Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

** သတိရခြင်းများမှတ်စု ** အောင်ချိမ့်



မွေးဖွားစ အဲဒီတုန်းက
တွေးထင်ကိုင်တွယ်ခဲ့သလိုပင်
ခပ်ဖွဲဖွဲအပြာပါးပါး နှင်းတွေဝေလို့ရယ်
ငါ အခုပြက်ရယ်ပြုပုံမျိုးနဲ့ ခြားနားလွန်းတယ် ။

တစ်ခါစစ်ရှုံး၍
နှစ်သုံးဆယ် သည်းခံတတ်ခဲ့ခြင်းအတတ်
မွှေးကြူလိုသော ပန်းခင်းမှာ
တစ်ဆစ်ဆစ် ပျားများတုပ်သော ဒဏ်ရာ
ရောင်ကိုင်းစဉ်
မခင်တွယ်လိုတော့ခြင်း အဆိပ်ခွက်
ငါ့လက်မှာ တုန်ရီလျက် ။

စုဆောင်းမိတဲ့ ဝါးကျည်တောက်နဲ့အပြည့်
ခေတ်၏ ကာလ၏ . . . တဲ့
သူ့ရဲ့ရည်းစားစကားကြောင့် ပင်လယ်သွားမယ် ။

လက်နှိပ်ဓာတ်မီး ပစ်ကွင်းထဲ
မဲမဲတစ်အုပ်ပြီးတစ်အုပ်
ရွရွလှုပ်လို့ ပူဖောင်းတွေ ။

နေ့အတူ ညအတူ
အဖြူသုံးဖို့ဝန်လေး
အရေးကြီးတဲ့ အချိန်များကို ဇွန်းနဲ့ခပ်
ခင်ဗျား သိပ်ပြတ်သားပါတယ် ။

ရမက်အလိုကြီးလွန်းလိုပေါ့
ဒီလူမသေတော့တာ ။

အားလုံးအပေါ် မကောင်းနိုင်သေးပါ
အကောင်းဆုံးလူနည်းနည်းကို ကောင်းခဲ့ရန် . . .
ရင်ကွဲနာကျ ခေါင်းဖွက်ထားဆဲ ။

ပခြုပ်တွင်းမှ သီချင်းထွက်ပေါ်လာရာ
ငါ့ဦးခေါင်းအရေပြားတစ်ပြင်မှာ
မြွေဟောက်တွေ ရှုပ်ထွေးရှည်လျားလှပေါ့ ။

“ ဘယ်နှယ့်လဲ ”
သူရဲကောင်းက မေးခွန်းထမ်းလို့ ။

“တစ်လမ်းသာရှိပါတယ်”
လူမိုက်မို့ ယဉ်ကျေးမှုရွက်လို့ ။

တစ်ခါ . . .
အစွန်းတွက်စကားသံ
ကားသံနဲ့ ပေါက်တူးသံ
အဘိဓမ္မာများ ခြေဒရွတ်ဆွဲ
ဟောပြောပွဲနေ့များ နီးကပ်လာပြန်ပါပြီ ။

မြင်နေကျ ဆင်ခြင်တုံတရားဟာ
ခါးလိုက် . . .ချိုလိုက်။

လူငယ်ဟာ လူငယ်နဲ့မတူတဲ့ အရသာဟာ
အဝိုင်းစက်စက်
လေးထောင့်ကွက်ကွက် ။

မိန်းမရယ်
အပြစ်မရှိသော အိပ်ပျော်ခြင်းတစ်ခု
ငါ့အတွက် ပြုစုပေးဖို့ပဲပြောတာပါ ။

နာကျင်မှုများ သိပ်သည်းမှ
အကြောပြေလာသောသွေးများ
သေသပ်စွာ နှုတ်ခမ်းသုတ်တာ ကြုံဖူးတယ်။

ဟောဟို လူအရောက်နည်းတဲ့ တောင်ကုန်းနံဘေးမှာ
ရာဇဝင်ဆိုတာကို ပူဇော်ပါတယ် ။

အိပ်မက်ကိုနွားနို့နဲ့
တပ်ဆင်ပြီးစ စက်တင်ဘာညနေမှာ
ဖျင်ကုလားထိုင်နဲ့ အရုပ်ကြိုးပြတ်ထိုင်နေသူဟာ
ငါ့ပေါ့ ။ ။

အောင်ချိမ့်

No comments:

Post a Comment