အမေကတစ်နေရာ ၊ သားကတစ်ဒေသ
အမေ့ကို တွေ့ချင်ဇောနဲ့ သတိရတော့
လွမ်းစိတ်နဲ့ ဒီကဗျာကို ရေးဖွဲ့ဖြစ်ပါတယ်
အမေနဲ့အတူတကွ
ကမ္ဘာကြီးပေါ်က အမေအားလုံး
အနန္တစကြဝဠာကြီးထဲက အမေအားလုံး
ကျွန်တော့်ရဲ့အားထုတ်မှုအပေါ်
သာဓုခေါ်နိုင်ကြပါစေ ။
မိုဃ်းဇော်
၂ဝ၁၁ခုနှစ်၊ ဂျွန်လနောက်ဆုံးနေ့ ၊ ရန်ကုန်၊ မြန်မာပြည်
(၁)
ဝေဒနာကြိုးတန်းကလေးပေါ်မှာ
အမေ့ရဲ့ ချွေးသုတ်ပုဝါကလေးလှမ်းပစ်တင်လိုက်တော့
ကမ်းမမြင် လမ်းမမြင်မုန်တိုင်းထဲ
သားကပျံသန်းဆဲပေါ့ ။
(၂)
သားကိုသတိရ
သားကိုမတွေ့ရတဲ့အခါ
စာနာတတ်တဲ့ငွေကြယ်ကလေးတွေက
အမေ့ဆီ ဝမ်းနည်းကြောင်းသဝဏ်လွှာစေလိမ့်မယ် ။
(၃)
ကျွန်တော့်ရဲ့အန္တိမမျှော်လင့်ချက်
အမေတိုက်တဲ့ ရေတစ်ခွက်သာသောက်ချင်ရဲ့ ။
(၄)
နောင်ဘဝ၌
လူဖြစ်ခွင့်ရမည်ဆိုပါလျှင်
ပျူငှာယဉ်ကျေးသောပန်းများ
ပွင့်သော ထိုအင်ကြင်းတောစပ်၌
အမေ့ရဲ့သား ကျွန်တော် ပြန်ဖြစ်ချင်ပါသည် .... ။
(၅)
လိမ္မာတဲ့သားဆိုးကို
အမေရိကန်ဆေးရုံမှာ ဗိုက်ခွဲမွေးပေးခဲ့ရတဲ့အမေ
အမေ့သား “ မိုဃ်းဇော် ”
မှားခဲ့တယ်
မတရားမလုပ်ခဲ့ဘူး
ဆိုးခဲ့တယ်
မယုတ်မာခဲ့ဘူး
မိုက်ခဲ့တယ်
မရိုင်းခဲ့ဘူး
အားလုံးကို ချစ်ခဲ့တယ်
မကောက်ကျစ်ခဲ့ဘူး
သား ဗုံးကြဲခဲ့တဲ့မြို့ဟာ
သားကိုယ်သားပါ အမေရယ်။
(၆)
တစ်ခါတလေ တရားထိုင်ပြီး
တစ်ခါတလေ ငါးပါးသီလမလုံခြုံတတ်တဲ့သား
ကုသိုလ်
အကုသိုလ်တရား
လူပီသစွာ ပွားစီးမိခဲ့ပါပြီ ။
(၇)
အမေရယ်
သားရဲ့တစ်နေ့နေထိုင်မှုကိုသာ
အမေသိရမယ်ဆိုရင်
ရင်ချိမှာမဟုတ်ပါဘူး
အနုပညာနဲ့ ကိုယ့်တွင်းကိုယ်တူးပြီး
ကိုယ့်ဘဝကိုယ်လှီးမြေမြူပ်ခဲ့သူ
ကျေးဇူးသိတတ်ခဲ့ပါတယ် ။
(၈)
ကမ္ဘာကြီး
သင့်အား
ငါ့ရဲ့ဆဲလ် ၊ ငါ့ရဲ့နာကျင်မှု
ငါ့ရဲ့အမိုင်နိုအက်စစ်
ငါ့ရဲ့ဟေမိုကလိုဗင်ထဲက
လှိုက်လှဲစွာကျေးဇူးတင်ရှိပါရဲ့ ။
(၉)
အို... နတ်ကောင်းနတ်မြတ်များ
သင်တို့အား အတောင်ပံအဖြစ် တပ်ဆင်
ဟောသည် ပစ္စန္တရာဇ်နေဝင်ချိန်မှာ
ငါ့အမေရှိရာ ငါပျံသန်းချင်တယ် ။
(၁ဝ)
လာမယ့်အနှစ် (၄ဝ)မှာ
လာမယ့်အနှစ် (၂ဝ)မှာ
မနက်ဖြန်မှာ
ဒီနေ့မှာ
သေချာတဲ့သေခြင်းနဲ့
အမေ့ကို အိမ်ပြန်ခဲ့မယ် ။
(၁၁)
“ အချစ် ”
“ ငြိမ်းချမ်းရေး ”
“ ကဗျာ ”
ကျွန်တော့်ရဲ့လက်နက်မဲ့ခန္ဓာကိုယ်အား
ကောင်းကင်ဘုံထိုထိုမှ
တံခါးဖွင့်ကြိုဆိုကြကုန်လော့ ။
(၁၂)
မီးတောက်မီးလျှံကြားက
တံပိုးခရာသံကြားရတယ်
လောကသစ်တော့မယ်လေ
လူဆင်းရဲတို့
လူမွဲတို့
ထကြ ထကြ
နိုးထကြ
သင်တို့အတွက်
ပန်းရထားတစ်စင်းဆိုက်တော့မယ် ။
(၁၃)
ခနော်နီခနော်နဲ့
ပိုးတုံးလုံးလေးတစ်ကောင်
ကမ္ဘာမြေပေါ် ခြေချစ
လမ်းလျှောက်ရဲတဲ့သတ္တိတွေရအောင်
အမေပဲ မြေတောင်မြှောက်ခဲ့တယ် ။
(၁၄)
လူဆိုတာ
“ လောကဓံကိုခံနိုင်ရည်ရှိရမတဲ့ ”
“ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့တဲ့ ”
နှစ်ခွန်းတည်းသောစကားဟာ
ငါ့ဝိညာဉ်မှာ ထွန်းလင်းနေလိမ့်မယ် ... ။
(၁၅)
မီးခြစ်ဆံလေးတစ်ချောင်းအတွက်
သစ်သားစလေးတစ်စပဲလိုတယ်
သစ်တောကြီးတစ်ခုလုံးမီးရှို့ဖို့အတွက်
မီးခြစ်ဆံလေးတစ်ချောင်းပဲလိုတယ်
သားနားထောင်ဖူးခဲ့တဲ့သီချင်းစာသား
မမှားသေးပါဘူး မေမေ ။
(၁၆)
အ မေ
အ မေ
အ မေ
အ မေ
(၁၇)
ငှက်ကလေးတွေရဲ့မနက်ခင်းပါပဲ
မနက် ရှစ်နာရီကျော်ပြီအမေ
တမာပင်အောက်မှာ
ရဟန်းတော်များဆွမ်းခံကြွပေါ့
ဆေးရုံကုတင်ပေါ်ပက်လက်
အမေ့ဇော အမေ့အိပ်မက်ထဲကနေ
အမေဆွမ်းထွက်လောင်းနေလား ။
(၁၈)
အမေ
သားသူငယ်ချင်း “ ပီတာ ” လေ
သားနဲ့ တစ်ခေတ်တည်းမွေးခဲ့တဲ့ကောင်ပေါ့
ဥာဏ်ကောင်းပြီး စိတ်ကောင်းရှိတဲ့
လူကောင်းသူကောင်းတစ်ယောက်ပါ
ဘဝတစ်ဆစ်ချိုးမှာ
ဆေးထိုးအပ်နဲ့ ထွက်ပေါက်ရှာခဲ့တယ်
အခုတော့
သူ လွတ်မြောက်သွားပေါ့
“ ပီတာ ” သူငယ်ချင်း
သံသရာအဖန်ဖန်ကျင်လည်ခြင်းမှာ
ကောင်းရာသုဂတိ လားပါစေကွာ ။
(၁၉)
ဟိတ်! သူယုတ်
သင့်ရေဘဝဲလိုလက်တံနဲ့
သန့်စင်တဲ့လိပ်ပြာကို မဖျက်ဆီးလေနဲ့
ငါ့ပန်းတောကို မြေမလှန်နဲ့
အရှင်ဘုရား
ဤကမ္ဘာမြေကြီး
အပြီးတိုင်ပြိုကွဲပျက်စီးသွားပါအံ့
နောင်ဖြစ်လတ္တံ့ကမ္ဘာ၌
စိတ်နှလုံးကောင်းမွန်မြင့်မြတ်သူများသာ
လုဖြစ်ခွင့်ရပါစေသတည်း ။
(၂ဝ)
မလွဲမချွတ်
ဝဋ်ဆိုတာ ကြောက်စရာကောင်းပါတယ်။
(၂၁)
မြက်ခင်းတစ်ပတ်နွမ်းလည်း
မြက်ခင်းတစ်ခင်း ပြန်လည်စိမ်းလန်းလာမှာပဲ
နွေဦးဆိုတာ
အမြဲတမ်းပုန်းနေနိုင်မတဲ့လား
နှင်းဆီနဲ့
လေညင်းနဲ့
အစွန်းအထင်းမရှိတဲ့နေဝန်းနီနဲ့အတူ
လှပတဲ့မိုးသားအဖြူအောက်မှာ
ပြန်လည်ဖူးပွင့်လာရမယ် ။
(၂၂)
အမေရှိရာ
လောကတစ်ခုဆီမှာ
မိုးတွေရွာချပြီဆိုရင်
အဲ့ဒီမိုးစက်တွေဟာ
ကောင်းကင်ပေါ်က ထိုးဆင်းချလာတဲ့
သားရဲ့အလွမ်းသီချင်းတွေပဲပေါ့
မိုးတိမ်တွေကတစ်ဆင့်
အမေ့ကို ရင်ဖွင့်မယ်
နားသောတဆင်ပါအမေ ။
(၂၃)
သင်္ခါရတရားတိုးရဲ့
ပျက်စီးပြိုကွဲခြင်းသဘောကိုဆင်ခြင်ဖို့
အမေ့အတွက်မငိုဖို့
အမေ့ကိုမလွမ်းဖို့
အမေ့ကို သတိမရဖို့
ငါ့မှာ တရားမရှိနိုင်ခဲ့ပါ ။
(၂၄)
ဒီကနေ့
အမေ့အခြေအနေ
ဘယ်လိုများနေရှာမလဲ
အမေ့အရိပ်မှာ
သားအိပ်စက်ဆဲပါပဲ
အိမ်ပြန်နောက်ကျတတ်တဲ့သားကို
အိမ်ပေါက်ဝကဆီးကြိုနေဆဲပါပဲ
သားရဲ့နှလုံးသားထဲ
ထာဝရအမေရှင်သန်ဆဲပါပဲ ။
(၂၅)
အမေ့ရဲ့
မေတ္တာလှိုင်းဂယက်ကြောင့်
သမုဒ္ဒရာတွေ သေးငယ်ကုန်ကြတယ် ။
(၂၆)
ကဗျာဖတ်ပြီး
ကဗျာမြတ်နိုးတတ်တဲ့အမေ
မသေပါနဲ့ဦး အမေရယ်
နံစော်စော်ပုပ်အဲ့အဲ့လောကကြီးထဲမှာ
သားကို ပစ်မထားခဲ့ပါနဲ့ ။
(၂၇)
ငယ်ငယ်တုန်းကတော့
သားဟာ အမေရဲ့ခွေးလေးတစ်ကောင်ပေါ့ ။
သားဟောင်တာကိုကြည့်ပြီး
အမေပီတိဖြာခဲ့တယ် ။
အခုတော့ သားဟာ
အမေ့ရဲ့မျက်ကွယ်က
အမှန်တရားကို ကိုက်ချီထားတဲ့ “ လင်းယုန် ” ။
(၂၈)
အနက်ရောင်မုန်တိုင်းထဲ
ရင်ဖွင့်ပျံသန်းဆဲပါ “ အမေ ”
မိုဃ်းဇော်
ရည်ညွှန်းချက်။
ကျွန်တော်ရဲ့ လူအဖြစ် ရရှိခဲ့ခြင်းမှစ၍ -
ကျေးဇူးတရားပေါင်းစုရာ ကျွန်တော်ရဲ့ဒုတိယဘုရားသခင် ၊
ကွယ်လွန်သူ မွေးသမိခင်ဒေါ်တင်ရွှေ(ရေနံချောင်း)သို့ ။
အောက်တိုဘာ၊ ၂ဝဝ၃၊ ဟန်သစ်မဂ္ဂဇင်း။
မိုဃ်းဇော်သေတမ်းစာ၊ ၂ဝဝ၇။
No comments:
Post a Comment