Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

အာဖရိ ကန် ကြယ်





ကျွန်တော်က လီဘရွန်ပါပဲ…၊ ကျွန်တော်က လီဘရွန်ပါပဲ..
လူငယ်လေးက အဲဒီ့လို ကိုယ့်ကိုယ်ကို သွေးခဲ့…
ကင်ညာတွင်းထွက် အမေရိကန်ကျောက်ရိုင်း
ကြီးကြီးကျယ်ကျယ် စိတ်ကူးယဉ်တတ်သူ ဟာဝိုင်အီရောက် သိုးမည်းလေး
အိမ်ထောင်ပျက် မိဘတွေကြားထဲက မြေစာပင်မြက်
ပွဲဝင်ခွင့်မရတဲ့ ဘတ်စကက်ဘောချန်ပီယံ
ကျွန်တော်က လီဘရွန်ပါပဲ…၊ ကျွန်တော်က လီဘရွန်ပါပဲ..
လူငယ်လေးက အဲဒီ့လို ကိုယ့်ကိုယ်ကို သွေးခဲ့…
အရက် ဆေးခြောက် ကုတ်ကင်းနဲ့ နိုက်ကလပ် ပျော်တတ်သူ ခေတ်လူငယ်
ထာဝရဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာကို ခံယူသူ
ဖဲကစားကျွမ်းကျင်သူ၊ ဂေါက်ဖ်ရိုက်ညံ့ဖျင်းသူ
မီရှယ်လ်ရော်ဗင်ဆင်ကို အရူးအမူးစွဲလမ်းသူ
လက်ခုပ်သံကိုယစ်မူးသူ ၊ အောင်မြင်မှုကို တမ်းမက်သူ
အာဖရိကလိုနက်နဲသူ အာရှလိုသိမ်မွေ့သူ ၊ အမေရိကလိုပါးနပ်သူ
ကျွန်တော်က လီဘရွန်ပါပဲ…၊ ကျွန်တော်က လီဘရွန်ပါပဲ..
လူငယ်လေးက အဲဒီ့လို ကိုယ့်ကိုယ်ကို သွေးခဲ့…
သိပ်ကို တက်ကြွပူနွေးတဲ့ အီလီနွိုင်ဆီနိတ်တာ
အသံဂရမ်မီဆုရ နိုင်ငံရေးသမား
၉ နှစ်လုံးလုံးအမှုမလိုက်ရတဲ့ ရှေ့နေ
ရှီကာဂိုလူဆင်းရဲများအတွက် တမန်တော်လို ကယ်တင်ရှင်
၃၃ နှစ်နဲ့ ကိုယ့်အထုပ္ပတ္တိကိုယ် ရေးဖွဲ့သူ သန်းကြွယ်စာရေးဆရာ
အသားမည်းတာဟာ ထူးခြားတဲ့ကံကြမ္မာလို့ စိတ်ချလက်ချယုံကြည်သူ
ကျွန်တော်က လီဘရွန်ပါပဲ…၊ ကျွန်တော်က လီဘရွန်ပါပဲ..
လူငယ်လေးက အဲဒီ့လို ကိုယ့်ကိုယ်ကို သွေးခဲ့…
ကျွန်တော့်အရည်အချင်းမှန်သမျှ မေမေ့ဆီက ရတာပေါ့ဗျာ
အဖေပေးခဲ့တဲ့ အိပ်မက်တွေဟာ ကျွန်တော်အပင်ပေါက်ရမယ့် မျိုးစေ့ပဲ
လစ်ဘရယ်မဟုတ်၊ ကွန်ဆာဗေးတစ်မဟုတ် အဖြူတွေအတွက်လည်းမဟုတ်
အမည်းတွေအတွက်လည်းမဟုတ် ညီညွှတ်တဲ့ ပြည်ထောင်စု
တစ်ခုတည်းသောပြည်ထောင်စု တစ်ခုတည်းသောနိုင်ငံတော်..
ဂျော့ရှ်ဝါရှင်တန်ကနေ အီဘရာဟမ်လင်ကွန်းအထိ
အီဘရာဟမ်လင်ကွန်းကနေ ဂျော့ရှ်ဒဗလျူဘုရှ်အထိ
အသားအရောင်အားလုံးကို တစ်သွေးတည်းဖြစ်ဖို့ဆိုတဲ့ အိပ်မက်
ကျွန်တော်က လီဘရွန်ပါပဲ…၊ ကျွန်တော်က လီဘရွန်ပါပဲ..
လူငယ်လေးက အဲဒီ့လို ကိုယ့်ကိုယ်ကို သွေးခဲ့…
၎ရက်၊ ၈လ၊ ၆၁ခုဖွား သောကြာသား
ရီပတ်ဗလစ်ကန်တွေရဲ့ ၁၅ဦးမြောက် ဒီမိုကရက်တစ်တံတိုင်း
၂၀၀၉ခုနှစ်ရဲ့ငြိမ်းချမ်းရေးနိုဗယ်ဆုပိုင်ရှင်
၄၇နှစ်သား အသက်အငယ်ဆုံး သမ္မတ…
အတိုက်အခံအများဆုံး မျက်နှာမည်းခေါင်းဆောင်.
ရိုချယ်နေ့စဉ်ရထားထဲက ပုံမှန်ခရီးသွားမဖြစ်ချင်သူ..
ကျွန်တော်က လီဘရွန်ပါပဲ…၊ ကျွန်တော်က လီဘရွန်ပါပဲ..
လူငယ်လေးက အဲဒီ့လို ကိုယ့်ကိုယ်ကို သွေးခဲ့…
နိုင်ငံရေးပညာထက် နိုင်ငံရဲ့အရေးက အရေးကြီးတယ်လို့ ခံယူသူ
မိုက်မဲတဲ့ စစ်ပွဲမှန်သမျှ ဆန့်ကျင်သူ
သန္ဓေသားဖျက်ခြင်းကို မပိတ်ပင်သူ
လက်နက်လျှော့ချရေးမူကြမ်း တင်သွင်းအောင်မြင်နိုင်ခဲ့သူ
သမိုင်းကို ဖန်တီးသူဟာ ပြည်သူတွေပါပဲလို့ ကြွေးကျော်သူ
လိင်တူထိမ်းမြားခြင်းကို ထောက်ခံသူ
မျက်နှာမွဲတွေဘက်က ရပ်တည်ငဲ့ညှာတတ်လွန်းသူ
နိုင်ငံရဲ့အပေါက်အပြဲတွေကို သွေးအေးအေးနှင့်ချုပ်သီသူ
ယူနိုက်တက်စတိတ်မှာ လူပျင်းတွေနေသာအောင်ဖန်တီးသူ
အခွန်အခတွေအတွက် ဝေဖန်တိုက်ခိုက်ခြင်းခံရသူ
ယိုင်နဲ့တဲ့ စီးပွားရေးကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှတော့ ကျားကန်သူ
တန်းတူအခွင့်အရေးနဲ့ တရားမျှတမှုဆီ ဦးတည်သူ
စကားပြောကောင်းသူ ဆက်ဆံရေးပြေပြစ်သူ မျက်နှာချိုသူ ဟာသဉာဏ်ရွှင်သူ
ရပ်ရှပ်မိုးရ်တောင်တန်းကြီးပေါ်မှာ နိုင်ငံရေးသမားရုပ်တုအလိုမရှိလို့ ဆန္ဒအပြခံရသူ
အာရုကို ဥပစာကနေ မီးဖိုချောင်ထဲအထိ ထိုးဖေါက် ၀င်ရောက်လာတဲ့သူ
၁၉.၁၁.၂၀၁၂နေ့မှာ ၆ နာရီတိတိမြန်မာ့မြေကိုနင်းခဲ့သူ
ဘုရားသခင့်ကျေးဇူးတော်တင်မက သမ္မတရဲ့ကျေးဇူးတော်ကိုလည်း ချီးမွန်းရမယ်လို့
အလွန်အကျူး ကိုးစားခြင်းခံရသူ

သူ……..
ဘားရက်ဟူစိန်အိုဘားမား…

 ၄၄ယောက်မြောက် အမေရိကန်သမ္မတ 
ပြည်သူတွေနှင်းအပ်တဲ့ အိမ်ဖြူတော်ရဲ့  အရှင်သခင်


ကျွန်တော်က လီဘရွန်ပါပဲ…..
                                         ကျွန်တော်က လီဘရွန်ပါပဲ..


အိန္ဒြာ
(16th Nov 2012)
လီဘရွန် = သူရည်ညွှန်းပြောဆိုခဲ့ဖူးသော လီဘရွန်ဂျိန်စ်းအမည်ရှိ အမျိုးသားဘတ်စကက်ဘောလ်အသင်းမှ ပါရမီရှင်လက်ရွေးစင်ကစားသမား
 by Eain Dra (Notes) မှ

No comments:

Post a Comment