Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

ကျေးဇူးရှင်မိဘပြည်သူများခင်ဗျား


တကယ်တော့...

ဒီကိစ္စဟာတကယ်တော့မလွယ်ပါဘူး
မလွယ်ဘူးဆိုပေမယ့်လည်းခက်တော့လည်းမခက်ပါဘူး
ဘယ်လိုပြောရမလဲဆိုတော့ ဟိုဗျာ..
ခင်ဗျားတို့လည်းသိမှာပါ၊သိပြီးသားတွေပါ ဟုတ်တယ်မဟုတ်လား
အဲဒါပဲဗျ အဲဒါပဲ
တကယ်တော့ရှင်းပြီးသားတွေပါ
ခင်ဗျားတို့မရှင်းဘူးဆိုတာကိုပဲ ကျွန်တော်မရှင်းဘူးဖြစ်နေတယ်
တကယ်တော့စောစောကကျွန်တော်ပြောခဲ့သလိုပေါ့
ဘယ်လိုလဲဆိုတော့ အဲဒီလိုပေါ့ဗျာ...
ကျွန်တော်ပြောတာရှင်းတယ်မို့လား
ရှင်းရမယ်လေ ခင်ဗျားတို့လည်းဦးနှောက်ရှိတဲ့လူတွေပဲဟာ
ခင်ဗျားတို့စဉ်းစားကြပေါ့
တကယ်တော့ရှေ့ကအထုပ်တွေကို ကျွန်တော်တို့ကဆက်ပြီးထမ်းနေရတာပါ
ရှေ့ကလူတွေဆိုတာကလည်း ခင်ဗျားတို့သိတဲ့အတိုင်းပဲ
ကျွန်တော်တို့အားလုံးဟာ သမိုင်းအမွေကိုဆက်ခံနေကြရတာမဟုတ်လား
ခင်ဗျားတို့အတွက်စိတ်မကောင်းပါဘူးဗျာ တကယ်ပါ
ကိုယ့်ကိုယ်ကိုယ်လည်းသနားမိပါတယ် ဟဲဟဲ (မျက်ရည်ဝဲလျက်)
တကယ်တော့ဗျာ ဒီတောင်ကြီးတွေကိုမဖြိုချင်ပါဘူ
ဘာဖြိုစရာလိုလဲ ဟဲဟဲ
တကယ်တော့ဗျာ ဒီမြစ်ကြီးတွေကိုလည်းရောင်းမစားချင်ပါဘူး
ဘာရောင်းစရာလိုလဲ ဟဲ ဟဲ
တကယ်တော့ဗျာ ဒီပြည်တွင်းစစ်တွေကိုလည်းမတိုက်ချင်ပါဘူး
ဘာတိုက်စရာလိုလဲ ဟဲဟဲ
တကယ်တော့ဗျာ ဒီမြေတွေကိုလည်းမသိမ်းချင်ပါဘူး
ဘာသိမ်းစရာလိုလဲ ဟဲဟဲ
အဲဒီလိုပေါ့ဗျာ ကျွန်တော်တို့မှာကလည်းအမျှင်တန်းနေတော့
ဘ၀င်ချမ်းမြေ့တယ်
လို့တော့လည်းမဟုတ်ဘူးပေါ့ဗျာ
ကျွန်တော်တို့မှာက မလုပ်ချင်လည်းလုပ်နေရ
မစားချင်လည်းစားနေရဆိုတော့ ဟဲဟဲ
ကျွန်တော်တို့ဒုက္ခတွေ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ
ဘယ်လိုပြောရမလဲဆိုတော့ စောစောကကျွန်တော်ပြောခဲ့သလိုပေါ
ကဲကဲ ခင်ဗျားတို့လည်းမတ်တတ်ရပ်နားထောင်နေရတာဆိုတော့ညောင်းနေရောပေါ့
ကျွန်တော်လည်းထိုင်ပြောနေရတာအတော်ညောင်းနေပြီ
ခင်ဗျားတို့ဘက်ကလည်းပြောစရာတွေရှိမှာပေါ့
ပြည်သူ့အသံကိုကျွန်တော်တို့ကြားချင်ပါတယ်
ပြောကြပါ ပြောကြပါ ပွင့်ပွင့်လင်းလင်းပြောကြပါ
ဒါပေမယ့် အခုတော့မဟုတ်သေးဘူး နောင်ကြုံတဲ့အခါပေါ့
ကျွန်တော့မှာက တခြားလုပ်စရာတွေကလည်း အများကြီးဆိုတော့
နောက် ကြုံတဲ့အခါပေါ့ ကျွန်တော်သွားလိုက်ပါဦးမယ်
ကျေးဇူးရှင် မိဘပြည်သူတွေရဲ့အသံကိုအမြဲတန်းဦးထိပ်ပန်ဆင်ထားနေပါတယ်
ကျေးဇူးတင်ပါတယ်

ကိုရွေး
၂၆-၉-၂၀၁၃

No comments:

Post a Comment