နေသာသာ လသာသာမှာ
ခရမ်းရောင်ပန်းတွေ အစွမ်းကုန် ပွင့်တာ မြင်ရတော့
ဘာရယ် ဘာမှန်း မသိ ဝမ်းနည်းမိပြီး လွမ်း
ညဘက်ညဘက် ကျရင်လေ
ကြယ်ကလေးတွေ ကြည့်ကြည့်ပြီး လွမ်း
အဝေးက ပင်လယ်ကြီးကို အဝေးမျှော်ကြည့်လွမ်း
ကောင်းကင်က အမြင့်ဆုံး ဂြိုဟ် ငါ့မွေးနံ စနေဂြိုဟ် ကလေးကို လွမ်း
ငါ တွေ့ရှိထားတဲ့ အနုပညာ ဂြိုဟ်သစ်ကလေး ကို လွမ်း
အမြင့်ပျံ အမှန်တရား ငှက်ကလေးတွေကို လွမ်း
ငါ့ အာရုံ အင်တာနာ ထဲ မိနေတဲ့ စိတ်လှသော နေ့ရက်များကို လွမ်း
ရုတ်တရက်ကြီး သစ်သီး ကြွေကျလာ
အဲဒီ… ကြွေသီး ရဲ့ ကြွေသံလေးကို လွမ်း
မှော်ဖန်သားပြင် ပေါ်မှာ ပေါ်ပေါ်လာတဲ့
အတိတ် ရုပ်ပုံ သွင်ပြင်တွေကို လွမ်း
သူငယ်ချင်းတို့ရေ
ငါ့ အသက်ကလေး ငါ ပြန်ရဖို့ရာ
လက်ယက်တွင်းလေး ယက်ယက်ပြီး
အသက်တရှူစာ ခွက်ကလေးနဲ့
အမောတကော ခပ်ခပ် သောက်နေရပါပြီ
နောက်တစ်ခါ ပိတောက်ပန်း တွေ ပွင့်တာ
မြင်ချင်ပါသေးတယ်ကွယ်
သူငယ်ချင်းတို့ရေ
နာစရာ ရှိရင်လည်း အလွမ်း နဲ့ ဖြေကြပါတော့ကွယ်
ကဗျာဆရာ မရှိရင်လည်း ပန်းတွေ ဝေကြမှာပါကွယ်
ပန်းအဘိဓမ္မာ ဆိုတာ
ကြွေတာကိုက ပွင့်ခြင်းပဲ မဟုတ်လားကွယ်
သူငယ်ချင်းတို့ရေ
ငါသေရင် လွမ်းကြပါတော့
ခရမ်းပြာ ပန်းပဝါလေးရယ်
သူငယ်ချင်းတို့ရေ
ငါသေရင် လွမ်းကြပါတော့
အလွမ်းပြာ စမ်းပြာရေကလေးရယ်
သူငယ်ချင်းတို့ရေ
ငါသေရင် ဆိုသီလွမ်းကြပါတော့ ။ ။
မောင်ချောနွယ် (တေးကဗျာ၊ ဇန်န၀ါရီ၊ ၂၀၀၃)
No comments:
Post a Comment