ငါမွေးတဲ့
မန္တလေးရဲ့
မြို့ဖွဲ့ကဗျာ
ငါရေးရဦးမယ် ။
“ ကစ်ပလင်း ” ဟာ
“ မန္တလေး ” ကဗျာကိုဖွဲ့ခဲ့
ဒါပေမယ့်
ငါနဲ့သူ
တူမှာတော့မဟုတ်ဘူး။
သူက မန္တလေးကို မချစ်ဘူး
ငါက မန္တလေးကို ချစ်တယ်။
သူက ပေါင်မုန့်စားတယ်
ဒိန်ခဲစားတယ်
ဝက်ပေါင်ခြောက်စားတယ်
စကော့ဝီစကီသောက်တယ်။
ငါက ထမင်းစားတယ်
ငါးပိစားတယ်
မုန့်ပြားသလက်စားတယ်
ကျုံးရေသောက်တယ်
(ထန်းရည်လည်း တခါတလေ သောက်တာပေါ့ ။)
သူက အင်္ဂလိပ်တယောက်
ငါက မြန်မာတယောက် ။
သူက ဖိနှိပ်သူ
ငါတို့က ဖိနှိပ်ခံရဖူးသူ ။
သူက
မြန်မာမလေးတွေကို
အရိုင်းအစိုင်း ကိုလိုနီမလေးတွေ အဖြစ်မြင်တယ် ။
ငါက
မြန်မာမလေးတွေကို
ငါ့အမေ ၊ ငါ့အစ်မ
ငါ့နှမ အဖြစ်မြင်တယ် ။
ဆိပ်ကမ်းတခုမှာ
ဘင်ဂျိုတီးနေတဲ့ မြန်မာမ
တွေ့ခဲ့ရသတဲ့
ဟုတ်ကဲ့လား ကစ်ပလင်းရေ
ငါတွေ့နေရတာကဖြင့်
သိမ်မွေ့လှပ
ဣနြေ္ဒရရနဲ
ရေခပ်နေတဲ့ မြန်မာမလေးတွေ ။
ဘင်ဂျိုတီး မြန်မာမက
“ ကူလာလိုလို ”
(အိန္ဒိယ သီချင်းပုံစံလို)
ဆိုနေတာ ကြားရသတဲ့
ဟုတ်ကဲ့လား ပစ်ပလင်းရေ
ငါကြားနေတာကဖြင့်
“ မြမန်းဂီရိ သေလာတောင်
နန်းတည်ထောင်
ဘုန်းရောင်နေသို့လင်း ”
ကြီးကျယ်ခန်းနားတဲ့ မြန်မာသီချင်း ။
“ မန္တလေး” တဲ့
ခင်ဗျားရဲ့ ကဗျာထဲမှာ
ပြောပါ ...
ဘာကြောင့် ရတနာပုံခေတ် ယဉ်ကျေးမှု မပါရတာလဲ ၊
ပြောပါ ...
ဘာကြောင့် မဟာမြတ်မုနိဘုရား မပါရတာလဲ ၊
ပြောပါ ...
ဘာကြောင့် ကျုံးမြို့ရိုး မပါရတာလဲ ၊
ပြောပါ ...
ဘာကြောင့် ရွှေခြေချင်းဝတ် မန္တလေးသူ မပါရတာလဲ ၊
ပြောပါ ...
ဘာကြောင့် “ မန္တလေးရနံ့ ” မပါရတာလဲ ၊
ပြောပါ ...
ဘာကြောင့် “ မြန်မာ ” မပါရတာလဲ
ပြောပါ ...။
မန္တလေး မရောက်ပဲနဲ့
“ မန္တလေး ” ကဗျာ ဖွဲ့ခဲ့လေသလား
စဉ်းစားစရာ
ကစ်ပလင်းရဲ့ ကဗျာ
ဝမ်းနည်းဖို့ကောင်းစွာ လွဲချော်ခဲ့ ။
ကစ်ပလင်းနဲ့ မတူမယ့်
မန္တလေးဖွဲ့ကဗျာ
မလွှဲသာမရှောင်သာ
ငါ ပြန်ရေးရဦးမယ်ထင်ရဲ့ ။
ကျော်စွာထက်
(မိုးဝေ၊ ၈၆ အောက်တိုဘာ)
No comments:
Post a Comment