(၁)
“ ဆရာကြီး ဒီနေ့ရောင်းကောင်းလား ”
“ မကောင်းပါဘူးကွာ... ပါးတယ် ။ကလေးတွေလည်း ဆွယ်ရတာရတာ အရမ်းခက်လာတယ်ကွ ”
“ ဘာကြောင့်လဲ ဆရာရဲ့ ”
“ဘာကြောင့်ရမှာလည်းကွာ
။တရုတ်တွေက ဈေးနည်းနည်းနဲ့ ကစားစရာတွေ လှလှပပပုံစံမျိုးစုံနဲ့
ထုတ်လာကြတော့ ငါတို့လို ဗူပေါင်းတွေ၊လေထိုးရုပ်တွေ ဘယ်ဝယ်ကြလိမ့်မလဲ
။နောက်ပြီးဂိမ်းတွေက ကလေးတွေကြားမှာ ခေတ်စားလာတယ်လေ။ ကလေးတစ်စု
လောက်တွေ့ရင် အရုပ်လေးဝယ်ဖို့အရေး ကလေးတွေရှေ့ လေးငါးခြောက်ခေါက်လောက်
ဖြတ်လျှောက်နေရတာ မင်းအမြင်ပဲ ”
“ဟုတ်တယ် ဆရာရေ ....ဒါနဲ့စကားမစပ် ဆရာပင်စင်ယူတာ ဘယ်နှစ်နှစ်ရှိပြီလဲ ခင်ဗျ ”
“ ပင်စင်ယူတာ ၆နှစ်ရှိပြီ ”
“ ဆရာလို အဆင့်နဲ့ ဘာလို့ဒီလိုလုပ်နေရတာလည်းဆရာရယ် ”
“ ဟကောင်ရ ငါက အသက်ကြီးတာကလွဲပြီး ဘာမိုလို့လဲကွ။
ခိုင်းစားမကောင်းတော့
နွားအိုကြီးတွေလိုပဲ ပင်စင်ပေးလိုက်ကြတော့ ဒါမလုပ်ရင် ငါ့မိသားစု
ဘာသွားစားမလဲ။ဘယ်နေရာ ဖြစ်ဖြစ်မင်းကြည့်လိုက်စမ်းပါကွာ။ရင်နာစရာကောင်းတာက
ဘွဲ့ရပညာတတ် လူငယ်လေးတွေ ကွမ်းယာရောင်းတဲ့ကောင်၊ ဆိုက္ကားသမား၊ကုန်ထမ်းနေတဲ့
ကောင်တွေ
အားလုံးအလွှာစုံမှာ ၁၀တန်းအောင် ဘွဲ့ရမနည်းဘူး။နောက်ဆုံးဝေးဝေးမကြည့်နဲ့
ဟိုလ္ဖက်ရည်ဆိုင်က စားပွဲထိုးတွေ အားလုံးပညာတတ်တွေကြည့်ပဲ။ရွာက
၁၀တန်းအောင်၊ဘွဲ့ရလေး
တွေအလုပ်မရှိတော့ ရရာဝင်လုပ်နေရတာမောင်။၁လ လေးငါးသောင်း ရလည်းရွာကမိဘအတွက်
တော့ အဆင်ပြေတာပေါ့ ။ ကဲ မင်းရော ဘာထူးလဲ ”
“ ထားပါဆရာရယ်။ကျွန်တော်တို့ ကံကကို ဆင်းရဲဇာတာပါလို့ ခေတ်မှားပြီး လူဖြစ်လာရတာလို့ပဲ
တွက်ပါတယ် ”
“အေး မင်းငါပြောရဦးမယ်။ ဆရာလို့ မခေါ်စမ်းပါနဲ့ လက်ရှိဘ၀ အများခေါ်သလို အရုပ်သည်ကြီး ကလှပါတယ် ”
“မဟုတ်ဖူးလေ ဆရာကလည်း ကျောင်းဆရာကြီးတစ်ယောက်ကိုမှဆရာကို ဆရာမခေါ်ရင်
ကျနော်က ဘယ်သူသူကိုခေါ်ရမလဲ ”
“ အေး မင်းလိုသာ တွေ့တဲ့လူတိုင်းကို ဆရာခေါ်ကြေးဆို ငါကျောင်းဆရာလုပ်ခဲ့တဲ့သက်တမ်းတစ်
လျှောက် ကျောင်းသားတွေဆရာခေါ်ခံရတဲ့အကြိမ်အရေအတွက်ထက်၊မန္တလေး- မူဆယ်လမ်း တစ်လျှောက် ဆရာ ခေါ်ခဲ့ရတဲ့ အကြိမ်ကများတယ်ကွ .... ဟဲဟဲ ”
“ကျွန်တော်ဆရာခေါ်ချင်တဲ့သူတွေက
ဆရာပြောတဲ့ အလွှာကလူတွေပဲ။ဘာမဟုတ်လဲ ဂိတ်ပေါက်စာင့်တဲ့လူကအစ
အဲလူတန်းစာမျိုးကိုတော့ ဆရာမခေါ်ပါဘူး။အဲ ဆရာထက်မြင့်တာက အဘ .... အဘမှာတောင်
အဘကြီး ၊ အဘလေး ရှိသေးတယ် ဆရာရေ ....”
“ ငါခုချိန်ထိ
လောကသဘာဝတရားကြီးကို နားမလည်သေးဘူးကွ။ အခုငါ မိုးပျံပူးပေါင်းလေးတွေကို
ကလေးတွေ ၀ယ်ကြတယ်။သူတို့ရဲ့ ရည်ရွယ်ချက်ရည်မှန်းချက်က
လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းလား၊
အမြင့်ရောက်သွားတာကို ကျေနပ်နေခြင်းလား ”
“အင်း ဟုတ်ပါပြီ ဆရာရယ်။ကျွန်တော်လည်း အဲဒီလောက်တော့ မရဘူး ... ဟီးဟီး ။
ဆရာရောင်းလို့ပြီးပြီလား ... ကျွန်တော်ပြန်တော့ မှာ ကျွန်တော်ဆိုက်တွဲပေါ်တက်လိုက်ခဲ့ပါလား”
“အေး .... ငါလည်း ပြန်တော့မလို့ ”
(၂)
“ ဟေ့ဟေ့ ... အရုပ်သည် လာပါဦး ။ သားရယ်မနက်ဖြန်ကျောင်းသွားနော် .... သားလိုချင်တဲ့ အရုပ်
လေး မေမေ၀ယ်ပေးမယ်။ကျောင်းတက်မှ ပညာတတ်ကြီးဖြစ်မှာ သားရဲ့
။ပညာတတ်ကြီးဖြစ်မှ အရာရှိကြီးဖြစ် ဒါမှ တိုက်ကြီးအကြီးကြီးနဲ့
ချမ်းချမ်းသာသာနေရမှာ ။ ပညာမတတ်ရင် သူတို့လိုအရုပ်ရောင်း
ဆိုက္ကားနင်းနေရလိမ့်မယ်။ သားနဲ့မေမေ လေတံခွန်လွှတ်ရအောင်နော် ...
မေမေလေတံခွန်လေး ၀ယ်လိုက်မယ် ။သားက လေတံခွန်လေးလုပ် မေမေက အောက်ကနေ
ရစ်ဘီးထိန်းပေးမယ်နော်။ပျော်စရာကောင်းပါတယ် သားရယ် ..... နော် ”
(၃)
“ဆရာကြီး ... ဘာလို့ပြုံးတာလဲ ခင်ဗျ ”
“ မင်းပြောတာလေးပြန်တွေး မိလို့ပါ ...... ”
“ ဘာတုန်းဆရာကြီးရဲ့ ”
“ အေး ငါတို့တတွေ က ခေတ်မှား ပြီး လူဖြစ်လာကြတာကိုကွ ”
ဘိုဟန်
Tuesday, June 26, 2012 at 1:12am
No comments:
Post a Comment