Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 30, 2013

** ဆန်ရေတစ်ပွက် **

သားပေးတာက
ကွမ်းတစ်ယာနဲပလက်ဖက်တစ်ရိုး။

အမေ့ရင်ထဲမှာ
ဝမ်းသာလိုက်တာက
စိန်တစ်ဆင်စာနဲ့ငွေတစ်အိုး..။ ။
ဌေးကြည်(စလင်း)

၁၉၉၂ မတ်၊မဟေသီမဂ္ဂဇင်း

Monday, April 29, 2013

ငြိမ်းအေးအိမ် ၏ ဓာတ်ပုံလွှာ










ဆရာ Nyein Aye Eain ( https://www.facebook.com/nyein.eain ) မှကူးယူပါသည်။

ယူးယောက် ချီကာဂို ဘော်စတွန် ဗမာကဗျာဆိုင်ရာ လှုပ်ရှားမှု (မေလ ၂၀၁၃)

ယူးယောက် ချီကာဂို ဘော်စတွန် ဗမာကဗျာဆိုင်ရာ လှုပ်ရှားမှု (မေလ ၂၀၁၃)
ပေးပို့သူ - နိုင်ဦးညို
ဧပြီ ၃၀၊ ၂၀၁၃


ယနေ့မြန်မာပြည်က ခေတ်ပြိုင်ကဗျာဆရာများ ဖြစ်ကြတဲ့ ဇေယျာလင်းနဲ့ ခင်အောင်အေးတို့ ၂ ဦး ဟာ ဧပရယ် ၂၉ ကနေ မေလ ၅ ရက်နေ့ထိ အမေရိကန်နိုင်ငံ PEN American Center က ဦးဆောင်ကျင်းပမယ့် ၉ ကြိမ်မြောက် World Voices Festival of International Literature ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတဲ့အတွက် မေလ ၂ ရက်နေ့မှာ နယူးယောက်မြို့ကို ရောက်ရှိ လာကြမှာ ဖြစ်ပါတယ်။
ခင်အောင်အေး
၂၀၀၅ ခုနှစ်က စတင်ကျင့်ပခဲ့တဲ့ World Voices Festival of International Literature ပွဲကို ကမ္ဘာတဝှန်းက စာရေးသူများ ၁၀၀ ကျော်တက်ရောက်ပြီး အနုပညာရေးရာများနဲ့ နိုင်ငံရေးရာများ ဆွေးနွေးတင်ပြကြမှာ ဖြစ်ပါတယ်၊ ဒီနှစ်မှာ ဇောင်းပေးပြီး တင်ပြကြမှာက “Bravery in Poetry” ဖြစ်ပါတယ်၊ စာရေးသူများ သူတို့ရဲ့ကလောင်များ သူတို့ရဲ့သက်ဆိုင်ရာ ဒေသနယ်ပယ်အသီးသီးမှာ  ဘယ်လိုမျိုး အခက်အခဲတွေကြားက ရှင်သန်ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ အကြောင်းများကို ဆွေးနွေး တင်ပြကြမှာ ဖြစ်ပါတယ်၊
Bones will Crow
ပထမဦးစွာ မေ ၃ ရက်နေ့ ညနေ ၅ နာရီအချိန် နယူးယောက်မြို့ 58 West 10th Street မှာ တည်ရှိတဲ့ Lilian Vernon Creative Writers House of NYU အဆောက်အဦမှာ ပြုလုပ်မှာ ကတော့ ၂၀၁၂ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဘာသာပြန်ဆို ထုတ်ဝေခဲ့တဲ့ “Bones will Crow” ခေါ် အင်္ဂလိပ်ဘာသာပြန် ခေတ်ပြိုင်ဗမာကဗျာစာအုပ် “ဗမာခေတ်ပြိုင် ကဗျာဆရာ ၁၅ ဦးရဲ့ ကဗျာများ” ဆိုတဲ့ စာအုပ်ထဲက ကဗျာများကို ရွတ်ဖတ်ခြင်း အစီအစဉ်ကို တင်ဆက်မှာဖြစ်ပြီး အဲဒီ စာအုပ်ကို တည်းဖြတ်ထုတ်ဝေတဲ့ Editor James Byrne နဲ့ တကွ အထူးဧည့်သည်တော်အဖြစ် အမေရိကန် ကဗျာဆရာ Yusef Komunyakaa တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
ဇေယျာလင်း
မေလ ၅ ရက်နေ့ ညနေ ၃ နာရီအချိန် The Public Theater, 425 Lafayette Street နယူးယောက်မြို့မှာလည်း “Bones will Crow” အင်္ဂလိပ်ဘာသာပြန် ခေတ်ပြိုင်ဗမာကဗျာစာအုပ် “ဗမာခေတ်ပြိုင် ကဗျာဆရာ ၁၅ ဦးရဲ့ ကဗျာများ” စာအုပ်ထဲက ကဗျာများကို ဖတ်ကြားခြင်းနဲ့အတူ ဒီကနေ့ ဗမာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကဗျာအခင်းအကျင်းများ အနေအထားများ လှုပ်ရှားမှုများနဲ့ ပတ်သက်လို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
Poetry Foundation
မေလ ၆ ရက်နေ့မှာတော့ ဇေယျာလင်းနဲ့ James Byrne တို့ဟာ ချီကာဂိုမြို့မှာ အခြေစိုက်တဲ့ Poetry Foundation ကို သွားရောက်ပြီးတော့ ကဗျာဆိုင်ရာ ကိစ္စများဆွေးနွေးခြင်း အသံသွင်း ယူခြင်းများကို လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
Grolier Poetry Book Shop and the Democracy Center Present An Evening of Poetry From Burma and Sudan
မေလ ၉ ရက်နေ့မှာ ၎င်းတို့ ၃ ဦးစလုံးဟာ မကြာမီကမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဘော်စတွန်မြို့က 45 Mt Auburn St. Mid-Cambridge, MA 02138 မှာတည်ရှိတဲ့ Grolier Poetry Book Shop and the Democracy Center ရဲ့ ဖိတ်ကြားမှုအရ အဲဒီကို သွားရောက်ပြီး ကဗျာများ ရွတ်ဖတ်ခြင်း ကဗျာဆိုင်ရာ မေးခွန်းများကို ဖြေကြား ဆွေးနွေးခြင်းများ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
 
 http://moemaka.blogspot.com/ မှ

အပြုသဘောသုံးဆောင်မှု

စိတ်ကူးအိပ်မက်ဆိုတာ
ပါဆယ်တစ်ထုပ်ပါပဲ . .
ရာစုအမှတ် ၂၁ကိုဖွင့်ချ
ကိုယ့်ဘ၀နဲ့ကိုယ် မွေ့ပျော်နေချိန်များ
သားရေပေါ်အိပ်ပေမယ့် သားရေနားတော့မစား

မိုးမျှော်အဆောက်အဦးများနဲ့ခေတ်မီ
စုတ်ချည်ဆန်ချည် ငါ့မနက်ဖြန်အခန်းထဲ
စဉ်းစားဆဲ၊ မဖြည့်ရသေးတဲ့ အထုပ်ထဲမှာ
စိန်နဲ့သံပုရာ၊ ရေခဲချောင်းနဲ့စိမ်းစားဥ
မင်းဂွတ်သီးနဲ့သကြား၊ တေဇောပန်းနဲ့ခါချဉ်ကောင်
မိသားတစ်စုအခန်းထဲမှာ . . .
သမုဒ္ဒရာဝမ်းတစ်ထွာနဲ့ ကြက်သီးမွေးညင်း
အုပ်စုလိုက်အထီးကျန်မှုရှိတယ်။

အထီးကျန်အားလုပ်ရက်တငွေ့ငွေ့ထဲ
ထိပါးမိုးနဲ့တိမ်းရှောင်နှင်း
နှုတ်သီးကောင်လျှာပါးနဲ့အပ်ကြောင်းထပ်ဘာသာစကား
ဒီလိုကိုယ်ခင်းကျင်းတဲ့ တစ်နေ့တာစားပွဲပေါ်မှာ
ခြင်၊ယင်နဲ့ ပုရွက်ဆိတ်များ
ဖတ်လက်စ စာအုပ်ထဲမှာ
ပြုန်းနေတဲ့ခွေးသွားစိပ်နဲ့ တုံးနေတဲ့ဓားများ
လေလုံပုလင်းထဲမှာက
လှီးလွှဲအဖြေများနဲ့ ပင်နယ်ဆလင်ဆေးပြား။

ရေညှိတက်ကွန်ကရစ်လမ်းကိုကြည့်ရင်း
ကမ္ဘာတိုက်ကြီးများအကြောင်းသိလာ . . . .
ပလက်ဖောင်းဈေးကွက်များအကြောင်းသိလာ . . .
ပလက်ဖောင်းဈေးကွက်များကိုကြည့်ရင်း
စီးပွားရေးအတွက် ဆေးတစ်ခွက်ကိုရလာ . . .
ကြိတ်ကြိတ်တိုး ဘစ်ကားများကိုစီးရင်း
လူမှုရေးပထ၀ီဝင်ကို နားလည်လာ။

မရေမရာရက်ချိန်းလွဲ အချိန်မွဲမှုများ
ကားလိပ်မဖွင့်ရသေးတဲ့ ငါ့အမျှော်အလွမ်းများနှယ်
လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခွင့်မရတဲ့ ငါ့အဓိပ္ပါယ်ထဲမှာ
ကွင်းပြင်ထွက်သွားတဲ့ ပန်းတိုင်နဲ့တစ်ဖက်လူဖြတ်လုသွားတဲ့အိပ်မက်ရှိတယ်။

သွက်သွက်ခါ ပန်းပွင့်ပေါ်အဆိပ်သင့်
လွင့်ကျသွားသော လိပ်ပြာတစ်ကောင်လို
ဒရွတ်ဆွဲ ငါ့ညနေရဲ့အိနြေ္ဒ . . .
ကံခေမှုကို မီးညှိဖွာရှိုက်၊ ဗိုက်ပေါက်နဲ့စားသောက်နေပုံ
အလုံးစုံရှိတယ်။

တိကျသေချာရေရာသည်များ
နှလုံးသားမှာလှောင်ထားပါတယ်။
စက်နဲ့လုပ်တဲ့ပန်းတစ်ပွင့်မလိုဘူး
ရင်နဲ့လုပ်တဲ့ ရနံ့တစ်စပဲလိုတယ်။
စိတ်ထဲဝှက်ထားတဲ့အရာ
ဘယ်သူအမည်ဖော်နိုင်မလဲ . . .

တစ်ကိုယ်ရည် ငါ့အခန်းထဲ
စားပွဲပေါ်က တလွင့်လွင့်စာရွက်ခေါက်ထဲမှာ
ဘာမှရေးမထားဘူး။ ။

သျှီသူအောင်
Idea Magazine July 2009

အမည်မဲ့

တံခါးတွေ တစ်ခြမ်းပိတ်လို့
ရယ်မောခြင်းတွေ အသံတိတ်လို့
မျှော်လင့်ခြင်းတွေ ရပ်တန့်ပုပ်သိုးလို့
စိုးရွံ့ ခြင်းတွေ အဆုံးတိုင်တုန်ခါလို့
ခြောက်အိပ်မက်တွေ ရဲရဲစီးလို့။
ကျိုးပဲ့နေတဲ့ နေ့ရက်တွေထဲ
ထိုးကျလာတဲ့အရိပ်တစ်ခုဟာ သည်းသည်းမည်းမည်း
အပေါ်ဝတ်ရှပ်အင်္ကျီလေး ချုပ်ရိုးပြေလို့
အပေါစားတီရှပ်နွမ်းနွမ်းလေး အနားဖွာလို့
သားရေတုဖိနပ်ကလေး ထိပ်ဖျားလန်လို့။
အဖေက ပြန်မလာတော့ဘူး
အမေက ဘယ်ကိုထွက်သွားခဲ့တာလဲ
အဖျားက မပျောက်တော့ဘူးလား
ရေဆာတယ်။
မြှောက်ထားလိုက်တဲ့လက်အစုံက လေထဲမှာ
အဝေးကိုထိတဲ့ မျက်ဝန်းအကြည့်ထဲ
ရှုမျှော်ခင်းတွေ ကျိုးကြေလို့။
အနွေးဓာတ်ဆိုတာ ကြေးကြီးကြီးမှမိနိုင်သလား
အကြင်နာဆိုတာ ရွှေနဲ့အတိပြီးတဲ့ သရဖူလား
အနမ်းဆိုတာ ပွင့်မလာသေးတဲ့ နှင်းဆီနက်တစ်ပွင့်လား။
ခလုတ်တွေကို ဖွင့်ခဲ့ပါ
မှောက်နေတဲ့ခွက်နဲ့ ဖုံတက်နေတဲ့စာအုပ်ကလေး
နံပါတ်စဉ်ဘယ်လောက်အထိ
စောင့်ကြည့်နေကြဦးမှာလဲ။
ကြွေကျလာမယ့် သစ်ရွက်တစ်ရွက်
လွတ်နေတဲ့စာမျက်နှာ
ဆွေးရိပ်တစ်ခု
လေချွန်သံမှာ အဖျားတက်လို့
ဒုကတရားမှာ အသက်ငင်လို့
ဒီနာမည်ကို ဘယ်လိုဖြစ်ထုတ်ရမလဲ
လောကထဲ
အသံတွေ ခုန်ဝင်လာတယ်။
ဒီဘ၀ဟာ မပြီးသေးဘူး
ဒီဘ၀ဟာ မငြိမ်းသေးဘူး
ဒီဘ၀ဟာ ဖွဲမီးလိုတငွေ့ငွေ့
ဒီဘ၀ဟာ အရှိန်တညီးညီး
ဒီဘ၀ဟာ အနာတရတွေနဲ့
လောင်လို့ ။

ကိုထက်(ရေဦး)

** ည **

အထီးကျန်ခြင်းဟာ
ကောင်းကင်အပေါက်တွေကနေ စိမ့်ကျလာနေသလိုလို
ကြယ်ရောင်များ ငါ့ကိုယ်ထဲ တစ်စက်ချင်းကျလို့
မှောင်ရိပ်ခို အဆွေးများရယ်
ဘယ် “ ရဲ ”မှ မတွေ့ပေမယ့်
ငါမြင်ရ ။

ဟောဟိုမှာက
ကျောက်တုံးကို မ,ပြီးကာမှ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ချမိသလို
ပဉ္စလက်လမ်းများ ။

အခု
ငါပိုင်ဆိုင်သော ၀ှက်ဖဲများကား
ဇကာတင် ဒုက္ခုပ္ပတ္တိ ။

ရွှံ့အိုင်ထဲ အခါခါလဲပေမယ့်
သောဏထေရီ မဖြစ်ခဲ့သူ ။

ရေကဖြစ်တဲ့ရွှံ့
ရေနဲ့ဆေးမှ စင်ကြယ်ကြောင်းသိငြား
ရွှံ့၌သာ ရွှင်ပြ။

အခု
ငါ့လှေငါထိုးပြီး ပဲခူးလည်းမရောက်
ငါ့မြင်းငါစိုင်းပြီး စစ်ကိုင်းလည်းမရောက် ။

အသေခံနာကျင်မှုတို့
ငါ့တောင်ကုန်းကို အထပ်ထပ်ဝိုင်းထားတဲ့တစ်ည
အလံဖြူပြပေမယ့် သဲကွဲစွာမမြင်နိုင်ခဲ့ကြ ။

သန္တိရသ
အခု ငါ့သွေးထဲ အရေးပေါ်လိုနေတဲ့ အမြိုက်ကတော့
အဲဒီပန်းကလေးရဲ့ နွေးထွေးမှုပါပဲ။      ။

                                                စံညိမ်းဦး

** နှစ်ဆန်း(၂)ရက် **

မနှစ်ကလိုပဲ
ဘာစလုပ်ရမှန်း မသိလို့
ရေအရင်ချိုးထားလိုက်တယ်။

ကိုယ့်စာသားများ
စိုင်းထီးဆိုင် သီချင်းအလိုက်နဲ့
လေချွန်နေမိ ။

နှစ်သစ်စိတ်ကူးလိပ်ပြာလေး
သီချင်းအဆုံးမှာ
ဖျပ်ခနဲ ထိုးကျသွားပြီ ။

မှိတ်ထားတဲ့ မျက်ဝန်းလေး
ပြန်ပွင့်ပြီ ။

လွှင့်ထားတဲ့ လေတံခွန်လေး
ပြန်ကျသွားပြီ
ဒီနှစ်
ဒုက္ခက ဒီကစတယ်
ယာဉ်စီးခနှစ်ဆနဲ့ ။

ကိုရွေး
(စတိုင်သစ်၊ ဇွန်လ၊ ၂၀၀၇)

ခင်ဗျားကို ကျုပ်နားလည်ပြီ မအဝှါ


 
ဒီမယ်…                သင်းပင်းစားမှ ဟင်းထမင်းများတဲ့ခေတ်ကြီးမှာ
ခင်ဗျားလင် အဝလွန်တာ ဆန်းသလား မအဝှါ။ အခင်းအကျင်းကိုက
ပိုပိုရှုပ်ထွေးလာလေတော့ ဒီခေတ်ပြောင်းကာလမှာ မိတ်ဆွေဘယ်သူ၊
ရန်သူဘယ်ဝါ မကွဲပြားတော့ဘူးတဲ့လား။ ကျုပ်တို့လူတန်းစားကတော့
ဒီခေတ်ကြီးထဲမှာ ရန်ငါစည်း  ပိုကွဲပြားလာတယ်။ ဒါနဲ့ နေပါဦး၊
ခင်ဗျားက ငါးရှဉ့်လား၊မြွေပွေးလား မအဝှါ။ တချို့က ခေတ်ကိုမှီပြီး
သီးပွင့်ခက်ဖြာကြ၊ တချို့က ဘယ်ခေတ်ရောက်ရောက် ထွန်းတောက်မည့်
မောင်ချောနွယ်တွေ၊ ရှူးဘတ်တွေ။ ခင်ဗျား ဘယ်လိုလူမျိုးလဲ မအဝှါ။
ခင်ဗျားကသံသရာ ခရီးဆက်ချင်သူ၊ ကျုပ်က ဒီဘဝဒီမျှသာဆိုတဲ့ကောင်။
ပါရာဒိုင်း မတူတဲ့ ခင်ဗျားနဲ့ကျုပ်အကြား ဘာစကား ကျန်ဦးမှာလဲ မအဝှါ။
ကျုပ်လဲ ခင်ဗျားလို ယုံကြည်နိုင်ရင်တော့ ဘာတက်တက် ဘလက်ဂျက် ဆိုပြီး 
အာရှတော်ဝင်ဆေးရုံမှာ အေးအေးဆေးဆေး ကလေးမွေးနေချင်ပါတယ်မအဝှါ။
ဒါပေမည့် လောက ဆိုတဲ့ ခင်ဗျားလင်ကြီးက ကျုပ်ကို 'ဆွဆွ' ဆွနိုင်လွန်းစွ။
နွေထနောင်း၊ဆောင်းမကျည်း ဆိုသူတွေထဲမှာ ကျုပ်မပါ။ ဘယ်ရာသီမဆို
ဘေးမခဘဲ အေးမြပါရစေ၊ အေးမြပါစေ မအဝှါ။ ဒါပေမဲ့ မိုးလင်းရင်ရေရှားလို့
ရေမကိုင်နိုင်တဲ့ဘဝတွေတောင် သောက်ရေသန့်နဲ့မကင်းနိုင်ကြတော့ဘူး။
ရှေ့တင်တစ်မျိုး၊ကွယ်ရာတစ်မျိုးလူတွေထဲမှာကျုပ်မပါ။ ကျုပ်က အကိုးအကား
များများ လူမှူရေးဗေဒသမား သန့်သန့်ပါ။ တစ်ရှူးပေပါတောင် ရီဆိုင်ကယ်
လုပ်လို့ရတယ်။ သုံးပြီး လွင့်ပစ်လိုက်ရအောင် 'လူထု' ဟာ 'လူထူ' မဟုတ်ဘူး
မအဝှါ။ အမျိုးသမီး တစ်ယောက်ကို နားလည်မှ အဲဒီ အမျိုးသမီးကို ချစ်တာ
ဆိုရင်ခင်ဗျားကိုကျုပ် မချစ်ဘူး၊ မချစ်နိုင်ဘူး။ အမျိုးသားတစ်ယောက်ကို
ရင်ခုံရင် အချစ်ပဲ ဆိုရင် ခင်ဗျား ကျုပ်ကို ရင်မခုံဘူး။ ကျုပ်နဲ့ဒီမော့ဆို ကို
လိုက်မလား မအဝှါ။ ကျုပ်ကတော့ ဆိုင်ကယ်ကို စိန်ပြေနပြေဖြေးဖြေးမောင်း
တတ်သူ။ ခင်ဗျားပြောတော့ ဘာလုပ်လုပ် ကြာလေကောင်းလေဆို။ ဘိတ်ကို
မြိတ်လို့ပြောင်းအော်လည်း ကျွန်းမြို့ဟာ ကျွန်းမြို့ပဲ။ ကိုင်းကျွန်းမီဆိုရင်
အပြန်အလှန်တော့ရှိဖို့လိုမယ် မအဝှါ။ ကျုပ်ကိုအလိုက်မသိဘူးပြောရအောင်
ကျုပ်ကိုဘာလိုချင်တယ်ဆိုတာ ခင်ဗျား ဘယ်တုန်းကပြောခဲ့ဘူးလို့လဲ။
ကျုပ်ကတော့ ကျုပ်တစ်ယောက်ထဲနဲ့တင် ခင်ဗျားလုံလောက်မယ် ထင်ခဲ့တယ်။
အဝစား တစ်ထောင် ဆိုပြီးမှ လိုက်ပွဲဖိုးတောင်းတာ၊ တက်စီ ငှါးစီးကာမှ
လူပိုတင်ခံရတာ ခံတွင်းပျက်စရာတွေပါ။ ဪ ဒါနဲ့ခင်ဗျားတို့ကဗျာလောက
မှာလည်း ကဗျာခရိုနီတွေ ရှိတာပဲလား မအဝှါ။ ခင်ဗျားကိုနားလည်ချင်လွန်းလို့
နှံစားပြောင်းခေါင်ရေသောက်ပြီး သံလမ်း ခေါင်းအုံးလုပ် စဉ်းစားခန်းဝင်လိုက်တာ
သုံးနာရီအကြာ ခင်ဗျားကို ကျုပ် လုံးဝ လုံးဝ လုံးဝ နားလည်သွားပါပြီ မအဝှါ။
                                                                 ကိုကိုသက် 
 http://www.kaungkin.com မှ

နောက် ထပ် အ ကြောင်း တစ် စုံ တစ် ရာ မ ထုတ် ပြန် မ ချင်း


ပဲခူးကိုပြန်ရောက်/ မရောက် အကြောင်းပြန်ပါ ကိုခရမ်း
ခင်ဗျားရွေးတဲ့လမ်းကလည်း လန့်ကွဲတတ်တာမျိုးး ပဲ
လေထဲမှာလန့်ကွဲနိုင်တဲ့ ပန်းဆိုးတန်းလူမှုရေး၊ ဓားရေးလှံရေး
သံမဏိတွေလန့်ကွဲ၊ ကတ္တီပါတွေလန့်ကွဲ
လိုင်ဇာလန့်ကွဲ  ဘူးသီးတောင်လန့်ကွဲ လက်ပံတောင်းလန့်ကွဲ၊ ဘယ့်နှယ်ရှိစ မိတ္ထီလာလန့်ကွဲ
လည်ပင်းဖက်ရမယ့်အချိန်ကျမှ အင်္ဂတေလိုလန့်ကွဲ/လမ်းခွဲ
အဝေးကကြည့်ရင်လှသလိုလို မီးခိုးတွေတစိုစိုနဲ့ ( မီးလောင်ပြင်အရေပြားကြီးဗက်လက် ဗက်လက်)
မြင်ရုံနဲ့ကြွတ်ရွနေတဲ့ညှော်နံ့တွေ (အမြစ်တွေအတိုင်း မြေကြီးထဲအသက်လုလို့)
ခုချိန်ဆို ကိုရွေး  အလယ်ရိုးမကြီးကို ရွေးယူလာတော့မယ်
ကျုပ်တော့ ခြေသံမလုံတဲ့ကြောင်ကိုမြင်နေရ
ကျူပ် တော့ မလုံခြုံ တဲ့နေရာမှာ မြို့ နေရ
ကျောချင်းခွာလိုက်တဲ့အချိန်ကျမှ မှန်တွေလိုလမ်းခွဲ/ လန့်ကွဲ
ဥပဒေကဲ့သို့ ခင်ဗျားဆီကို ခပ်တည်တည်နဲ့လျှောက်လာပြန်ပြီ
ဘုရားသခင်များကဲ့သို့အာဏာတည်စေရမည် တောအူ တောကြောင် တောကျားအပေါင်းတို့                                                                                                    ခြေမစုံ လက်မစုံ တကိုယ်လုံးအထီးအမ  မသိရမှတော့ ဘယ်လှတော့မလဲ
အရေးပေါ်ပါးပါးလေးပုတ်လည်း  ခင်ဗျားတို့ကတော့ပိုးစိုးပက်စက်လှချက်
ပင့်ဖလွို က်ရဲ့နံရံမှာ နာဇီတူထုသံတွေတခန်းလုံးညံလာတော့ ရုတ်တရက်လန့်ကွဲမိ
ကိုခရမ်း  ပဲခူးကိုပြန်ရောက်ရောက်ချင်းအကြောင်းပြန်ပါ။

ဇော်လူစိမ်း
၂၃-၃-၂၀၁၃


 http://www.kaungkin.com

ဓါတ်ပြား


                        
       ငါတို့တွေ ကြုံခဲ့ဆုံခဲ့ ဘေးထွက်ခဲ့
       ပြန်လာခဲ့
       လွင့်စင်ခဲ့
       ပစ်တိုင်းတောင်လို ကျရာထောင်ခဲ့။
       ဂုံးရုပ်လို
       ကြိုးရှုပ်ခဲ့။
       မဟုတ်တာကို
       ဟုတ်တာထင်ခဲ့။
       မုန်းလျက်
       အတူနေခဲ့။
       ချစ်လျှက်
       ဝေးကွာခဲ့။
       ရယ်ခဲ့
       ရှိုက်ခဲ့။
      အဲဒါကို
      တရားမရခဲ့ကြ
      တရားမရတာကို
      တရားမရမှန်း မသိချင်ယောင်ဆောင်ခဲ့ကြ
       မှားခဲ့ကြ။
       အဲဒီ ``အမှား´´ကို
      ``အား´´အဖြစ် အဆတိုးခဲ့ကြ။
       တဖန်
       ဆုံလည်နွားပမာ
       ပျော်ပါးကြ။
       အင်း ၊အမှန်တရားဖြစ်ပါစေလို့
       ဘုရား တ နေရတယ် ။    ။
                   အောင်ချိမ့် 


 http://www.kaungkin.com မှ

နွေဦးတေး

အပူတွေ နဲ့ ဆို မဖူးချင်ပါဘူး တဲ့
ခွေးရူးကိုက် မှ သေတယ် ။

ဘိုဟန်

ကလေးများအတွက်


ပြည်မသိဗာရာဏသီ
မင်းမသိ ဗြဟ္မာဒတ် ။

ဘယ်သူမှ မထိခိုက်ဘူးပေါ့လေ
နားထောင်လို့လည်းကောင်းပါတယ် ။

ဟိုးရှေးရှေးတုန်းက
ဟိုးရှေးရှေးတုန်းက ။ ။

အောင်ချိမ့်

ပြတိုက်





ပန်းခြံထဲမှာ သူ ထိုင်နေသည်။ ရေကန်နှင့် မလှမ်းမကမ်း ဖြစ်သောကြောင့် မြင်ကွင်းက သာသာယာယာ ရှိသည်။
ရေကန် တစ်ဝိုက်တွင် ငှက်မျိုးစုံ လူးလားခေါက်တုံ့ ပျံသန်းနေသည်။ ငှက်တွေအကြောင်း သိပ်မသိ။ ငယ်ငယ်တုန်းကတော့ လေးခွ တစ်လက်ဖြင့် ရွာအနီးတောစပ်တွင် ငှက်ပစ်ထွက်ဖူး၏။ တစ်ခါတစ်ရံရသည်။ တစ်ခါတစ်ရံ မရ။ ပျော်စရာတော့ တော်တော် ကောင်းသည်။ ပန်းခြံ ရေကန်စပ်တွင် မိသားစု တချို့ငါးစာ ကျွေးနေကြသည်။ ငါးတွေက မနည်းမနော။ အစာကို အလုအယက် တောင်း ကြ၏။ ရွာခေါင်းရင်းတွင် သင်္ချိုင်းရှိသည်။ တချို့က ရွာခေါင်းရင်းမှာ သင်္ချိုင်းရှိသည်ကို သဘောမကျ။

သင်္ချိုင်း၏ ခေါင်းရင်းမှာ အင်းတစ်ခု ရှိသည်။ ဆိုင်ရာမှ ခွင့်ပြု လိုင်စင်ရှိသူ တချို့ အင်းထဲက ငါးများကို ဖမ်းကာ စီးပွားရှာကြသည်။ အင်းကမ်းခြေ တစ်လျှောက်မှာ သူရွှံ့လိုက်ကောက်ဖူးသည်။ ထိုရွှံဖြင့် ကျွဲရုပ်၊ နွားရုပ်လုပ်သည်။ လောက်စာလုံး လုံးသည်။ အများအားဖြင့် သူ့ လောက်စာလုံးများသည် မလုံးဝန်း။ ဘဲဥပုံ၊ ဗိုလ်ချုပ်ခေါင်း အသီးပုံ ဖြစ်နေတတ်သည်။ တချို့က ထိုအသီးကို ဇော်ဂျီခေါင်းသီးဟု ခေါ်တတ်သေးသည်။ ပန်းခြံကန် ရေစပ်စပ်ကို ရှပ်တိုက်ဖြတ်ပြီး ပြေးလာသော လေပြည်က သူ့မျက်နှာပေါ် ဒရောသောပါး တိုးတိုက်သွားသည်။ သူ့စိတ်တွေ အေးကြည်သွား၏။ ငယ်ငယ်တုန်းက ရွာမှာ ဌေးသန်း၊ ကျော်တိုးတို့နှင့် အတူ သင်္ချိုင်းဂူတွေ အပေါ်လောက် စာလုံး ထိုင်လုံးစဉ် အင်းရေပြင်ဘက်ဆီမှ အမြဲလိုပင် လေတဖြူးဖြူး တိုက်နေသည်။ သူတို့ ကလေးများက နေ့ခင်းဘက်ဆို သင်္ချိုင်းကို သိပ်မ ကြောက်။ ကစားစရာနေရာ တစ်ခုအဖြစ် သဘော ထားကြသည်။ သို့ရာတွင် ညရောက်လျှင်တော့ သင်္ချိုင်းဘက်လှည့်ပြီးတောင် အပေါ့မသွားရဲ။

ပန်းခြံရေကန်၏ ဟိုမှာဘက်ဆီတွင် စုံတွဲ များရှိသည်။ လူငယ်စုံတွဲများကြားတွင် အသက် အတော်ကြီးနေသည့် စုံတွဲများကိုလည်း မြင်ရ သည်။ ရွာမှာတုန်းကတော့ ဒေါက်ချာဆောင်း ထားသော အသက်ကြီးကြီးရသေ့များကို မကြာ ခဏ သူမြင်ဖူးသည်။ ဆန်နို့ဆီဘူးတစ်လုံး ဆွမ်း လောင်းသည်။ ၀တ္ထုကပ်လှူတာလည်း ရှိသည်။ ရွာက ထွက်လာပြီးနောက် ဒေါက်ချာဆောင်းရ သေ့များကို သိပ်မမြင်ရတော့။ ယခုကောင်းကင် ကြီး ပြာနေသည်။ လူတွေက ပန်းခြံထဲမှာ အပူ အပင်မရှိသလို ပြောဆိုနေထိုင်လှုပ်ရှားနေကြ သည်။ တစ်ရက်တွင် ဌေးသန်းမျက်နှာက မုတ်ဆိတ် ပျားစွဲထားသလို ပျော်နေခဲ့သည်။ ကျော်တိုး ကတော့ မထုံတက်သေး။ ဌေးသန်း၊ ကျော်တိုးနှင့်သူ သုံးကောင်သား အစီအစဉ် တစ်ခုကို ဆွဲသည်။

ရုတ်တရက် ပန်းခြံကန်ပတ်လမ်းအတိုင်း ပြေးလာသော အဆော့သန်သည့် ကလေးတစ် ယောက် ခလုတ်တိုက်မှောက်လျက် လဲကျသွား ခဲ့သည်။ သူစိတ်အေးလက်အေးကြည့်နေမိသည်။ ကလေး၏နောက်တွင် ကပ်ပါလာသော မိခင်ဖြစ် ဟန်တူသူကကလေးကို ဆွဲထူလိုက်သောကြောင့် ဖြစ်သည်။ ထိုစဉ်က သူတို့သုံးယောက်ထဲမှ တစ်ယောက်သာ ခလုတ်တိုက် လဲမကျခဲ့လျှင် ဂျပန်ခေတ်လက်ကျန် သင်္ချိုင်းပျက်ကြီးထဲ စွဲနေ သော ပျားအုံကိုဖွပ်နိုင်မှာ သေချာသည်။ သို့ရာ တွင်တစ်ယောက်က ခလုတ်တိုက်လဲကျသွားခဲ့ သည်။ လက်ထဲတွင် ကိုင်ထားသော မီးစွဲနေ သည့်သက်ငယ်စကလည်း သင်္ချိုင်းမြေပေါ် ပြုတ်ကျသွားသည်။ မီးစက လျင်လျင်မြန်မြန်ပဲ ခြောက်သွေ့နေသော သင်္ချိုင်းမြေပေါ်မှ အမှိုက် သရိုက်များကို ကူးစက်လောင်စွဲသွား၏။ ဖျတ် ခနဲမြည်သံ ကြားလိုက်ရသည်။ ကင်မရာ မီးပွင့် တစ်ခုက သူ့ကိုလာစဉ်သည်။ ပန်းခြံထဲ ရောက် လာသော ဖော်ရိန်နာနှစ်ယောက် သူ့နားမှာ ဓာတ်ပုံ လာ ရိုက်နေခြင်း ဖြစ်သည်။ ရိုက်ပြီးသား ဓာတ်ပုံ က ကင်မရာကိုယ်ထည်ထဲကနေ အပြင်ကို ချက် ချင်းလျှောထွက်ကျလာ၏။ ပိုလာရိုက် ကင်မရာ အမျိုးအစားဖြစ်မည်။ ဖော်ရိန်နာကင်မရာမင်းက ဓာတ်ပုံကို ဆေးသားတက်လာအောင် နေရောင် တွင် လေးငါးခါလောက် လှုပ်ခါနေသည်။

ကျော်တိုးအစ်ကိုက ကျော်တိုး၏ ပခုံးနှစ် ဖက်ကို လှုပ်ခါရင်း အဝေးကို တွန်းလွှတ်လိုက် သည်။ ကံအလွန်ကောင်းခဲ့သည်။ ဌေးသန်း၊ ကျော်တိုးနှင့် သူ့အိမ်အပါအ၀င် သင်္ချိုင်းနှင့် အနီးဆုံး သုံးလေးအိမ်မှ ၀ိုင်းဝန်းပြီး မီးကိုတိုး တိတ်မြန်ဆန်စွာ ငြှိမ်းသတ်လိုက်နိုင်သည်။ မီးသည် ကစားစရာမဟုတ်မှန်း သူတို့သုံးယောက် ဘ၀တစ်သက်စာသင်ခန်းစာရသွား၏။ ထိုကိစ်္စကို ယနေ့ထိတိုင် တခြားသူတွေ မသိလိုက်ကြ။ ဟိုး တုန်းက လူတွေက နှုတ်လုံသည်။ ဖော်ရိန်နာနှစ် ယောက်က သူ မသိသော လိပ်စာတစ်ခုကို မေး သည်။ သူ ခေါင်းခါပြလိုက်သည်။ ပန်းခြံနေရာ အနှံ့အပြားတွင် ၀တ်ကောင်းစားလှဝတ်ထားသော လူများကို မြင်နေရသည်။ မွေးစဉ်ကတည်းက ၀တ်ကောင်းစားလှများဝတ်ပြီး မွေးလာသလို  တောင် ထင်ရ၏။ ရွာမှ လူအများစုက ဆင်းရဲကြ သည်။ ဌေးသန်း၊ ကျော်တိုးနှင့်သူ ရွာမြောက် ဘက် ကြံစိုက်ခင်းများထဲဝင်ကာ ကြံချောင်းတွေ ခိုးချိုးသည်။

စိုက်ခင်းစောင့်က လိုက်လျှင် ခွေး ပြေးဝက်ပြေး ပြေးကြသည်။ ကြံချောင်းတွေရလာ လျှင် ခုတ်ထစ်ဝေမျှ ယူကြပြီး ပိုပိုလျှံလျှံရ သည့်အခါ ကျော်တိုးက သူ့ညီမတွေကိုပေး သည်။ ဌေးသန်းက သူ့အစ်မတွေကို ပြန်ရောင်း သည်။ သူက အခြားကလေးတစ်ယောက်ဆီမှ ကာတွန်းစာအုပ်နှင့် လဲဖတ်သည်။ အနီးရှိ အရိပ် ကောင်းသည့် နေရာတွင် လူတစ်စုက အောက် အခင်းသန့်သန့်ခင်းပြီး ပါလာသည့် ချိုင့်များ ဖွင့်ကာ ထမင်းစုစားနေကြသည်။ ပန်းခြံထဲပျော်ပွဲ စားထွက်လာကြဟန်တူသည်။ ကြည့်ရသည်က ကြည်နူးစရာကောင်းနေသည်။ ရွာမှာ စွန်စလွှတ် တတ်စ မိုးကောင်းကင်ထက်က စက္ကူစွန်ကို ငေးကြည့်ကာ သူကြည်နူးဖူးသည်။ ထူးထူး ခြားခြားဌေးသန်းနှင့် ကျော်တိုးကတော့ စွန်လွှတ် ၀ါသနာမပါ။ အခုခေတ်လူငယ် အတော်များများ ကတော့ ဂီတကို ၀ါသနာပါကြပုံရသည်။ လူငယ် တချို့ပန်းခြံထဲ ဂစ်တာတွေ ယူလာကြကာ တီး ခတ်သီဆိုနေတာ မြင်ရ၏။ သောက်စားမူးယစ် ခြင်းမှ ကင်းပါရဲ့လားဟု သံသယဖြစ်မိသည်။

ထိုင်နေရာမှ သူ ထရပ်လိုက်ပြီး ပန်းခြံကန် ပတ်လမ်းအတိုင်း လျှောက်လာခဲ့သည်။ ပန်းတွေ က အရောင်ရော အနံ့ပါ စုံနေသည်။ နေရောင် ခြည်ထဲတွင်ကန်ရေပြင်က လက်လက်ထနေ၏။

ရွာမှာ တူတူပုန်းတမ်းကစားစဉ်က ရေ တွင်းပျက်တစ်ခုထဲ သူ လိမ့်ကျခဲ့ဖူးသည်။ အောက်ကိုလှမ်းကြည့်လိုက်တော့ ရေရောင် တလက်လက်က နက်မှောင်သော ရေတွင်းပျက် ထဲတွင် ကွက်ကွက်လေးပေါ်နေသည်။ သူ့အသံ ကို အသားကုန် ဟစ်အော်လိုက် သော်လည်း ဘယ်သူမှရောက်မလာ။ ပန်းခြံကန် ပတ်လမ်း ၀ဲယာတစ်လျှောက် ရွှေ့ပြောင်းစိုက်ပျိုးထားသော အရိပ်ရအပင်ကြီးများအောက်သို့ သူရောက် လာသည်။ သစ်ရွက်တစ်ရွက်က နှေးကွေးစွာ လမ်းလျှောက်နေသော သူ့ပခုံးပေါ်မှ တစ်ဆင့် ကန်ပတ်လမ်းပေါ် နှေးကွေးစွာ လွင့်ကျသွား သည်။ ရေတွင်းပျက်နှုတ်ခမ်းပေါ် ခက်ခဲလေးလံ စွာ သူ ကုတ်ကတ်တက်ရသည်။ ဌေးသန်းနှင့် ကျော်တိုးတို့ သိသွားတော့ မသေကောင်း မပျောက်ကောင်းဟု ပြောသည်။ မသေကောင်း မပျောက်ကောင်းဆိုသော စကားအဓိပ္ပာယ်ကို ထိုစဉ်က သူ နားမလည်။ သူ့အတွက် ထိုစကား က ထူးဆန်းနေခဲ့သည်။ လူဆိုသည်က အထူး အဆန်းဆိုလျှင် စိတ်ဝင်စားတတ်သည့်သတ္တ၀ါ ဖြစ်သည်။ ယခုသူက ထိုလူတွေကို ထူးဆန်းကာ နားမလည်နိုင်အောင် ပြန်ဖြစ်မိသည်။ ပန်းခြံထဲ တွင် ထူးဆန်းသောလူများက ဟိုနားစုစု၊ ဒီနား စုစု။ ရှေ့ဘက်ဆီသို့ သူတစ်ယောက်တည်း ဆက် လျှောက်လာခဲ့၏။

စုံတွဲများ ကျက်စားရာနေရာတစ်ခုကို ကျော်လွန်ဖြတ်သန်းမိသည်။ တချို့မိန်းကလေး တွေ ရည်းစားထားဖို့ သိပ်ငယ်လွန်းသေးသည်။ ဟိုမုန်း ဓာတ်ထကြွမှုက ထိတ်လန့်စရာ။ ကြား ထဲမှာ ရွာကို သူတစ်ခေါက်ပြန်ရောက်ခဲ့သေး သည်။ နှစ်အတန်ကြာခဲ့ပြီးမှ ရွာကို ပထမအကြိမ် ပြန်ရောက်သွားခြင်းလည်း ဖြစ်သည်။ ရွာက ခြုံ နွယ်ပိတ်ပေါင်းများ ထူထပ်နေသည်။ လမ်း အဆုံးတွင် ရွာကိုတော့ တွေ့သည်။ ရွာထိပ်က တရုတ်အတီး၏ ကုန်စုံဆိုင်ကို မတွေ့။ ကျော်တိုး ညီမတစ်ယောက်က ဟိုမုန်းဓာတ်ဖောက်လွဲမှု ကြောင့် စိတ်မနှံ့သလို ဖြစ်နေသည်။ ကျော်တိုးက ဆိုက်ကားနင်းစားသည်။ ဌေးသန်းက မိုးကုတ်မှာ ကျောက်သွားတူးနေရာ ဘာသတင်းမှ မရသဖြင့် ဌေးသန်း အစ်မတွေတငိုငို တရယ်ရယ်။ ရွာမှာ လူဦးရေတစ်ဝက်လောက် လျော့ကျသွားပြီး အလုပ် အကိုင်ရှားပါးနေသည်။ သူ့ကို ရွာကလူတွေ မမှတ်မိကြ။ ရွာကအစစအရာရာ ခေတ်နောက်ကျကျန်ခဲ့ပြီ။ ရွာခံလူအများ စုသည် သူမမြင်ဖူးသည့် မျက်နှာသစ်တွေ။

နည်းနည်းမောသလိုရှိသောကြောင့် ပန်းခြံထဲအသင့် တွေ့ရသော နှစ်ယောက်ထိုင် ခုံတန်းလျားတစ်ခုမှာ သူ ၀င်ထိုင်လိုက်သည်။ ခုံတန်းလျား၏ လွတ်နေသော နေရာတချို့တွင် မင် အမျိုးမျိုးဖြင့် ပေါက်တတ်ကရစာသားများ ရေးသားထားတာတွေ့ရ၏။ အမှတ်တရ ရှိစေချင်သည့်သဘော ဖြစ်မည်။ ရွာက အမှတ်တရနေရာတွေဆီ ကျော်တိုး နှင့်အတူ သွားကြည့်သည်။ တစ်ချိန်က ဗေဒါတွေပြည့်နေသော အင်းကြီးက ရေတွေ ခြောက်ခန်းနေပြီ။ ၀ါးရုံပင်ကြီးများ ဖုံးအုပ်ဝါးမျိုထား သည့် သင်္ချိုင်းက အခုမှတကယ့်ကို ကြောက်စရာ ကောင်းလွန်းသည့်အသွင်။ ယခင်ကြံစိုက်ခင်းများနေရာတွင် မြက်ရိုင်းလွင်ပြင်ကြီးတစ်ခု ရောက်နေသည်။

အသံတစ်ခုကြောင့် သူလှည့်ကြည့်ဖြစ်သွားသည်။ လက်ဆွဲဈေးသည် ချာတိတ်လေးတစ်ယောက်။ ပန်းခြံထဲတွင် ထိုချာတိတ်လေးတွေကို အလွယ် တကူတွေ့နိုင်သည်။ ချာတိတ်က ပါလာသောပစ္စည်းတွေ တစ်ခုချင်းထုတ်ပြ ကာ အသည်းအသန်ဈေးလာရောင်းသည်။ ရေသန့်တစ်ဘူးဝယ်လိုက်၏။ ထို့နောက်ရွာကနေ တိတ်တိတ်လေး သူထွက်ခွာလာခဲ့သည်။ ရွာနှင့်နောက်ထပ် နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရပြန်သည်။ မိသားစုစားဝတ်နေရေးထဲ လုံးပန်း ရင်း အသက်တွေ ကြီးရင့်လာခဲ့သည်။ တစ်ရက်မှာ ထူးဆန်းသောသတင်း တစ်ပုဒ်ကို သူ ဖတ်လိုက်ရ၏။ ထိုသတင်းကြောင့် ရွာကိုမေ့လျော့နေရာမှ  သူသတိပြန်လည်ကာလာသည်။ စောစောက ၀ယ်လိုက်သော ရေသန့်ဘူးထဲမှ ရေအနည်းငယ်ကို သူ ဖွင့်ဖောက် မော့သောက်ပစ်လိုက်သည်။

အတော်ကလေး အမောပြေသွားတော့ လမ်းဆက်လျှောက်ရန် သူပြင်ဆင်သည်။ ပန်းခြံကန်ပတ် လမ်းမှ ခွဲထွက်သွားသော လမ်းဆုံတစ်ခုကို လှမ်းမြင်နေရ၏။ လမ်းညွှန်ဆိုင်း ဘုတ်တစ်ခု စိုက်ထူထားတာကိုလည်း တွေ့သည်။ ရှားပါးသော လူမျိုး နွယ်တစ်စုကို တွေ့ရှိခြင်း။ သတင်းကို ဖတ်ရင်း သူ ပြာဝေသွားသည်။သတင်းအရ ရှားပါးသော လူမျိုးနွယ်စု၏ တည်နေရာသည် သူငယ်စဉ်က နေထိုင်ဖူးခဲ့သည့်ရွာ။ သတင်းဓာတ်ပုံထဲတွင် ရှားပါးလူမျိုးနွယ်စုထဲ အချို့ကို ဓာတ်ပုံမှတ်တမ်းဖော်ပြထားသည်။ အပေါ်ပိုင်းအ၀တ်ဗလာ အောက်ပိုင်း မှာတော့ သစ်ခက်အနည်းငယ် ဖုံးကွယ်ထားသော လူသုံးယောက်။ အသက် ကြီးကြီးတစ်ယောက်၏ မျက်နှာက ကျော်တိုးနှင့် ဆင်တူသယောင်ယောင်။ သူ သတင်းကို အလောတကြီးဆက်ဖတ်သည်။ ယခုအခါ ယင်းတို့တည်ရှိရာ အား အများပြည်သူနှင့် နိုင်ငံရပ်ခြား ခရီးသွားများ အပန်းဖြေလေ့လာနိုင် စေရန် အဆင့်မြင့်ပန်းခြံပြုလုပ်ကာ ကြွင်းကျန်သော ရှားပါးလူမျိုးနွယ်စုများ အား ပြတိုက်တစ်ခုတည်ဆောက်၍ ပုံမပျက် ဆက်လက်ရှင်သန် နေထိုင်စေမှာ ဖြစ်ကြောင်း ရေးသားထားသည်။ သူ လမ်းညွှန်ဆိုင်းဘုတ်ကို မော့ကြည့် လိုက်သည်။ လမ်းညွှန်ဆိုင်းဘုတ်ထဲမှ ပြတိုက်သို့ သွားရာလမ်းကို မှတ်သား ပြီး ဆက်လျှောက်လာသည်။ မကြာခင်မှာပဲ ပြတိုက်သို့သွားရာ လမ်းပေါ်ကို သူ ခြေချမိသွား၏။ သူရှေ့တွင် ပြတိုက်ဆီသို့ ခရီးနှင်နေကြသော လူအုပ်ကြီး က တဖွဲဖွဲ။               



လွန်းဆက်နိုးမြတ်
(Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)

Sunday, April 28, 2013

နံနက်စောစောရယ်မောခြင်း


ချစ်တော့မယ့်ဆဲဆဲ
ဒီတစ်ည
မိုးလင်းရပြန်ပြီ ။

ကြားခဲ့ဘူရဲ့
“ လူ့ဘ၀ကလေးဟာ ရေပွက်ပမာ
ယာယီမှတ်ပုံတင်တံဆိပ်
အပ်ဖျားပေါ်က မုံညင်းစေ ..... တဲ့ ”
လေ့လာစရာမများလွန်းဘူးလား ။

“ သတိရခြင်းဟာ .....
... ရှိသင့်တာထက် ပိုတဲ့ အရှုပ်အတွေးတွေ ... တဲ့ ”
အလိုမတူဘဲ
ဒီစကားကို လက်ခံရရှိလိုက်တာဟာ
ဘုရားအလောင်းနဲ့သိကျွမ်းပြီး
ခုနှစ်ရက်စောသေသွားတဲ့ “ အာဠာရ ” လို
နာတယ် ။

အလွမ်း ၊ အဆွေး
အလိုရမ္မက်
ဒီတေးကို သေသေချာချာ ဆိုဘူးသလားမေးရင်
ဖွပ်ဥအဆိမ့်ဆုံးလို့သာ ဖြေလိုက်ချင်တယ် ။

မိုးကောင်ကင်ရဲ့ အစကို မရှာချင်သူရဲ့ ဒုက္ခ
ခု ရနေတယ် ။

သမုတိနယ်က သစ္စာတရားကို မတွေ့ရသေးသမျှ
အနာဂတ်ကို မီးမလောင်စေချင်ဘူး
ဘ၀မှာ
( ဖြစ်နိုင်မယ်ဆိုရင် )
အမေ့ဝမ်းထဲကနေ
ကိုယ့်နံမည် ကိုယ်ခေါ်ပြီး ထွက်လာချင်တယ် ။ ။

ဝင်းမောင်
သရဖူ ၊ စက်တင်ဘာ ၊ ၁၉၉၇

ပန်း နှင့် ပိတုန်း



မြေကကျွေး၍
ပန်းမွှေးနှင်းဆီ မြင့်လေပြီ ။

ရေကပေး၍
ပန်းမွှေးနှင်းဆီ တင့်လေပြီ ။

နေကထွေး၍
ပန်းမွှေးနှင်းဆီ ပွင့်လေပြီ ။

လေကသွေး၍
ပန်းမွှေးနှင်းဆီ စွင့်လေပြီ ။

တဒွီဒွီ မြည်
ဘယ်ဆီကလဲ ပိတုန်းဝဲလာ
မွှေးကဲချိုကြည် ပန်းနှင်းဆီကို
ဝတ်ရည် စုပ်ယူမတဲ့လေ ။

အံ့မောင်
၁၉၉၂ ၊ ၁၀ ၊ ၂၆
ရန်ကုန်

ခံစားမှု အဟောင်းလေးများ

နင့်ကို
မြင်ရင်
မမှတ်မိသလို
လုပ်မိတာကို
အပြစ်မဆိုပါနဲ့ ။

လူခြေတိတ်
အိပ်ရာဝင်ခါမှ
ခိုးဖတ်တဲ့ အရသာ
( နင့်ကို )
ငါ
အခုထိ
ရှက်နေတုန်းပါ
ကဗျာဟောင်းလေးရာ ။

ဘိုဟန်

မိုးကာလ

ရှန်ပိန်အရက်ကို ပုလင်းထဲ တစ်ဝက်ချန်ထားရမှာ
ဟဲမင်းဝေး သိပ်မုန်းဆိုပဲ ။
မိုးကလည်း စွေလိုက်တာနော်
အိတ်အိပ်ထဲ တစ်စက်မှရေမ၀င်ဘူး
စတိုင်ကျကျ ဂိုက်ပေးစရာဆိုလို့ကလည်း
သွားကြားထဲ တုတ်ချောင်းနဲ့ထိုးပြီး
လမ်းလျှောက်ပြတာကလွဲလို့ ဘာမျှမရှိ ။
မရယ်ရတဲ့ ပျက်လုံးဟာ ရယ်စရာအကောင်းဆုံးပဲ ။

လင်းတတွေ ကွယ်ပျောက်သွားချိန်မှာ
ပလပ်စတစ်ကောက်သူတွေ ပေါ်လာတာ
ကျေးဇူးတင်စရာပဲ ။

ရာသီဥတုကလည်း အမြဲတမ်း တုန်တုန်ချိချိရယ်
သင်္ဂဇာဆရာတော် အမိန့်ရှိသလိုပ
ညောင်တုန်းက မောင်အုန်းလို
တရားထူး နဲ့ အဖျားရှူးသွားတတ်တယ် ။

နိုဘယ်ဆုရတာနဲ့ မီးကွင်းထဲ ကျွမ်းထိုးပြတာ
မတူဘူးပေါ့လေ ။
ကျွနုပ်သည်ကား
မပိုင်ဆိုင်ဖူးသေးတဲ့ သရဖူကို
ကာကွယ်နေသူ ဖြစ်ချေ၏ ။

ပိုင်စိုးဝေ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၀၁

ဝမ်းနည်းပက်လက် မြို့

အဲဒီမြို့မှာ
ဘယ်ဘုရားအရင် ဦးချရမှန်း
မသိသူတွေ နေကြတယ် ။

အဲဒီမြို့မှာ
ခွေးဆိုးတောတိုးဘဝ
ရောက်နေသူတွေ နေကြတယ် ။

အဲဒီမြို့မှာ
လယ်သမားတွေ
လယ်ပျောက်ရှာ နေကြတယ် ။

အဲဒီမြို့မှာ
ကိုယ့်အိမ်မှာနေရင်း
ကျူးကျော်မှုနဲ့ အရေးယူခံနေရတယ် ။

အဲဒီမြို့မှာ
လယ်သမားတွေရဲ့
နံရိုးနဲ့ခင်းထားတဲ့
တံတားတွေရှိတယ် ။

အဲဒီမြို့မှာ
တောသူတောင်သားတွေရဲ့
အဆီနဲ့ထွန်းထားတဲ့
မီးတွေ ထိန်ထိန်လင်းနေတယ် ။

အဲဒီမြို့မှာ
ရွာသားကျောမွဲတွေနဲ့
ခင်းထားတဲ့
လမ်းမကြီးတွေရှိတယ် ။

အဲဒီမြို့မှာ
ဓားပြကြီးတွေရဲ့
ဆင်စွယ်ရဲတိုက်ကြီးတွေ ရှိတယ် ။

အဲဒီမြို့မှာ
သူခိုးတွေရဲ့
ဘဏ္ဍာတွေ
မြှုပ်ထားတဲ့
သိုက်နန်းတွေရှိတယ် ။

အဲဒီမြို့မှာ
ငိုရှိုက်သံတွေနဲ့
ယက်လုပ်ထားတဲ့
သီချင်းတွေကြားမှာ
ကခုန်သူတွေရှိတယ် ။

အဲဒီမြို့မှာ
မုဆိုးမမျက်ရည်တွေနဲ့
တည်ဆောက်ထားတဲ့
အလှပြ ရေပန်းတွေရှိတယ် ။

အဲဒီမြို့
တောတွင်းဥပဒေလွှမ်းမိုးတဲ့
ခေတ်မီ တိရစ္ဆာရုံကြီးရှိတယ် ။

အဲဒီမြို့မှာ
ခြင်္သေ့ယောင်ဆောင်တဲ့
မြေခွေးတွေ မင်းမူနေသတဲ့ ။

အဲဒီမြို့မှာ ......
အဲဒီမြို့မှာ ......
အဲဒီမြို့မှာ ......

သားကြီးမောင်ဇေယျ

သေတွင်း

ငါတို့ဟာ
သေတွင်းထဲမှာ
မွေးခဲ့ရ ။

ငါတို့ဟာ
သေတွင်းထဲကရွံ့နဲ့
အိုးပုတ် ၊ ဂျိုးရုပ်
လုပ်ခဲ့ရ ။

ငါတို့ဟာ
သေတွင်းနံရံ
မှန်လိုကြည့်ခဲ့ရ ။

ငါတို့ဟာ .....
သေတွင်းထဲကကြွက်
မကျက်တကျက်စားခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းထဲကမျက်နှာ
ဥပေက္ခာပြုခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းထဲက လက်တစ်ဖက်
ဆုပ်လျက်ပြုတ်ထွက်ခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းထဲကခရီး
မငြီးစတမ်းသွားခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းဝက
တမ်ပြေးတစ်အုပ်
ငုတ်တုတ်ငေးခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းထဲမှာ
ဘယ်လိုနည်းနဲ့မှ
မသေခဲ့ကြ ။ ။

သားကြီးမောင်ဇေယျ

ခင်ဗျားတို့ သေနတ်သံ တစ်ချက်ကြားလိုက်မိသေးလား

ရာသီစာ ကဗျာဆရာဟာ သေနတ်သံ တစ်ချက်မကြားရပဲ
သေဆုံးသွားပါသည် ။

ကဗျာဆရာရဲ့ နံဘေးနားတွင် ရှက်ရွံ့ထိတ်လန့်စွာ အနေအထားဖြင့်
သေဆုံးနေရှာသော ဘုန်းတော်ဘွဲ့ ကဗျာတစ်ပုဒ်တွေ့ ရပါသည် ။

သွေးစွန်းနေသော နံရံတွင်
“ နှောင်းလူတွေ ရဲ့ အနာဂတ်ကို ငါ မျက်နှာ ဘယ်လိုပြမလဲ ၊
ဒါကြောင့် ငါဟာ ကဗျာဆရာ ကို သတ်ပစ်လိုက်တယ် ”
ဆိုတဲ့ စာတစ်ကြောင်း သွေးနဲ့ ရေးသားထားပါသည် ။

ထိုကြောင့် ကဗျာတစ်ပုဒ် က ကဗျာဆရာ ကို သတ်ပစ်လိုက်ကြောင်း ......... ။
  
ဘိုဟန်

လတ်တလောမေးခွန်း

လက်ရှိအခြေအနေမှာ
ကမ္ဘာကြီးကလည်း အရွေ့တစ်ခုကို သွားနေသလို
မြန်မာနည်းကလည်း အတွေ့တစ်ခုကို သွားနေတယ်

ဒီမိုကရေစီဆိုတာ ဘာလဲ
အဓိပ္ပါယ်သတ်မှတ်ချက်တွေ မထွန်းကားခင်
ဆိုင်းဘုတ်တွေက ထိုးထိုးထောင်ထောင်
ဘာကိုယောင်လို့ ဘာကိုဆောင်ရမှာလဲ
အမောင်လူသား မျောက်လား
ဘင်သံကြားတာနဲ့ “ က ” ချင်ပြီလား ။

တကယ့်အရင်းအမြစ်ဟာ
တွင်းထွက်ပစ္စည်းလား ၊ လူအရည်အသွေးလား
မာန်လား ဥာဏ်လား
မာန် နဲ့ ဥာဏ်ကို စရနယ်ခြင်းလား
ခွဲခြား ခွဲခြား ၊ ကွဲပြားအောင်လည်း လုပ်ရမယ်

လူဘ၀ဆိုတာ
မြင်ရုံနဲ့လည်း မပြီးသင့်ဘူး
ထင်ရုံနဲ့လည်း မငြီးသင့်ဘူး
အနည်းဆုံး
အတွေ့အကြုံကနေ အတွေးအကြံလောက်တော့
ဖြစ်သင့်တာပေါ့

ပြောပြောပြီးပြီး မေ့မေ့ပျောက်ပျောက် မဖြစ်ချင်လို့
လွမ်းလောက်စရာတွေကို ချဲ့ကားမိတော့လည်း တစ်ပြစ်
ငါတို့မက်ခဲ့တဲ့ အိပ်မက်တွေဟာ
အနာဂတ်ကို ပြန်သွားနေတာရော ဟုတ်ရဲ့လား ။ ။

မိုးဦးဆွေညိန်း

နောက်တစ်ခါ ဒီပုံစံမျိုးနဲ့မလာဘူး




လမ်းဘေးမှာ အလွယ်တကူဝယ်ယူနိုင်တဲ့
အညံစားလူသုံးကုန်ပစ္စည်းတွေ ပေါပြည့်
ကိုင်းညွှတ်ရိုကျိုးမှုတွေလည်း နဂိုအတိုင်း
အကာလ နဲ့ ညီညွှတ်အဆင်ပြေနေကြတယ်
နောက်တစ်ခါ ဒီပုံမျိုးနဲ့မလာဘူး ။

နုပျိုလတ်ဆတ် ၀ိညာဉ်တချို့ဝေးလွှင့်
တိမ်မည်းတွေကြား လရောင်နစ်နေသလိုပါပဲ
နောက်တစ်ခါ ဒီပုံမျိုးနဲ့လာဘူး ။

ရွှေရောင်းနေတာပါ
ဟင်းသီးဟင်းရွက်လို အဆစ်တောင်းခံနေရ
ထုံးစံတွေ ဘယ်တော့ဟောင်းမှာလဲ
မြောင်းထဲပစ်ချသင့်တာ ကြာပြီ
နောက်တစ်ခါ ဒီပုံမျိးနဲ့မလာဘူး ။

နည်းနည်းစောတာနဲ့ နည်းနည်းနောက်ကျတာရဲ့ကြားမှာ
တိကျမှုရှိတယ် ။ ဒါပေမယ့် အမြဲလွဲတယ်
နောက်တစ်ခါ ဒီပုံမျိးနဲ့မလာဘူး ။

ဆန်းကျယ်စွကောင်းကင်ရယ်
ပန်းချီဆရာ ဆေးသွင်းတော်တယ်
အာရုံခံကြည့်တာနဲ့ ကွက်တိပဲ
နှစ်နှံစပ်လုံချည် ထည်လဲဝတ်တာဆိုးတယ်
နောက်တစ်ခါ ဒီပုံမျိးနဲ့မလာဘူး ။

ခပ်ရမ်းရမ်းနူးညံပြချင်တဲ့ဒီဇိုင်း
ငုတ်ကောင်ဖြစ်နေတာကောင်းမယ်
နောက်တစ်ခါ ဒီပုံမျိးနဲ့မလာဘူး ။

မိုးဦးဆွေညိန်း

လှောင်ပုတ်နေတဲ့ ရယ်သံတွေ

ကြားလား ....
ကြားလား .........
ကြားကျရဲ့လား ........
အချင်းချင်း စကားများမနေနဲ့
နားထောင်တတ်ကြစမ်းပါ
ဝံပုလွေတွေ အစာစားပြီး
တောထဲဝင် စားမြုပ်နေတဲ့
အသံတွေ )))))))))))))((((((((((((((((((( ..........................................
  
ဘိုဟန်

နားကန်းကြီး


ကမ္ဘာလောကကြီးထံက
အသံတွေ တစ်လုံးမှ
သူ ဆီလာမမှန်ပါဘူးတဲ့
နားကန်းကြီးနဲ့ တွေ့တဲ့နေ့က
ခြေဟန်လက်ဟန်နဲ့ပြောပြတယ် ။

ဒါကြောင့်
သူ
အဖြစ် / အပျက် တွေကို
တစ်လုံးမှ မကြားမိတဲ့ အကြောင်း ။

နောင်ဘ၀ဆိုတာ ရှိခဲ့ရင်
“ မျက်လုံးနှစ်လုံး စုံလုံးကန်းသူဖြစ်ရပါလို၏ ” တဲ့
ဘုရားရှေ့မှောက်မှာ
မျက်လုံးတွေ ကို ထိုးဖောက်ပြီး
လက်အုပ်ချီလိုက်တယ် ။

အဲဒီအချိန်မှ
စပြီး ...
နားကန်းကြီး မှာ
ရန်သူလည်း မရှိ / မိတ်ဆွေကိုလည်း မသိတော့ဘူး ။

ဘိုဟန်

မင်း နဲ့ ငါ


ပျင်းရိနေစဉ်မှာ
မင်းကိုသတိရမိတယ်
ပျော်ရွှင်ရယ်မောမိတော့
အဲဒီရယ်ရွှင်ဖွယ်မင်းကို
ပြောပြချင်မိပေါ့
ခုတော့ငါငြိမ်သက်နေရဲ့
မင်းရော
အေးအေးလူလူပဲမဟုတ်လားကွဲ့ ။ ။

နေမျိုး
၂၀၀၅ . ၃ . ၎
( ထရပ်ကားပေါ်က သစ်သီးတွေ ) မှ

လူ့ဘ၀ရဲ့အရသာ

မီးဖိုခန်းမှောင်မှောင်ထဲမှာ
အဘွားအိုတစ်ယောက်
နို့ဆီဘူးခွံကို
ရေကျင်းပြီးသောက်နေရဲ့ ။ ။

နေမျိုး
၂၀၀၅ . ၃ . ၎
( ထရပ်ကားပေါ်က သစ်သီးတွေ ) မှ

ရန်ကုန် ( ၂ )



လမ်းတွေက
ကောက်ကွေ့လှချည်ရဲ့
အို ..... ရန်ကုန်တဲ့ ...... ။
ထမင်းအိုး တူးရတာ
မိုးလင်းမိုးချုပ်
မိသားစု စားရင်းမချုပ်နိုင် ..... ။

သြော် မိအေးရယ်
ခုတော့ ညည်းအသွေးအသား
ခါးလှချည်ရဲ့ ......... ။

လင်းဝေမြိုင်ရဲ့ တောဝတ္တုထဲကလို
ငါတို့ ရွာမှ ပြန်ရောက်ပါမလား ........ ။

စဉ်းစားစဉ်းစား
စဉ်းစားရင်း ချာချာလည်
CITY OF JOY ဟာ
ငါတို့ရဲ့ ဘ၀သရုပ်ဖော် ဇာတ်ကောင်တွေလား ...... ။

နေ့ဟာ
ညရဲ့ ခြိမ်းခြောက်မှုကိုခံရ
ငါတို့ ထမင်းအိုးတွေ နက်တုန်း ...... ။ ။

အောင်ဘညို
ချယ်ရီမဂ္ဂဇင်း ၊ သြဂုတ်လ ၊ ၂၀၀၇
၅၀ / ၅၀ မှ

ရန်ကုန်

ရန်ကုန်ဆိုတာ
ငါတို့ရင်ခုန်တပ်မက်တဲ့ အရပ်ပါပဲ ..... ။
ငါ့မှာ
တည်ရမယ့် ကတိတွေနဲ့
ဆောက်ရမယ့် ဘ၀တွေ နဲ့
ကူးဖြတ်ရမယ့် သံသရာတွေနဲ့ ........ ။
ရန်တွေ
တကယ်ပဲ ကုန်ချင်ပါတယ် ....... ။

အောင်ဘညို
ဗြူးတီးမဂ္ဂဇင်း ၊ ဇူလိုင်လ ၊ ၂၀၀၆
၅၀ / ၅၀ မှ

မနူဟာ

သမိုင်းများဟာ
ရွေ့လျားနေဆဲ
အို ... ရုတ်တရက်
မနူဟာ ဘုရားဘက်ရောက်ခဲ့တယ် ....
အနိုင်အရှုံးဆိုတာ
သတ်မှတ်သူရဲ့ အတ္တစွဲလား .....

မနူဟာဘုရားဟာ
စစ်ရှုံးသူရဲ့ သင်္ကေတလား
သံဝေဂတရား ပွားများနေဆဲ .....

အကုသိုလ်စိတ် ၊ ငယ်ထိပ်ကိုတက်
အတိတ်တွေလား
နှင်းမှုန်ကြားမှာ မနူဟာဘုရားက ပြန်ခဲ့တယ်

အောင်ဘညို
(ကာတွန်း ဘီညို တို့မိသားစုသို့ အမှတ်တရ )
ဗြူးတီးမဂ္ဂဇင်း ၊ ဇွန်လ ၊ ၂၀၁၀
၅၀ / ၅၀ မှ

တို့အိမ် ဘယ်လို ဆောက်မလဲ


မုန်တိုင်းတွေ တိုက်နေတယ်
အင်္ဂတေ သွေးနဲ့နယ်ပြီး
ကျောင်းအုတ်ကြီးတွေနဲ့ ဆောက်
မြင့်မောက်တဲ့ တိုက်ကြီးတချို့ ပြို
ရွှေလို လက်လက်ဝင်း
တိုက်တချို့လည်း ပျက်ယွင်းလို့
အန္တရာယ် မကင်းတော့
အဆင်းသစ် အိမ်တချို့
သစ်သား ညို့ညို့ အုတ်နီနီ
ဝါးကပ်နဲ့ သီတာတွေလဲ တွေ့ရဲ့
လေမွှေ တဲ့ ဒဏ်
ဘယ်လောက် ခံမလဲ
ဖောက်ပြန် ဥတု
လေရူးလုတဲ့
ခု အချိန်မှာ
ငါတို့ အိမ်ကို
တင့်ငြိမ်လှပ
ဘယ်လိုများ ဆောက်ကြမလဲ
ကွယ် ....... ဘယ်လိုများ ဆောက်ကြမလဲ ။

အံ့မောင်
၁၉၉၄ ၊ ၁၀ ၊ ၂၃
မုံရွာ

အညာသား ကြိမ်းဝါးသံ


အညာသားတွေ ပြောကြတယ်
ဟေ့ အောက်ကလူ
မုန့်ဖက်ထုပ် မည်းတူတူကို
အညာလူ ကျောကုန်းလို့
လှောင်ပြုံး နှင့် မင်းရို့ခေါ်ကြ
ကြည့်နေကြဟေ့
ကြာလှ နှစ်တစ်ရာ
တို့ အညာက ညိုညိုလူ
အသားဖြူလာတော့မကွဲ့ ..... တဲ့ ။

အံ့မောင်
၁၉၉၄ ၊ ၁၁ ၊ ၁၄
မုံရွာ

တစ်ခဲနက် ********

ပျံသန်းခြင်း နဲ့ စိမ်းလန်းခြင်းရဲ့
အသက် .........................
အမွှေးအတောင်မရှိတော့တဲ့ ငှက်တွေက
သစ်ရွက်တစ်ရွက်မှ မရှိတော့တဲ့ သစ်ပင်မှာ
ဆက်နားနေတယ် ။ ။

မင်းထင်ကိုကိုကြီး

** မြစ်ကြီး နဲ့ ခေတ်မီး **



ဘာမဆိုရောင်းကုန် ဖြစ်နိုင်တဲ့ အနေအထားမှာ
ယုံကြည်စိတ်ချရတဲ့ သတင်းရပ်ကွက်ဟာ
ဘယ်လောက်ထိ အာမခံနိုင်မလဲ

လိုရင်လိုသလိုပြန့်ကား
မလိုရင်မလိုသလိုသေးကျုံ့
အဲသလို ရွဲ့စောင်းမှုနဲ့ကျွန်ုပ်တို့
မိုးချုပ်ပေါင်းများလှပြီ

ရလိုက်တာတွေဟာ
အလုပ်ရှုပ်စရာလား ၊ အရှုပ်လုပ်စရာလား
ငါတို့တွေတော့ပျာယာခတ်နေရဦးမယ်

ဆင်လည်းဆင်အလျောက် ၊ ခြင်လည်းခြင်အလျောက်
ပေါက်တဲ့နဖူး မထူးပါဘူးကွာဆိုတာတွေလည်း ထုနဲ့ထည်နဲ့
အတူတူပါပဲလား

ကွေ့ကောက်တတ်တဲ့သဘာဝကိုလွန်ဆန်ပြီး
ဖြောင့်တန်းစွာဆန်တက်ချင်တဲ့
ငါ့ရဲ့ခြေလှမ်းတွေကတော့
ဘယ်တော့မဆို အသင့်အနေအထား ။ ။

မိုးဦးဆွေညိမ်း

** ဖွားဘက်တော် **

ယာယီရှုံးနိမ့်သွားတဲ့
အမှန်တရားဟာ
ယုတ်ညံတဲ့ အောင်ပွဲထက်
စွမ်းအားပိုရှိပါတယ် ။
( မာတင်လူသာကင်း )

အမှန်တရားဟာ
မသွေးပဲထက်ရှနေတဲ့ဓါး ....... ။

မထွန်းပဲ တောက်ပနေတဲ့
အလင်းရောင် ............. ။

ပစ်မှတ်ဗဟိုကို
ဦးတည်နေတဲ့ မြား ......... ။

ကာလကို စောင့်လျှောက်နေတဲ့
နဂါး ............. ။

အမှန်တရားဟာ
ယဉ်ကျေးသိမ်မွေ့စွာ
ဥာဏ်ပညာ နဲ့ အတူတကွနေထိုင်တယ် ။ ။

အောင်ဘညို

** ပေ **

ဗုံလည်း မဟုတ်
ပတ်လည်း မဟုတ် ရပါဘူးဆိုတာတောင်
ငါ့ကိုမှ အားရပါးရတီးနေလိုက်ကြတာ
ကျွန်တော့် အရေပြားတွေဟာ
အမာရွတ်တွေနဲ့ကျက်ထားပြီးသား
ခင်ဗျားတို့ လက်တွေနာမှာကိုတော့
နဲနဲ ..... အခင်းထားပါဦး ။
 
ဘိုဟန်

** နားလည်မှု **



ငါပြောတာမင်းယုံဖို့မလိုပါ
မင်းပြောတာလည်းငါမယုံပါ
ငါတို့ခင်မင်နေကြမြဲသာ ။ ။

နေမျိုး
၂၀၀၅ . ၁၀ . ၁၉
ထရပ်ကားပေါ်က သစ်သီးတွေ မှ

လွဲချော်သူ

အေးအေးလူလူ
နေချင်လို့
ဆောင်းဆိုပြီး
သောက်လိုက်တာ
နွေရောက်မှ
နိုးတယ် ။

မိုးဟာ ချိုသလား
ခါးမလား မသိတော့ ။
  
ဘိုဟန်

** သာယာမည် **



ကျုပ်တို့မှာ မိုးလိုလိုက်တာ
မိုးမရွာလို့ နှမ်း မကြဲနိုင်
မိုးမရွာလို့ ပျိုးမထောင်နိုင်
လူတွေလဲ မှိုင်လှ ငိုင်လှပြီ
တစ်ရာရှစ် တစ်ရာ့ကိုး
အပူဒဏ် ဆိုးလွန်းလို့
ကိုးကွယ်ရာ မဲ့
အနေနဲ့လှချည့်
သေတဲ့လူတောင် သေ
သည်အခြေအနေမှာ
ရေဒီယို လေလှိုင်းက
“ ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် သာယာမည် ”
အဲသည်လို မိုးသတင်း ဆိုတော့
ဟိုး အထက်အညာ
မန္တလေး မုံရွာ မြင်းခြံ တစ်ဝိုက်
ဖာရင်ဟိုက် တစ်ရာ့ရှစ်
ချစ်ချစ်တောက်ပူ
လူတစ်ကိုယ်လုံး အရည်ပျော်
နွေ အနုမြူဗုံးကြီး အော်တဲ့
ထိပ်ဇော် ဥတုဆိုး
သည်ရာသီမျိုးကို
မိုးမရွာ “ သာယာ ” သတဲ့ဗျာ ။

အံ့ မောင်
၁၉၈၆ ၊ ၆ ၊ ၅
မုံရွာ

** လိုချင်တဲ့ ကမ္ဘာ **

ဖြူစင်သန့်ရှင်းတဲ့
ချစ်ခြင်းမတ္တောတရားအပေါ်
ကျွန်တော်တို့ ယုံကြည်ကြရမယ် ။

စာနာထောက်ထားတဲ့
ကရုဏာတရားကို
ကျွန်တော်တို့ လေးစားလိုက်နာကြရမယ် ။

ဗြဟ္မစိုတရားအားလုံး
လူသားဝိညာဉ်တွေအပေါ်
စွတ်စိုဖုံးလွှမ်း ပျံ့နှံ့ပြီးတော့
စစ်ပွဲဆိုတာ မရှိ
ငတ်မွတ်ခေါင်းပါခြင်းလည်း ကင်း
ငြိမ်းချမ်းသာယာပြီး ရောင်စုံပန်းတွေပွင့်
အချစ်များစွာနဲ့ ဟောသည်ကမ္ဘာကြီးကို
ကျွန်တော်တို့ တည်ဆောက်ကြရမယ် ။

လူတိုင်းရဲ့ဘ၀ဟာ
သာယာလှပတဲ့ ရှုမျှော်ခင်းပန်းချီကားတစ်ချပ်လို
ငြိမ်သက်အေးချမ်းပြီးတော့
ထာဝရ စိမ်းစိုလန်းဆန်း ။

ပင်လယ်ပြင်ဟာ
သဘာဝအတိုင်း ငြိမ်သက်
တစ်ခါတစ်ခါ သဘာဝအတိုင်း လှိုင်းထန်
သစ်ပင်တွေကလည်း
လေကောင်းလေသန့်ကို ရှုရှိုက်ရလို့မို့
ရှင်သန် ဖွံ့ထွားဝေစည်
အာဃာတနဲ့ အဘိဇ္ဖာတရားတွေ ကင်းရှင်း
လူသားအချင်းချင်း ချစ်ကြည်ရင်းနှီးပြီးတော့
စိတ်ထားမွန်မြတ် သန့်ရှင်းကြ
ဒုက္ခဆိုတဲ့ စကားလုံးမရှိ
အမုန်းဆိုတဲ့ စကားလုံး မရှိ
မာနလည်းမရှိ ပျော်ရွှင်ချမ်းမြေ့စွာ
ကမ္ဘာကြီးငြိမ်းချမ်း ၊ အနှောင်အဖွဲ့ ကင်း
လွတ်လပ်ခြင်းအပြည့်နဲ့
မြက်ခင်းပြင်တွေပေါ် ကခုန်သီချင်းဆို
အဲသည်လို ကမ္ဘာကြီးမျိုးကို
ကျွန်တော်တို့ တည်ဆောက်ကြရမယ် ။

ကလေးလေးတွေ ပျော်ရွှင်
အဟာရပြည့်ဝ လွတ်လပ်စွာ ပညာသင်
သူတို့အတွက် သီးသန့်ပန်းဥယျာဉ်တွေနဲ့ ။

အမျိုးသမီးတိုင်းဟာ
ချောမောလှပ သဘောကျစရာ
အကျည်းတန်သူ တစ်ယောက်မျှမရှိ
ပြီးတော့ လူတိုင်းအတွက် ဆေးဝါးအလျှံပယ်
အို …….. ရောဂါဘယဆိုတာတောင် မရှိတော့လို့မို့
ဆေးဝါးဆိုတာ အပိုပစ္စည်းသက်သက်ပဲပေါ့ ။

ပန်းချီဆရာတွေ ပေါများကြွယ်ဝ
အနုပညာဘာသာရပ်ကို
ကျောင်းတိုင်းမှာ သင်ကြားပို့ချ
ကဗျာဆရာတွေကလည်း
စကားလုံးတွေအများကြီးကို ပိုင်ဆိုင်
အလှတရားကို လူတိုင်း ခံစားနိုင် ။
သစ်ပင်တွေရဲ့ထိပ်ဖျားက
လယ်ကွင်းပြင်တွေပေါ် ဖြတ်တိုက်သွားတဲ့လေဟာ
အိမ်ခေါင်မိုးတွေပေါ်က တစ်ဆင့်
ကောင်းကင်ဘုံကို အရောက်သွားရာ
လမ်းပြပေးတဲ့ တေးသွားတစ်ပုဒ်ပေါ့ ။

အဲသလိုမျိုး
အဲသည်လို ကမ္ဘာကြီးမျိုး ။ ။

စံပါယ်ဖြူမဂ္ဂဇင်း
စက်တင်ဘာ ၊ ၁၉၈၇

** အလွမ်းမပါတဲ့ပြဇာတ် ** ********************* သစ္စာနီ

ကိုယ်လိမ်းပေါင်ဒါကအစ
အာကာသခရီးအထိ
ကြေညာမှ လူသိတယ်
“ မင်းကို ငါချစ်တယ် ”
ဒီမောင်းသံကြား
ပန်းများပွင့်စေသတည်း။

ဟို … လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတော့
သူကလေးရဲ့ ငနဲလည်းဖြစ်ချင်
(သိပ်ကို သေသေချာချာ ဖြစ်ချင်ခဲ့တယ်)
နောက်တော့
ပဉ္စရူပ တကောင်လည်းဖြစ်ချင်
အခုတော့ …

သူတို့ပါးစပ်တွေထဲက ထွေးထုတ်လောက်အောင်
ခပ်ချဉ်ချဉ် စပျစ်သီးတလုံးသာ ဖြစ်ချင်သူ
ကိုယ့်အတွက် လက်ဖက်ရည်ခွက်အရောက်မှာ
ရုတ်တရက် မလိုင်ကုန်သွားတာမျိုး
ပလာတာဆိုင်ကညှော်
ကော်နီရယ် တော်ရုံအော်ပါ။

ခေါင်းကိုက်ပျောက်ဆေးပြားတွေနဲ့
လိင်ကိစ္စသာ မရှိခဲ့လျှင်
ဒီလောကကြီးမှာ အနေခက်မည်ပင်
စိန္တိတကထာ ကိုကြောက်ရ
မိုးပြိုမှာကိုကြောက်ရ
အကုသိုလ်ကိုကြောက်ရ
နောက်ဆုံး ကော်ဖီတခွက်ကိုတောင်ကြောက်ရ
(အမြဲသောက်ရင် ကင်ဆာဖြစ်နိုင်သတဲ့)

(ပွဲတော်ကျရင် ဖောက်မယ်)
အကြွေနည်းနည်းထည့်ထားတဲ့
စုဘူးလေးတစ်ဘူး ငါပိုင်ဖူးတယ်။

“ ရှင့်ကိုမချစ်ဘူး ”
ရေနွေးပူလည်းလောင်ဖူးတယ်
ထီလက်မှတ်အဟောင်းတွေ ထူထပ်
နောင်တမဲ့ပုံပြင်တွေ ထူထပ်
ဘတ်စ်ကားပေါ်မှာ
ထိုင်စရာတစ်နေရာရဖို့
တိုက်ပွဲစပါပြီ
မိုးလင်းကမိုးချုပ်
(အကြိမ်ကြိမ် ရှုံးနိမ့်၊ အကြိမ်ကြိမ် အနိုင်ရ)
လွင့်စဉ်သွားနေပုံက
ကလေးရဲ့လက်က လွတ်ကျတဲ့ အံစာတုံးလို။

အကြောတွေ အကုန်ဆန့်ထုတ်
ကျန်းမာအောင်လုပ်ရ
သေးသေးမျှင်မျှင်(လက်သန်းလောက်)
မြက်ကလေးတပင်ကလဲ
ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကိုဆန့်ကျင်
ဒါဝင်ပြောခဲ့သလိုပေါ့။

လာမယ့်တနင်္ဂနွေနေ့လို သေချာခဲ့
ဟောဒီဂစ်တာမှာ
တကြိုးဟာ လဲဖို့လိုနေ
ခင်ဗျား ဆံပင်တိုဖို့လိုနေ
ဝမ်းနှုတ်ဆေးထဲမှာ
ပျားရည်တဇွန်းပါဖို့လိုနေ
ကောင်းကင်ဟာ အရောင်ပြောင်းဖို့လိုနေ …
…………………………………………
ကြမ်းပိုးများတဲ့ အိပ်ရာပေါ်
မောင်ချောနွယ် ပျော်တာဆန်းတယ်။ ။

သစ္စာနီ
၁၉၉၀ - ရုပ်ရှင်တေးကဗျာ။

** နွေခံစားမှု **


အငွေ့တထောင်းထောင်းထအောင်ပူရဲ့
လူတစ်ယောက်က တစ်နွေလုံးဖြစ်ရတယ်
ဒီရိုးပြတ်ကိုကျော်ရင် ရောက်ပါပြီတဲ့ ....... ။

ပတ်ကြားအက်ထဲက လူက အသံကုန်အော်တယ် .... ။

မိုးနတ်မင်းကြီးရယ် ...
ကျွန်တော့်ကိုယ်ပေါ်ကို မိုးတစ်ပုံ့နှစ်ပုံ့ရွာပေးပါ .....
ကျွန်တော့်စိတ်တွေက
မုတ်သုန်ကို ဆာလောင်မွတ်သိပ်လွန်းလို့ပါ ။

တာရာမင်းဝေ

ငှက်ပစ်သမားရဲ့ခြေသံ



ဥသြငှက်ကလေးရေ
ဒီနွေဦးမှာ
တေးသီကျူးဖို့ထွက်ခဲ့ပါတော့လားက
ွယ် ။
 
ဘိုဟန်

အိပ်မက်

“ ဘ၀မှာ
တစ်ခါတစ်လေတော့
လမ်းလျှောက်ထွက် ကြည့်ချင်တာပေါ့ ” တဲ့
ဇရပ်အိုကြီးက
သူတောင်းစားအိုကြီး ကို
သူ့အိပ်မက်ကြောင်း ပြောပြနေရှာတယ် ။

အရိပ်မှာ
လာနားနေတဲ့ ခရီးသွားတွေဆီက
စကားသံ တိတ်သွားတယ် ။

ဘိုဟန်

သိန်းစွန်ငှက် အပြန်လမ်း

၂၁ ၊ ၃ ၊ ၈၆
နောက်ဆုံးအခေါက်ပါပဲ
ကျွန်တော်
ရွာကိုပြန်လာခဲ့ပါတယ်
အမေ ။

ရွာဆိုတာ ………
တမာ ထနောင်း
ရှားစောင်း ပြာဿဒ်
သန်း ဒဟတ်ပင်တွေနဲ့ ၊
မိုးနှံချုံပုတ် ၊ ရှားပင်ငုတ်တို
နီညိုညို ကျောက်ခဲလုံးတွေနဲ့
ထန်းပင်မြင်မြင့်ကြိးတွေကြားက
တဲကလေးတစ်လုံးပါ ။

အဲဒီတဲကလေးထဲ
အမေ လဲလျောင်းနေပေါ့။

အမေ …. ကျွန်တော်ရောက်လာပြီ အမေ ။
အမေ …. ကျွန်တော့်ကို ထပြီးနှုတ်ဆက်ပါဦး အမေ ။
အမေ့ ခြေအစုံကို ပွေ့ဖက်
အသံမထွက်ဘဲ ကျွန်တော် ငိုတယ် ။

ထန်းပင်မြင့်မြင့်ကြီးတွေ ပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ … … … … ။

ကျွန်တော့်ကို စကားမပြောချင်လို့
အမေ့ သွားတွေ တင်းတင်းစေ့ထားသလား
ကျွန်တော့် ကို မမြင်ချင်လို့
အမေ့ မျက်လုံးတွေ မှိတ်ထားသလား
ထ ကြည့်ပါဦး
စကားပြောပါ ဦး အမေရယ် ။

ဟော .. အမေ …..
အမေ့ကို သူတို့
ဟိုးမှာ မန်ကျည်းပင်တွေ စိမ်းစိမ်းညို့ညို့နဲ့
ဇရပ် အိုအို
ကျောက်တုံးနီညိုညိုတွေ စီထားတဲ့
သင်းချိုင်းဆိုတဲ့ နေရာကို
ပို့ကြတော့ မလို့တဲ့ ။

လှည်းဘီးကို ပြင်ဆင်ပြီးကြပေါ့
အမေ့ အလောင်းကို
ခေါင်းထဲထည့်ကြပေါ့
ကြေးစည်ကို
ရိုက်နှက်ကြပေါ့ ။

ကျွန်တော်
မငိုပါဘူး အမေ
ငိုလို့ မရတော့ဘူး အမေ
အမေ့မြေး ကလေးလေးတွေ
ကျွန်တော့်တူနဲ့ တူမလေးတွေ
သူတို့ ငိုပါစေ ။

အမေ့သား သူတို့ရဲ့အဖေ
ကျွန်တော့် အကိုကြီး
အမေ့သမီး သူတို့ရဲ့အမေ
ကျွန်တော့်အစ်မ ၊
သူတို့မောင်နှမ
အမေ့အရင် စောစောစီးစီး
ဟောသည်လောကကြီးထဲက
ထွက်ခွာသွားကြတော့
မိတဆိုး ဖတဆိုး
ဟောသည်ကလေးလေးတွေ
အမေ့အတွက် သူတို့ငိုပါစေ ။

အမေ့ အတွက်
သူတို့မျက်ရည်တွေဟာ
ထိုက်တန်ပါတယ် အမေ ။

ကျွန်တော်ကတော့
နွေဦးရက်တွေ အကြောင်း
သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တစ်ကောင်ရဲ့ ကြေကွဲမှုလို
ယာခင်းထဲက အမေ့ဘဝကို
အဝေးကပဲ
တမ်းတပူဆွေးခဲ့သူပါ အမေ ။

” အမေ ……နေကောင်းပါစေ။
အမေ့အား ထာဝရလုပ်ကျွေးပြုစုနိုင်သည့်ကိုယ်
ဖြစ်ရပါလို၏ ”

ည အိပ်ရာဝင် ၊ ရင်ထဲလှုပ်ခတ်
ပဲ့တင်ထပ်ခဲ့တဲ့
ခွန်အားမဲ့ဆုတောင်းသံများကြား
ရှည်လျှားလွန်းတဲ့ ညတွေသာ
ခန္ဓာကိုယ်ပေါ်
တိတ်ဆိတ်စွာ ကြေပြုန်းခဲ့ရ ။

မနေ့ကတော့
” အမေ့ဆုံးပြီ ၊ အမြန်လာ ” တဲ့ ။

ကုသိုလ်ကြမ္မာ ၊ နုံချာလို့လား
ဆုတောင်းများ
မပြည့်ဝခဲ့ဘူး အမေ ။

အမေကမွေးပေမယ့်
အမေကို လုပ်မကျွေးနိုင်ခဲ့တဲ့
ဟောသည် ခန္ဓာကိုယ်ကြီးဟာ
ဘာအသုံးကျတော့မှာလဲ ။

အဲသည်လို နောင်တ တရားတွေက
နှလုံးသားကို ကုတ်ခြစ်
ဘဝ ဆိုတာကိုလည်း
မကျေမနပ်ဖြစ်မိပေါ့။

ကျွန်တော်
မငိုရဲတော့ ပါဘူး အမေ
ငိုဖို့ရာ ရှက်လှပါတယ် အမေ
အမေနဲ့ အတူ
အမေကို ခြေဆုပ်လက်နယ်ပြုခဲ့တဲ့
ဟောသည် ကလေးလေးတွေ
သူတို့ ငိုပါစေ
ကြေးစည်ကို သူတို့ ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့ ။

ဟော …….
နီညိုညိုကျောက်တုန်းတွေကြားက
ရထားတစ်စင်းဟာ
အဝေးကို ထွက်သွားပြီ ။

ဟိုး …. လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်
သည်ရွာက လူငယ်
ကျေးတောသားတစ်ယောက်
သည်ရွာကိုပြန်ရောက်မလာ
ရထားဟာ သူ့ကို
အဝေးသို့ ခေါ်ဆောင်သွားခဲ့ ။

သူနဲ့ သူစီးသွားတဲ့ ရထားအကြောင်း
လူတွေ မေ့ကြပေါ့ ။

ပြောဆိုအမှတ်ရသူ
တစုံတစ်ယောက်မျှ မရှိတော့ ။

အဲသည်လူငယ်ဟာ
အခု
အမေ့အလောင်း အမေ့ခေါင်းကို
ဖက်ဖက်ပြီး ငိုနေတဲ့
ကျွန်တော်ပဲပေါ့ အမေ ….. ။

ဟောသည်ယာခင်းတွေကြား
အမေ နေ့တိုင်းလှုပ်ရှားခဲ့တာ
ကျွန်တော် မမြင်နိုင်ခဲ့ဘူး ။

အမေ့သမီး
ကျွန်တော့်အစ်မရဲ့ ယောက်ျားက
ထန်းရည်သမား ၊ ထန်းရည်ချိုး ။

အမေ့သား
ကျွန်တော့် အကိုကြီးရဲ့ မိန်းမက
မီးယပ်ကျိုး၊ မျက်စိတစ်ဘက်ကွယ် ။

သူတို့ တစ်တွေနဲ့ ကျန်ရစ်ခဲ့တဲ့
အမေ့မြေး ကလေးတွေနဲ့ အတူ
ထန်းလျက်ကျို ၊ ထင်းခွေရေခပ်
ငတ်မသေဖို့
အမေရုန်းကန်ခဲ့တဲ့နေ့တွေမှာ
ကျွန်တော်သာ
ဟိုအဝေးမှာပေါ့ ။

ဟိုတနှစ်က
တရွာလုံး မီးလောင်ပြာကျ
အဲသည်ကတည်းက အမေဟာ
ရွာထဲကိုပြန်မရောက်
အိမ်ပြန်မဆာက်နိုင်
ထန်းပင်အောက်က ထန်းတဲမှာ
အမေ အနေကြာခဲ့ပါတယ် ။

အမေရေ ……..
အမေရေ ……..
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့ ။

ဟိုး အနောက်တောင်တောတန်းက
ထန်းပင်ရိပ်ဖျားမှာ
နေလုံးဟာ တဖြည်းဖြည်းညိုခဲ့ပေါ့ ။

တောင်သူဓလေ့
ယာမီးငွေ့တွေ လွင့်တက်လာပေါ့။

ဟိုတောင်ကမူကမ်းပါးမှာ
မြက်စားနေတဲ့ နွားမတွေက
အမေ့ကို နှုတ်ဆက်နေကြသလား ။

သိန်းစွန်ငှက်အပြန်လမ်းမှာ
ကျီးကန်းတွေ ကသုတ်ကရက်နဲ့
ရွာဘက်ဆီ ပျံပြေးကြပေါ့ ။

နေညိုချိန် အိမ်အပြန်လမ်းမှာ
တောတန်းလျှိုမြောင်
ဟို အနောက်တောင်ထဲ
မှောင်မည်းမည်းက
ကျွန်တော့်ဘဝကို မဝါးမျိုမီ
ကလေးဘဝအရွယ်
ငယ်ငယ်တုန်းကလေ
တောင်ရိပ်တောင်ကြား
သစ်ပင်ဖျားမှာ
မားမားရပ်နေ တစ္ဆေတွေလား ။

အမေရေ
တစ္ဆေဆို ကျွန်တော်ကြောက်လှချည့် ။

တညသား
ပျူစောထီးဆိုလား ရဲဘော်ဖြူဆိုလား
တံခါးကို တအားခေါက်
နွားကောက်စမ်း မြန်မြန်လုပ်
သေနတ်တွေ ထုတ်ချိန်ပြီး
အခိုင်အခံ့ လှည်းတစ်စင်း
နွားပြာညို တစ်ရှဉ်းနဲ့အတူ
” လှည်းမောင်း ပို့ ဆိုပြီး ”
အဖေ့ကို ခေါ်သွား
ရွာအနောက်ဘက်တောအုပ်ကြားက
သေနတ်သံတစ်ချက်ကြားလိုက်ရ။

အဖေရေ ……
အဖေရေ …….

ကျွန်တော်တို့ မိသားစု ဘဝ
ရာဇဝင်ကို ဖြတ်သန်းရတဲ့ညပေါ့ ။

လွတ်လပ်ရေးပြီးခါစ
သူခိုးဓားပြတွေ
တန်ခိုးပြလို့ကောင်းဆဲ
ခေတ်ကြီးထဲ လူဖြစ်ခဲ့ရတဲ့
ကျွန်တော်
အမေ့ရဲ့ကျောပေါ်မှာ
သေနတ်သံတွေကြား
ပြေးလွှားပုန်းအောင်း
ရွာတောင်စောင်း နဘူးချုံထဲ
ည တိုင်းပဲ အိပ်ခဲ့ရတယ်
ဟုတ်လား အမေ ။

စစ်စနက်မီး အကြွင်းအကျန်တွေနဲ့
ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း
အမေရယ် တခြားအမေတွေရယ်
အမေတွေ အားလုံး
ကလေးတွေ ကို ပုခုံးပေါ်တင်ပြီး
ပြေးကြလွှားကြ ၊ ပုန်းကြအောင်းကြနဲ့
တချို့ သားသေ ၊ တချို့လင် ဆုံး
စစ်ဆိုတာကြီးးကို
မုန်းခဲ့တယ် မဟုတ်လား အမေ ။

အဖေမရှိတဲ့နောက်
အမေရယ် အကိုကြီးရယ် ၊ အမရယ်
ကျွန်တော်ရယ်လေ
လောက ကမ်းပါးမှာ
စမ်းတဝါဝါး လျှောက်ခဲ့ကြပေါ့ ။

အရွယ်ရောက်ခါစ အစ်ကိုကြီး
ထန်းလှီးသင်ရပေါ့ ။

အစ်ကိုကြီးဟာ
သာသနာ့ဘောင်မှာ အရိုးထုတ်
ဘုန်းကြီးလုပ်ဖို့ စိတ်ကူးရှိပေမယ့်
ကျွန်တော့်တို့ အတွက်
ယုံကြည်ချက်တွေ စွန့်ခဲ့ရပြီပေါ့ ။

ကျွန်တော်ကတော့
သျှောင်တစ်စောင်းနဲ့ ဘုန်းကြိးကျောင်သား
ပြီးတော့ ပြည်တော်သာကျောင်းရောက်
ကျောင်းဆင်းချိန်မှာ
သိုး ဆိတ် နွားကျောင်း ။

ကျွန်တော် တို့ တစ်တွေ
ဟိုသပြေပင်တောင် စောင်းဆီက
လက်ပြဟစ်အော်
သီချင်းတကြော်ကြော်နဲ့
ခွေးခေါ် ပတတ်တူး
ဟင်းရွက်ခူး ယုန်ရှာ
တောင်ယာလုပ်သူ ထင်းခုတ်သူတွေ
ထန်းလျက်ကျိုသူ ထန်းတက်သူတွေ
နေကပူလောင်
ကုန်းခေါင်ခေါင်မှာ
ဟိုးအနောက်တောင်မှာ
မှိုင်းပြာပြာ မြူခိုးတွေနဲ့
ပုပ္ပါးဆိုတဲ့တောင်တော်မြတ်ကြိးဆီ
မျှော်ကြည့်ငေးမော
စိမ်းလန်းတဲ့ယာတောတွေကြား ။

အစ်ကိုယ်ကြီးက ထန်းလှီး
ကျွန်တော်က ထန်းရည်အိုးသယ်
အမေရယ် အစ်မရယ်က
ထန်းလျက်ကျို ရက်ကန်းခတ် ထင်းခွေ
တစ်ခါတလေ မြေပဲကောက်
တစ်ခါတစ်လေ ဝါစိုက်
တောအလိုက်လုပ်ငန်းစုံပေါ့ ။

” မြို့ရွာနိဂုံး ၊ ပျက်ပြုန်းစေအောင်
ဓားပြကြီးကြီး မိုက်သီးအခေါင်
မီးနှင့် မြိုက်လို့ ၊ တိုက်ခိုက် ပူလောင်
ဝ သ လ ၊ မှတ်ကြ သူယုတ်ကောင် ”
” ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်
ပျိုတို့ မောင်ယာ မလုပ်တယ်
ဝါးခုတ်တဲ့တောင် ”
အဲသည်လို အကိုကြီး တတ်တဲ့
ကဗျာတွေ ၊ သံပေါက်တွေ
ကျွန်တော့် မှာ အမွေရခဲ့ပေါ့ ။

” နေညိုချိန်တိမ်တောက် ပျိုကြောက်တဲ့သည်အချိန်
ဆီးမီးကွယ်မှန်အိမ်နဲ့ …….. ”
အဲသည်လို
ကျေးလက်ဘဝ သီချင်းကဗျာတွေ
ရင်ထဲ မှာ အမြစ်တွယ်ခဲ့ရပေါ့ ။

အမေရေ …….
ကြေးစည်ကိုရိုက်နှက်နေကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့ ။

အမေခေါင်းချခဲ့တဲ့
တဲကလေးဟာ
အမေ့ ရွာနဲ့ အလှမ်းဝေးပေမယ့်
သည်တောသည်တောင်ကြား
အမေကို
တစ်ယောက်တည်း မထားရက်ပါဘူး အမေ ။

အမေ့အမေ ကျွန်တော် အဘွား
ကျွန်တော်အဘွားရဲ့ အမေ့အမေ စတဲ့
ဆွေမျိုးတော်စပ်သူရော မတော်သူပါ
တစ်ရွာလုံးနောက်ဆုံး စုဝေးရာ
ဟောဟို ဇရပ်အိုအိုရဲ့
သုဿာန်ဆိုတဲ့ နေရာရောက်အောင်
အမေ့ကို
ကျွန်တော်တို့ ပို့ မှာပေါ့ ။

လမ်းက ကြမ်းလိုက်တာအမေ
တောင်ကမူကျတ်တီးကြား
နှစ်တွေများစွာရေတိုက်စားမှုနဲ့
ပျက်လုလု လှည်းလမ်းပေါ်မှာ
အမေ့ခေါင်းဟာ ၊ လှုပ်ယမ်းလှချည့်
ဖြည်းဖြည်း … ဖြည်းဖြည်း ……..
ဆူးကိုင်းတွေဘေးဖယ်
မျက်နှာကို ခြစ်မိကြဦးမယ်။

ဟိုသုဿာန်ကိုရောက်တဲ့ခါ
ဘုန်းကြီးတွေက
သရဏဂုံကို ရွတ်ဖတ်
ကျွန်တော့် လက်နဲ့ ရေစက်သွန်းချ အမျှဝေ
အမေ ကောင်းရာသုဂတိလားပါစေလို့
ကျွန်တော် အမျှဝေမယ်
ကျွန်တော့် ကိုယ်ပေါ်မှာ
ဖုန်တွေပေကပ်
ညစ်ပတ်နေမလားဘဲ။

မန္တလေးက မိတ္ထီလာ
မလှိုင် ပန်းအိုင်တစ်လမ်းလုံး
ဖုန်လုံးကြီးထဲ ဖြတ်ခဲ့ရ
အခုလည်းပဲ ဖုန်လုံးကြီးထဲမှာ ။

ဖုန်တွေ ပေကပ် ညစ်ပတ်နေမလားဘဲ။

ဟိုသုဿာန်ကိုရောက်လို့
ရေစက်သွန်းချ အမျှဝေတဲ့ အခါ
ငယ်ဆရာ ဘုန်းတော်ကြီး
ကျွန်တော့် ကိုကြည့်ပြီး
အံ့သြနေလိမ့်မယ် ။

ညရောက်တဲ့ အခါ
ဦးလေးဘယ်နေ့ ပြန်မှာလဲ
တစ်နှစ်တစ်ခါ ပြန်လာပါနော်
ကျွန်တော် ကျောင်းဆက်နေချင်တယ်
ညီမလေးမှာ ဝတ်စရာအင်္ကျီ မရှိတော့ဘူး ။

ဟောဒီအငယ်မ
မနှစ်က နှစ်တန်းကျတယ်
ငါ့မောင်ရယ်
ဟောဒီကျန်နေတဲ့
မျက်စိတစ်ဘက်ကလည်း
ဆရာဝန်က ခွဲရမယ်တဲ့
အစ်မလည်း ကြောက်တတ်လို့
ဆေးရုံကို
နောက်ထပ် မရောက်တော့ပါဘူး
စတဲ့ … စတဲ့ စကားလုံးတွေကြား
ကျွန်တော် ဘာများ
တာဝန်ယူနိုင်မလဲ
မင်းတို့ အတွက် ၊ ငါ့အတွက်
အနှစ်သုံးဆယ်လုံးလုံး
ဦးလေးစဉ်းစားနေတုန်းပဲ
ဦးလေးဟာ
စဉ်းစားနေတုန်းပါပဲကွယ် ။

တစ်စုံတစ်ရာ
ကတိတွေပေးထားပစ်ခဲ့ပြီး
နံနက်ခင်းတစ်ခုမှာ
ငှက်တစ်ကောင်လို ပျံပြေးသွားမယ်။

ဟိုတစ်ခါက
အမေ့ကို ထားပစ်ခဲ့သလိုမျိုး
” ဟောသည်ကမ္ဘာမြေကြီးရဲ့
နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့
ကျွန်တော်ကဗျာဆရာ လုပ်ရမယ်
ကဗျာ ဆရာလုပ်မှ ဖြစ်မယ် အမေ ”
အဲသလို ဆိုပြီး
အမေ့ကို ထားပစ်ခဲ့တုန်းက
ယာခင်းနံဘေး
တောလမ်းလေးပေါ်မှာ
မြက်ရိုင်းပင်တွေ ကိုတိုးဖြတ်
တရှပ်ရှပ်နဲ့ ကျွန်တော့် ဖိနပ်သံတွေ
ကျန်ရစ်ခဲ့တယ် ။

ယာခင်းတွေ နောက်မှာချန်
တောတန်းတွေ ကျန်ရစ်ခဲ့တယ်။

ကျောက်စရစ်ကုန်းခေါင်
တလင်းပြောင်မှာ
ယုန်ထောင် ပတတ်တူး ချိုးတည်
ငယ်ဘဝတွေ ကျန်ရစ်ခဲ့တယ် ။

လိမ်လိမ်မာမာနေဖို့
စကားလုံးတို့ တုန်ခါ
အမေ့ မျက်နှာပေါ်က
မျက်ရည်စတွေ ကျန်ရစ်ခဲ့တယ်။

သူငယ်ချင်းတွေ
လက်ပြနေဆဲ ၊ ဥသြဆွဲပေါ့ ။

တရှဲရှဲမြည်လျက် ရထားထွက် ခွာ
တုန်ခါနေတဲ့ ဓာတ်ကြိုးပေါ်မှာ
တောကျီးကန်းတစ်ကောင်
အော်မြည်ရင်း ကျန်ရစ်ခဲ့ တယ်။

မြို့ပြဘဝရဲ့
ခံစားမှုမြစ် ၊ ရသသစ်ထဲမှာ
ပလက်ဖောင်းတစ်လျှောက်
ဓာတ်တိုင်မီးတိုင်တွေ အောက်
တစ်ယောက်ကို တစ်ယောက်
ဖြတ်လျှောက်ကျော်သွားရင်း
သူစိမ်းဆန်တဲ့ လူတွေကြားမှာ
ဟို … အနောက်တောင်ဆီကို ရော်ရမ်း
တောလမ်းကလေးကို
လွမ်းခဲ့ရပေါ့ အမေ။

နေညိုချိန်အိမ် အပြန်
လမ်းဘေးတိုက်ကြား ဓာတ်တိုင်နားမှာ
မားမားရပ်နေ တစ္ဆေတွေလား
” အမေရေ
တစ္ဆေကို ကျွန်တော်ကြောက်လှချည့်
ယောင်ရမ်း ရွတ်ဆို မိသော်လည်း
ရဲရဲတင်းတင်း
ဖြတ်သန်းရပြီ အမေ ။

လူမှုဗေဒ ဝေါဟာရနဲ့
ရသသစ်တွေက
နှလုံးသားကို တအား ကုတ်ခြစ်
ပွတ်သပ်ပြီး ဖြေသော်လည်း
ယားယံမြဲပါ အမေ ။

ဆည်းဆာရီထဲ
တိုးရှဲဖြတ်သန်း
ကိုယ်လမ်းကို သွားခဲ့ရ
စကားငြင်းဆန်
ကားဟွန်းသံတွေကြား
နှလုံးသားတိတ်ဆိတ် မသိစိတ်မှာ
ရောဂါထူပြောခဲ့ပေါ့ အမေ ။

အမေ့ထံ ကျွန်တော် ပြန်မလာနိုင်တော့ဘူး ။
ငါ့မြေးလေးတွေ
အမေ မြင်ချင်လှပြီဆို ။

ဟော …
အကြီးလေးက မသုမာတဲ့
ပိန်ပိန်သွယ်သွယ် နဖူးကျယ်ကျယ်နဲ့
သိပ်ချစ်စရာကောင်းတယ် အမေ
အငယ်လေးက မငုဝါတဲ့
အစားပုတ်ပုတ် ၊ ဝတုတ်တုတ်ကေလေး
နောက်တစ်ယောက်က
သားကြိးမောင်ဖိုးကာ
ဆော့တဲ့နေရာမှာ မျောက်ရှုံးပါပဲ ။

ငယ်ငယ်လေးကတည်းက
မျောက်ကလေးလိုပဲ
ကြီးလာရင်မျောက်နဲ့တူမလားပဲ ။

သူတို့မောင်နှမတစ်တွေ
ဦးလေးတွေ အဒေါ်တွေနဲ့ တွေ့ဖို့
ကျွန်တော်လာချင်ပါရဲ့
ဒါပေမယ့် … အမေ ။

ဟော ……
ကျွန်တော်တို့ အားလုံးအတွက်
အရွယ်မရောက်ခင်
ထန်းလှီးသင်ခဲ့ရတဲ့ အကိုကြီး
ထန်းပင်ပေါ်က ဇောက်ထိုးကျ
အနိစ္စရောက်ခဲ့ရပြီ မဟုတ်လား
ကျွန်တော့် အမ
အမေ့ သမီး ပိန်တာရိုးလေး
သားသမီးခုနှစ်ယောက်မွေးတော့
ဆင်းရဲမှုဒဏ် မခံနိုင်လို့ထင်ရဲ့
အနိစ္စရောက်ခဲ့ရပြီ မဟုတ်လား အမေ ။

အမေသည်တောသည်တောင်ထဲ မှာ
အမေသားသမီးတွေနဲ့
အနေဝေး ၊ အသေဝေးခဲ့ကြရသော်လည်း
အမေ တစ်ယောက်တည်းမဟုတ်လား
အမေ့မြေးတစ်အုပ်နဲ့
ထန်းလျက်ကျို ထင်းခွေ ၊ ရေခပ်
ကျွန်တော် တစ်ပြားတစ်ချပ်မှ
မထောက်ပံ့နိုင်ပေမယ့် ၊ ငတ်မသေခဲ့ဘူး
အမေသေရတာ
ငတ်လို့ မဟုတ်ဖူး အမေ ။

မနေ့က
အမေဆုံးကြောင်း ၊ ကြေးနန်းရတော့
ခရီးသွားဖို့ ဇနီးမယားနဲ့ တိုင်ပင်
ပြင်ရဆင်ရ ငွေရှာရနဲ့ပေါ့ ။
ညရောက်တော့လည်း ရင်ထဲမအေး
ပူဆွေးနေဆဲမှာ
ကလေးတွေက တီဗီသွားကြည့်ကြသတဲ့
သြော် .. မင်းတို့ အဖွားသေတဲ့ရက်
မင်းတို့အတွက်
ဘာမှ မခံစားရပါလားနော် ။

ငယ်သေးတဲ့ ကလေးလေးတွေပဲ
ဆိုတာက တစ်ကဏ္ဍပေါ့
မြို့ပြမှာနေတဲ့ ၊ အမေ့မြေးကလေးတွေ
အမေနဲ့ တအားဝေးခဲ့ပါလားဆိုတဲ့
အတွေးတွေက
တကယ့်ကိုပါပဲ
ဘဝ ဆိုတာကိုလည်း
မကျေမနပ်ဖြစ်ရပြန်ပေါ့ အမေ ။

ခံစားရပြီပေါ့
ကျွန်တော်ခံစားရပြီပေါ့ အမေ ။

ကျွန်တော်ဟာ
အဲဘတ်ကမူးမှ မဟုတ်ဘဲ ။

ကျွန်တော်ဟာ
မာဆိုးမှ မဟုတ်ဘဲ ။

အခက်အခဲတွေ ရှိပေမယ့်
ကျွန်တော်ဟာ
ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှုထဲက
လူတစ်ယောက် အဖြစ်နဲ့ပဲ
အသက်ရှင်နေဆဲပါ အမေ ။

အမေရေ …..
အမေရေ …… အမေရေ ……
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့
အမေ့ခေါင်းဟာ
လှည်းပေါ်မှာ ယိမ်းထိုးလို့
ရှားစောင်းပြဿာဒ်ပင်ပေါ်က
ဒေါ့ရင်းဆိုတဲ့ အကောင်တွေ
တကျည်ကျည်မြည်လို့
အမေ့မြေးကလေးလေးတွေ
အမေ့ ရဲ့ ဆွေမျိုးသားချင်းကလေးတွေ
အမေကကို ခင်မင်တဲ့ သူတွေ
မရဏတေးကို ရွတ်ဆိုငိုကြွေးလို့ ။

အမေ့ခေါင်းပေါ်
ညောင်ရွက်တွေကြွေကျ
ဒါဟာ သင်္ခါရတရားပေပဲလို့
ဆိုချင်သလား မသိပေဘူး အမေ ။

ကုန်တန်ချိန်အပြည့်နဲ့ ကားတစ်စီး
အဝေးပြေးလမ်းမကြိးပေါ်
ဖြတ်မောင်းသွားနေရဲ့
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ …………… ။

ပိုင်စိုးဝေ
ဧပြီ ၂၃၊ ၂၀၀၉
( အစိမ်းရောင်မြစ်သို့ တမ်းချင်း ကဗျာစာအုပ်မှ )

** လေ့လာမှုရှိတဲ့ အလုပ်သမားတစ်ယောက်ရဲ့ မေးခွန်းများ ** ဘားတော့ဗရက်

သီးဘီးမြို့ကြီး
မုခ်ဦးတံခါးပေါက်ကြီး ခုနှစ်ခုနဲ့လေ
မည်သူတွေ တည်ဆောက်ခဲ့ပ
စာအုပ်တွေထဲမှာ
ဘုရင်ဧကရာဇ်တွေရဲ့ နာမတော်တွေပ
သူတို့က
နှမ်းဖတ်ကျောက်တုံးကြီးတွေကို သယ်မခဲ့ကြသတဲ့လား ။

ဘေဘီလုံမြို့ကြီး
အကြိမ်ကြိမ်ဖျက်ဆီးခံခဲ့ရ
မည်သူတွေက တစ်ဖန်မြှင့်တင်ပေးခဲ့ကြပါသလဲ
အကြိမ်ပေါင်းများစွာတဲ့လား ။

ရွှေနဲ့ဝင်းပနေတဲ့ လီမာ
တည်ဆောက်သူတွေက
ဘယ်လိုအိမ်တွေမှာ နေထိုင်ကြပါသလဲ ။

တစ်ညနေခင်း
မည်သည့်အချိန် ၊ မည်သည့်နေရာမှာပ
တရုတ်မဟာတံတိုင်းကြီးကို အပြီးသတ်ခဲ့ကြပါသလဲ
ပန်းရံဆရာကို ရှင်းပစ်ခဲ့ပါသလား ။

အံ့ဖွယ်ရှုမော ရောမမြို့ကြီး
အောင်ပွဲခံ မိုခ်ဦးတွေနဲ့ ပြည့်နှက်ခဲ့
မည်သူတွေ တည်ဆောက်ခဲ့ပ
မည်သူတွေကို ဆီဇာအောင်နိုင်ခဲ့ပါသလဲ ။
လူအများက သီဆိုခဲ့ကြပြီးပြီးလား
နန်းတော်မှာ စံမြန်းနေသူတွေအတွက်လေ
နန်းတော်တွေကလွှဲပြီး ဘာမှ မရှိတဲ့ ဘိုင်ဇာတီယံတွေလို ။

ဒဏ္ဍာရီပုံပြင်ထဲက အတ္တလန်တစ်ကျွန်းမှာပ
ပင်လယ်က ကျွန်းကို ၀ါးမျိုချိန်
ရေနစ်သေဆုံးသူတွေပေါ့
ညထဲဟစ်အော်ခဲ့ကြ
သူတို့ရဲ့ ကျေးကျွန်တွေကြောင့်တဲ့လေး

လူငယ်လေး အလက်ဇန္ဒား
အိန္ဒိယကို အောင်နိုင်ခဲ့
သူတစ်ဦးတည်းပဲလား ။

ဆီဇာက ဂေါတွေကို
ပြင်းထန်စွာ တိုက်ခိုက်ခဲ့
ဘာပဲဖြစ်ဖြစ် သူနဲ့အတူ
သူ့ထမင်းချက်တော့ ပါမှာပါ ။
စပိန်ရဲ့ ဖိလစ်ငိုကြွေးခဲ့
သူရဲ့ကြီးမြတ်တဲ့ အာမာဒါ
စစ်ရှုံးတဲ့အခါမှာပ
တခြားမည်သူတွေ ငိုကြွေးပါသေးသလဲ ။

ဒုတိယမြောက် ဖရက်ဒရစ်
ခုနှစ်နှစ်ကြာ ပိတ်ဆို့ထားခြင်းတွေနဲ့
အောင်နိုင်ခဲ့
မည်သူတွေအောင်နိုင်ခဲ့တာလဲ
သူတစ်ယောက်တည်းပဲလား ။

ဖြစ်နိုင်သမျှ သမိုင်းအဖြစ်အပျက်တွေက
အောင်ပွဲတွေပ
အောင်ပွဲရညစာ
မည်သူတွေချက်ပြုတ်ခဲ့ပါသလဲ
ကုန်ကျစရိတ်တွေ
မည်သူတွေပေးချေခဲ့ပါသလဲ
သတင်းတွေက သိပ်ကိုများ
မေးခွန်းတွေက သိပ်ကိုများပေါ့ ။

မြန်မာပြန် - ၀င်းနွေမိုး
စိတ်ကူးဆိပ်ကမ်း
ကဗျာ အနုပညာ မဂ္ဂဇင်း
မတ် ၊ ၂၀၁၃

** L.G ကဗျာဆရာနှင့် တယ်လီဖုန်းစကား **

ခက်ပြီ
ကျွန်တော်မှ ကျားကစားသလို စကားလုံးတွေကို မရွှေ့တတ်တာ
ဒါဆို ကဗျာမဟုတ်တော့ဘူးပေါ့။ ခက်ပြီ
ခက်လှပါလား ဘရားသားအင်လောရယ်။
ဟောဗျာ
ပုံသဏ္ဍာန်ထဲမှာ အကြောင်းအရာရှိတယ်လား
အကြောင်းအရာတွေဟာ အကြောင်းအရာမဟုတ်ဘူးပေါ့
ဒါဆို ဘယ်လိုလုပ်ရပါ့၊ ခက်ပြီ
ခက်လှပါလား ဘရားသားအင်လောရယ်။
အသစ်
ဟုတ်ပြီ၊ အသစ်ကို ကျွန်တော်ချစ်တယ်
အသစ်ကို ကျွန်တော်ကြိုဆိုတယ်
ဘယ်လိုသစ်ရမယ် မသိတာတစ်ခုပဲ။
သင်္ကေတတွေကို သိပ်မသုံးရဘူးလား
နိမိတ်ပုံတွေကိုလည်း အားမကိုးနဲ့ဟုတ်လား
ကဗျာဆိုတာ လူ့အဖွဲ့အစည်းထဲမှာ တည်ဆောက်ယူရတဲ့အရာ
ဥပမာ၊ ဓနရှင်ဝါဒ၊ ကွန်မြူနစ်ဝါဒတို့လို
ကဗျာဝါဒရှိရမှာပေါ့ ။
ဟုတ်ကဲ့ ။
ကဗျာထဲမှာ လေသံတွေပြောင်းလဲရောထွေးနေရမယ်
ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ မယ်သီလရင် မခွဲရဘူး
ကဗျာဟာ ဘုရားသခင်ရဲ့ ဥပဒေအပြင်ဘက်မှာ ရှိနေရမယ်
ခံစားချက်၊ ထင်မြင်ယူဆချက်တွေကိုငြင်းပယ်ရမယ်
ယုတ္တိဗေဒကို ထည့်မတွက်နဲ့
အစဉ်အလာကဗျာရေးထုံးကို လွှင်ပစ်လိုက်
ဟောဗျာ၊ ဒါဆိုဘယ်လိုလုပ်ရပါ့၊ ခက်ပြီ
ခက်လှပါလား ဘရားသားအင်လောရယ်
ကျွန်တော်က ရှေးဟောင်းမော်ဒန်သမားပါ။
ပုံသဏ္ဍာန်အသစ်
ကဗျာဆိုတာစကားလုံးတွေရဲ့ ရုပ်ဝတ္ထုအစုအဝေးကြီးပဲ
ပုံသဏ္ဍာန်သစ်ရမှာပေါ့
ဟုတ်ပြီ၊ ဘယ်လိုပဲဖြစ်ဖြစ်
ပုံသဏ္ဍာန်အသစ်ဆို ကျွန်တော်လက်ခံတယ်
ပုံသဏ္ဍာန်ဝါဒကို ကျွန်တော်တို့ ထူထောင်ကြမယ်ပေါ့
ဥပမာ
ဟုတ်ပြီ၊ ဥပမာ
ကျွန်တော်ချရေးလိုက်မယ်နော်
က ကာ
ကိ ကီ
ကု ကူ ကေ ကဲ
ကဲ ကေ ကူ ကု ကီ ကိ ကာ က
တောပင်တောလုံးနှံ့ပါလို့လေ
ဟောဗျာ့။
ကား ကံ ကော် ကော့
ကော့ ကော် ကံ ကား
စည်းနဲ့ဝါး စည်းနဲ့ဝါး
အင်း…. ။
တံတျာတေရှင်
နုပျိုစဉ်က
စည်းနဲ့ဝါး …စည်းနဲ့ဝါး
စည်းနဲ့ဝါးလေး ….စည်းနဲ့
ခက်ပြီ။ ။

ပိုင်စိုးဝေ
၁၈.၄.၂၀၀၆
ပိတောက်ပွင့်သစ်
(မူးနေတဲ့ကြယ်တံခွန်ကဗျာစာအုပ်)

** လူစွမ်းကောင်းတွေ ပြန်လာပြီ **

၁။ ကမ္ဘာဦးမှာ လူစွမ်းကောင်းတွေဟာ
မြေကမ္ဘာကို ရောက်ရှိခဲ့ကြတယ်
သူတို့ဟာ လူစွမ်းကောင်းတွေ
ဆိုတော့
အခက်အခဲ၊ ဘေးဒုက္ခနဲ့အန္တရယ်တွေကို
ဖြေရှင်းပေးနိုင်တာပေါ့
ဒါပေမဲ့ အဲဒီအချိန်က ကမ္ဘာဦး
အခက်အခဲ၊ ဘေးဒုက္ခနဲ့ အန္တရယ်ကြုံတွေ့ရသူ
မရှိသေးဘူး
လူသားသည်ပင် မရှိသေးဘူး
သက်ရှိတွေ မပေါ်ပေါက်သေးဘူးလေ
လူစွမ်းကောင်းတွေဟာ
အာကသထဲ တိုးဝင်ရွေ့လျားသွားကြတယ်
နောင်တချိန်ကျမှ
ကမ္ဘာမြေကို ငါတို့ပြန်လာကြမယ်တဲ့။

၂။ နှစ်တွေလွန်မြောက်လာတဲ့အခါ
ကမ္ဘာမြေပေါ်မှာ
လူယောက်ျား၊ လူမိန်းမ၊ မိကျောင်း၊ ဝံပုလွေ
ကြက်၊ ငှက်၊ တိရစ္ဆာန်၊ လှောင်အိမ်၊ ထောင်ချောက်
ပိုးကောင်သေးသေးလေးတွေ
အစားအစာ၊ ရောဂါဘယ၊ ဆေးဝါး၊ ဖောင်တိန်၊ ကဗျာစာအုပ်
ဆူးကြာပွတ်၊ ငတ်မွတ်မှု၊ ကြွေးစာရင်း၊ ချိုင်းထောက်၊ လေယာဉ်ပျံ
နဲ့ အရက်ပြင်း စသည့်အရာများတစ်ခုပြီးတစ်ခု
အဆက်မပြတ် ပေါ်ပေါက်လာခဲ့ပေါ့။

၃။ ခွေးခါးကျိုးကြီး
ပလက်ဖောင်းဘေး ခန္ဓာကိုယ်ဒရွတ်ဆွဲသွားလို့
လူတွေ ကိုယ့်အခက်အခဲကိုယ် အသာအယာပွေ့လို့
ကိုယ့်မသိခြင်း ကိုယ်ထမ်းပိုးလို့
သွားကြ၊ လာကြ၊ စုတ်သပ်ကြ
ဘေးဒုက္ခတွေ လမ်းကြိုးလမ်းကြားက ပေါ်ထွက်လာ
အမြန်မောင်းတဲ့ဘတ်(စ်)ကားပေါ်မှာ စီးနင်းလာ
မီးတောင်ထဲက ထိုးထွက်လာ
အန္တရယ်တွေက
စီးကရက်ထဲ၊ အရက်စည်ထဲ၊ ၀ံပုလွေတွေရဲ့လက်သည်းထဲ
နှုတ်ခမ်းနီတောင့်ထဲမှာ
မမြင်ရအောင်ပုန်းလို့ ။

၎။ လူစွမ်းကောင်းတွေ ပြန်လာပြီ
ဒီသောကြာ ငါတို့မြို့ကလေးမှာ
ဇာတ်ကားသစ် ရုံတင်ပါတယ်။ ။

နေမျိုး
(လူဖြစ်ရတာကောင်းတယ် ခေတ်ပေါ်ကဗျာစာအုပ်)

** သံသရာကြိုးဝိုင်း **




တီ အ သား
ငါး ၀ါး မြို

ငါး အ သား
လူ ၀ါး မြို

လူ အ သား
မြေ ၀ါး မြို

မြေ ကို တော့
တီ ကောင် မြို သ တဲ့

အို ... ။

ခိုင်မြဲကျော်စွာ
ဒီရေစီးသံ ၊ အမှတ်(၅)