Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ဖော်ဝေး၏ အဘိဓမ္မာဝေဖန်ရေး ကဗျာတပုဒ်

(က)

၁၉၇၀ ခုနှစ်တ၀ိုက်ကဖြစ်သည်။
ဆရာ ဒဂုန်တာရာက “အတတ်ပညာချို့ ယွင်းရင်ချို့ ယွင်းပစေ၊ အဘိဓမ္မာ မမဲ့စေနဲ့ ” ဆိုသည့် စကားကိုပြောခဲ့၏။ ထိုစဉ်က လူငယ် ကဗျာဆရာအများစုက ဒဂုန်တာရာ၏စကားကို သဘောတရားလမ်းညွန်ချက်အဖြစ် အသိအမှတ်ပြုကာ “အဘိဓမ္မာသည် ပထမ၊ အတတ်ပညာသည် ဒုတိယ” အယူအဆအထိ တက်ကြွစွာလက်ခံ နာယူခဲ့ကြ၏။

မြန်မာကဗျာသမိုင်းတွင် ၁၉၅၀ ခုနှစ်တ၀ိုက်ကတည်းက ဖြစ်ပွားလာခဲ့သည့် လက်ဝဲ၊ လက်ျာ၊ အယူအဆရေးတိုက်ပွဲမှာ ၁၉၇၀ ခုနှစ်တ၀ိုက်တွင် အပြင်းထန်ဆုံးဖြစ်လာခဲ့၏။ လက်ဝဲအယူအဆအခြေခံဖြင့် တင်ပြသည့် ဝေဖန်ရေးစာအုပ်များလည်း ထွက်ခဲ့၏။ တချို့ သော ကဗျာဆရာ၊ စာရေးဆရာများမှာ လက်ဝဲဝေဖန်ရေး လှိုင်းလုံးများအောက်တွင် ခေါင်းမဖေါ်နိုင်အောင် အဖိခံ ခဲ့ကြရ၏။

တနည်းအားဖြင့်ပြောရလျှင် ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်တ၀ိုက် မြန်မာကဗျာနယ်ပယ်တွင် လက်ဝဲ၀ါဒသည် အောင်ပွဲခံသည့် အယူဝါဒ တခုအဖြစ် ရပ်တည်နိုင်ခဲ့သည့် သဘောပင်ဖြစ်သည်။ ထိုသို့ သော အခြေအနေတွင် မော်ဒန်ကဗျာဆရာ ဖော်ဝေး သည်လည်း လက်ဝဲ၀ါဒကို သက်ဝင်ယုံကြည်သည့် ကဗျာဆရာတဦးအဖြစ်ထင်ရှား၏။

၁၉၇၀ ခုနှစ်ဝန်းကျင်က မိုးဝေစာပေ မဂ္ဂဇင်းတိုက်ထွက် လူငယ်ကဗျာဆရာများမှာ အုံနှင့်ကျင်းနှင့် အားကောင်းခဲ့ကြ၏။ ထိုကဗျာဆရာအားလုံးလိုလိုမှာ “မတ်က်စ်ဝါဒ” ကို ယုံကြည်သူ၊ ထောက်ခံသူများဖြစ်ကြ၏။သို့ မဟုတ် မတ်က်စ်ဝါဒ ကို စိတ်ဝင်စားသူ များဖြစ်ကြ၏။ ထိုကဗျာဆရာ အုပ်စုကြီးမှာ ၁၉၇၈ ခုနှစ်ဝန်းကျင်တွင်မူ အုပ်စု(၃)အုပ်စု ကွဲထွက်သွားခဲ့၏။ အုပ်စုကွဲသည်ဆိုသော်လည်း ဦးတည်ချက်ကွဲခြင်း မရှိဘဲ အတတ်ပညာပိုင်းတွင်သာ ကွဲခြင်းဖြစ်သည်။

ပထမအုပ်စုမှာ လက်ဝဲအလွန်အကျွံအုပ်စု ဖြစ်၏။ ဒုတိယအုပ်စုမှာ မော်ဒန်ကဗျာဆရာအုပ်စုဖြစ်၏။ တတိယအုပ်စုမှာ အရေ အတွက်အားဖြင့်လည်း အများစုဖြစ်ပြီး လက်ဝဲ အလွန်ကျွံလည်းမဟုတ်၊ မော်ဒန်ကဗျာဆရာ အုပ်စုလောက်အထိလည်း အတတ် ပညာကိုမြှင့်မတင်ဘဲ အလယ်အလတ်တွင် ရပ်နေ ကြသူများဖြစ်ကြ၏။ ထိုစဉ်က မိုးဝေကဗျာဆရာများ အားလုံး လိုလိုကို ခေတ်ပေါ် ကဗျာ ဆရာများအဖြစ် ခေါ်ဝေါ်ခဲ့ကြ၏။ ထိုအထဲကမှ အသိရခက်ခဲပြီး နမိတ်ပုံအသစ်၊ တင်ပြပုံအသစ် နှင့် ပိုမိုကျစ်လျစ် ဆန်းသစ်သည့် ကဗျာများကိုရေးဖွဲ့ သည့် ကဗျာဆရာများကိုမူ “မော်ဒန်ကဗျာဆရာများ”ဟု ခေါ်တွင်ခဲ့ကြ ဖူးလေသည်။

ဖော်ဝေး သည် မော်ဒန်ကဗျာဆရာအုပ်စုထဲတွင် ပါဝင်သွားခဲ့၏။ ပါဝင်သည်ဟုဆိုသည်ထက် မော်ဒန်ကဗျာဆရာအုပ်စု၏ ခေါင်းဆောင်တဦးအဖြစ်ပင်လျှင် ယူဆပြောဆိုခြင်း ခံရသူပင်ဖြစ်၏။ ကဗျာဆရာ အောင်ချိမ့်၊ မောင်ချောနွယ်၊ သုခမိန်လှိုင် တို့ နှင့် တတွဲတည်းဖြစ်၏။ ကျနော်တို့ သည် ထိုစဉ်က ဖော်ဝေးနှင့် အချိန်ပြည့်တွဲကာ ဆံပင်ရှည်ရှည် ညစ်တီးညစ်ပတ် နေထိုင်ကြသည့် အောင်ချိမ့်၊ မောင်ချောနွယ်တို့ ၏ နေထိုင်ဝတ်စားပုံကိုကြည့်ကာ သူတို့ ကဗျာများကိုမူ အလေးအနက် မထားမိခဲ့ကြ။သူတို့  အုပ်စုကို “မတ်က်စ်ဝါဒ”မှ သွေဖီသည့် တကိုယ်တော်ထွက်ပေါက်ရှာသူ “အိပ်ဇစ်”များအဖြစ် ယူဆကာရှုံ့ချခဲ့ကြဖူး၏။

ကျနော်တို့ ၏ သူငယ်နာမစင်သော အယူအဆကို ဆရာဒဂုန်တာရာသည် မကြာခဏ ပြန်လည်တည့်မတ်ကူညီခဲ့၏။ “အဟောင်းဥခွံမှ ဖောက်ထွက်ရန်ကြိုးစားသူ မည်သူမဆို ကိုယ့်စည်းအတွင်းမှ လူများသာဖြစ်သည်” ဟူသော ပေတံဖြင့် တိုင်းတာ တတ်ရန်ကို သတိပေးနှိုးဆော်ခဲ့၏။

နောင်နှစ်(၂၀)နီးပါးကြာသောအခါ ထိုစဉ်က ကျနော်တို့ က ပြည်သူ့ စာပေလမ်းကြောင်းပေါ်မှ သွေဖီသူများဟုယူဆထား ခဲ့သည့် ဖော်ဝေး၊ အောင်ချိမ့်၊ မောင်ချောနွယ်တို့ မှာ မြန်မာခေတ်ပေါ်ကဗျာသမိုင်းတွင် အထင်ကရ ကဗျာဆရာများ ဖြစ်လာခဲ့ကြတော့သည်။

(ခ)

ဖော်ဝေးသည် “မတ်က်စ်ဝါဒ” ကို ယုံကြည်သူဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင်ရေးခဲ့သည့် သူ၏ဒိုင်ယာယီတွင် အတိအလင်းဝန်ခံ ရေးသားခဲ့ပါသည်။ သို့ သော် မတ်က်စ်ဝါဒ အပေါ် မျက်စိမှိတ်ပြီးမှ ယုံကြည်ခဲ့သူတဦးတော့ မဟုတ်ချေ။ သူသည် မတ်က်စ်
ဝါဒကို ဝေဖန်ဆန်းစစ်ပြီးမှ သက်ဝင်ယုံကြည်လိုသူဖြစ်၏။ အထူးသဖြင့် မတ်က်စ်ဝါဒကို ခြေစုံပစ်ပြီး အားထားယုံကြည်သူ တဦးအဖို့ မတ်က်စ်ဝါဒ၏ အဘိဓမ္မာရေးအရ အမှားအယွင်းရှိခဲ့သည်ရှိသော် ဆိုသည့် အတွေးကြောင့် ဖော်ဝေးသည် တစုံတရာအားဖြင့် တုန်လှုပ်ခြောက်ခြားနေခဲ့ဖူးသည်ဟု ပြောနိုင်၏။

အဘယ်ကြောင့်ဆိုသော် မတ်က်စ်ဝါဒကို သက်ဝင်ယုံကြည်ပါသည်ဟု အတိအလင်း ၀န်ခံထားသူ ဖော်ဝေးသည် မတ်က်စ်
ဝါဒကို အဘိဓမ္မာရေးအရ ဝေဖန် သည့်ကဗျာတပုဒ်ကို ရေးဖွဲ့ ခဲ့သူဖြစ်၏။ သည် ကဗျာတပုဒ်သည်ပင်လျှင် ဖော်ဝေးသည် မတ်က်စ်ဝါဒကို ထိုခေတ်က လူငယ်တချို ကဲ့သို့ လှေနံ ဓါးထစ် စိတ်ချယုံကြည်စွာ လက်ခံသူ မဟုတ်ကြောင်း ဖော်ပြလေသည်။

ဖော်ဝေးသည် ၁၉၇၂ ခု မေလထုတ် မိုးဝေစာပေမဂ္ဂဇင်းတွင် “ရေလယ်မီးပြ ” ကဗျာကို ရေးဖွဲ့ ပြီး မတ်က်စ်ဝါဒကို ဝေဖန် ဆန်းစစ်ခဲ့လေသည်။

ရေလယ်မီးပြ

အမှောင်ကြားမှာ
စမ်းတ၀ါးဝါး
သွားနေရရင်
ဘယ်ခရီးတွင်ပါ့မလဲ။

ပင်လယ်ပြင်ဟာ
အရွယ်ဝင်စ
အပျိုမရဲ့ 
နားလည်ရခက်တဲ့ မျက်နှာလို
ခု ငိုမယ်၊ ခု ရယ်မယ်
မှန်းဆဖို့  မလွယ်ပါဘူး။

ညဆိုတာက
မှောင်ကြီးကျပလားဆို
ဘာဆို ဘာမှ
မမြင်ရတာ
ဘယ်ဟာ ကမ်းပါး
ဘယ်နား ကျောက်ဆောင်
သောင်က ဟိုရှေ့ 
အကွေ့  ဒီမှာ
ရှာမရနိုင်။

ဟို…အဝေးဆီက
မီးနီရွှန်းပြက်
တလက်လက်နဲ့
လက်ညှိုးညွှန်တယ်
ရေလယ်“မီးပြ”
ကျေးဇူးတင်စရာ။

မီးပြကိုကြည့်ပြီး
ခရီးထွက်ခွာ
ဘယ်နေရာဆို
ဘယ်လိုအန္တရာယ်
ဘယ်အဆွယ် ဘယ်အကွေ့ 
ဘယ်ရွေ့  ဘယ်မျှ
မှန်းဆလို့ ရပါပြီ။

ဒါပေမယ့်
အနီရောင် တလက်လက်နဲ့
မီးပြများ…ပျက်တဲ့အခါ
အန္တရာယ်ဟာ
မငယ်တော့ပေဘူး။

သဲသောင်ပေါ်မဆိုက်
ကျောက်ဆောင်နဲ့ မတိုက်
အမှောင်ထဲက
မီးပြနဲ့ တိုက်တာကြောင့်
သင်္ဘောမှောက်ခဲ့ရတာမျိုးတွေ။ ။

မိုးဝေ၊ ၁၉၇၂၊ မေလ

(ဂ)

“ရေလယ်မီးပြ” ကဗျာတွင် “မီးနီရွှန်းပြက်၊ တလက်လက်နဲ့၊ လက်ညှိုးညွှန်တယ်၊ ရေလယ်မီးပြ၊ ကျေးဇူးတင်စရာ…” ကဗျာ ပိုဒ်နှင့် “အနီရောင်တလက်လက်နဲ့၊ မီးပြများ ပျက်တဲ့အခါ” ကဗျာပိုဒ်များမှာသည် ကဗျာ၏အရေးပါလှသည့် ကဗျာပိုဒ် များဖြစ်လေ သည်။

၁၉၇၀ ခုနှစ်တ၀ိုက်က မိုးဝေကဗျာဆရာအများစုသည် တော်လှန်ရေးနှင့် လက်ဝဲ၀ါဒ အခြေခံသည့် အယူအဆကို “အနီရောင်”ဖြင့် ထင်ဟပ်ဖေါ်ပြလေ့ရှိကြ၏။ ဥပမာ “ကြယ်နီ” “ကောင်းကင်နီ” “နေ၀န်းနီ” “နှင်းဆီနီ” အစရှိသဖြင့် “အနီရောင်” ကို အဘိဓမ္မာ ကိုယ်စားပြု သင်္ကေတအဖြစ် အသုံးပြုခဲ့ကြ၏။ ထို့ ကြောင့် ယင်းကဗျာပိုဒ်များတွင် ပါရှိသည့် “မီးနီရွှန်းပြက်” ဟူသော စကားစုနှင့် “အနီရောင်တလက်လက်နဲ့” ဟူသောစကားစုတို့ မှာ “မတ်က်စ်ဝါဒ”ကို ရည်ညွှန်းသည့် စကားစုများအဖြစ် ယူဆလို့ ရနိုင်သည့် “သင်္ကေတစကားစုများ” ဖြစ်လေသည်။

“ရေလယ်မီးပြ ” ကဗျာ၏ အဓိကဆိုလိုရင်း အဓိပါယ်မှာ ပင်လယ်ပြင်တွင် သဘောင်္များအဖို့  ညအမှောင်ကာလတွင် မီးပြတိုက်၏ သတိပေးလမ်းညွှန်ချက်ကြောင့် အန္တရာယ်ဟူသမျှ ရှောင်ရှားသွားလာ၍ ရနိုင်ကြောင်း၊ သို့ သော် ထိုလမ်းညွှန် အချက်ပြသည့် မီးပြက တခါတလေမှာ ပျက်နေပြီဆိုလျင်တော့ သင်္ဘောများသည် ကျောက်ဆောင်နှင့် မတိုက်မိဘဲ မီးပြနှင့်ပဲတိုက်မိပြီး သင်္ဘော မှောက်တာမျိုးကို ကြုံရတတ်သည့် အကြောင်း ရေးဖွဲ့ ထားခြင်းဖြစ်သည်။ သည်အဓိပါယ်ကို တိုက်ရိုက်ကိုယ်စားပြုသည့်ကဗျာ ပိုဒ်မှာ အောက်ပါနောက်ဆုံးကဗျာပိုဒ်ဖြစ်လေသည်။

သဲသောင်ပေါ်မဆိုက်
ကျောက်ဆောင်နဲ့ မတိုက်
အမှောင်ထဲက
မီးပြနဲ့  တိုက်တာကြောင့်
သင်္ဘောမှောက်ခဲ့ရတာမျိုးတွေ။

ကဗျာ၏ဆိုလိုရင်း အနှစ်ချုပ်မှာ “မတ်က်စ်ဝါဒ”သည် တိုက်ပွဲလမ်းညွှန်ဝါဒတခုဖြစ်သည် မှန်ပင် မှန်သော်ငြားလည်း “မတ်က်စ်ဝါဒ” တွင် အမှားတခုခုရှိခဲ့လျှင် ယင်းလမ်းညွှန်ဝါဒရဲ့ လမ်းညွှန်အမှားကြောင့်ပင်လျှင် လူတွေဒုက္ခရောက် နိုင်ကြောင်း ရေးဖွဲ့ ပြောဆိုလိုခြင်းဖြစ်သည်။

ထို့ ကြောင့် “ဖော်ဝေး” ၏ “ရေလယ်မီးပြ ”ကဗျာသည် အဘိဓမ္မာဝေဖန်ရေးကဗျာဖြစ်သည် ဆိုသည်မှာ ငြင်း၍့ မရနိုင်ပါ။
ဖော်ဝေးသည် မတ်က်စ်ဝါဒ ကို သက်ဝင်ယုံကြည်သူဖြစ်သည် ဆိုသည်မှာမှန်၏။ သို့ သော်လည်း ဖော်ဝေးသည် မတ်က်စ် ၀ါဒ ကို မျက်စိစုံမှိတ်ပြီးမှ သက်ဝင်ယုံကြည်ခဲ့သူ မဟုတ်သည်ကိုမူ “ရေလယ်မီးပြ” ကဗျာက ငြင်းမရအောင် သက်သေ ထူလျှက်ရှိလေသည်။ ။

မောင်သစ်ဦး | ဇွန် ၂၅၊ ၂၀၀၇

No comments:

Post a Comment