ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Monday, April 22, 2013
အဖေ
“ အလကားနတ်အိုးကွဲတွေ ချီးကော်မဖြစ် ပဲလှော်မဖြစ်ကောင်တွေတစ်ယောက်မှ သုံးစားမရဘူး”
“ ဟိုမရောက်ဒီမရောက် ဇော်ကန့်လန့်တွေဆိုတာ ငါ့သားသမီးတွေကိုပြောတာ
ငါကတော့ အပင်ပမ်းခံပြီး ပညာတွေသင်ပေးလိုက်ရတာ တစ်ယာက်မှ ထွန်းထွန်းပေါက်ပေါက်
မရှိဘူး။ရွာကကောင်တွေနဲ့ ဘာထူးသေးလဲ မင်းတို့လုပ်နေတဲ့ အလုပ်လောက်တော့
ပညာမတတ်တဲ့ ရွာသားတောင်လုပ်လို့ရတယ် ”
“ ဖိုးသင်းမျောက်တွေ ငါ့မှာတော့ စိတ်ကူးတွေယဉ်လိုက်ရတာ ... သားသမီးတွေ
ပညာတတ်ကြီးတွေ၊အရာရှိကြီးတွေ ဖြစ်ရင်ဆိုပြီးတော့ ... တကယ်တမ်းလည်းကျရော
အ၀ှာဖြဲပြတယ်ဆိုတဲ့ ဖိုးသင်းမျောက်တွေ ”
အဲဒါ အဖေ့လက်သုံးစကားတွေပေါ့ ။မူးလာပြီဆိုရင် ကျနော်တို့ ညီအကိုမောင်နှမ
တွေ ကလေးလို ကိုယ်ဘာလုပ်တယ်ဆိုတာ မတ်တပ်ရပ် ၊လက်ပိုက်ပြီးပြောပြရပါတယ်။
“ဟေ့ကောင် မင်းအကြီးဆုံး ကျောင်းလည်းပြီးပြီ မင်းဘာလုပ်လည်း ”
“ ကျဘမ်း ”
“ အေးငါမျှော်လင့်ထားတာ ငါလုပ်စေချင်တာ အဲဒါမဟုတ်ဖူး ” ဆိုတာမျိုး
“ အလတ်ကောင် ခု မင်းဘာလုပ်လည်း ”
“ တွန်းလှည်းနဲ့ အသီးလည်ရောင်းပါတယ် ”
“ မင်းအောက်က အငယ်တွေက ဘွဲ့ရပြီးပြီး မင်းက ဒုတိယနှစ်နဲ့ရပ်နေတယ် ငါသားသမီးထဲ
အဲဒီလိုကောင်တစ်ကောင်မှ မပါစေရဘူး ”
အဖေက အဲဒီလိုမျိုးရယ်။ နောက်ပြီး အကြောင်းအမျိုးမျိုးပြပြီး တစ်ယောက်ယောက်တော့ ရိုက်ဖြစ်အောင်ရိုက်လိုက်သေးတာပေါ့။
“ ဟေ့ရောင် မင်းက အကြီးလုပ်နေပြီး ဘာတွေလျှောက်လုပ်နေတာတုန်း။ ငါအပင်ပမ်း ခံပညာ သင်ပေးခဲ့
တာတွေက ကြုံရာကျဘမ်း အလုပ်လုပ်ဖို့ မဟုတ်ဖူးကွ”
“ အာ .. အဖေကလည်း အခုအားလုံးအဆင်ပြေနေပြီပဲ ။ ဘာလုပ်လုပ်ပေါ့ ။
အခုစီးပွားရေးအဆင်ပြေတော့ အဖေစိတ်မချမ်းသာဘူးလား ။ ကျနော်တို့လည်း
သူများ ပစ္စည်းခိုးနေတာမှ မဟုတ်ပဲ ”
“ ဟေ့ကောင် .. မင်းကအခုမှ ပိုက်ဆံရှာတတ်တယ် ခွေးစကားပြောတတ်နေပြီပဲ ။ငါပြော တာပဲ
နားထောင် မင်းကငါ့သား ။ ငါမှားနေလည်း ငါအဖေဖြစ်တဲ့ အတွက် မင်းနားထောင် ရမှာပဲ ။မင်းတို့
သားသမီး(၆) ယောက်လုံးကို တစ်ယောက်မှ မသေမပျောက်မကျိုးမပဲ့ပဲ ပညာတွေသင်ပေးခဲ့တာ ”
“ ဟုတ်တယ်လေ ... အခု အားလုံး အလုပ်ကိုယ်စီနဲ့ အဆင်ပြေနေကြပြီလေ .. အဖေရ
အဖေဘာမှ လုပ်စရာ မလိုတော့ဘူး။ခု ကျနော်ဦးဆောင်ပြီး လုပ်နေတာပဲ အဖေနားပေါ့ ။
ဘုန်းကြီးကျောင်းလေးသွားလိုက် တရားဓမ္မလေးဘာလေး လုပ်လို့ ရပြီပဲ ။အဖေမှာဘာ လိုသေးလဲ ”
“ဟေ့ရောင် ငါ ဘာလုပ်လုပ်အရေးမဟုတ်ဖူး မင်းတို့လို ပညာတွေသင်ထားပြီး အဆင့်အတန်းရှိရှိ အလုပ်တစ်ခုမရှာနိုင်ဘူး။ငါ့သားသမီးတွေ အားလုံး တစ်ယောက်မှ သုံးစားမရဘူး ။အကိုကြီး အဖအရာတဲ့
မင်းအသုံးမကြလို့ ဒီလိုဖြစ်တာ ။ ငါရှာပေးတဲ့ ချည်မျှင်နဲ့အထည်မှာလုပ်ရင် အားလုံးဝန်ထမ်းဖြစ်ကုန်ပြီ အခုတော့ ............ ”
“ ကျနော့ပညာကရော ဘယ်လောက်ရှိလို့လည်း။နောက်ပြီး ဘွဲ့ရပညာတတ်တွေ အားလုံး ဒီလိုပဲ ကြုံရာကျဘမ်းလုပ်နေရတာ အဖေမမြင်ဘူးလား။ အဓိက က အဆင်ပြေဖို့ အရေး ကြီးတာပဲ ။အဖေသွင်းပေးတဲ့ဆီမှာလုပ်ရင် လစာလေး တစ်ပဲခြောက်ပြားနဲ့ ဒီကောင်တွေကို ပညာသင်ပေးနိုင်မယ်ထင်လို့လား ”
“ အောင်မာ စကားတော်တော်တတ်နေပါ့လား .... ဖအေကိုပြန်ပြီး ခွေးစကားတော် တော်ပြောတတ်နေပါ့လား ”
ဆိုပြီး အဖေကျနော်ကိုထိုးပါတယ် ။အမေက၀င်ဆွဲတော့ အမေကိုလည်း ငါ့သားသမီးတွေအသုံးမကျအောင်လုပ်တယ်ဆိုပြီး ထိုးပါလေရော ။ညီအကိုတတွေ အားလုံးမနည်းဝိုင်း ဆွဲယူရတယ်။
အဖေအရက်တွေနေ့တိုင်းသောက်ပြီး မိသားစုကို သူ့စကားနားထောင်ဖို့ အမေကအစ
အငယ်ဆုံးထိ သားသမီးတွေ အသုံးမကျကြောင်း ခဏခဏပြောလာတယ်။ အမေ့ကို နင်လည်းနင့်သား
တွေနဲ့ တကြိတ်ထဲ တစ်ဥာဏ်ထဲလို့ ပြောပြောပြီးအပြစ်ရှာလာတယ်။ အမေကတော့ မိသားစု တက်ညီလက်ညီ
အလုပ်လုပ်ကြလို့ စီးပွားရေးအဆင်ပြေလာတော့ ပျော်တာပေါ့။နို့မဟုတ်ရင် ညဈေးပြေးဈေးရောင်းလိုက် မိသားစု အလုပ်တွေလုပ်လိုက်နဲ့ ပင်ပမ်းနေ ရတယ်။အခုတော့ သက်သာရာ ရသွားတာပေါ့။ အဖေကတော့ ..............
.................................................
နောက်နှစ်ရက်သုံးရက်နေတော့ ညီကိုတစ်တွေ အားလုံးစုလိုက်ပြီး ...........
“ ကဲ ... ငါပြောမယ်ကွာ အဖေ ဘာတွေ အလိုမကျ ဖြစ်နေတယ်မသိဘူး ပြဿနာ
တော်တော်ရှာလာတယ်။ငါတို့စေတနာကို နားမလည်ဘူး။အခုဆို ငါတို့ တက်ညီ လက်ညီလုပ်ကြွေးနေတဲ့
စေတနာ ကိုနားလည်ဖို့ ကောင်းပါတယ်ကွာ ။ အခုတော့ ....”
“ အဲဒါတွေထားစမ်းပါ အကိုရာ ... အခုအကို ဘာလုပ်ချင်လည်းပြော ....” ညီညီက စိတ်မရှည်သလို ၀င်ပြောတော့........
“ ဟ .. ငါက ဘာလုပ်ရမှာလည်းကွ .. အဖေဘာဖြစ်နေမှန်း မသိလို အဖြေရှာနေတာ .... ”
“ နောက်မိန်းမ ... ယူချင်လိုများလားမှ မသိတာအကိုကလည်း .... ” လို အလတ်ကောင်က ၀င်နောက်ပါတယ် ။
“ အေးအေး နေစမ်းပါကွာ ဒီမှာစိတ်ညစ်ရတဲ့ အထဲ မင်းကတစ်မှောက် ”
“ စိတ်ညစ်နေလို့ အပိုပဲ ။ ဒီပြဿနာ ရှင်းကို ရှင်းမှ ဖြစ်မှ မိသားစု ခုလိုစိတ်မချမ်းမသာ ဖြစ်နေတာ လာဘ်မရှိဘူး ”
“ အကိုကလည်းဗျာ ၊ အဖေကို သူပြောချင်ရာပြေပါစေ ထားလိုက်ပါ။အဖေစိတ်လည်း အကိုသိရဲ့သားနဲ့ ။
ကျွန်တော်တို့လို လယ်သမားသားက လယ်ထဲဘယ်သူ ဆင်းဘူးတုန်း ။ အဖေက သူ့သားတွေ အဲဒီလိုမျိုးဖြစ်တာကို ဂုဏ်ယူခဲ့တာလေ အကိုမေ့နေပြီလား ”
“ မမေ့ပါဘူးကွာ ၊ ခုလိုကြီးကြတော့ ဘယ်သူစိတ်ချမ်းသာနိုင်မှာတုန်း ”
“ အဖေက ငါတို့ကို ဖြစ်စေချင်တဲ့ စိတ်ကြောင့် ခောတ်ကြီးကို မေ့သွားပြီကွ ၊ ငါတို့ကိုတိုင်ကလည်း ၊ ၁၀တန်းအောင်
၊ဘွဲ့ရရုံကလွဲပြီး ဘာများ ဖြစ်ဖြစ်မြောက်တတ်ခဲ့လို့လည်းကွာ ”
“ ဒါတော့ ဒါပေါ့ဗျာ ၊ အခုနေ အဖေစိတ်ချမ်းသာအောင် ဘယ်လို လုပ်ပေးမလဲဆိုတာသာ ပြောစမ်းပါ အကိုရာ ”
“ အေးကွာ ... ဒါတော့ ငါလည်းမတွေးတတ်တော့ဘူး ။ အဖေပဲ သွားမေးတိုင်ပင်ကြည့်တာပေါ့ ”
........................................
“ဟေ့ကောင်တွေငါ့ရှေ့မှာမျက်စိနောက်အောင်မလုပ်ကြစမ်းနဲ့ကွာ။ဝေးဝေးသွားနေကြစမ်း ဒီမှာအရက်သောက်ရတာ ဇိမ်ပျက်တယ် ”
“ မဟုတ်ဖူး အဖေ ... ကျနော်တို့ အဖေကို ပြောစရာ ရှိလို့ပါ .... အဖေအရက်မသောက် ရသေးပါဘူး။ ခဏနားထောင်ပေးပါ ”
“ အောင်မယ် မင်းကများကြီးကြီးကျယ် ... မင်းစကားကို ငါကနားထောင်ရဦးမှာလား။ ငါစကားကျ မင်းအမေကအစ တစ်မိသားစုလုံး ဘယ်သူမှ နားမထောင်ကြဘူး ”
“ မဟုတ်ပါဘူး အဖေ .... အဖေဘာဖြစ်နေတာလဲကျနော်တို့ သိချင်လို့ပါ ”
“ အင်း ... ငါဘာဖြစ်နေတာလည်းဆိုတော့ တစ်မိသားစုလုံးက ၀ိုင်းပယ်တာခံရတယ်ကွာ။ သားသမီးမျက်နှာကြည့်ပြီး ပိုက်ဆံတောင်းနေရတယ် ။နောက်ပြီး ငါလိုချင်တဲ့ပုံစံ ငါ့သားသမီး တွေထဲမှာ တစ်ယောက်မှ မရှိဘူး။ မင်းတို့ ငါကို မူဆယ်ခေါ်ပြီး ပညာပေးတယ်။ ဒီလောက်ပေးရရင် ကျေနပ်ပါတော့ကွာ ငါ့ဖာသာငါ ရွာပဲပြန်တော့မယ်ကွာ။ လိုက်ချင်တဲ့သူ လိုက်ခဲ့ မင်းတို့ လုပ်ကျွေးစရာ မလိုဘူး ငါလုပ်ကျွေးမယ် ”
“ အဖေရယ် ခုလည်း အဖေတို့အမေတို့ စေတနာ၊မေတ္တာကိုနားလည်လို့ ကောင်းကောင်းလုပ်ကိုင်ကျွေးနေတာပဲ ”
“ကြီးကြီးကျယ်ကျယ်တွေငါ့လာမပြောနဲ့ ပြောတိုင်းယုံ၊ ကျွေးတိုင်းစားတဲ့ မိဘထဲမှာ ငါမပါဘူးဆိုတာ မင်းနားလည်ထား ”
“ကဲ ... ဒါဆိုလည်းအဖေ ကျနော်တို့ စေတနာကိုနားလည်အောင် တစ်ခုပဲလုပ်စရာရှိတယ်။အားလုံးထိုင် အဖေ့ကို ကန်တော့မယ် ... ငါဆိုတဲ့ အတိုင်း လိုက်ဆိုကြ ”
“ ဟုတ် ..... ဟုတ် .... ဟုတ် .... ဟုတ် ..... ဟုတ် .... ”
“ အဖေစေတနာကို ကျနော်တို့နားလည်ပါသည်။ အဖေနှင့်အမေကို စေတနာမေတ္တာ အမှန်ဖြင့် ရိုးရိုးသားသား လုပ်ကြွေးနေပါသည်။ စေတနာမှန်ခဲ့လျှင် ... ကျနော်တို့ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ကြီးပွားတိုးတက်ပါစေ။
မမှန်ခဲ့လျှင် အားလုံး မကြီးပွားမတိုးတက်ပါစေနှင့်။အဖေလည်း သားသမီးများ၏ စေတနာကို နားမလည်နိုင်ခဲ့လျှင် ...
တစ်သက်လုံး သားသမီး တို့၏ မေတ္တာကို မခံစားရပါစေနဲ့ .... အားလုံး အဖေကို ကန့်တော့ လိုက်ကြ ”
“ ဟာ .. ကွာ ... မင်း .... ကွာ .... ကိုယ့်အဖေကို ကျိန်စာပြန်တိုက်တယ်... မင်းလူမိုက် ... မင်းလူမိုက်ပဲ ...
တော်ပါကွာ မင်းတို့ သွားကြပါတော့ ငါ့ရှေ့က မင်းတို့ သွားကြပါတော့ ”
ဒါနဲ့ ကျနော်တို့ အကြီးသုံးရောက် ရေစိမ်ဆိုင်မှာ သွားထိုင်နေလိုက်ကြတယ်။
“အကိုကလည်းဗျာ .. အဲဒါကြီးကတော့ ကြမ်းတာပေါ့ .. ကျနော်တို့ က အကို ဆိုနေလို့သာ လိုက်ဆိုရတာ ”
“ အေးကွာ .. ငါလည်းထူပူပြီးတော့ ပြောလိုက်မိတာ မှားသွားတယ်ကွာ။ ဒါနဲ့အဖေအရက်ဆက်သောက်နေခဲ့တာလား ။ မသောက်တော့ဘူးထင်တယ် ... အိပ်ခန်းထဲဝင်သွားတာတွေ့လိုက်တယ် ”
“မသောက်ဖူးအကိုရ ... အမေနဲ့တော့ ဘာတွေပြောနေလည်းမသိဘူး ”
“ ငါ ခုမှစဉ်းစားမိတယ် .. အဖေကလူကြီးရောဂါ ဖြစ်နေပြီထင်တယ်။တစ်ချိန်တုန်းက သူ့ခြေသူ့လက်လုပ်ခဲ့ရတော့ အခုချိန်မှာ သားသမီးတွေ လုပ်စာထိုင်စားပြီး အထီးကျန် ဆန်နေပုံရတယ်။နောက်ပြီးသူ့ပြောစကားကိုဘယ်သူမှ မလေးစားတော့ဘူးလို့ ထင်နေတာဖြစ်မယ် ”
“ အင်း.... ဟုတ်မယ် .... ”
အဲဒီလို ညီကိုသုံးယောက် ဟိုလျှောက်ပြောဒီလျှောက်ပြောနဲ့ လမ်းဘေးခေါက်ဆွဲဆိုင်မှာ ည(၂)နာရီထိုးသွားခဲ့တယ် ။
အဲဒီအချိန်မှာပဲ ..... ဘေးဝိုင်းက ကောင်လေးတွေဆီက ...
“ သူခိုးဗျို့ သူခိုး .... သူခိုး ...... ”
ကျနော်တို့လည်း လူတွေဝိုင်းကြည့်ရာဆီလှမ်းကြည့်လိုက်တော့ ..... အဖေ .... အဖေ မှ အဖေအစစ်ပါပဲ။
ကျောပိုးအိတ်လေးတစ်လုံး ကျောမှာလွယ်လို့ အနွေးထည်ကြီး ဘိုသီဘတ်သီနဲ့ ပြေးနေတယ် ။
“ဟ .. ဟေ့ရောင်တွေ အဖေရယ်ကွ ....”
“ဟုတ်တယ် ... အဖေရယ် .... ပြေးလိုက်ပါဦးဗျာ ... အကိုတို့ ပြေးလိုက်သွားနှင့်ကြ ”
“ဟေ့ကောင် ခွေးမသား အဲဒါငါ့ အဖေကွ ဘာလို့ မသိပဲ ... သူခိုးလို့ အော်ရတာလဲ.... ခွမ်း ခွမ်း ”
“ ဟာ … ညီညီ မလုပ်နဲ့လေကွာ …. အလတ်ကောင်မင်းနေခဲ့ကွာ ကြည့်ထိန်းလိုက်ဦး ငါအဖေနောက်လိုက်သွားလိုက်ဦးမယ် ”
…………………………………….
“ အဲဒါ ကျနော် အဖေပါဗျာ မလုပ်ကြပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်။ ကျနော်တို့ကို စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားတာပါ ”
ကျွန်တော် ၀ိုင်းလာတဲ့ လာအုပ်ကြီးကို မနည်းတောင်းပန်ယူပြီး လဲနေတဲ့ အဖေ့ကို ဆွဲထူတော့ အဖေမထဘူး ။
“မင်းတို့တော်တော်မိုက်ရိုင်းတဲ့ကောင်တွေပဲ … ကိုယ်အဖေကို စိတ်ဆင်းရဲအောင် မလုပ်နဲ့ ... ကဲ ကဲ မင်းအဖေကို အိမ်ပြန်ခေါ်သွားတော့ ”
“ဟုတ်ကဲ့ပါဗျာ …. ကျနော်တို့ မှားပါတယ် …အဖေလာပါဗျာ အိမ်ပြန်ရအောင် ကျနော်နဲ့ ပြန်လိုက်ခဲ့ပါ ”
.......................
“ တော်တို့က ဒီမှာ ပြဿနာဖြစ်နေ ဟိုမှာ ညီညီ တို့ခုတ်ကုန်ထစ်ကုန်ကြပြီ ။ လာမြန်မြန်သွားကြည့်ဦး”
အမေ့အသံကြားလိုက်တော့ ငေါက်ခနဲထပြီး ကျွန်တော်လက်ကိုဆွဲ .....
“ ဟင် .... ဟေ့ရောင် လာမြန်မြန်သွားမယ် လမ်းထိပ်မှာ ရဲကားရောက်နေပြီ”
“ဟုတ်တယ် အဖေ ကျနော်တို့ဘယ်လို လုပ်ကြမလဲ သွားလို့ဖြစ်ပါ့မလား ရှောင်နေရင်ကောင်းမယ်ထင်တယ် ”
“ ဘာလို့ရှောင်ရမှာလည်း အဲဒါမင်းညီတွေ မဟုတ်ဖူးလား။ အဲဒါ ငါ့သားတွေကွ ငါသွားမယ် မင်းနေရင်နေခဲ့ ”
“မဟုတ်ဖူး တစ်မိသားစုလုံး ဒုက္ခရောက်မှာစိုးလို့ပြောတာပါ။ကျနော်တို့ အပြင်မှာ ရှိနေရင် ဖြေရှင်းလို့ ရတာပေါ့ ”
“မင်းအဖေ ငါပါကွာ လာသွားမယ် မြန်မြန် ”
ကျနော်တို့ ရောက်သွားတဲ့ အချိန်မှာ အလတ်ကောင်နဲ့ ညီညီသူငယ်ချင်းတွေ ထိုးကြိတ်ရိုက်နှက်တဲ့ ကောင်လေးသွေးအလိမ်းလိမ်းနဲ့ မထနိုင်တော့ပါဘူး။ကောင်လေးသူငယ်ချင်းတွေကတော့ ပြေးပြီး။ညီညီ ကြည့်လိုက်တော့လည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ မျက်နှာတစ်ခုလုံး ဖူးရောင်လို့ အနွေးထည်မှာလည်း သွေးတွေနဲ့ ။
“ရဲကားလာပြီ အေးအေးဆေးဆေးနေကြတော့ ။ဘာမှ မဖြစ်ဖူး ရော့ ညီညီ ဒီအင်္ကျီဝတ်ထားလိုက် မင်းအနွေးထည်ပေး ဟန်မပျက်စေနဲ့ ” လို့ အဖေပြောတယ် ။
အားလုံးထွက်လည်း မပြေးကြပါဘူး။ထွက်ပြေးလည်း အိမ်လာဖမ်းမှာပဲ ။
ရဲတွေရောက်လာအပြီး အဖေဆီတန်းသွား အဖေ့ကို နောက်ပြန်လက်ထိပ်ခတ်လိုက်ကြပါတယ် ။ကျနော်တို့အားလုံးလည်း အံသြသွားကြတယ်။ညီညီတို့ကျနော်တို့ ရှိနေရဲ့သားနဲ့ အဖေကိုဘာလို့ ဖမ်းလိုက်ကြတာလဲကြည့်လိုက်တော့ ညီညီရဲ့ သွေးအလိမ်းလိမ်းကပ်နေတဲ့ အနွေးထည်ကို အဖေ၀တ်ထားပြီး ညီညီတို့ ရိုက်နှက်ထားတဲ့ကောင်လေးဘေးမှာ တွေ့လိုက်ရတယ် ။
ကျနော်တို့ နှုတ်ဆိတ်ဆို့အနေတုန်း စကားပြန်ကို အဖေပြောလိုက်တာက
“ ဒီကကောင်တွေ တစ်ကောင်နဲ့မှ မဆိုင်ဘူး။ငါနဲ့ဖြစ်တာပါ ”
“ စကားနားမထောင်တဲ့ သားသမီးတွေ မျက်နှာကြည့်ပြီး အထီးကျန် အသုံးမ၀င်တော့တဲ့ အဖေတစ်ယောက်ထက်စာရင်
အချုပ်ထဲသွားနေရတာမှ ပျော်ပါသေးတယ်ကွာ ”
ဆိုပြီး ကျနော်တို့ကိုပါ ဆက်ပြောသွားတယ် ။အချုပ်ကားပေါ်ထိုးအတင်ခံလိုက်ရ တဲ့အဖေမျက်နှာမှာတော့ .......
“ အပြုံးတွေနဲ့လား .... စိတ်ပျက်ခြင်းတွေနဲ့လား ....... ”
ကျနော်တို့ကို ခွင့်လွှတ်ပါ အဖေ ။
ဘိုဟန်
Sunday, November 4, 2012 at 2:15am
Labels:
ဝတ္ထုတို - ဘိုဟန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment