Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, May 1, 2013

** မိုးလင်းမှ တန်းလန်းကြီး ခေါက်သိမ်းလိုက်ရတဲ့ မရိုးမရွ ငါ့ကဗျာ **

လျှာကတစ်တောက်တောက်ခေါက်လို့ ၀မ်းဗိုက်မှာထိုးမှောက်ထားတဲ့မီးစ ။ အခန်းကျဉ်း ကြမ်းပြင်ပေါ်တုန်းလုံးပက်လက် နဲ့ မီးစလေးတွေရဲ့ အလင်းရောင် ၊ လရောင်ကတစ်ခြမ်းပဲ့ ၊ ငါ့အခန်းထဲတော့ အလင်းရောင်ထိုးမကြဘူး ။ ညဥ့်ငှက်တွေလို့ပဲ ငါ အစာထွက်ရှာထွက်တယ် ။ ငါ့ကဗျာဟာ ငါ့အစာ ။ယိုင်နဲ့ ရွဲ့ထိုးနေတဲ့ ငါ့မိသားစုအတွက် ဘယ်လိုမှ မနှစ်မြို့ နိုင်တဲ့ ဓာတ်စာ ။ အချိန်တန်တော့လည်း အခြေအနေအရ အချိန်မှန် မြည်တွန်တောက်တီး ဖို့ ဒီမိန်းမပါးစပ် နိုးစက်တပ် ထပြီ တပျစ်တောက်တောက် ။ ဒီအချိန်ကြရင် ဒီကြမ်းပိုးကလည်း အရှက်မရှိ တစ်စစ်စစ် လာကိုက်တယ် ။ ဒီအနံ့အသက်တွေနဲ့ ဒီအိပ်ယာ ငါ အိပ်မပျော်တာဆန်းသလား ။ ကဗျာမျိုးစေ့မှန်တယ် အိပ်ရေးပျက် ဒဏ် အဟာရ မမှန်မှုကြောင့် ကဗျာတစ်ပုဒ်တောင် ပေါက်မြောက်ပြီးစီးအောင် မရေးနိုင်တဲ့ ဒီ ကဗျာဆရာ ရဲ့ သွေး က ဒီလောက် ချိုသလား ၊ ဒီသွေးကိုမှ မက်မက်စက်စက် စုပ်ရက်တဲ့ ကြမ်းပိုး က အငြိုးအတေးကြီးတယ် ။သောက် လက်စ မီးစဟာ ကိုယ်ပေါ်ကို တဖွားဖွားကြွေကျ ။ အိပ်ယာခင်းကြမ်းပြင် အိပ်နေသူအားလုံး ဒီမီးက ကူးစက်ပြီးပါပြီ ။ ကိုယ်ပေါ်ကမီးကို ငြိမ်းတော့ ရင်ထဲက မီးပါသေတယ် ။ ဒီမီးသေရင် ဒီကဗျာ ဖြစ်မလာတာ့ဘူး ...ကဗျာမှာမီးဟုန်းဟုန်းတောက်မှ ဆရာ ကျ တာ။ မဟုတ်ရင် ဘာကဗျာလည်း အာပလာ ရာသီစာ ။ ကဗျာနဲ့မီးဟာ ငါ့အိပ်ယာထဲ ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ။ ကလေးတွေက တောင်ထိုးမြောက်ကန် နဲ့ အိပ်မက်ထဲမှာ သူရဲကောင်းဆန်နေ ကြ ။ မနက်မိုးလင်းရင် ကန်စွန်းရွက်လား၊ချဉ်ပေါင်ရွက်လား တစ်စီးနှစ်စီးစာအ တွက်တောင် ငါအိပ်ယာ မနိုးရဲဘူး ဒီလိုကဗျာဆရာ ။ ဒါတွေအစား ရှည်လာတဲ့ ငါတို့အမွှေးအမျင်တွေကို ရိတ်ပြီးချက်စားရရင်မသင့်တော်ပေဘူးလား ။ ကဗျာတစ်ပုဒ်တလေတောင် ကဗျာဓာတ်စီးပြီး ၀ဖီးအောင်မတွေးခေါ် နိုင် လောက်အောင် ငါ့ခံစားမှုတွေ သွေးဆုံးခဲ့ပြီလား ။ စိတ်ပူစရာ ငါ့မိန်းမက သွေးမဆုံးသေးတာပဲ ။ ကဗျာဆရာ အလုပ်ကရှုပ်ပြီ စီးကရက်ကို မသောက်နိုင်တဲ့ ကဗျာဆရာ အတွေးကို မီးပြန်ရှို့ ရင်ထဲကို မီးပြန်ထွန်း ကဗျာ ကဗျာ ကဗျာ ... ကဗျာတစ်ပုဒ်တော့ ပြီးအောင်ရေးရမယ် ။ အရပ်ထဲ မှာ ပြောကြတာ ငါ့ အလုပ်အကိုင် - ကဗျာဆရာ ။ သားငယ်လေးက မပီကလာပီကလာ နဲ့ ပေပေဂျီး က ကဘာချာ တဲ့ ။ တော်သေးရဲ့ လဘာဂျာနဲ့ မမှားလို့ ။ တစ်နေ့တစ်နေ့ ဒီအခန်း ၊ ဒီအိပ်ယာ ၊ ဒီပက်လက်ကုလားထိုင်ပေါ်က တစ်ကမ္ဘာလုံးကို ဖိုထိုးပေးနေခဲ့ ။ တစ်ကမ္ဘာလုံးကို စိုက်ပျိုးပေးနေခဲ့ ။ ဒါတောင် ကဗျာက ကဗျာဆရာကို ရွှေပေါ်မြတင်မထားနိုင်ဘူးလား ။ ကဗျာဆရာမှာ ကဗျာအလုပ်ပဲ လုပ်နေရင် မပြီးဘူးလား ။ ဒီနေ့ မရလည်း ဒီကဗျာ ငါ့လက်ပေါ်က ထွက်မှာပဲ မဟုတ်ဘူးလား ။ ရေးချင်စိတ်မရှိရင် မရေးနဲ့ ကဗျာမှာ အတတ်ပညာ နည်းနည်းပဲပါတာကောင်းတယ် ။ မဟုတ်ရင် Made in china တံဆိပ်နဲ့ ကဗျာတွေ ဖတ်ရလိမ့်မယ် ။ဖော့တွေးရင် သိကြားမင်းတောင် ကဗျာဆရာလောက် စည်းဇိမ်မခံစားရပါဘူး ။ မိန်းမကို ထမင်းတစ်နပ်လျော့ စားဖို့ အကြံပေး အိမ်နံရံကပ် ကဗျာလေး ရေးပြီး ။တန်းလန်းကြီး ဒီကဗျာခေါက် သိမ်း ။ ဒုက္ခတွေအပူတွေထုပ်သိမ်း ။ ငါ့အိပ်ယာထဲက နတ်သမီးနဲ့ ... ဟိုး .... အရင်တုန်းကလို နှုတ်ခမ်းပဲ့ခြင်းမီးမှုတ်ရင်း ကဗျာဆရာဟာ မျိုးကျဲ .. အိပ်ရာဝင် ။

အသက်အရွယ် သမ္ဘာက အရှက်အကြောက်မရှိ ..... မိုးစင်စင်လင်းပြီ ....... ။ 
ဘိုဟန်

No comments:

Post a Comment