Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, October 28, 2013

ငှက်စုန်း - နေ၀င်းမြင့်


(၁)
သည်ရွာကလေးကို လူတွေက လက်ပဒေါ လို့ပဲခေါ်တယ်။ တကယ်စာနဲ့ပေနဲ့ ရေးရင်တော့ လက်ပံတော ဖြစ်ရမှာပေါ့လေ။ ဖိတ်စာတွေဘာတွေမှာ လက်ပံတော ရွာနေ အဘဦးဖိုးဂေါင်ကို အမှူးထား၍…. ဘာညာစသည်ဖြင့် ရိုက်ရင်တော့ လက်ပံတောလို့ ရိုက်ကြတာပေမယ့် လူတွေပါးစပ်ကတော့ လက်ပဒေါ ခေါ်တာပါပဲ။ လက်ပဒေါ ဆိုရင်လည်း သည်ရွာကို ညွှန်းမှန်းသိတယ်။ ခက်တာက ရွာကိုသာသိတာပါ ၊ သွားတာတော့ ဘယ်သူမှ မသွားချင်ဘူး။ သွားရတာလည်း လွယ်တာမဟုတ်ဘူး။
         ဆည်မြောင်းလက်တံမြောင်းကို ကန့်လန့်ဖြတ်ရတာလည်း ရှိတယ်။ လက်တံမြောင်းကြီးကလည်း တစ်ခါတစ်ခါ ပဲချိန် ၊ နှမ်းချိန် ရေလွှတ်ထားရင် လူ့ခါးစောင်းလောက် ရေရှိနေတာဆိုတော့ တော်ရုံလူက တော်ရုံကိစ္စနဲ့ မဖြတ်ကြဘူး။ တော်တော်ဝေးတဲ့ နေရာမှာတော့ မြောင်းကူးအုတ်တံတားဟောင်းကြီး ရှိပေမယ့် ဘယ်သူက အဲသည့် သွားကူးနေမှာတုန်း။ ဝေးသမှ တော်တော့်ကိုဝေးတာ။ ကူးပါပြီတဲ့။ တစ်ဖက်ကမ်းရောက်လို့ ပြီးသေးတာ မဟုတ်ဘူး။ ပြောင်းတောကြီးဖြတ်ရသေးတာ။ ပြောင်းတောထဲ မရောက်ခင် ပတ်ကြားအက်နေတဲ့ လယ်တောခြောက်ခြောက်ကြီးထဲကို တော်တော်လေး ဆင်းရသေးတယ်။ ပြီးမှ ပြောင်းခင်းထဲ ရောက်တယ်။ ပြောင်းခင်းကို ဖြတ်ပြီးရင် လက်ပဒေါရွာစပ်ကို ရောက်ပြီ။ ယာခင်းမြေနီစပ်က ကိုလုံးထန်းရွက်တဲဟာ လက်ပံတောရဲ့ ရွာဦးဆိုင်းဘုတ်ပဲ။
          ဒါပေမယ့် ပါးစပ်က ပြောရတာ လွယ်တာကလား။ တကယ်သွားတော့ သည်လောက် လွယ်တာမဟုတ်ဘူး။ ဒါဖြင့်ရင် စက်ဘီးနဲ့ သွားပါလား ဆိုတော့လည်း စက်ဘီးစီးစရာကိုပဲ လမ်းမရှိတာ။ မြင်းလှည်းတော့လည်း ဖြစ်ဖြစ်မည် သွားရင် ရပေမယ့် အုတ်တံတားရှိတဲ့နေရာထိက ဝေးတော့ မြင်းလှည်းက လက်ပဒေါ ဆိုတာနဲ့။ “အားပေါင်ဗျာ” လုပ်တော့တာ။ ဒါက လက်ပဒေါကို သွားဖို့ ကိုယ့်ဘက်က စဉ်းစားတာ။ လက်ပဒေါ ဘက်ကတော့ စဉ်းစားနေတာ မဟုတ်ဘူး။ မြောင်းလက်တံကြီးကျော်ပြီး ကမ်းပေါ်တက်လိုက်မှ မြစ်လောင်း ဧရိယာထဲ ရောက်တာဆိုတော့ လာရတာပဲ။ ကူးရတာပဲ။ ကျားတံဆိပ် မီးခြစ်တစ်ဖာနဲ့လည်း မြောင်းရေထဲ ကူးရတာပဲ။ ဘီအိုစီဖယောင်းတိုင်လေး တစ်တိုင်နဲ့လည်း ပြောင်းခင်းထဲ မြွေမကြောက် ၊ ကင်းမကြောက် ကူးရတာပဲ။ လင်က ကွင်းကြိုကွင်းကြားထဲက ထိုးလာတဲ့ကြွက်ကို ခုတ်ထစ်ပြီး ရင်နှစ်ခြမ်းခွဲ ၊ မီးရဲရဲမှာကင်ပြီးရင် ကင်ထားတဲ့ တုတ်တံမည်းမည်းနဲ့ပင် ထမီရင်လျားကြီးနဲ့ မြစ်လောင်းကို ပြေးရောင်းရတာကလည်း ကြွက်ရရင် ရသလိုကိုး။
          မီးခြစ်တစ်ဖာ ၊ ဖယောင်းတစ်တိုင်နဲ့ မြစ်လောင်းသွားရလို့ လက်ပဒေါမှာ အိမ်ဆိုင်မရှိဘူးလားဆိုတော့လည်း မရှိဘူး။ အိမ်ဆိုင်နေနေသာသာ ဖျားလို့ ၊ နာလို့ ဆေးခန်း၊ ဆေးရုံ မရှိတာထား ၊ ကျားခေါင်းလေး ၊ ချမ်းအေးလေး တစ်ထုပ်လောက် ဝယ်ချင်လို့တောင် ကိုယ်ခွဲမရှိရင် အဖျားတက်ကြီးနဲ့ ပြေးရတဲ့ရွာကိုး။ လက်ပဒေါရဲ့ နာမည်ကျော် ရောင်းကုန်ကတော့ လယ်ကြွက် ၊ ကွင်းကြွက်ကို တုတ်နှစ်ချောင်း ထိပ်ဆိုင်ချည်ပြီး ကင်ထားတဲ့ကြွက်ကင်ပဲ။ ကြွက်ကင်သွားရောင်း ၊ ရောင်းရတဲ့ ပိုက်ဆံနဲ့ ဆန်နို့ဆီနှစ်ဘူး ၊ သုံးဘူး ဝယ်ပြီး ပြန်လာတာဟာ မြစ်လောင်းနဲ့ လက်ပဒေါရဲ့ ကုန်ကြမ်းပေး ၊ ကုန်ချောယူ ဆက်ဆံရေးပဲ။ မြစ်လောင်းက လူတွေကလည်း လက်ပံတော ကြွက်ကင်များတော့ ကြိုက်တယ်။ ကြိုက်တဲ့ အချိန်ယူသာလာခဲ့။ နောက်ဆုံး လူတွေအိပ်ချိန်ဆိုရင်တောင် ဘုံဆိုင်ကိုသာ နှိုး ၊ ယူတယ်။ ပိုက်ဆံမယူချင်ပါဘူး ဆိုရင် ဆန်နှစ်ဘူး ချင်ပေးတယ်။ လက်ပဒေါမှာ ကြွက်ကင်ဟာ ပိုက်ဆံပဲ။ လက်ပံတောမှာ ကြွက်တွင်းရှာတာဟာ ပိုက်ဆံရှာတာပဲ။ ဒါမှမဟုတ် ဆန်ရှာတာပဲ။
         မြစ်လောင်းဆိုတာကတော့ သည်နားတကြောမှာ တိုက်နယ်ရွာကြီးဆိုတော့ ဂတ်တဲရှိတယ်။ စာသင်ကျောင်းရှိတယ်။ တူတူတန်တန်ဈေးကလေး ရှိတယ်။ ကျေးလက်ကျန်းမာရေး ဆေးခန်းရှိတယ်။ ဆန်စက်တောင် တစ်လုံးလား ၊ နှစ်လုံးလားရှိတယ်။ ထားပါတော့။ သောင်သာတယ်။ ဆိုတော့ကာ မြစ်လောင်းသူ ၊ မြစ်လောင်းသားက ဈေးထဲမှာ ယောက်ျား၊ မိန်းမ အရောင်မွဲမွဲတွေ့ရင် ဒါ လက်ပဒေါက ဆိုတာ သိတော့ ၊ သူတို့ အချင်းချင်း စကားပြောရင်တောင် “လူကိုက လက်ပဒေါကာလာနဲ့” လို့ ပြောတတ်ကြတာတွေလည်း ရှိတယ်။ လက်ပဒေါက လူတွေဟာ ဆင်းရဲကြတာကို ပြောချင်တာပါ။ ဆင်းရဲပေမယ့် လက်ပဒေါသားတွေဟာ ရိုးသားကြတယ်။ မြစ်လောင်းဂါတ်တဲက လက်ပဒေါကို တရားခံသွားဖမ်းရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ လက်ပဒေါက တဲကလေးတွေဟာ ဘာတံခါးမှ မရှိတာတောင်မှ သစ်သားယောင်းမတစ်ချောင်း မပျောက်ဖူးဘူး။
         ရွာသားအားလုံးကတော့ ကြွက်ထိုးစားတာ မဟုတ်ပါဘူး။ သည်ဆည်မြောင်း လက်တံကြီးကို ဖာဖို့ ထေးဖို့ ပြုဖို့ ပြင်ဖို့ ရာသီအလိုက် ခန့်ထားတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ သူတို့ကို သည်အရပ်က “မြောင်းလျှောက်” လို့ ခေါ်တယ်။ မြောင်းကြီးတလျောက် လမ်းလျှောက်ရင်း မြောင်းကျိုးတာ ၊ မြောင်းပဲ့တာ လိုက်ဖာရတဲ့လူတွေဆိုတော့ မြောင်းလျှောက်လို့ ခေါ်တာလည်း မမှားဘူး။ ခက်တာက သည်အလုပ်က မိုးတွင်းမှာမှ ခဏလေးခန့်တာ။ နွေမှာ အလုပ်မရှိဘူး။ ကိုယ့်ဟာကိုယ်ရှာလုပ်ပဲ။ ရှာစားပဲ။ ရှာသောက်ပဲ။ လက်ပဒေါကို ခရီးကြုံမှာရင်လည်း ရတယ်။
          “လက်ပဒေါက မြောင်းဆောက်ဘုံတီးကို ပြောလိုက်စမ်းပါကွာ၊ နက်ဖျင်ညှ အဆေ့ကျောင်းကို လာပါလို့….. မြင့်လောင်းက စံထွန်းအလှူမတိုင်ခင် မြေညှိချင်လို့ လို့ …. နှော” လို့ မှာလိုက်ရုံပဲ။ မြောင်းဆောက်ဆိုတာ မြောင်းလျှောက်လို့ ပြောတာပါ။ နက်ဖျင် ဆိုတာ မနက်ဖြန်။ ညှ ဆိုတာ ည။ အဆေ့ကျောင်းဆိုတာ အရှေ့ကျောင်း ၊ နှော…ဆိုတာက နော….ကိုပြောတာပါ။ သူတို့ချင်းကတော့လည်း အဆင်ကိုပြေလို့ပါ။ ဒါဆို လက်ပံတောက မြောင်းလျှောက်ကိုဘုံတီးက ပေါက်တူးကိုင်ပြီး မြစ်လောင်းကို သုံးလေးရက် ကူးသွားတာပါပဲ။ ပြောချင်တာက လက်ပဒေါက လူတွေဟာ အဲသလို လူတွေ။ လက်ပဒေါဟာ အဲသလို ရွာကလေး။

(၂)

          လက်ပဒေါဟာ ရှိလှရင် အိမ်ခြေ ၂၀ ကျော်ပါပဲ။ လက်ပံပင်ကြီးတစ်ပင်တည်း ရွာထိပ်ရှိနေတာကို ဘယ်သူက လက်ပံတောလုပ်ထားတာလဲ ဘယ်သူမှ မသိဘူး။ ဒါက အကြောင်းလည်း မဟုတ်ပါဘူး။ နာမည်ရှိတာပဲ တော်လှပြီ။ နောက် ရွာအနောက်က သင်္ဂျိုင်းရာကလေးရှိတယ်။ သည်သင်္ဂျိုင်းရာကလေးက လက်ပဒေါသင်္ဂျိုင်းသက်သက်တော့ မဟုတ်ဘူး။ လက်ပဒေါနောက်ဝေးဝေးက ကြက်ဆူပင် ၊ မိုးနှံကုန်း ၊ ပျဉ်းမကုန်း ရွာတွေကလည်း လူမှသေရင် ဒီသင်္ဂျိုင်းလာတာပဲ။ သင်္ဂျိုင်းစပ်မှာ ညောင်ပင်အိုကြီး တစ်ပင်ရှိတယ်။ တစ်ခြမ်းးက ခြောက်တောင်နေပါပြီ။ တစ်ခြမ်းက ခြောက်လို့ တစ်ခြမ်းက စိမ်းလို့။ ထားပါတော့ ၊ အပင်ကလည်း ကြီးကြီးဆိုလို့ လက်ပံတောမှာ သည်လက်ပံပင်နဲ့ ဒီညောင်ခြောက်ပင် နှစ်ပင်ပဲရှိတယ်။
          တစ်နေ့တော့ လူဦးရေ တစ်ရာကျော်လောက် ဆင်းဆင်းရဲရဲနေရတဲ့ ၊ သစ်ပင်ကြီးနှစ်ပင်နဲ့ လက်ပဒေါမှာ လူသေမှုစဖြစ်တယ်။ လူသေမှုကို ပြောတာနော်။ လူသတ်မှုမဟုတ်ဘူး။ သူ့ဟာသူ နေရင်းထိုင်ရင်းသေတာကို ပြောချင်တာ။ ဟ… လူနေတဲ့ရွာပဲ ၊ လူသေတာပြောစရာရှားလို့ မေးချင်ရင်လည်း မေးဖို့ပဲ။ ဒါပေသိ လက်ပဒေါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ၊ အစိတ်ကတည်းက ကနေ့ထိ တစ်ခါမှ လူသေဖူးတာမဟုတ်ဘူး။ နာမည်ကသာ လက်ပဒေါသင်္ဂျိုင်း ၊ လက်ပဒေါသား၊ လက်ပဒေါသူ တစ်ယောက်မှ မြေကျဖူးတာ မဟုတ်ဘူး။ နှစ်အစိတ် ဟိုဘက်ကတော့လည်း ရှိချင်ရှိမယ်။ ဒါတော့ဘယ်သူမှ မပြောနိုင်ဘူး။ မှတ်မိသလောက်တော့ သည်နှစ်ပေါင်း အစိတ် သုံးဆယ်လောက်ထဲမှာတော့ မသေဖူးသေးဘူး။ ဒါတော့ သေချာတယ်။
          တစ်ညတော့ လက်ပဒေါရွာကို ကန့်လတ်ဖြတ် ပျံသွားတဲ့ ငှက်တစ်ကောင်က စူးစူးကြီးအော်ရင်း လက်ပဒေါညကို ခပ်ပြင်းပြင်းပုတ်နှိုးလိုက်တယ်။ သည်ငှက်အော်သံမျိုးကို လက်ပဒေါက အင်မတန်ဆင်းရဲတဲ့လူတွေ မကြားဖူးတာကြာပြီ။ သည်ရွာက လူတွေကလည်း ဟိုဘက်က တစ်တဲ ၊ သည်ဘက်က တစ်အိမ် ၊ လက်ပဒေါလာစုရင်းက နေကြရတာဆိုတော့ ကိုယ်ဖြတ်သန်းကြီးပြင်းခဲ့ရာ ငယ်ဘဝတုန်းကတော့ ကြားဖူးကြတာချည်းပေါ့။ ဒါဟာ ငှက်စုန်းတစ်ကောင်ရဲ့ အော်သံဆိုတာလောက်တော့ သိတာပေါ့။ သည်ကောင်မှ အပေါ်ကဖြတ်အော်ရင် ၊ ဒါမှမဟုတ် လူမမာအိမ်ခေါင်က ဖြတ်အော်ရင် ဒါဟာ မင်္ဂလာမရှိဘူး ဆိုတာလောက်တော့ သိတာပေါ့။ ကျက်သရေ မရှိဘူးဆိုတာလောက်တော့ သိတာပေါ့။ အဲသည်ညက သိခြင်းနဲ့ ကြောက်ခြင်းဟာ တစ်ချိန်တည်းဖြစ်တယ်။
         အဲသည်မှာတင် တစ်ရွာလုံးက ငှက်စုန်းသံကြားတာနဲ့ အိပ်ယာထဲ လှဲနေရာက ထကြတယ်။ ပါးစပ်ကလည်း “ဖွဟဲ့…. နင့်ဒဏ်နင်ခံ … နင့်ဒဏ်နင်ခံ” လို့ ရေရွတ်ကြတယ်။ ပြီးတော့ မိသားစုတွေဟာ မီးတိုင်ခွက်ရောင်နီကျင်ကျင် ၊ မှုန်တိမှုန်မွှားထဲမှာ တစ်ယောက်ရဲ့မျက်နှာ တစ်ယောက် လိုက်ကြည့်နေကြတယ်။ မိန်းမကလည်း ယောက်ျားကို “တော်နေကောင်းပါတယ်နော်” ဆိုတဲ့ မျက်နှာနဲ့ ကြည့်တာ။ ယောက်ျားကလည်း “နင် နေရထိုင်ရတာ ကောင်းရဲ့လား မိသေးရာ” ဆိုတဲ့ မျက်နှာနဲ့ ကြည့်နေတာ။ နီးစပ်ရာ ကိုယ့်ကလေးတွေရဲ့ နဖူးတွေကိုလည်း မှတ်မှတ်ရရကြီး စမ်းလိုက်ကြတာလည်း လက်ပဒေါက တဲကလေးတွေထဲမှာ အားလုံး အတူတူလောက် နေမှာပါပဲ။
          အေးလေ။ ညဘက်ထွက်တဲ့ ညငှက်တစ်ကောင်က သူ့ဟာသူ သူ့ငှက်လမ်းကြောင်းပေါ်မှာ ပျံသန်းရင်း အော်ဟစ်လိုက်တဲ့အသံဟာ လူတွေအားလုံး ငုတ်တုတ်ထ ထိုင်ကြရတယ်။ ပါးစပ်ကလည်း ပြိုင်တူ တစ်စုံတရာ ရေရွတ်လိုက်ရတယ်။ သည်ငှက်သံကပဲ သေခြင်းတရားကို ကိုက်ချီပြီး ရွာကလေးပေါ်မှာ ပစ်ချထားခဲ့တာမျိုးလို့ မျက်နှာထားတွေ ဖြစ်သွားကြရတယ် ဆိုတာကလည်း စဉ်းစားကြည့်ရင် ရယ်တော့လည်း ရယ်စရာကြီးပေါ့လေ။

(၃)

          ဒါပေမယ့် ဒါဟာ ရယ်စရာ မဟုတ်ပါဘူး။ လက်ပဒေါမှာ နှစ်တော်တော်ကြာကြာ ပျောက်ကွယ်နေတဲ့ သေခြင်းတရား ရုတ်တရက်ရောက်လာတာဟာ ရယ်မောစရာ ကိစ္စမဟုတ်ပါဘူး။ လူသေတာဟာ နှစ်သက်စရာ မဟုတ်ဘူး။ ဒါပေသိ လက်ပဒေါမှာ လူက တကယ့်ကို အဲ့သည်ညက သေတယ်။ သေတဲ့လူက လှတင် လို့ ခေါ်တယ်။ မြောင်းလျှောက်ပါပဲ။ လက်ပဒေါကို ငှက်စုန်းဖြတ်သွားပြီး လူတွေအားလုံးက အိပ်မောကျနေချိန်မှာ လှတင် ကြွက်ထိုးတဲ့ မှိန်းကိုထောက်ရင်းသူ့တဲကို ပြန်ရောက်လာတယ်။
          “မြမေ… ထစမ်း ၊ ငါ့ကို အကောင်ကိုက်လိုက်လို့”
ဒါပဲ ပြောနိုင်တယ်။ တဲဝမှာ ဝုန်းကနဲ လဲသွားတယ်။ သူ့မိန်းမ မြမေက နိုင်သလောက်ပွေ့ပြီး တဲအတွင်းဘက်ကို သွင်းတယ်။ အကောင်ကိုက်လိုက်တယ် ဆိုတဲ့နေရာတွေကို ရှာကြည့်တယ်။ လယ်ထဲ ကွင်းထဲ ကြွက်သွားထိုးတဲ့သူ အကောင်ကိုက်တာ ခြေဖျားဘက်ဖြစ်ရမှာပေါ့လို့ တွက်ရင်း ကြည့်လိုက်တော့ ဆေးလိပ်မီးနဲ့ထိုးထားလို့ အသားစတွေလန်နေနဲ့ ညာဘက် ခြေဖခုံဟာ မောက်မောက်ကြီးယောင်ကိုင်းနေတယ်။
“ကိုလှတင်… ကိုလှတင်…”
မရဘူး။ ခေါ်လို့ မရတော့ဘူး။ တော်တော့်ကို ဝေးတဲ့နေရာလောက်က ငှက်စုန်းထိုးသံကြီး တစ်ချက်ကြားပြီး ဘာကြာတုန်း လှတင်သေရော။ မမြမေ ငိုသံက ငှက်စုန်းထက်ကျယ်တော့ အားလုံးနှိုးကုန်ကြရော။ မမြမေတို့ တဲကလေးရှေ့ကို စုစုဝေးဝေးရောက်လာကြတယ်။ မိုးမလင်း တလင်း ညကြီးသန်းလွဲမှာ လက်ပဒေါက လူတွေဟာ သေသူရဲ့ခြေထောက်က ဒဏ်ရာကိုမကြည့်ဘူး။ မဲနက်နေတဲ့ကောင်းကင်ကို မော့ကြည့်နေကြတယ်။ ငှက်တစ်ကောင်ကို ရှာနေကြတာထင်ပါရဲ့။
“မနက် မြစ်လောင်းက ဘုန်းကြီးပင့်ဖို့စီစဉ်ကွာ”
တစ်ယောက်က အကြံပေးတယ်။ လက်ပဒေါမှာ သရဏဂုံတင်စရာ ဘုန်းကြီးမှ မရှိတာကိုး။

(၄)

လက်ပဒေါမှာ ငှက်စုန်းကြီးအော်လို့ ငါးရက်တောင် မပြည့်သေးဘူး။ လက်ပဒေါမှာပဲ နောက်တစ်ယောက်သေပြန်ရော။ သေတဲ့လူက ကျင်စိန်တဲ့။ အရက်သမားပါ။ လက်ပဒေါမှာ လူကောင်းသူကောင်းချည့် ရိုးရိုးသားသားနေတယ် ဆိုပေမယ့် အရက်ကလေးတမြမြနဲ့ လူလည်းရှိတာပေါ့လေ။ ပြီးတော့ရွာမှာ ဘုန်းကြီးကျောင်းသာမရှိတယ်။ ဘုံဆိုင်ကလေးတော့ရှိတယ်။ ကျင်ဆိုင်သေတာကလည်း ဆန်းတယ်။ အဲ့သည် ညဦးက ကျင်စိန်အရက်ကလေးထွေထွေနဲ့ သီချင်းတွေဆိုရင်းက တဲရှေ့ကွပ်ပျစ်ကလေးမှာ လှဲရင်းက မူးမူးနဲ့ အိပ်ပျော်သွားတာပါ။ မနက်မိုးလင်းတော့ ကွပ်ပျစ်ပေါ်မှာပဲ သေနေတယ်။ မနက်ခင်း ကျင်စိန်နဲ့ သိုးကျောင်းသွားနေကျ ထွန်းပေါ် လာနှိုးတော့ နှိုးမရတော့ဘူး။ စမ်းကြည့်တော့ မာတောင့်နေပြီ။
“ကျင်စိန်တော့ သေပြန်ပြီ… အင်း… ငါထင်တယ် ၊ ညက ငှက်စုန်းထိုးကတည်းက တစ်ခုခုတော့ ဖြစ်တော့မှာပဲ ဆိုတာ”
“ဟာ… ဘကြီးကလည်း ဘယ်တုန်းက ထိုးလို့တုံး ၊ ညက မထိုးပါဘူး”
“ထိုးပါသော်ကော မောင်ရာ ၊ ညက လေတွေ တဝူးဝူး အော်တိုက်နေတာ အကြာကြီး ၊ လေလေးလည်း ငြိမ်ရော ငှက်စုန်းထိုးလိုက်တာ သံပြာကြီးနဲ့”
ကျင်စိန့် အလောင်းရှေ့ရောက်နေတဲ့ လက်ပဒေါသားတွေ အားလုံး ငိုင်သွားကြတယ်။ အင်မတန် ကြမ်းတမ်းခက်ခဲတဲ့ သည်နေရာကလေးကို အင်မတန် ဆင်းရဲကျပ်တည်းကြတဲ့ သည်နေရာစုကလေးကို သေမင်းက ဘယ်လိုရှာတွေ့သွားရတာတဲ့လဲ။ သည်ငှက်စုန်းကကော ဘယ်သူက လွှတ်လိုက်တာလဲ။ နှစ်ပေါင်းများစွာ တစ်ခါမှတောင် မကြားဘူးတဲ့ ငှက်အော်သံကြီးဟာ ဘယ်က ဘယ်လို ရောက်လာရတာတဲ့လဲ။ မသိဘူး။ သူတို့ ဘာမှကို မသိတာပါ။ သူတို့ ဘယ်လိုမှကို ဥာဏ်မမီနိုင်တာကိုပဲ တွေးနေကြတာ အကြာကြီး။ ပြီးတော့ ကိုယ့်တဲကလေးတွေဆီကို ကိုယ်ပြန်ကြတယ်။
လက်ပဒေါသားတွေ ကြွက်ကောင်းကောင်းမထိုးနိုင်ဘူး။ မြောင်းကောင်းကောင်း မလျှောက်နိုင်ကြဘူး။ သည်ညကော ငှက်စုန်းလာဦးမှာလား ၊ လာရင်ကော အော်ဦးမှာလား ၊ အော်ရင်ကော သေဦးမှာလား ၊ သေရင်ကော … ဘယ်သူလဲ။

(၅)

ကျင်စိန်သေလို့ တစ်လကျော်ကျော်ကြာတော့ လူတွေဟာ ငှက်စုန်းကို မေ့သွားကြတယ်။ လက်ပဒေါမှာ လူသေတာဟာ ပြောစရာတော့ဖြစ်သွားတာပေါ့လေ။ လက်ပဒေါသားတွေဟာ သည်အကြောင်းကို အခုတွေးရင် အခုကြောက်ကြတယ်။ ငှက်စုန်းကလည်း မလာပြန်ဘူး။ တချို့ညတွေကျတော့လည်း ရွာစပ်ကဖြတ်ပျံသွားရင်း ခပ်ဝေးဝေးက အော်သံလောက်နဲ့ ပြီးသွားတာမျိုးပဲရှိတယ်။ သည်အတောအတွင်း လက်ပဒေါက ကလေးတွေအားလုံးရဲ့လည်ပင်းမှာ ကနုကမာခွံလိုလို လက်မလောက် ယောက်သွားခွံကလေးတွေ တပ်ကြလို့။ သည်လိုနဲ့ နေလာကြရာက တစ်ညတော့ အားလုံးက မေ့နေကြတဲ့ ငှက်စုန်းဟာ လက်ပဒေါရွာပေါ်က တည့်တည့်ကြီးအော်သွားပြန်ရော။ အော်တာမှ စူးစူးရဲရဲကြီး။ ဂီး ကနဲအော်သံဟာ တော်ရုံလူမမာရဲ့အသက်ဝိညာဉ်ကို ကိုင်ညှစ်ပြီး သူ့နှုတ်သီးကြီးနဲ့ တပေါက်ပေါက် ထိုးဆိတ်လိုက်သလိုအော်သွားတာမျိုး။
“ဖွဟဲ့… နင့်ဒဏ်နင်ခံ… နင့်ဒဏ်နင်ခံ”
နင့်ဒဏ်နင်ခံသာပြောတာ။ ငှက်စုန်းက ခံဖို့သာ လက်ပဒေါသားတွေက တဖွဖွရွတ်နေတာ။ တကယ်ခံနေရတာက သူတို့ပဲ။ အဲ့သည်ညက လ က လက်သည်းခြစ်ရာလောက်ကလေးနဲ့ ည။ ပြောင်းခင်းဘက်က ကွင်းလေက တသွေးသွေးနဲ့ည။ ဆည်မြောင်းလက်တံကြီးထဲမှာ ရေမရှိချိန်ဆိုတော့ ကလေးတွေတောင် ပြောင်းခင်းကြီးကျော်ပြီး မြောင်းခြောက်ထဲ ကစားနေတဲ့ည။ ငှက်စုန်းထိုးသံကြီးဟာ လက်တံမြောင်းတဲကလေးတွေပေါ်ကို ဗုံးကြဲလိုက်သလို ၊ မိုးကြိုးများပစ်ချလိုက်သလို ကျလာတော့ ကလေးတွေအားလုံးဟာ လက်တံမြောင်းနှုတ်ခမ်းပေါ်ပြေးတက်ရင်း ပြောင်းခင်းကို ညမှောင်မှောင်ထဲမှာ ကျော်ဖြတ်ရင်း တဲစုကလေးတွေရှိရာကို ပြေးလာကြတယ်။ မိဘတွေကလည်း ပြောင်းစပ်ခင်းက ကြိုရင်းက ပြေးလာတဲ့ကလေးတွေရဲ့ ရင်ပတ်က ကမာခွံကို အရင်စမ်းကြည့်ကြတယ်။
“ဟဲ့… ငကွန်း … ဘယ်မှာလဲ … နင့်”
မအေလုပ်သူတွေထဲက အော်လိုက်သံဟာ လက်ပဒေါညထဲမှာ တုန်ခါနေတယ်။
“ဘယ်မလဲ ငါမေးနေတယ်လေ… ဘယ်မလဲ”
ငကွန်းက မျက်လုံးတွေကြောင်နေပြီး မအေလုပ်သူကို ကြည့်နေတာကလွဲရင် သူ့လည်ပင်းကို သူစမ်းနေတာပဲရှိတယ်။ ဘာမှ မပြောဘူး။ မပြောနိုင်ဘူး။ သည်လိုနဲ့ လက်ပဒေါဟာ ခဏလေး ငြိမ်သက်သွားတယ်။ အဲ့သည်ညက ကိုယ်တွေခြစ်ခြစ်တောက်ပူပြီး ငကွန်းကလေးသေတယ်။
သည်တစ်ခါတော့ လက်ပဒေါဟာ ချောက်ချားသွားခဲ့ကြတယ်။ ထိတ်လန့်ကြောက်ရွံ့နေကြတယ်။ ညမှောင်ပြီဆိုတာနဲ့ လက်ပဒေါမိုးကောင်းကင်ပေါ်က ဖြတ်သန်းသွားမယ့် ငှက်တိရစ္ဆာန် တစ်ကောင်ကို ဘာမဟုတ်ညာမဟုတ် ကြောက်နေကြတယ်။ သည်ငှက်ကပဲ လက်ပဒေါကို သေခြင်းလက်ဆောင်တွေ ကောင်းကင်က ချချပေးနေတာကိုး။
ပထမ လှတင်သေတယ်။ နောက် ကျင်စိန်သေတယ်။ ခုတစ်ခါ ငကွန်းကလေးသေပြန်ပြီ။ နောက်ဘယ်သူသေဦးမှာလဲ။ လက်ပဒေါသင်္ဂျိုင်းမှာ လက်ပဒေါသား သုံးယောက်တောင် ရောက်နေပြီကော။ လက်ပဒေါသင်္ဂျိုင်းက နောက်ဘယ်သူ့ကို မျက်စပစ်နေပြန်ပြီလဲ။ ဘယ်သူမှ မပြောနိုင်ဘူး။ သည်ငှက်စုန်းကြီးအော်နေသ၍ လက်ပဒေါသူ လက်ပဒေါသားတွေဟာ နေ့လား ညလား ၊ သူလား ငါလား ဘယ်သူမှ မပြောနိုင်ဘူး။

(၆)

တစ်ရွာလုံးမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဘကြီးသောင်က ပရိတ်တွေရွတ်တယ်။ မေတ္တာတွေပို့တယ်။ မျက်စိမမြင် ဘာမမြင်နဲ့ ရွာကို တတ်သမျှ မှတ်သမျှ စည်းချပေးတယ်။ လက်ပဒေါသူ လက်ပဒေါသားတွေကလည်း ကွင်းကြို ကွင်းကြား ကြွက်ထိုးနေရလို့ မေ့နေတဲ့ ဘုရားရှိခိုးအမျိုးမျိုးကို ရတတ်သမျှရွတ်ကြတယ်။ သည်လိုနဲ့ တစ်နေ့တော့ ဘကြီးသောင်က လက်ပဒေါသားတွေကို လူစုတယ်။ သူ့သဘောထားကို ပြောတယ်။
“ဘကြီးတော့ အိပ်မက်တွေလည်း မကောင်းဘူး။ အတိတ်နမိတ်များလည်း မကောင်းဘူး။ သည်တော့ ဘကြီးတတ်သမျှ မှတ်သမျှ စည်းတော့ချပြီးပြီ။ ဒါပေမယ့် သည်ငှက်တွေ ရောက်မလာဘူး ဘယ်သူမှ မပြောနိုင်ဘူး။ သည်တော့ ငါတို့ ဘာလုပ်ကြမလဲ။”
မြောင်းလျှောက်သမား ကိုခင်ကလည်း သူ့သဘောထားကို ချပြတယ်။
“ငှက်အော်လို့ သေတာမဟုတ်ဘူး… ဘကြီးရာ လူသေတာ သေနေ့စေ့ သေတာပါပဲ။ ငှက်က လူ့ဝိညာဉ်ကို မနှုတ်နိုင်ပါဘူး။ ဒါ ဘကြီးတို့က ဥပါဒ်ဒါန်စွဲနေတာ။ ဒါကြောင့် ဥပါဒ်ပြန်ဖြစ်နေတာ”
ဆိုတော့ လာစုမိတဲ့ လက်ပဒေါသူ လက်ပဒေါသားတွေက ကိုယ်ခင့်ကို ဒေါကန်ကြတယ်။ အရေးထဲမှာ ရွာလာပြီး ကန့်လန့်တိုက်နေတဲ့ ကောင်ပါလားဆိုတဲ့ မျက်နှာနဲ့ ကိုခင့်ကို ဝိုင်းကြည့်ကြတယ်။ ကိုခင်ကတော့ ဂရုမစိုက်ပါဘူး။ ဆင်နှစ်ကောင်ဆေးလိပ်တောင် တထောင်းထောင်းဖွာနေလိုက်သေးတယ်။ သူ့လေးထောင့်မျက်နှာကြီးထဲက မျက်ပေါက်ကျဉ်းကျဉ်းကလေးတွေနဲ့ လူတွေကိုတောင် ပြန်ကြည့်နေလိုက်သေးတယ်။
ခက်တာက ဘကြီးသောင်ကသာ ဘာလုပ်မလဲ မေးနေတာ ဘယ်သူက ဘာလုပ်တတ်မှာတုန်း။ ငှက်စုန်း ဘယ်နားနေမှန်းသိရင်လည်း ကောင်းသားကလား။ ညှိလို့နှိုင်းလို့ ရရင်လည်း ကောင်းသားကလား။ တောင်းပန်လို့ တိုးလျှိုးလို့ ရရင်လည်း ကောင်းသားကလား။ ဒါပေမယ့် ဒါက လူလူချင်းကိစ္စ မဟုတ်ဘူး။ ငှက်နဲ့ လူတွေ ရဲ့ နားမလည်နိုင်တဲ့ ကိစ္စ။ ဒါက မြစ်လောင်းဂါတ်တဲနဲ့လည်း မဆိုင်ဘူး။ မြစ်လောင်းသူကြီးနဲ့လည်း မပါတ်သက်ဘူး။ မြေကျင်းထဲက ကြွက်ကိုသာ မှိန်းနဲ့ထိုးတတ်ကြတဲ့ လက်ပဒေါသားတွေဟာ ကောင်းကင်က ငှက်ကို ဘာလုပ်ရမှန်းမသိဘူး။
“သည်လိုလုပ်ချင်တယ်”
တစ်ကိုယ်လုံးပွေးတွေနဲ့ အကွက်လည်နေတဲ့ စံမြက စကားစတယ်။ အားလုံးက စံမြကို အာရုံရောက်သွားကြတယ်။ စံမြက လက်ဖျံပေါ်က ပွေးဒင်္ဂါးတွေကို လက်သည်းနဲ့ ကုတ်ဖဲ့နေရင်းကပြောတယ်။
“ကျုပ်တို့ရွာမှာ ငှက်ခိုလို့ရတာ သစ်ပင်ကြီးနှစ်ပင်ပဲရှိတယ်။ ရွာထိပ်က လက်ပံပင်နဲ့ သင်္ဂျိုင်းစပ်က ညောင်ခြောက်ပင် ၊ သည်နှစ်ပင်မရှိရင် ငှက်မနေနိုင်ဘူး။ ငှက်စုန်းဟာ ညောင်ပင်မှာရှိရင်ရှိ ၊ မရှိရင် လက်ပံပင်မှာ ရှိမယ်။ သည်တော့…”
စံမြက စကားတွေကို ရပ်ထားတယ်။ သည်တော့ ဘာဖြစ်သလဲ … ဘာဖြစ်သလဲ…။ လက်ပဒေါသားတွေက စံမြကိုပဲ ငေးနေကြတယ်။
“သည်တော့ ဒီနှစ်ပင်ကို လှဲချင်တယ်”
ဒါပါပဲ။ စံမြက ဒါပဲ ပြောပြီး ပွေးစတွေကို တောက်ထုတ်နေတယ်။ လူတွေအားလုံးဟာ ဘာမှ မပြောနိုင်တော့ဘူး။ ဟုတ်သားပဲ။ စံမြလောက်တောင် ငါတို့ ဘာလို့ မတွေးမိရတာလဲ။
“ကောင်းတယ်ကွာ ၊ စံမြ မင်းတာဝန်ယူနိုင်မလား”
“ယူနိုင်ပါတယ်။ ဒါက သုံးလေးယောက်ဝိုင်းလိုက်ရင် ပြီးတဲ့ကိစ္စပဲ ၊ ဒါပေမယ့်… ”
လူတွေကတော့ နားမလည်ဘူး။ ခုတ်လိုက်ရင်ပြီးမယ့် ကိစ္စပဲ။ ဟာ ဒါပေမယ့်လည်း….။ ဘာလဲ မလုပ်ချင်တာလား။ မလုပ်ချင်ရင် ဘေးဖယ်နေ။ ငါတို့ လုပ်စမ်းမယ်။ သစ်ခေါင်းထဲတွေ့မယ့် ငှက်စုန်းတော့လား မြစ်လောင်းအရက်နဲ့တွေ့ပြီပေါ့။ လူတွေက ဒေါသနဲ့ တွေးနေကြတာပါ။
“ဒါပေမယ့်… ညောင်ပင်ကို ဘယ်သူ ခုတ်ရဲလို့လဲ ၊ ကျွန်တော်မခုတ်ရဲဘူး။ ညောင်ပင်မှာ တစ်ရွာလုံးက ကိုးကွယ်ထားတဲ့ နတ်ကွန်းတွေပြည့်နေတာ၊ ကျုပ်မလုပ်ရဲဘူး။”
ဟာ… ဒါလည်း ဟုတ်သားပါလား။ လူတွေအားလုံးငိုင်သွားလိုက်ကြတာ တော်တော့်ကိုကြာတယ်။ သည်ညောင်ပင်ကလည်း တစ်ခြမ်းသာခြောက်နေတာ တစ်ရွာလုံးက စင်ကလေး နေရာလပ်မကျန်အောင် ရိုက်ထားပြီး ကိုယ့်အစွဲနဲ့ကိုယ် ကိုးကွယ်နေကြရတဲ့ညောင်ပင်။ ညနေမှောင်ပြီဆိုတာနဲ့ မီးကလေး တလက်လက် နဲ့ ရှိနေတတ်တဲ့ ညောင်ပင်။ တစ်နှစ် တစ်ခါ ကိုယ်တတ်နိုင်သလောက်နဲ့ မိသားစု ဝတ်မပျက် ပူဇော် ပ သ နေရတဲ့ ညောင်ပင်။
ဒါကို ခုတ်ရမယ်လို့ ဖြစ်လာတော့ ခုတ်ဖို့ နေနေသာသာ ဘယ်သူမှ စိတ်တောင်မကူးရဲဘူး။ သည်ညောင်ခေါင်းထဲမှာ ငှက်စုန်းရှိမယ် မရှိမယ်ကလည်း သေချာတာမဟုတ်ဘူး။ ညောင်ပင်က ရွာကို မီးနဲ့တိုက်မှာက အရင်ကိုး။ သည်လိုနဲ့ လက်ပဒေါသူ လက်ပဒေါသားတွေဟာ ငှက်စုန်းရှာမလား။ ညောင်ပင်ခုတ်မလား ဆိုတဲ့ ပြဿနာကြီးနဲ့ တွေ့နေကြတယ်။
“ကျုပ်ခုတ်မယ်… ညောင်ပင်ကို ကျုပ်ခုတ်မယ်”
ကိုခင်။ သူ့လေးထောင့် မျက်နှာကြီးနဲ့ မျက်ပေါက်ကျဉ်းကျဉ်းကို မှေးထားရင်းက တစ်ခွန်းတည်း ထ အော်တယ်။ လူတွေအားလုံးဟာ ညောင်ပင်ခုတ်ဖို့ကိစ္စ ကိုယ်က ခုတ်ဖို့နေနေသာသာ ခုတ်ကွာ… လို့တောင် မပြောရဲတဲ့လူတွေကိုး။ ကိုခင်က ခုတ်မယ်ဆိုတော့ ဝမ်းထဲက ကျေနပ်ကြပေမယ့် ပါးစပ်က မပြောရဲဘူး။
“ကျုပ်ဒါတွေ ယုံတာမဟုတ်ဘူး။ ငှက်အော်လို့ လူသေတာလည်း ကျုပ်မယုံဘူး။ ဒါပေမယ့် ခင်ဗျားတို့ ယုံတယ်မဟုတ်လား။ ယုံလို့လည်း ငှက်နေတယ်လို့ ထင်ရတဲ့ညောင်ပင်ကျတော့ ခင်ဗျားတို့ မခုတ်ရဲကြပြန်ဘူး ၊ ဘာတွေလဲ ခင်ဗျာတို့ ၊ ကျုပ်ခုတ်ပေးမယ်။ အိုဗျာ… ကျုပ်က ခုတ်နေမှာမဟုတ်ဘူး ၊ ခင်ဗျားတို့ တစ်ခုပဲ ပြောလိုက်မယ်။ ခင်ဗျားတို့ ကိုးကွယ်ထားတဲ့ နတ်ကွန်းစင်တွေ ကနေ့ညနေစောင်း အပြီးဖြုတ်ထား။ မနက်ဖြန်မနက် ကျုပ်က ညောင်ပင်ခေါင်းထဲ ရေနံထည့်ပြီးမီးရှို့မှာ။ ကန်တော့ချင်တဲ့သူ ကနေ့ အပြီးကန်တော့ထား။ လက်ပဒေါမှာ မနက်ဖြန် ညောင်ပင်လည်းမရှိစေရဘူး။ ညောင်ခေါင်းထဲ ငှက်စုန်းနေတယ်ဆိုရင် ငှက်စုန်းလဲ မသာပေါ်ပြီသာမှတ်”

(၇)

အဲသည်တုန်းက တကယ်လည်း လက်ပဒေါသားတွေက လက်ပံပင်ကို ခုတ်တယ်။ ကိုခင်က ညောင်ပင်ကို မီးရှို့တယ်။ လက်ပံပင်ကတော့ ငုတ်တိုတောင် မကျန်တော့ပါဘူး။ ထင်းဖဲ့စိုက်ကြတာနဲ့ကို နောက်ခေတ်ကလေးတွေက ကြည့်ချင်လို့တောင် မရှိတော့ဘူး။ ညောင်ပင်ကတော့ ဘယ်လိုပြောရမလဲ။ ကိုခင်ကလည်း ညောင်ခေါင်းထဲ ရေနံထည့်ပြီး မီးရှို့ခဲ့တာပါပဲ။ ညောင်ပင်တစ်ပင်လုံးလည်း မည်းချိတ်ပြီး နလန်မထူဘဲ သေသလိုဖြစ်သွားခဲ့တာပါပဲ။ ဘာငှက်တစ်ကောင် တစ်မြီးမှလည်း မတွေ့ခဲ့ဘူးလို့ ပြောကြတာပါပဲ။ အခုတော့ ကိုခင်တောင် လက်ပဒေါမှာ ဘကြီးခင် ဖြစ်နေပါပြီ။ နှစ်ပေါင်းကလည်း သုံးဆယ်သီသီ ကျော်ခဲ့ပြီကိုး။ နှစ်ကလည်း နည်းတော့တာမှ မဟုတ်ဘဲလေ။
ဒါပေမယ့် အဲသည် ညောင်ပင်က မသေဘူး။ အငုတ်က ပြန်တက်လာတဲ့ အကိုင်းလေးကနေ စလိုက်တာ အခုတော့ ရွက်အုပ်ဖားဖားနဲ့ ဝေဝေဆာဆာကြီးကို ဖြစ်လို့။ ထုံးစံအတိုင်းပါပဲ နတ်ကွန်းကျောင်းဆောင်ကလေးတွေလည်း ပြန်ရောက်လာပြီ။ ညဘက်မီးကလေး တလက်လက်နဲ့လည်း ဘယ်သူ့ကိုမှန်းတော့ မသိဘူး ပူဇော်သူက ပူဇော်လို့။
အေးလေ။ လက်ပဒေါကလည်း အရင် လက်ပဒေါမှ မဟုတ်တော့တာ။ ဗီဒီယိုတွေ ဘာတွေနဲ့ လက်ပဒေါ ဖြစ်သွားခဲ့ပြီကိုး။ နှစ်ပေါင်း သုံးဆယ်အတွင်းမှာ လက်ပဒေါလည်း ဘာသားမို့လို့တုံး။
မနေ့တစ်နေ့ကတော့ လက်ပဒေါမှာ ဘကြီးခင်သေတယ်။ လူတွေက ဘကြီးခင်သေတာ လူကြီးပဲ လူကြီးရောဂါပဲပေါ့လေ။ ဘယ်သူမှ သိပ်လည်း ခံစားမနေပါဘူး။ ဒါပေမယ့် သတိထားမိတဲ့လူတွေပြောတာက ဘကြီးခင်သေတဲ့ညက ငှက်စုန်းထိုးသေးသတဲ့။ ငှက်စုန်းကလည်း ညောင်ခေါင်းကလေးထဲက ထွက်တာတဲ့။
သေတော့ မသေချာပါဘူး။ လက်ပဒေါက နောက်ပေါက်တွေက အဲ့သည်ညက ဗီဒီယိုရုံထဲရောက်နေကြတာကိုး။
~~~~~~~~~~~~~~~~~~

ရွှေအမြုတေမဂ္ဂဇင်း ၁၉၉၆ ၊ ဖေဖော်ဝါရီလ မှာ ဖော်ပြသွားတဲ့  ဆရာနေဝင်းမြင့်ရဲ့ဝတ္ထုတိုလေးပါ။

No comments:

Post a Comment