Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Friday, May 3, 2013

** မင်းအိပ်ရာကနိုးလာရင် အရင်အတိုင်း **

အားလုံးပြန်ကောင်းသွားမှာပါ
(ငါ့ဘဝတစ်ခုလုံးဟာ ဘယ်တော့မှ )
အရည်ပျော်မသွားမယ့် အစိုင်အခဲကြီးပဲ
ငါကိုယ့်ငါလုပ်ထားတဲ့ ဓားတစ်ချောင်း
မျက်၇ည်ကို ပါးပါးလှီးထားတဲ့ ဓားသွား ။

မနေ့ က ၂ဝဝ၅ ခုနှစ် ဇူးလိုင် ၅ရက်
ဒါပေမဲ့ မသေချာဘူး
ဇာတ်လမ်းက ခဏခဏပြောင်းတယ် ။

ဇီဝဗေဒဆိုင်ရာ အားနည်းချက်တစ်ခုပါပဲ
တစ်ချက်တစ်ချက် ယင်းထသလို
ချစ်စိတ်ဝင်မိတာ ။

“ ဒီနေ့ ဒီအိမ်မှာ ဘယ်သူမှ မရှိပါ ”
လို့ ပြောပြီး ဖုန်းကိုချလိုက်တယ်
ခေါင်းခဏငုံ့ လိုက်ချိန်မှာ
ဘဝကြီးတစ်ခုလုံးရွေ့သွားတယ် ။

တစ်နေ့ 
သူဆေးလိပ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်
တစ်ခုခုဝယ်မယ်ဆိုပြီး
ငါ့နှလုံးသားနဲ့ ပြန်မလာတော့ဘူး
ကဲ .............................
စက္ကူတစ်ရွက် လုံးချေထားတာထက်
ကြေမွနေတဲ့ ကြေရာတွေထဲက ကြေရာ
ကြေကြောင်းတစ်ခုထဲ ။
ဟေး ..............................
အခုထိ အခုပဲ ဖြစ်နေတုန်းပဲ
သိလားရေ ..................... ဟေး ............................ ။

ဇေယျာလင်း

No comments:

Post a Comment