ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Friday, May 3, 2013
စစ်
ရုတ်တရက်၊ ထွက်ပေါ်လာတယ်
လူတစ်ချိုရဲ့ ဒေါသတွေဆီကနေ
လူတစ်ချိုရဲ့ အမိန့်ပေးသံတွေဆီကနေ
လူတစ်ချိုရဲ့ သေနတ်ပြောင်းဝတွေဆီကနေ ။
ရုတ်တရက်၊ ကျရောက်လာတယ်
နှစ်ရှည်လများ လှပနေတဲ့မြို့ငယ်လေးတွေရဲ့အပေါ်
နှစ်ရှည်လများ ဖူးပွင့်နေခဲ့တဲ့ပန်းခင်းလေးတွေရဲ့အပေါ်
နှစ်ရှည်လများ စီးဆင်းနေခဲ့တဲ့မျှော်လင့်ချက်တွေရဲ့အပေါ် ။
ရုတ်တရက်၊ ပေါက်ကွဲသွားတယ်
လမ်းမပေါ်ကလူတစ်ချို့ ဗုံးခိုကျင်းတွေထဲမရောက်ကြသေးခင်
ဘုရားကျောင်းဆီက ဆုတောင်းဝတ်ပြုသံအဆုံးမသတ်ရသေးခင်
စာသင်ကျောင်းဆီက ကလေးငယ်တွေအိမ်ပြန်မရောက်ကြသေးခင် ။
ရုတ်တရက်၊ ခိုးယူသွားခဲ့တယ်
ဖခင်များရဲ့ သွေးစက်တွေ
မိခင်များရဲ့ မျက်ရည်တွေ
ကလေးငယ်များရဲ့ အနာဂတ်တွေ။
ရုတ်တရက်၊ ချန်ထားပစ်ခဲ့တယ်
လေထဲမှာ စိမ့်နေတဲ့ အဆိပ်ဓာတ်ငွေ့တွေ
နံရံတွေပေါ်မှာ နစ်မြုတ်နေတဲ့သေနတ်ကျည်ဆံတွေ
လူတစ်ချို့ရဲ့ကိုယ်ပေါ်မှာ တပ်ဆင်ထားတဲ့ခြေလက်အတုတွေ ။
နောက်ဆုံးမှာတော့
မိခင်နဲ့ဖခင်တွေ နာကျင်သေဆုံးခဲ့ရတဲ့အကြောင်းကို
သူတို့ရဲ့ကလေးငယ်တွေ စက်ရုပ်ဆန်ဆန်ရွတ်ဆိုကျက်မှတ်နိုင်ဖို့
သမိုင်းစာအုပ်များရဲ့ စာမျက်နှာတွေပေါ်မှာ
အနက်ရောင်စာလုံးများအဖြစ်
စွန်းထင်းပေကျံသွားတော့တယ် ။
မြင့်မိုးအောင်
(လူသေရဲ့အော်သံ စာ ၁၄/၁၅)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment