Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Friday, May 3, 2013

မိုးရွာပြီးစ ညနေခင်း

မိုးရွာပြီးစ ညနေခင်း

ရေတွေ စီးဆင်းခဲ့ကြပြီ
စောင်းဆိုလို မြည်တမ်းလို့
သိုက်မြုံမဲ့ငှက်တို့
ပျံသန်းနားခိုရာ ကောင်းကင်
ညနေကြည်လင်ပါစ။

လှိုင်းငယ်လျှင် ဘောင်ဘင်
လှိုင်းကြီးလျှင် သစ်ပင်မြစ်ကမ်း
အလွမ်းဖွဲ့ နှောင်ရစ်ခဲ့
ဝသန္တကို ဖွဲ့ဆိုသူ
ကြာဖြူတပွင့်သာ
နွံအိုင်မှာ ငြိမ်းချမ်းတင့်တယ်။

ကြယ်တွေကို ရေကြည့်စမ်းပါ
တခိျု့လဲ ပုန်းကွယ်တိမ်းစဉ်
တခိျု့လဲ မြင်ရ
ပထမဆုံးအပြုံးလို လက်ကနဲဝင်းပ။

နွေးထွေးရှတ မြေရနံ့
ကလေးဘဝရဲ့ သန့်စင်မှု
တခုသော အောက်မေ့ခြင်း
စိမ်းလန်းမြက်ခင်း မှုန်ရီ
ရေတွေစီးဆင်း ရစ်ခဲ့ပြီ။ ။

ခင်မြဇင်
ချယ်ရီ (၈၅ - ဇန်နဝါရီ)

No comments:

Post a Comment