဲ့သူတွေကကော စီမံကိန်းဆီက ဘယ်လိုအကျိုးရကြသလဲ။ လောလောဆယ် တွေ့ရတာကတော့ နေ့စား အလုပ်သမားတွေများတယ်။ ထိုင်းဘာသာပြန် အလုပ် လုပ်နေတာ တယောက်တလေတွေ့ရတယ်။ ဆိပ်ကမ်းဇုံ တကယ်လည်ပတ်လာရင်တော့ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း ကျန်ပါအုန်းမလား။ကိုယ်က တွေးတောနေပေမဲ့ လျော်ကြေးရငွေနဲ့ လှုကြ တန်းကြ က ခုန် နေကြတာပါဘဲ။ လူတယောက် ဆိုင်ကယ်တစီးစီဝယ်စီးကြပြီး တ၀ီဝီ ဖြစ်နေကြတာပါဘဲ။
မယင်းကြီးကမ်းခြေကို သွားတဲ့လမ်းမှာ တောင်ပူစာတခုကို ဖောက်ခွဲပြီး ကျောက်ထုတ်နေတာမြင်ရတယ်။ စီမံကိန်းမှာ သုံးဘို့ပါ။ စီမံကိန်းတခုလုံးအတွက် ထုတ်ရင် တောင်ပူစာကတော့ပျောက်သွားမှာ သေချာတယ်။ ဒီထက်ကြီးတဲ့ တောင်တွေ ပျောက်ကုန်လို့ အော်ကြဟစ်ကြတာတောင်မြင်နေကြားနေရတော့ စာ မဖွဲ့ပါနဲ့တော့နဲ့ ကိုယ့်ဘာသာ ဖြေသိမ့်ပေမဲ့ စိမ်းတဲ့မြေတော့ကုန်ပါပြီလို့ ရင်မခံဘဲ မနေနိုင်ဘူး။
စီမံကိန်း လုပ်ကြပါ။ လုပ်သင့်တယ်ထင်ရင် လုပ်ကြပါ။ ဘ၀တွေ အရွှေ့ခံလိုက်ရတဲ့လူတွေကို ထောက်ထားကြပါ။ အရွှေ့ခံရတဲ့ဘ၀များကို စေတနာလေးထားကာ အရည်အသွေးမီ အိမ်လေးတွေဆောက်ပေးစေချင်ပါတယ်။ လိုအပ်တဲ့ တောကိုသာ ခုတ်ပြီး လိုသလောက် တောင်ကိုသာ လှီးကြပါ။စီမံကိန်းနယ်မြေနဲ့ လွတ်တဲ့ တောကိုတော့ နဂိုနေ ကျန်ခဲ့စေချင်တာပါဘဲ။ စက်မှုဇုံ ဆိပ်ကမ်းဇုံကိုလည်းလုပ်ကြ၊ တောကျန်လေးကိုလည်း ထိမ်းသိမ်းထားကြရင်ကော။
နေရောင်မခတဲ့ သဘာဝ လေအေးစက်လမ်းကလေးတွေတော့ ကျန်ခဲ့စေချင်တာပါဘဲ။
မေကြည်
၂၀၁၃၀၄၂၃
Labels:
အက်ဆေး - မေကြည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment