Photos
Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့
Thursday, May 16, 2013
စိမ်းကားစရာမလိုတော့ဘူး
ကျွန်တော်တို့ စိမ်းကားစရာ မလိုတော့ဘူး
ကံကြမ္မာဆီက တရားသဖြင့်ကိုလုယူဖို့
သက်တံဟာ ဆက်လက်ထွန်းခဲ့ပြီ
ကျွန်မတို့ စိမ်းကားစရာမလိုတော့ဘူး
ငိုကြွေးတယ်ဆိုတာ လူသားတွေရဲ့ အရှုံးခံအလုပ်သက်သက်မဟုတ်ကြောင်း
သက်သေပြဖို့ သက်တံကို ကောင်းကင်မှာ ချိတ်ဆွဲခဲ့ပြီ
လွန်ခဲ့တဲ့ ရက်ပေါင်း ၄ဝဝ က သက်တံဟာ ပြောခဲ့တယ်
လူတို့ ကြယ်တို့ကလေးတို့ လင်းလက်ဖို့
မေတ္တာရောင်ပြန် လိုတဲ့အကြောင်း
လွန်ခဲ့တဲ့ ရက်ပေါင်း ၄ဝဝ က သက်တံဟာ ပြောခဲ့တယ်
ဘဝဟာ ကိုယ့်အတ္တအတွက် သက်သက်
ချစ်ဖို့ မဟုတ်တဲ့အကြောင်း
လွန်ခဲ့တဲ့ ရက်ပေါင်း ၄ဝဝ က သက်တံဟာ ပြောခဲ့တယ်
စနစ်တကျ စီထားတဲ့ဝါကျတွေထက်
နွေးထွေးတဲ့ လက်ဖဝါးတစ်စုံ လိုအပ်တဲ့အကြောင်း
လောကမှာ ဘယ်ပုံဘယ်နည်းနေထိုင်ပါလို့
မာသာထရီဆာက မှာမသွားဘူး
ဘယ်လို ပေးဆပ်ရမယ်ဆိုတာပဲ ပြသသွားခဲ့တယ်
လူတွေကို ဘယ်လိုရက်ရက်စက်စက် မုန်းတီးရမယ်လို့
မဲလ်ကွန်အိတ်စ်က လှုံ့ဆော်မသွားဘူး
ဘယ်လိုချစ်ရမယ် ဆိုတာပဲ သင်ကြားခဲ့တယ်
ဒီလိုနဲ့ ခံနိုင်သမျှ ဝန်ကို သယ်ပိုးရင်း
သက်တံတစ်စင်းရဲ့ ရေးထွင်းခြင်းခံရသူတွေဟာ
နတ်ဝင်ပူးသလို
စာနာမှုတွေနဲ့ ရူးခဲ့တယ်
ဒီလိုနဲ့ မေသက်နွယ်ကို ဒုက္ခတောထဲက ဆွဲထုတ်နိုင်ခဲ့ပြီ
ဒီလိုနဲ့ မြနဒီလည်း ရယ်စရာမောစရာတွေပြောနိုင်ခဲ့ပြီ
ဒါဟာ
လောကရဲ့နှလုံးသားကို ပွင့်ဝေစေတဲ့ ဂီတတစ်ခု
ဒါဟာ
လူ့ဖြစ်အင်ကို ပြန်သတိရစေတဲ့ စေ့ဆော်မှုတစ်ခု
ဒါဟာ
လောကကိုချစ်ဖို့ အခွင့်ရေးတစ်ခု
ဒါဟာ လူ့အဖွဲ့အစည်းရဲ့ထွန်းကားတဲ့ ယဉ်ကျေးမှုတစ်ခု
အမျိုးကောင်းသမီးတို့ ပုခက်လွှဲသောလက်တို့
သောကတွေ ကြောက်ရွံ့ခြင်းတွေ စွန့်ပစ်ပြီး
သက်တံပေါ်မှာ လျှောက်ခဲ့ကြ
ကျွန်မတို့ စိမ်းကားစရာ မလိုတော့ဘူး
မေတာတရားကို ရင်ဘတ်နဲ့ ထွန်ယက်စိုက်ပျိုးဖို့
လာသွားစို့
အပြစ်မဲ့ရင်ခွင်တွေဆီ အကြင်နာ မျိုးစေ့ကြဲဖို့
လာသွားစို့
ဘဝဆိုတာ ဓားတစ်လက်ရဲ့ အရောင်လို
ဖျတ်ခနဲ လက်ပြီးကွယ်ပျောက်သွားရင်တောင်
ဘယ်နေပူပူ ဘယ်မိုးရွာရွာ လာသွားစို့
ကျွန်တော်တို့ စိမ်းကားစရာမလိုတော့ဘူး
ကျွန်မတို့ စိမ်းကားစရာမလိုတော့ဘူး ။       ။
ဇော်သက်ထွေး
မြင်း
            မြင်းဆိုတာ ဂျော်ကီမရွေးဘူး
            ဘယ်သူစီးစီး
            စွတ်ပြီး ပြေးမှာ သဘာဝပဲ
            သေမတတ်ခြေကုန်သုတ်တာ
            နာတာကို
            နာတယ်လို့သိတဲ့ စိတ်ကြောင့်ပေါ့
            မြင်းဟာ
            နာမှာ အင်မတန်ကြောက်တယ်
            ခပ်ပေပေ ဉာဉ်ဆိုးတဲ့ မြင်းကတ်ရှိတာ
            ဘာဆန်းလဲ
            မြင်းကောင်းတွေတောင် တစ်ခါတလေ
            ဗွေဖောက်ပြီး ကတ်တတ်သေးတာပဲ မဟုတ်လား
            မြင်းရဲ့ ဦးနှောက်ဟာ
            လူနီးပါးလောက် ဖွံ့ဖြိုးတယ်
            ဆိုတော့
            နာကျင်မှုဝေဒနာကို
            မြိုးမြိုးမြတ်မြတ် ခံစားတတ်တာပေါ့
            ပြိုင်မြင်းအဖို့တော့ ဘာပြောကောင်းမလဲ
            ပြေးပြေး မပြေးပြေး အရိုက်ခံရတာပဲ
            ပန်းအဝင်မှာ
            ဂျော်ကီရိုက်တာ မဆန်းဘူး ။
                    မင်းချမ်းမွန်
** ပျောက်ဆုံးနေသော ဝေဒနာများ **
** ပျောက်ဆုံးနေသော ဝေဒနာများ **
ဖိနှိပ်ခံထု၊ လွတ်မြောက်မှု
ဝမ်းပြည့်မှု၊ ကိုယ်စားပြုတဲ့
ပြည်သူ့ကဗျာ၊ ဝေဒနာတွေ
အယ်ဒီတာနဘေး၊ ခြင်းအဆွေးထဲမှာ
လုံးထွေးတွန့်ကြေ စုပ်ပြဲနေ ။
လူနည်းတစ်စု
ခံစားမှုတွေ၊ အိပ်မက်တွေ
မျက်ရည်တစ်စက်၊ ချစ်သက်သေတွေ
တိုင်းပြေတင်ပြ ၊ ပုဂ္ဂလိက ကဗျာ
ပန်းဝတ်လွှာတွေ၊ အယ်ဒီတာရှေ့ဖက်
စက်ကြီးပေါ်မှာ
သရုပ်ဖေါ်ပန်းချီ တင်ရိုက်နေ ။
အလုပ်သမား
လယ်သမား၊ ဆင်းရဲသားတွေ
စောင့်မျှော်နေကြ ၊ ဖတ်ချင်ကြပြီ
သူတို့ဘဝကဗျာများ ။
မောင်သွေးသစ်
** အာကာသလမ်း ** ၊ ** မျက်ရည်တွေကို ထုတ်မသုံးကြေး ** သုခမိန်လှိုင်
** အာကာသလမ်း **
ဘဝဆိုတာ
အရူးမောင်းလာတဲ့ လေယာဉ်ပျံကိုစီးလာရတာပဲ ။
ပိုပြီး
ပျော်ပျော်ရွှင်ရွှင်နေဖို့စဉ်းစားတယ်
ပြန်ဆင်းလို့ မရတော့ဘူးကိုး ။
သုခမိန်လှိုင်
အိုင်ဒီယာမဂ္ဂဇင်း၊ ၂ဝဝ၉ ဇူလိုင်
** မျက်ရည်တွေကို ထုတ်မသုံးကြေး **
အဏုမြူဗုံးမကြောက်ဘူး
ခွေးရူးမကြောက်ဘူး
ငါကြောက်တာ မျက်ရည်တွေ ။
ကမ္ဘာကြီးဟာ
အိမ်မှာထိုင်နေရုံနဲ့
အားလုံးသိနိုင်တဲ့ ရွာကလေးပါကွာ
မျက်ရည်တွေကို ထုတ်မသုံးကြေးအချစ်ရယ် ။
သုခမိန်လှိုင်
အိုင်ဒီယာမဂ္ဂဇင်း၊ ဇွန်၊ ၂ဝဝ၉။
မိုးရာသီ
တောပစ်မုဆိုးတွေရဲ့ခြေထောက်တွေ
ဗွက်ပေါက်ပြီးတဲ့အခါ
ခင်ရယ် ...
စံပယ်ရိုင်းတွေဟာ
တောထအောင်လှနေဆဲပါကွယ် ။
မောင်စိမ်းနီ
**ငါ့အားရစ်ပတ်လာသော ရေဘဝဲတစ်ကောင်၏ လက်တံများကို ဖြတ်တောက်ရန် ကြိုးပမ်းခြင်း **
အာဒမ့် နံရိုးတစ်ပိုင်းတစ်စရဲ့
ကိုယ်ပွားတစ္ဆေများ
ငါ့အားခြောက်လှန့်နေ ...
လှပသော တင့်တယ်သော
ဝင်းဝါသော ပြိုးပျက်သော
ကိုယ်ဖြင့်
ကိုယ်ထင်ပြလျက်
ဗီးနပ်စ် နတ်သမီးများ
ခြောက်လှန့် ရယ်မောနေ
ဟိုမှာ ... ဒီမှာ
နေရာအနှံ့ ။
ကွေးညွတ်နေသောသက်တံ
ခရမ်း၊ မဲပြာ၊ စိမ်း၊ ဝါ၊ လိမ်၊ နီ
အရောင် ခုနစ်မျိုးဖြင့် လှပ၏
လှပသော ဗီးနပ်စ်တစ်ပါး
သက်တံပေါ်က
လာလေ... လို့လက်ကမ်း
ငါခေါင်းရမ်းခဲ့
သွားစမ်းပါဗျာ... လို့
ခပ်ရမ်းရမ်းလည်း ငါအော်ခဲ့..
ငါ့ဘဝပေတံမှာ
အချစ်အတွက်နေရာ
လက်မအစိတ်အပိုင်းမျှသာ ... ။
တေးဆိုသော ပန်းများ
လန်းဆန်း၏
လှပ၏
မွှေးပံျ့၏
သို့သော် ... မနမ်းအားသေး ...
ချောင်းကမ်းစပ်၌
ငါ ... ဒေါင်းဖမ်းရဦးမည် ... ။ ။
ကျော်စွာထက်
Friday, May 10, 2013
ဒီလိုရှိတယ် ဒေါက်တာလွဏ်း
ဒီလိုရှိတယ် ဒေါက်တာလွဏ်း
သစ်ကောင်းအိမ်
သတင်းကျွတ်ခဲ့ပြီ
တန်ဆောင်တိုင်ခဲ့ပြီ
နယူးလည်းယားခဲ့ပြီ။
ကျွတ်ပေါ့
သတင်းကျွတ်တော့ မီးပုံပျံလွှတ်ကြပေါ့
တန်ဆောင်တိုင်တော့ နှစ်ဆောင်ပြိုင်ကြပေါ့
နယူးယားတော့ ဝူးဝူးဝါးဝါး ထအော်ပေါ့
ဘာဆန်းလဲ။
ဘုရားသခင် သေပြီ
ကဗျာ သေပြီ
ဂန္ဒီကြီးလည်း သေပြီ။
သေပေါ့
ဘုရားသခင်သေတော့
ဘာသာရေးသမားတွေ စစ်ထဲလိုက်ကြပေါ့၊
ကဗျာသေတော့
ကဗျာဆရာတွေ ဇာတ်ထဲလိုက်ကြပေါ့၊
ဂန္ဒီကြီးသေတော့ ငြိမ်းချမ်းရေးသမားတွေ
သားသတ်ရုံမှာ အလုပ်ဝင်ကြပေါ့၊
ဘာဆန်းလဲ။
ဘာဆန်းလဲ
လူ့အခွင့်အရေးဆုတွေ ရပြီး
လူ့အခွင့်အရေး မရရှာသူ
ကမ္ဘာကြီး။
ဘာဆန်းလဲ
လူက လူကို မွေးပြီး
လူက လူကို သတ်ဖြတ်လျက်ရှိသော
ကမ္ဘာကြီး။
ဘာဆန်းလဲ
ငရမန်လက်ထဲ
ခွေးသေဝက်သေ သေရစ်ခဲ့ပါလေ
ကမ္ဘာကြီး။ ။
သစ်ကောင်းအိမ်
(၆ ရက်၊ ဇန်နဝါရီ၊ ၂၀၁၁)
ကဗျာ့အိုးဝေ ကိုငြိမ်းဝေ... ကျနော့်ကဗျာ မီးတွေလောင် မီးတွေလောင်ကို ခံစားထားခြင်း။
ကဗျာ့အိုးဝေ ဧပြီ ၂၃၊ ၂၀၁၃ ခုနှစ်။ ကိုငြိမ်းဝေ (RFA) ချစ်ခင်လေးစားရတဲ့ သောတရှင်များ၊ မင်္ဂလာပါ ခင်ဗျာ။ အခုရက်တွေမှာ ကျနော်နဲ့ ဆုံတွေ့ရတဲ့ ကဗျာဆရာများနဲ့ စကားလက်ဆုံကျတဲ့ အခါတိုင်း ကျနော်တို့တိုင်းပြည်ရဲ့ များပြား ရှုပ်ထွေးလှတဲ့၊ အဖြစ်အပျက်တွေ အကြောင်း အမြဲလိုလို ထည့်သွင်းပြောဆိုမိခဲ့ကြပါတယ်။ အဖြစ်အပျက်တွေကလည်း များမှများ၊ တကယ့်ကို ရှုပ်ထွေးမှ ရှုပ်ထွေး၊ ဥပမာ တချို့သောမြို့နယ်တွေမှာ လူတစုက ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး အိမ်တွေကို မီးရှို့၊ လူမျိုးရေး ဘာသာ ရေး ပဋိပက္ခ ကြီးထွားလာရအောင် လုပ်ခဲ့ကြတဲ့ကိစ္စမျိုး၊ တခါ အင်တာနက် ဖေ့စ်ဘုတ်မှာ ဘာသာရေး ကျဉ်းမြောင်းသူ၊ အစွန်းရောက်သူတွေက သတင်းမှား သတင်းလိမ်တွေ တရစပ်တင်ပေးနေခဲ့ကြတဲ့ကိစ္စ၊ အဲသလို ကိစ္စမျိုးတွေကို ကျနော် တို့ စိတ်မကောင်းခြင်း ကြီးစွာနဲ့ မပြောချင်ကြသည့်တိုင် ပြောခဲ့၊ ကြားခဲ့ကြရပါတယ်။ ကဗျာဆရာဆိုတာကလည်း လူတွေနဲ့ ဆက်စပ်ထိတွေ့မှု အတိမ်အနက်အပေါ် မူတည်ပြီး၊ ကဗျာတွေ ရေးဖွဲ့ကြရတာ ဖြစ်လို့ အဲသလိုအကြောင်းအရာမျိုးတွေအပေါ် ကဗျာဆရာတွေ စိတ်ဝင်စားကြ၊ ပြောကြရတာ ကောင်းတော့ ကောင်းပါ တယ်။ ဒီအချိန်မျိုးမှာ ကျနော်ခင်မင် လေးနက်ရတဲ့ ကဗျာဆရာတယောက်ရဲ့ ကဗျာလေးကို ကျနော်အချိန်ပြည့်လိုလို သတိရနေမိပါတယ်။ သူ့ကဗျာလေးကို သတိရနေတယ်ဆိုပေမယ့် ကဗျာတပုဒ်လုံး ကျနော့်မှာ မှတ်သားထားတာ မရှိလို့ ခေါင်းစဉ်ကိုပဲ ကျနော်မှတ်မိနေခဲ့တာပါ။ သူ့ကဗျာလေးရဲ့ ခေါင်းစဉ်က မီးတွေလောင် မီးတွေလောင်... တဲ့။ ကျနော်တို့ ပြည်သူတွေ အရူးမီးဝိုင်းသလို စီးပွားရေးမီး၊ လူမှုရေးမီး၊ နိုင်ငံရေးမီးလောင်မြေတွေအကြား ဖြတ်သန်းနေရတဲ့ အချိန်မှာ ကျနော် အဲသည် ကဗျာလေးရဲ့ ခေါင်းစဉ်ကို သတိရနေခဲ့မိတာပါ။ အခုတော့ ကဗျာတပုဒ်လုံးကို ရှာလို့တွေ့ပါပြီ။ ဒီကနေ့ အဲဒီကဗျာလေးကိုပဲ တင်ဆက်ဖို့ ရည်ရွယ်ထားပါတယ်။ ရေးဖွဲ့တဲ့ဆရာက ဆရာယောဟန်အောင် ဖြစ်ပါတယ်ခင်ဗျာ။ နားဆင်ကြည့်ကြရအောင်ပါ။
 မီးတွေလောင် မီးတွေလောင်.. 
အချစ်ရေ.. မီးတွေလောင် မီးတွေလောင်.. 
ကန္တာရ မြေကောတွေက မိုးရေကို စောင့်ရင်း မီးတွေလောင် 
ကမ်းရိုးတန်းလှိုင်းတွေက မုန်တိုင်းကို စောင့်ရင်း မီးတွေလောင်
 တောင်တန်းတွေက သက်တန့်ပန်းရောင်စုံကို စောင့်ရင်း မီးတွေလောင် ငါ့ရင်ထဲမှာလည်း မေတ္တာရေစင်ကို စောင့်ရင်း မီးတွေလောင်။ 
ဘ၀တိုတိုကို ကြာမြင့်ချိန်နဲ့ မချိန်ဆပါဘူး
 ဖြစ်ရပ်တွေနဲ့ပဲ တိုင်းတာသတဲ့ 
စကားတလုံးတိုင်းဟာ ဖြစ်ရပ်တခုကို ဖန်ဆင်း 
အမုန်းတရားနဲ့ ကွေကွင်းရခြင်းဟာလည်း
 ပြင်းထန်လွန်းတဲ့ မီးတွေလေ...။ 
အာဃာတနဲ့ ဒေါသတွေကလည်း မီးတွေပေါ့ 
အဲသည်မီးစတွေက တော်လှန်ရေးကို မွေးဖွား 
တရားမျှတမှုအတွက် မီးလှန် ပြန်တိုက်ကြ
 တောမီးတွေလောင် မီးတွေလောင်... 
မခံမရပ်နိုင်ခြင်းနဲ့ အငတ်ဘေးကလည်း 
မီးပြင်းဆူပွက်မှာ
 ရေနွေးအိုးလို ငွေ့ခိုးတွေကန် 
သူတို့ကပဲ သံဃာနဲ့ လူထုတွေကို လမ်းမပေါ် တွန်းထုတ်ခဲ့တယ်... 
ဝမ်းမီးတွေလောင် မီးတွေလောင်.... 
အကြောက်တရားနဲ့ ၀ိသမလောဘတွေကလည်း မီးတွေပေါ့ 
ကြံဖန်လိမ်ညာ အာဏာမြဲဖို့ မီးတွေတိုက်တယ်...
 မောဟမီးတွေ ဟုန်းဟုန်းလောင်။ 
ငါက မီးတောက်ဖျော့ဖျော့လေး လှုံလို့ စောင့်နေရင်း 
အထီးကျန်ခြင်းကို စစ်ခင်းလို့ စောင့်နေရင်း
 တောင်တန်းနဲ့ မြို့ပြ၀တ်မှုန်ကူးဖို့ စောင့်နေရင်း 
စာတအုပ်ကို စိတ်မပါ့တပါ ဖတ်လို့ စောင့်နေရင်း
 စာအုပ်ထဲက စာမျက်နှာတွေ မီးထတောက်တယ်။
 ရေဒီယိုတွေလည်း မီးတွေလောင် 
သတင်းစာတွေမှာလည်း မီးတွေလောင် 
အချစ်ကဗျာတွေတောင်မှ 
စစ်ခေါ်သံနဲ့ မီးတွေလောင်။ 
အချစ်ရေ.. မီးကြွင်းတွေ မထားခဲ့ပါနဲ့
 ပေါ့ဆမီးတွေ ခဏခဏလောင်.. 
အချစ်ရေ သတိမလစ်ပါနဲ့ 
တို့မီး ရှို့မီးတွေ ခဏခဏလောင်... 
အချစ်ရေ မျက်စောင်း မထိုးလိုက်ပါနဲ့
 လောင်စာအပြည့်နဲ့ ယောဟန်အောင် 
တရားမကပ်နိုင်သေးတဲ့ကောင် 
ငါ့ရင်ထဲမှာ မီးတွေလောင်။ ။ 
 သောတရှင်များ ခင်ဗျား။ ဆရာယောဟန်အောင်ရဲ့ မီးတွေလောင် မီးတွေလောင်..ကဗျာထဲမှာ ဟောသည်ကဗျာပိုဒ်ကလေး ပြန်နားထောင်ကြည့်ပါ။
အာဃာတနဲ့ ဒေါသတွေကလည်း မီးတွေပေါ့ 
အဲသည်မီးစတွေက တော်လှန်ရေးကို မွေးဖွား 
တရားမျှတမှုအတွက် မီးလှန် ပြန်တိုက်ကြ
 တောမီးတွေလောင် မီးတွေလောင်... 
မခံမရပ်နိုင်ခြင်းနဲ့ အငတ်ဘေးကလည်း 
မီးပြင်းဆူပွက်မှာ ရေနွေးအိုးလို ငွေ့ခိုးတွေကန် 
သူတို့ကပဲ သံဃာနဲ့ လူထုတွေကို လမ်းမပေါ် တွန်းထုတ်ခဲ့တယ်...
အကြောက်တရားနဲ့ ၀ိသမလောဘတွေကလည်း မီးတွေပေါ့
 ကြံဖန်လိမ်ညာ အာဏာမြဲဖို့ မီးတွေတိုက်တယ်...
 မောဟမီးတွေ ဟုန်းဟုန်းလောင်.... တဲ့။ 
မှန်တာပေါ့။ ကျနော်သည်ပင် လျှင် ရန်-ငါသဘော အခြေခံတဲ့ ထိပ်တိုက်ရင်ဆိုင်မှု တော်လှန်ရေးမီးကို အနှစ် ၂၀ ကျော် လှုံခဲ့ဖူးတာပဲ။ မီးဟာ ဘယ်လောက်အထိ ပူတယ်ဆိုတာ မီးကွင်းထဲ ဖြတ်သန်းဖူးတဲ့သူမှပဲ အသေအချာ သိနိုင်တဲ့ကိစ္စပါ။ ဒီကနေ့ ကျနော်တို့ ပြည်သူတွေ ကြုံတွေ့နေကြရတဲ့ မီးတွေဟာ အဲသလိုမျိုးတွေပါပဲ။ နိဂုံးချုပ်စေချင်ပါပြီ။ ကျနော်တို့ ပြည်သူတွေ လုံခြုံ ငြိမ်းချမ်းပြီး ဗြမ္မစိုရ်တရား ထွန်ကားတဲ့ နယ်မြေပေါ် ရောက်စေချင်ပါပြီ။ ဒါပေမယ့် ကျနော်ယုံကြည်တာတခုတော့ အခိုင် အမာ ရှိပါတယ်။ အဲဒါကတော့ တနေ့ တချိန်မှာတော့ ကျနော်တို့ပြည်သူတွေ တကယ်ပဲ တည်ငြိမ်အေးချမ်းတဲ့၊ ဘဝ အခြေ အနေမျိုးတွေ ပိုင်ဆိုင်လာနိုင်ကြမှာကတော့ မလွဲဆိုတဲ့ အချက်ပါပဲ။ ဟုတ်ပါတယ်။ ဒါကိုတော့ အဲဒီယုံကြည်ချက်ကို ကျနော်တို့တတွေ မျက်ခြေမပြတ်သွားဖို့တော့ လိုမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
 ငြိမ်းဝေ
** ဆင်ဖမ်းမယ် ကျားဖမ်းမယ် **
ဆင်ဖမ်းမယ် ၊ ကျားဖမ်းမယ် ။
မြန်မြန်ပြေး ၊ ဝေးဝေးပစ် ၊ မြင့်မြင့်ခုန်မယ် ။
မိုးကောင်းကင်ကို ဒူးနဲ့တိုက်မယ် ။
ဆင်ဖမ်းမယ် ၊ ကျားဖမ်းမယ် ။
ဆင်ပေါက်တို့ ၊ ကျားပေါက်တို့ သီချင်းတွေကို
အကျယ်ကြီးဖွင့်မယ် ။
သန်းခေါင်ယံအိမ်မက်ဆိုးတွေနဲ့
စီးချင်းထိုးမယ် ။
ဆင်ဖမ်းမယ် ၊ ကျားဖမ်းမယ် ။
လက်ဖျံနှစ်ဖက်မှာ
ဇွဲတွေ ၊ သတ္တိတွေကို တက်တူးထိုးမယ် ။
စိတ်ကူးရောက်ရာ ပေါက်ရာအတိုင်း
ကျွဲရိုင်းတစ်ကောင်ကိုပါ ဖမ်းပြလိုက်ချင်သေးတယ် ။
နိုင်မွန်အောင်သွင်
ကိုယ့်အချင်းချင်း
ကိုယ့်ဘ၀နဲ့ကိုယ်ဆိုတာကအစ
ဘယ်သူ့ဂရုစိုက်နေရမှာတုန်း ဆိုတာမျိုးအဆုံး
ဘာမှမပူနဲ့
ငါတို့ခြေရာလက်ရာတွေမှာ
သဲလွန်စတွေကျန်ခဲ့တာချည်း
ဆေးဖက်ဝင်တယ်ပြောပြော
နူတတ်တယ် ပြောပြော၊ ပြောချင်ရာသာပြော
ဟိုကောင်က ဟိုလို၊ ဒီကောင်က ဒီလို
ဟိုကောင်က အီးမေးလ်နဲ့ ပို့မှ
ဒီကောင်က စာတိုက်ပုံးထဲသွားထည့်မှ
ငါတို့ဟာ ပုလင်းအဖုံးကို ရတနာမြေပုံလို ဓားနဲ့ခြစ်လို့
ငါတို့ဟာ ရောက်ရာအရပ်မှာ
သွေးစို့အောင် ပလူပျံလို့
အခြေအနေရော အချိန်အခါရော
ငါတို့ဟာ အုတ်ရောရော ကျောက်ရောရော
ငါတို့ဟာ ရှိပြီးသားကစားနည်းတွေပြုပြင်မွမ်းမံ
ရှိပြီးသား အတွေးအခေါ်တွေ ပြုပြင်မွမ်းမံ
ကုသိုလ်တစ်ပဲလည်းရှိ
ငရဲတစ်ပိဿာလည်းရှိ
ငါတို့ဟာရှေးကတည်းက
ရှိပြီးသား အကြောင်းအရာတွေပေါ်မှာ ခေါင်းခါချင်သူ
ငါတို့ဟာ ထစ်ခနဲဆိုလက်ကပါပြီးသား
ထစ်ခနဲဆို မျက်ရည်ကျပြီးသား
သူငယ်ချင်း ကျေးဇူးပြုပြီးငါ့ကို
မင်းလက်မှတ်ထိုးနေကျ စာရွက်တွေလို မဆက်ဆံရ
သူငယ်ချင်း ကျေးဇူးပြုပြီး ငါ့ကို
မင်းဆိုနေကျ သီချင်းတွေလို မဆက်ဆံရ
သူငယ်ချင်း
ငါထိုးလိုက်ရင် လဲသွားမယ့်သူဟာ မင်းမဖြစ်စေချင်ဘူး
ငါထိုးလိုက်ရင် ပေါက်မယ့်ထီလက်မှတ်ဟာ မင်းဖြစ်စေရမယ်
ဘာဖြစ်လို့လဲဆိုတော့
အလွမ်းသယ်ပြီးရင်
အလောင်းသယ်ဖို့ပဲ ကျန်တော့တာကိုး။ ။
ကြည်ဇော်အေး
ပထ၀ီအနေအထား
ဒေါ်လှကြည် သုံးယောက်အကြောင်း အောင်ဒင်
(The Weekly Eleven ဂျာနယ်၊ အမှတ် ၃၀၊ အတွဲ ၈၊ မေလ ၆၊ ၂၀၁၃၊ စာမျက်နှာ ၂၄-၃၀)
 ဒေါ်လှကြည် (၁)
 ဒေါ်လှကြည် (၂) နဲ့ ဒေါ်လှကြည် (၃)
ကျနော်တို့ မြန်မာနိုင်ငံမှာ လူတူမရှား၊ နံမည်တူမရှားဆိုတာရှိပါတယ်၊ ရုပ်ချင်းတူတဲ့လူတွေ၊ နံမည်ချင်းတူကြတဲ့လူတွေ၊ ငယ်ငယ်က ကျောင်းမှာ စာသင်ခန်းတစ်ခုထဲမှာ နံမည်တူ နှစ်ယောက် (သို့မဟုတ်) နှစ်ယောက်ထက်ပိုပြီးရှိနေရင် ဆရာ၊ ဆရာမတွေက နံမည်နောက်မှာ နံပါတ် (၁) (၂) တပ်ပြီး ခေါ်ကြတာမှတ်မိပါတယ်၊ ဆိုပါတော့ အောင်ဒင် နှစ်ယောက်ရှိရင် တစ်ယောက်က အောင်ဒင်တစ် ဖြစ်လာပြီး နောက်တစ်ယောက်က အောင်ဒင်နှစ် ဖြစ်လာပါတယ်၊ အဲဒီလိုခေါ်တာဟာ အသက်ကြီးလို့ အတန်းတွေကြီးလာတဲ့အထိ၊ နောက်ပိုင်း လုပ်ငန်းခွင်ထဲရောက်တဲ့အထိအောင် သူငယ်ချင်းများ၊ ကျောင်းနေဘက်များကြားမှာ အမည်တွင်နေတတ်ပါတယ်၊ မိသားစုနံမည်ကို နောက်ဆုံးတတ်ပြီး အမည်ပေးတဲ့ အစဉ်အလာမရှိတာမို့ ကျနော်တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ နံမည်တူပုဂ္ဂိုလ် အများဆုံးနိုင်ငံလဲ ဖြစ်မည်ထင်ပါတယ်၊
ကျနော့်ဘဝတစ်လျှောက်မှာလဲ နံမည်တူပုဂ္ဂိုလ်တွေအများကြီး သိကျွမ်းရင်းနှီးခဲ့ရပါတယ်၊ အဲဒီမှာ ထူးထူးခြားခြား ကျနော်အင်မတန်ချစ်ခင်လေးစားကြည်ညိုရတဲ့ အမျိုးသမီးကြီးသုံးယောက်က "ဒေါ်လှကြည်" အမည်တူများဖြစ်နေပါတယ်၊ တစ်ယောက်ကတော့ ကျနော့်မွေးသမိခင်ကြီး ဒေါ်လှကြည်ပါ၊ နောက်တစ်ယောက်က ကိုသူရ (ခေါ်) ကိုဇာဂနာရဲ့ မိခင်ကြီး ဒေါ်လှကြည်ပါ၊ နောက်တစ်ယောက်ကတော့ ကိုမင်းကိုနိုင် (ခေါ်) ပေါ်ဦးထွန်းရဲ့ မိခင်ကြီး ဒေါ်လှကြည်၊ ကျနော့်ရဲ့ အမေသုံးယောက်ဖြစ်သလို ကျနော်၊ ကိုသူရ၊ မင်းကိုနိုင်တို့အားလုံးရဲ့ အမေများလဲ ဖြစ်ကြပါတယ်၊
ကိုသူရရဲ့ အမေ ဒေါ်လှကြည်က သုံးယောက်ထဲမှာ အသက်အကြီးဆုံးမို့ ဒေါ်လှကြည် (၁) ဆိုပါတော့၊ မင်းကိုနိုင်အမေ ဒေါ်လှကြည်က အလတ်မို့ ဒေါ်လှကြည် (၂) ဆိုရင် ကျနော့်အမေ ဒေါ်လှကြည်က အငယ်ဆုံးမို့ ဒေါ်လှကြည် (၃) ဖြစ်မှာပေါ့၊ ဒီအမေကြီး သုံးယောက်အကြောင်းကို နဲနဲလောက် ပြောပြချင်ပါတယ်၊
ဒေါ်လှကြည် (၁)
အမေကြီးဒေါ်လှကြည် (၁) က ခင်ပွန်းသည် အဘ နန်းညွန့်ဆွေနဲ့အတူရန်ကင်း၊ ဆယ့်နှစ်လုံးတန်းမှာနေပါတယ်၊ သူက လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ တို့ဗမာအစည်းအရုံးဝင် သခင်မကြီးဖြစ်ခဲ့ပြီး "ကြည်ဦး" ဆိုတဲ့အမည်နဲ့ ထင်ရှားတဲ့ စာရေးဆရာမကြီးလဲ ဖြစ်ပါတယ်၊အဘနန်းညွန့်ဆွေကလဲ ထင်ရှားတဲ့ စာရေးဆရာ၊ မြန်မာပညာရှိကြီး၊ ကဗျာဆရာကြီးတစ်ဦးပါ၊ သူ့အမည်အရင်းက ဦးအောင်သိန်းဖြစ်ပြီး ကျနော့်ဖေဖေ ဦးကျော်ရှိန်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကထဲက ခင်မင်ရင်းနှီးသူပါ၊ ဖဆပလအစိုးရခေတ်က ဦးညာဏဦးစီးတဲ့ အစိုးရ ရုပ်ရှင်နဲ့ ပြဇာတ်ဋ္ဌာနမှာ အတူလုပ်ခဲ့ကြဘူးတယ်လို့ ဖေဖေကပြောပြဘူးပါတယ်၊ ကျနော်ငယ်ငယ်က ဖေဖေ ရန်ကင်းဆယ့်နှစ်လုံးတန်းကို စနေ၊ တနင်္ဂနွေလို နေ့တွေမှာ သွားရောက်ပြီး အဘ နန်းညွန့်ဆွေနဲ့ အဲဒီအနားမှာပဲနေတဲ့ ဆရာကြီးဦးရန်အောင်တို့ထံ လည်ပါတ်စကားဝိုင်းဖွဲ့တတ်ပါတယ်၊ ကျနော်က တစ်ခါတစ်ရံ ဖေဖေနဲ့ လိုက်သွားလို့ အဘနန်းညွန့်ဆွေ၊ အမေကြီးဒေါ်လှကြည် (၁) တို့ကို ငယ်ငယ်ကတဲက သိကျွမ်းရင်းနှီးခဲ့ပါတယ်၊ အမေကြီးက အင်မတန်ခင်ဖို့ကောင်းသလို အခြားသူတွေကိုလဲ ထိထိမိမိဝေဘန်တတ်ပါတယ်၊ 
ကျနော့်ကျောင်းနံမည်က "ချစ်ကိုကို" မို့ အမေကြီးက ဖေဖေ့ကို "ဟင့်၊ ကွန်မြူနစ်က သူ့သားကိုပေးတဲ့ နံမည်က ကနွဲ့ကရနိုင်လိုက်တာ" လို့ ဝေဘန်ပြီး ကျနော့်ကိုလဲ "ကိုကျော်ရှိန့်သား"၊ "ဗိုလ်ကျော့်သား" လို့ပဲ ခေါ်တတ်ပါတယ်၊ ကျနော့်အမည်ရင်းကို ခေါ်လေ့မရှိပါ၊ ဒီအမေကြီးက သူ့သားသုံးယောက်ကိုလဲ ကိုသူရ၊ ကိုဝဏ္ဏ၊ ကိုတေဇ ဆိုပြီး ခန့်ခန့်ငြားငြား မှည့်ထားတာပါ၊ ဖေဖေကတော့ အမေကြီးဝေဘန်တာကို ပြုံးပြုံးလေးနားထောင်ပြီး အဘနန်းကိုသာ အပြင်လက်ဘက်ရည်ထွက်သောက်ကြဖို့ ခေါ်ပါတယ်၊ အဘနန်းကလဲ နှစ်ခါမခေါ်ရပါ၊ သူ့ခင်မျာလဲ အမေကြီးရဲ့ ဝေဘန်မှုကို နေ့စဉ်ခံနေရတော့ အပြင်ထွက်ဖို့အခွင့်အရေး စောင့်နေသူပါ၊
၁၉၈၈ အရေးတော်ပုံကြီးအပြီး စစ်တပ်က အာဏာသိမ်းပြီးချိန် အောက်တိုဘာ ၂ရက်နေ့မှာ အမေကြီးရဲ့ သား ကိုသူရအဖမ်းခံရပါတယ်၊ အဲဒီအချိန်မှာ ကျနော်ကလဲ ရှောင်တိမ်းနေရတော့ အမေကြီးဆီရောက်ပြီး အားမပေးနိုင်ပါ၊ ဖေဖေကတော့ သတင်းကြားကြားချင်း သူတို့အိမ်ကို သွားရောက်ပြီး အားပေးစကားပြောပါတယ်၊ နောက် ၁၉၈၉ ဧပြီ ၂၃ရက်နေ့မှာ ကျနော်အဖမ်းခံရပါတယ်၊ ကျနော့်ကို မဖမ်းခင် ဧပြီ ၂၁ရက်နေ့မှာ ကိုသူရ နဲ့ ကိုဇင်ဝိုင်းတို့ အကျဉ်းထောင်ကပြန်လွတ်လာကြပါတယ်၊ သူတို့လွတ်မြောက်ပြီးပြီးချင်းပဲ အမေကြီးဒေါ်လှကြည်ရဲ့ တိုက်တွန်းချက်အရ ကိုသူရနဲ့ သူ့အနုပညာသူငယ်ချင်းများ၊ ကိုဇင်ဝိုင်း၊ ကိုအောင်သန်းဦး (အရိုင်း)၊ ကိုမိုးဝင်း တို့ အိမ်ကိုရောက်လာပြီး ဖေဖေနဲ့ မေမေကို အားပေးကြပါတယ်၊ ငွေကြေးအထောက်အပံ့တွေလဲ ပေးကြပါတယ်၊
ကျနော် ၁၉၉၃ခုနှစ် ဇူလိုင်လ ၇ရက်မှာ သရက်ထောင်ကနေပြန်လွတ်ပြီးတဲ့နောက် ဖေဖေနဲ့အတူ အမေကြီးတို့အိမ်ကို သွားရောက်နှုတ်ဆက်ပါတယ်၊ အဲဒီအချိန်မှာ ကိုသူရက ၁၉၉၀ခုနှစ်ကထဲက ထောင်ထဲပြန်ရောက်နေပါပြီ၊ ဖေဖေပြောပြလို့ ကျနော်တို့ထောင်ထဲမှာ ရှိနေစဉ်အတွင်း အမေကြီးဒေါ်လှကြည်နဲ့ အဘနန်းတို့က ကျနော်တို့မိသားစု၊ မင်းကိုနိုင်မိသားစုအပါအဝင် အကျဉ်းကျကျောင်းသားများရဲ့ မိသားစုများကို ကူညီထောက်ပံ့တာ၊ ထောင်ဝင်စာပို့ရေးကိစ္စတွေမှာ တိုင်ပင်ဆောင်ရွက်ရင်း အမေကြီးဒေါ်လှကြည်နဲ့ မင်းကိုနိုင်အမေ ဒေါ်လှကြည် (၂)၊ ကျနော့်အမေ ဒေါ်လှကြည် (၃) တို့ညီအစ်မအရင်းအချာတွေလို အင်မတန်ရင်းနှီးခင်မင်နေကြတာတွေ သိရပါတယ်၊ အမေကြီး ၁၉၉၀ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့တာကိုတော့ ကိုအရိုင်းပြောပြလို့ ထောင်ထဲမှာထဲက သိခဲ့ပါတယ်၊
တကယ်တော့ အမေကြီးဒေါ်လှကြည် ၁၉၉၀ရွေးကောက်ပွဲဝင်တယ်ဆိုတာ အာဏာလိုချင်လို့၊ အမတ်ဖြစ်ချင်လွန်းလို့မဟုတ်ပါ၊ အဲဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေကို အသုံးပြုမဲဆွယ်ပြီး ရန်ကင်းမြို့နယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုဝင်ပြိုင်သူက ရန်ကင်းမြို့နယ်ရဲ့ မဆလပါတီခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်နေလို့ပါ၊ မဆလပါတီကို ဖြုတ်ချခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ဖြစ်လာတဲ့ ပါတီစုံရွေးကောက်ပွဲမှာ မဆလဟောင်းတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံနဲ့ ရွေးကောက်ပွဲဝင်တာကို မခံချင်စိတ်နဲ့ ဝင်ပြိုင်ဖြစ်တာပါ၊ အမေ့ကို ချစ်တဲ့ သားကိုသူရက အမေ့အတွက် ရွေးကောက်ပွဲမဲဆွယ်ရာမှာ မဆလအရေခွံချွတ်ပြီး ဒီမိုကရေစီအရေခြုံလို့ အာဏာရရှိရေးကြိုးပမ်းသူတွေကို လှောင်ပြောင်တဲ့ မိန့်ခွန်းတွေပြောမိလို့ သူ့သူငယ်ချင်း ကိုအရိုင်း (အောင်သန်းဦး) နဲ့အတူ အဖမ်းခံရပြီး ထောင် ငါးနှစ်အပြစ်ပေးခံရတာပါ၊
အမေကြီးတို့အိမ်ကိုရောက်တော့ ကျနော်အံ့ဩရတာက သူတို့အိမ်ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းများစုဝေးပြီး ထောင်ကျနေဆဲ ကျောင်းသားများကို ရန်ပုံငွေရှာဖွေထောက်ပံ့ရာ ဗဟိုဋ္ဌာနတစ်ခုဖြစ်နေလို့ပါပဲ၊ ကျနော့်ထက်စောပြီး အကျဉ်းထောင်ကပြန်လွတ်ကြတဲ့ ကျောင်းသားလေးများဟာ အမေကြီးဒေါ်လှကြည်ရဲ့ ဦးဆောင်မှုနဲ့ နည်းလမ်းပေါင်းစုံနဲ့ ရန်ပုံငွေရှာဖွေပြီး ထောင်အသီးသီးမှာ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားတွေကို အစားအသောက်နဲ့ ဆေးဝါးတွေ ထောက်ပံ့နေကြပါတယ်၊ အမေကြီးဒေါ်လှကြည်ကို ဗဟိုပြုလို့ပဲ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လက်ဆောင်ရွက်နေကြပါတယ်၊ ကျနော်လဲ အထူးတလည်မစည်းရုံးရပဲ အမေကြီးဒေါ်လှကြည်ရဲ့ နိုင်ငံရေးအကျဉ်းသားထောက်ပံ့ရေးအဖွဲ့ဝင် ဖြစ်ခဲ့ပါသေးတယ်၊ ကျနော်လွတ်ပြီး သိပ်မကြာခင် ၁၉၉၄ ခုနှစ်အတွင်းမှာ ကိုသူရ နဲ့ ကျနော့်ညီ ရွှေဘုန်းလူ တို့ အကျဉ်းထောင်ကလွတ်မြောက်လာကြပါတယ်၊ မင်းကိုနိုင်ကတော့ အကျဉ်းကျနေဆဲမို့ ဒေါ်လှကြည် (၁) နဲ့ ဒေါ်လှကြည် (၃) တို့ခင်မျာ ဒေါ်လှကြည် (၂) ကိုစာနာသနားပြီး အပြည့်အဝ မပျော်ရွှင်နိုင်ခဲ့ကြရပါ၊
ဒေါ်လှကြည် (၂)
မင်းကိုနိုင်အမေ ဒေါ်လှကြည် (၂) က သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးအပေါ်က ရှည်မျောမျောအိမ်ကလေးမှာ နေပါတယ်၊ ခင်ပွန်းသည်က ပန်းချီဆရာကြီး ဦးသက်ညွန့်ပါ၊ မင်းကိုနိုင် အကျဉ်းကျနေချိန်မှာ သမီး သုံးယောက်နဲ့အတူနေရင်း အိမ်ဆိုင်ကလေးတစ်ခုဖွင့်လှစ်ထားပါတယ်၊ ကျနော် ထောင်ကလွတ်လွတ်ချင်းမှာပဲ သူတို့ရဲ့ အိမ်ကလေးကို မေမေဒေါ်လှကြည် (၃) နဲ့အတူ ကျနော်ရောက်ပါတယ်၊ တွေ့တွေ့ချင်းပါပဲ၊ အမေဒေါ်လှကြည်နဲ့ အဘဦးသက်ညွန့်တို့ကို မိဘအရင်းများသဖွယ်ချစ်ခင်မိပါတယ်၊ အမေနဲ့ အဘကလဲ ကျနော့်အပေါ်တူညီသော မေတ္တာထားကြပါတယ်၊ အမေဒေါ်လှကြည် (၂) က ကျနော့်ကို "သား" လို့ခေါ်ပြီး သူ့ကိုလဲ "အမေ" လို့ခေါ်ဖို့ပြောပါတယ်၊ မကြီး၊ မငယ်၊ မီးငယ် ညီအမ သုံးယောက်ကလဲ ကျနော့်ကို ကွဲကွာနေတဲ့ မောင်လေးတစ်ယောက်၊ အစ်ကိုတစ်ယောက်ပြန်ရောက်လာသလို ချစ်ခင်ရင်းနှီးကြပါတယ်၊ ကျနော့်အတွက် အင်မတန်ချစ်စရာကောင်းတဲ့ ဒုတိယမိသားစုတစ်ခုကို ရရှိလိုက်တာပါ၊ သူတို့ကို ကျနော်က ၁၉၉၀ခုနှစ်က အင်းစိန်အကျဉ်းထောင်ထဲမှာ မင်းကိုနိုင်နဲ့ နောက်ဆုံးတွေ့ခဲ့ရပုံကို ပြန်ပြောပြတော့ သူတို့အားလုံး ကြေကွဲဝမ်းနည်းကြရပါတယ်၊ 
ကျနော် ထောင်ကလွတ်တဲ့ ၁၉၉၃ခုနှစ် ဇူလိုင်လကနေ စင်္ကာပူနိုင်ငံကို အလုပ်လုပ်ဖို့ ထွက်ခွါတဲ့အချိန် ၁၉၉၅ခုနှစ် မတ်လထိ အမေဒေါ်လှကြည် (၂) ရဲ့ သင်္ဃန်းကျွန်း၊ ဝေဇယန္တာလမ်းမပေါ်က အိမ်ကလေးဟာ ကျနော့်ရဲ့ ဒုတိယအိမ်ဖြစ်ခဲ့ပါတယ်၊ အဘဦးသက်ညွန့်ကတော့ သူ့သားကို လွမ်းတဲ့စိတ်နဲ့ အခန်းကျဉ်းကျဉ်းကလေးထဲမှာ ပန်းချီကားတွေပဲ ဆက်တိုက်ရေးဆွဲနေပါတယ်၊အမေဒေါ်လှကြည် (၂) ကတော့ မင်းကိုနိုင်အဖမ်းခံရတဲ့အချိန်ကစလို့ ယောဂီဝတ်စုံကိုပဲ ဝတ်ပါတော့တယ်၊ တရားစခန်းမကြာခဏဝင်ပါတယ်၊ သူ့သား သူ့ကိုမြင်ရင် ဝမ်းနည်းပြီး စိတ်ဓာတ်ပျော့မှာစိုးလို့ ထောင်ဝင်စာဘယ်တော့မှ လိုက်မတွေ့ပါ၊ မင်းကိုနိုင်အတွက် ထောင်ဝင်စာကိုတော့ ဒေါ်လှကြည် ၃ယောက် စုပေါင်းချက်ပြုတ်ကြပြီး မကြီး၊ မငယ်၊ မီးငယ်တို့ ညီအမတွေက အလှည့်ကျထောင်ဝင်စာသွားတွေ့ကြပါတယ်၊
ကျနော့်လိုပဲ ကိုသူရကလဲ ထောင်ကလွတ်လာပြီးတဲ့နောက် အမေဒေါ်လှကြည် (၂) ရဲ့ အိမ်ကို ရောက်လာပါတယ်၊ သူက မင်းကိုနိုင်နဲ့ အင်းစိန်ထောင်၊ အထူးတိုက်မှာ အချိန်အတော်ကြာကြာအတူနေခဲ့ရလို့ သူ့မှာ မင်းကိုနိုင်အကြောင်းတွေ ပြန်ပြောစရာတွေ အများကြီးပါလာခဲ့ပါတယ်၊ မင်းကိုနိုင်ထောင်ထဲမှာ ရေးစပ်တဲ့ သီချင်းတွေ၊ ကဗျာတွေကိုလဲ သူက နှုတ်တိုက်ကျက်မှတ်လာခဲ့ပြီး ပြန်ရွတ်ပြတော့ ဒေါ်လှကြည် (၂) မျက်ရည်ကျရပါတယ်၊ ကိုသူရ အနုပညာလုပ်ငန်းတွေပြန်လုပ်တော့ မင်းကိုနိုင် ထောင်ထဲမှာ နှုတ်နဲ့ဖန်တီးခဲ့တဲ့ ဝတ္ထုဇာတ်လမ်းအချို့ကို ဗီဒီယိုဇာတ်လမ်းအဖြစ် အသက်သွင်းခဲ့ပါသေးတယ်၊ 
ကျနော် စင်္ကာပူကို မထွက်ခွါခင်မှာ အဘဦးသက်ညွန့်ရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲတစ်ခုကို စီစဉ်ကျင်းပပေးခဲ့ပါတယ်၊ အန်ကယ်ဦးဝင်းနိုင် (အမျိုးသားရေး ဦးဝင်းနိုင်) က ရွှေတောင်ကြားက သူ့အိမ်မှာ ပန်းချီပြပွဲလုပ်ခွင့်ပေးပါတယ်၊ ပန်းချီကိုဝသုန်၊ ကိုတင်မောင်ဝင်း၊ မသိဂီင်္၊ မစန်းစန်းတင်၊ ရန်မျိုးသိမ်း၊ ချိုချိုထွန်းငြိမ်း၊ ဥမ္မာ နဲ့ ရွှေဘုန်းလူတို့ ဝိုင်းဝန်းကူညီကြပါတယ်၊ မင်းကိုနိုင်ကို ချစ်ခင်သူတွေနဲ့ သံရုံးတစ်ချို့က သံတမန်တွေ လာရောက်ကြည့်ရှူကြပေမည့် ကျနော်မျှော်လင့်သလောက် ပန်းချီကား များများမရောင်းရပါ၊ အစိုးရဘက်က ဖိအားပေးလို့ ပန်းချီ၊ပန်းပုကောင်စီကနေ ဒီပြပွဲကို အတိုင်းအတာတစ်ခုအထိ အနှောက်အယှက်ပေးပါတယ်၊ အဲဒီအချိန်က ပန်းချီပြပွဲလုပ်မယ်ဆိုရင် ပန်းချီ၊ပန်းပုကောင်စီ (ရိုးရာပန်းပညာရှင်များအစည်းအရုံး လို့ခေါ်တယ်ထင်ပါတယ်၊) ကို ခွင့်ပြုချက်တောင်းရပါတယ်၊ ပြပွဲမစခင် ကောင်စီလူကြီးတွေက ခင်းကျင်းပြသထားတဲ့ ပန်းချီကားတွေကို လာရောက်စစ်ဆေးပြီး သူတို့မကြိုက်တဲ့ ကားကို ဖြုတ်ခိုင်းတတ်ပါတယ်၊ ဆင်ဆာလုပ်တာပါ၊ သူတို့ခွင့်ပြုမှ ပြပွဲပြခွင့်ရှိပါတယ်၊ ကျနော်က ဒီပြပွဲအတွက် ဘယ်သူ့ထံမှာမှ ခွင့်ပြုချက်မတောင်းခဲ့ပါ၊ ဒီတော့  အဘဦးသက်ညွန့်ကို ပန်းချီပန်းပုကောင်စီကနေ “ဘာကြောင့် ဒီပြပွဲလုပ်ဖို့ ခွင့်ပြုချက်မတောင်းရသလဲ” ဆိုပြီး ဖုန်းဆက်မေးပါတယ်၊ အဘကတော့ “ဒါ ပန်းချီပြခန်းမှာလုပ်တဲ့ ပြပွဲမဟုတ်ဘူး၊ မိတ်ဆွေတစ်ယောက်ရဲ့ အိမ်မှာလုပ်တဲ့ ပန်းချီကားရောင်းပွဲ၊ ဒါကြောင့် ခွင့်ပြုချက်တောင်းစရာမလိုဘူး” လို့ ပြန်ဖြေလိုက်ပါတယ်၊ အိမ်ရှင်ဦးဝင်းနိုင်ကိုလဲ မြို့နယ်အာဏာပိုင်နဲ့ ထောက်လှမ်းရေးက "ခင်ဗျားအိမ်မှာ မင်းကိုနိုင်ရဲ့ အဖေနဲ့ အောင်ဒင့်ကို ဘာကြောင့်လက်ခံထားတာလဲ" လို့ လှမ်းမေးပါသေးတယ်၊ ဦးဝင်းနိုင်ကလဲ "ကျုပ်အိမ်မှာ ကျုပ်ဘယ်သူ့ကို လက်ခံလက်ခံ ခင်ဗျားတို့နဲ့ ဘာဆိုင်သလဲ' လို့ ဘုပြန်တောလိုက်ပါတယ်၊
ပြပွဲနောက်ဆုံးနေ့က ကားတစ်စီးငှါးလို့ ပန်းချီကားတွေကို သိမ်းဆည်းပြီး အိမ်ပြန်အရောက်မှာ ကျနော့်မျက်နှာမကောင်းလို့ အမေဒေါ်လှကြည် (၂) က "သား၊ နေမကောင်းဘူးလား" လို့မေးပါတယ်၊ ကျနော်က "အမေရယ်၊ ကျနော်က ဒီထက်မက ရောင်းရလိမ့်မယ်လို့ မျှော်လင့်ထားတာပါ၊ အခုတော့ ကျနော် အဘနဲ့အမေကို မျက်နှာပူလို့ပါ" လို့ဖြေလိုက်တော့ အမေက ရီပါတယ်၊ "ဘာလို့ စိတ်မကောင်းဖြစ်ရတာလဲ သားရယ်၊ အခုရတဲ့ ငွေတောင် ဒီပြပွဲကို သားမစီစဉ်ပေးရင် အမေတို့ရမှာမှ မဟုတ်တာ၊  အမေတို့က သားကို အရမ်းကျေးဇူးတင်နေရတာပါ" လို့လဲ ပြောပါသေးတယ်၊ ပြီးတော့ ကျနော့်ကို ပိုက်ဆံထုတ်ထဲက ကျပ်နှစ်သောင်းထုတ်ပေးပါတယ်၊ "သား စင်္ကာပူသွားဖို့ ကိစ္စ ပိုက်ဆံလိုလိမ့်မယ်၊ ယူသွားပြီး နောက် သားအဆင်ပြေမှ ပြန်ပေး" လို့ပြောပါတယ်၊ ကျနော်လဲ အင်မတန် အံ့ဩကြည်နူးရပါတယ်၊ တကယ်လဲ စင်္ကာပူသွားဖို့အတွက် ပိုက်ဆံလိုနေတာပါ၊ မငြင်းဆန်ပဲ ယူလိုက်ရပါတယ်၊ တော်ပါသေးတယ်၊ စင်္ကာပူရောက်ပြီး နှစ်လအကြာမှာ အမေ့ပိုက်ဆံကို ကျနော်ပြန်လည်ပေးဆပ်နိုင်ခဲ့ပါတယ်၊
ဒေါ်လှကြည် (၃)
ဒေါ်လှကြည် (၃)ကတော့ ကျနော့်မိခင်ကြီးပါ၊ ကျနော့်အဖေဦးကျော်ရှိန်၊ ကိုသူရအဖေ အဘနန်း နဲ့ မင်းကိုနိုင် အဖေ အဘဦးသက်ညွန့်တို့ အဖေကြီးသုံးယောက်က အသက်မတိမ်းမယိမ်းရှိကြပေမည့် ဒေါ်လှကြည်သုံးယောက်မှာတော့ ကျနော်အမေ ဒေါ်လှကြည် (၃) က အငယ်ဆုံးဖြစ်ပါတယ်၊ ဖေဖေက အသက်ကြီးမှ အိမ်ထောင်ကျတာဖြစ်ပြီး မေမေက ဖေဖေ့ထက် အသက် ၂၀လောက်ငယ်လို့ပါ၊ ဒါပေမည့် အမေသုံးယောက်ထဲမှာ ဒေါ်လှကြည် (၃) ဟာ လောကဓံတရားကို အဆိုးဝါးဆုံးခံစားခဲ့ရသူတစ်ယောက်ဖြစ်မယ် ထင်ပါတယ်၊  
မေမေက ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်အပိုင် ကျုံမငေးဆိုတဲ့ မြို့ကလေးဇာတိပါ၊ သူ ကလေးဘဝမှာပဲ သူ့အမေ ဆုံးပါးခဲ့ပါတယ်၊ အဲဒီတုံးက မြစ်ဝကျွန်းပေါ်ဒေသမှာ တိုက်ခိုက်နေတဲ့ သူပုန်တပ်ဖွဲ့တစ်ဖွဲ့က မေမေ့အမေ (ကျနော့်အဖွားနဲ့) သားသမီးနှစ်ယောက် (မေမေနဲ့ မေမေ့မောင်လေး) ကို ပြန်ပေးဆွဲခဲ့ပါတယ်၊ ရည်ရွယ်ချက်ကတော့ သူတို့အင်မတန်မုန်းတဲ့ ကျနော့်အဘိုး၊ စစ်ရဲတပ်ရင်းအမှတ် ၂၂ ရဲ့ တပ်ရင်းမှူး ဗိုလ်ကြီးသန်းတင်ကို မုန်းတီးလွန်းလို့ ဂလဲ့စားချေဖို့ပါ၊ မေမေက အဲဒီအချိန်က အသက် ၄နှစ်အရွယ်ဖြစ်ပြီး မေမေ့မောင်လေးက လသားကလေးပဲ ရှိပါသေးတယ်၊ ပထမဆုံး မေမေ့အမေကို သူပုန်တွေက သတ်ပစ်လိုက်ပါတယ်၊ ဒုတိယနေ့မှာ မေမေ့မောင်ကလေးကို သတ်လိုက်ပြန်ပါတယ်၊ နှစ်ယောက်စလုံးကို မေမေ့ရှေ့မှာပဲ သတ်တာပါ၊ သတ်ပုံသတ်နည်းကလဲ အင်မတန် ကြမ်းကြုတ်ရက်စက်လွန်းလို့ ဒီစာစုမှာ မဖော်ပြချင်ပါ၊ နောက်တစ်ရက် မေမေ့ကို သတ်တော့မည့်အလှည့်မရောက်ခင်မှာ သူပုန်တပ်ထဲက စာနာတတ်တဲ့အဘိုးကြီးတစ်ယောက်က အမေ့ကို ကယ်တင်ပြီး လှေကလေးတစ်စီးနဲ့ ထွက်ပြေးခဲ့ကြပါတယ်၊ ချောင်းကြိုချောင်းကြားမှာ ငါးရက်လောက် ခိုးချောင်ခိုးဝှက်လှော်ခတ်ပြီးမှပဲ အဘိုးရှိရာ တပ်စခန်းကိုရောက်ပြီး ဒေါ်လှကြည် (၃) တစ်ယောက်အသက်ဘေးက လွတ်မြောက်ရပါတယ်၊ ဒါပေမည့် သူ့အမေနဲ့ သူ့မောင်လေး သူ့မျက်စိရှေ့မှာ ရက်ရက်စက်စက်အသတ်ခံခဲ့ကြရတာကို သူ့ဦးဏှောက်ထဲက၊ သူ့နှလုံးသားထဲက ဘယ်တော့မှ ဖျောက်ဖျက်လို့ မရတော့ပါ၊
ကျနော့်အဘိုးက နောက်အိမ်ထောင်ပြုတဲ့အတွက်ကြောင့် မေမေဟာ သူ့အဘိုး၊အဘွားများနဲ့ ကြီးဒေါ်များရဲ့လက်ထဲမှာ ကျုံမငေးမြို့မှာ ကြီးပြင်းရှင်သန်ခဲ့ရတာပါ၊ ဖေဖေနဲ့လက်ထပ်ပြီးမှပဲ ရန်ကုန်ကို ရောက်ပါတယ်၊အဘိုးလဲ နောက်အိမ်ထောင်နဲ့ သားတစ်ယောက်မွေးဖွားပြီး သိပ်မကြာခင် ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ တိုက်ပွဲကျခဲ့ပါတယ်၊ 
မေမေဟာ ခင်ပွန်းသည်နဲ့ သားသမီးတွေကို ချစ်စိတ်ကြီးတဲ့ သာမာန်အမျိုးသမီးကြီးတစ်ယောက်ပါ၊ ပြည်တွင်းစစ်ရဲ့အနိဋ္ဌာရုံတွေကို ကောင်းကောင်းနားလည်ပါတယ်၊ ငယ်ငယ်ကလေးထဲက မိဘကို ဆုံးရှုံးခဲ့ရလို့ မိသားစုဘဝကို အလွန်မြတ်နိုးပါတယ်၊ နိုင်ငံရေးဆိုတာကို နားမလည်ပေမည့် မတရားမှုမှန်သမျှကို ဆန့်ကျင်ပါတယ်၊ ခင်ပွန်းသည်နဲ့ သားသမီးများရဲ့ အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ လှုပ်ရှားမှုတွေကို အားပေးထောက်ခံပါတယ်၊ ကျနော်အဖမ်းခံရလို့ အင်းစိန်ထောင်ထဲရောက်ချိန်မှာ လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကနေ မေမေပို့လိုက်တဲ့ သတင်းစကားက "အကြီးကောင်ကြီး၊ လက်မှတ်ထိုးပြီး ထွက်မလာနဲ့နော်"  တဲ့၊
အမေများနဲ့ သားများ
ဒီအမေတွေကြောင့် ဒီသားတွေ လူလားမြောက်ခဲ့ကြတာပါ၊ ဒီအမေကြီးတွေရဲ့ သွန်သင်ဆုံးမမှုကြောင့် ဒီသားတွေ လူ့လောကအကျိုးတစ်စုံတစ်ရာစွမ်းဆောင်နိုင်ခဲ့ကြတာပါ၊ ဒီအမေကြီးတွေရဲ့ ကြီးမားလှတဲ့ ချစ်ခြင်းမေတ္တာကြောင့် ကျနော်တို့တွေ တော်လှန်ရေးဆိုတဲ့ အန္တရယ်ကြီးမားတဲ့လမ်းကို လျှောက်လှမ်းရဲခဲ့ကြတာပါ၊ ဒီအမေကြီးတွေရဲ့ ယုံကြည်မှုနဲ့ ကျနော်တို့တွေ အကျဉ်းထောင်ထဲမှာ မယိမ်းမယိုင် ကြံ့ခိုင်ခဲ့ကြတာပါ၊ ဒေါ်လှကြည်သုံးယောက်လို မိခင်တွေ ကျနော်တို့မြန်မာနိုင်ငံမှာ အများကြီးရှိနေတာက ကျနော်တို့အားလုံးအတွက် မင်္ဂလာတစ်ပါးပါပဲ၊
အခုတော့ အမေကြီးသုံးယောက်မှာ ဒေါ်လှကြည် (၁) က ၂၀၀၉ခုနှစ် ကိုသူရ အကျဉ်းထောင်ထဲရှိနေစဉ်မှာပဲ ဆုံးပါးသွားခဲ့ပါပြီ၊ ဒေါ်လှကြည် (၂) နဲ့ ဒေါ်လှကြည် (၃) တို့ပဲ ကျန်ပါတော့တယ်၊ သားတွေအားလုံးအကျဉ်းထောင်က လွတ်ခဲ့ကြပြီဖြစ်ပေမည့် ဒေါ်လှကြည် (၁) ရဲ့သား ကိုဝဏ္ဏနဲ့ ဒေါ်လှကြည် (၃) ရဲ့သား ရွှေဘုန်းလူ (ခေါ်) တာရာမင်းဝေတို့ ဆုံးပါးသွားကြပါပြီ၊ ကျန်တဲ့ သားသုံးယောက်ဖြစ်တဲ့ ကိုသူရ၊ မင်းကိုနိုင် နဲ့ကျနော်တို့မှာ ကျနော်က အားလုံးနဲ့ မိုင်ပေါင်းထောင်ပေါင်းများစွာဝေးကွာတဲ့ အမေရိကန်ပြည်ထောင်စုမှာပါ၊ ကျန်နေသေးတဲ့ အမေကြီးနှစ်ယောက်ကို အဝေးကနေ ကန်တော့ရင်း သူတို့ကို လူကိုယ်တိုင်ပြန်ဆုံဦးခိုက်နိုင်မည့်အချိန်ကိုပဲ မျှော်လင့်နေမိပါတယ်၊
လေးစားစွာ၊
အောင်ဒင်
ဧပြီ ၇၊ ၂၀၁၃
Wednesday, May 8, 2013
ခွပ်ဒေါင်းခင်းတဲ့လမ်း
    တို့တိုင်းပြည်က ကမောက်ကမ
    ခေတ်နောက်ကျလို့ ပက်လက်လန်
    ယက်ကန် ယက်ကန်။
    တော်လှန်ဟေ့ တော်လှန်
    အသံကမြည်ဟိန်း ။
    ကျောချင်းခွာ ဖျာချင်းလု
    ဘယ်သူ့ကို တော်လှန်ရမလဲ
    လက်စမသိမ်း ။
    ပန်းတိုင် ပျောက်ပါလို့
    လှမ်းကိုင်ထောက်စရာ မရှိပြီ ။
    လက်ညှိုးတွေ ပြန်လှန်ထိုး
    ယိုးစွပ်ကြသည် ။
    သွေးနဲ့လောင်းခဲ့ကြတဲ့
    ခွပ်ဒေါင်းတို့  အာဇာနည်
    ပြန်လည်၍ ကြည့်စမ်း ။
    ကိုယ်ကျိုးကို ဘယ်မငဲ့
    ခင်းခဲ့တဲ့လမ်း ။
    မင်းတည့်တည့်လှမ်း ။
                     တင်မိုး
            ဖေဖော်ဝါရီ ၂၄၊ ၂ဝဝ၉
                ဝ၃၊ ၁၆၊ ၂ဝဝ၂
ပြတင်းပေါက်
စစ်လွန်းလို့ ကိုယ့်ကိုကိုယ် ရေရောလိုက်ရ
စောစောသောက်မှ နောက်ကျခဲ့
ဘယ်သူတွေ ကဲ့ရဲ့ကဲ့ရဲ့
တည့်မတ်နေတဲ့ မျဉ်းမတ်များ
အလျားလိုက်ကူးတဲ့ လက်တံ
ငါ့ညနေတွေ ဘယ်သူပြန်အမ်းမလဲ
လမ်းခွဲရဲ့ ဆုံမှတ်မှာ
ဘာမှ မပြည့်စုံခြင်းက ပြည့်စုံပါတယ်ဆိုရင်
ကျွန်တော်တို့အားလုံး
ဆိုင်မှားဝင်ခဲ့ကြတာ မဟုတ်ပါဘူး
ဆိုင်ဝင်မှားခဲ့ကြတာပါ။ ။
ဌေးကြည်(စလင်း)
ဇူလိုင်၊ Beauty မဂ္ဂဇင်း၊ ၀၈
ကားဂိတ်
တိတ်ဆိတ်နေလို့  မရဘူး
မျှော်လင့်ချက်တန်းလန်း ဖွားလျားနဲ့ 
ဘဲငန်းများ အရပ်ရှည်ပြိုင်ကြ
မုန့် ဟင်းခါး၊ ကွမ်းယာ
လက်ဖက်ရည်၊ ဆေးလိပ်နဲ့ စုံစီနဖါ
ချည်သားကောင်းကောင်း သီထားလို့ သာပေါ့
ခွေးခြေပုလေးများပေါ်
သစ်ပင်များအောက်
ရင်တမမနဲ့  စိတ်တွေမွမွကြေမှာ စိုးရတယ်။
စည်သူငြိမ်း
မဟေသီ ၊ ၂၀၀၅ ၊ မတ်လ
** အသိုက်မဲ့ မာန **
လမ်းခုလတ်တွင်
ထင်းရှုးကိုင်းပြတ်
ချိုးဖြတ်ပင်စည်
လေနီမွှေနောက်
ပင်အောက်ကပ်ခို
ဖြစ်သလိုပဲ ။
မိုးစက်အပ်ဖျား
လျှပ်လက်မြားဒဏ်
လူးလိမ့်ခံလိုက်
တောင်ပံရိုက်ခတ်
ပင်လယ်ဖြစ်စဉ်
လှိုင်းခေါင်းမြင်မိ
ခွန်စိုက်ချည့်နဲ့နွမ်းယဲ့မူးမော
သောကတနင့်
နားခွင့်မကြုံ
ရက်စက်ပြီလေ
လွင်ပြင်ရေခဲ
တောမှာလည်း . . . နှင်း
တောင်မှာ . . . နှင်း . . . နှင်း
မြေဝပ်ကျင်းထဲ
ဖော်ကွဲငှက်ငယ်
ဒဏ်ရာသင့်ရက်များ
တမ်းတချင်မိ
တရှိုက်မက်မက်
အသိုက်နှင့်နေ
အဆွေခင်ပွန်း
ချစ်ကြင်လွန်းသမျှ
ကာလငယ်တစ်ခု
ပူမှုတစ်သက်
ပေးရက်လေသလား
လောကဓံတရား . . . တဲ့လားရှင်
အချစ်ကမ်းပါးပျက်ပြို
နားခိုရန်အတွက်
ရင်ခွင်ဝေးငှက်
သွေး . . . အစက်စက်
ဆွေးရတက်ပွေလည်း
နေ . . . နေရပြီ
လေဆန်ခရီး
တစ်ကိုယ်တည်းပ
မာနအတောင်
အရောင်မွဲလည်း
သခင့်ကိုယ်စား
အင်အားစုစည်း
ခရီးဆက်လက်
ငါ့မျိုးဆက်သစ်အတွက်ပေါ့ကွယ်
အထောင်တစ်ဝက်နဲ့ ဖြစ်ပါစေ . . . . ။
မအိ
Tuesday, May 7, 2013
** အခန်းအပူချိန် **
အသက်တစ်ရက်ကြီးဖို့
မိုးလင်းခဲ့ ။
ခက်ပါလား
ဘရားသားအင်လောရယ် ။
စစ်တွေ စစ်တွေ
စစ်တွေရဲ့ဒလိမ့်တုံးအောက်မှာ
ပြားချပ်ခဲ့ရတဲ့ ပိုလန်မြို့ကလေးမှာပေါ့ ။
အိပ်ရေးပျက်ခြင်းဟာ
ခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေကို
အပြောင်းအလဲဖြစ်စေရဲ့
ပိုက်ဆံဟာ
ဓာတ်ဆီတစ်မျိုးပဲ ။
ကျန်သေးသမျှ အားစောင့်ကြည့်ရှာ
ကံပေးမှ ငါးတစ်ကောင်မိမှာ ။
သူပြောခဲ့တာက
“ ဂိုဒေါ့ ”  မနက်ဖြန်ကျိန်းသေလာမယ်တဲ့ ။
ချစ်သူတို့သက်တမ်း
တိုလှ၏ ။
သို့ရာတွင် မနှင်းမြိုင်သည်
လူယုတ်မာ မောင်တိုင်းကျော်၏
လက်တွင် ရေတိမ်မနစ်ခဲ့ပါ ။
အိုအောင်
** ဘယ်လဲဆို ဘောင်ထဲမှာ မပျော်တာအမှန်ပဲ **
ကားအရောင်းအဝယ်လုပ်တယ်
ညောင်ပင်အောက်ထိုင်တယ်
ကျောက်ကပ်လဲဖို့စောင့်နေတယ်
ကျွန်တွေ ကျောက်တုံးမနေသလို
နာမည်ကိုလည်း မ တင်
မလိုပါဘူး
မလိုလို့ ပြောတဲ့စကားတွေကို အသာထား
ဘယ်သူ့အတွက်မဆို
လမ်းတွေကတော့ လင်းနေမှာပဲ
အေးလေ ၊ အလံတွေကလည်း လွင့်နေမှာပဲ
ရက်ရက်စက်စက်
ရယ်စရာတွေ ရစရာတွေ အရသာတွေ ပျောက်ဆုံးသွားကြ
ဆုံးသွားတဲ့ ငါ့အနုပညာပြန်ရနိုး ပြန်ရနိုး
ငါ့ကိုယ်ငါ ပြန်နှိုးလို့မရတာ အနစ်နာဆုံးပဲ
တစ်ချိန်တည်း
ထမင်းနင်နေတယ် ရေသီးနေတယ်
ရိပ်ကနဲ ရိပ်ကနဲ ကပ်ဘေးဒုက္ခများဟာ မြို့ဘေးဖြတ်ပျံနေတယ်
ဒါနဲ့ တစ်ယောက်ကလည်း ငါဖြစ် နစ်နေပြီတဲ့
နောက်တစ်ယောက်ကလည်း ငါချစ် ။ညစ်နေပြီတဲ့
အိတ်ဇောမှာ မီးခိုးငွေ့တွေအူလို့
ထင်းလို ခန္ဓာကိုယ်တွေဆီက
သီချင်းဆိုထွက်လာတဲ့ မီးတောက်တွေ
ဒီအရွယ်ရောက်မှ ခြေဦးတည့်ရာ
ဒီအချိန်ရောက်မှ ထန်းလက်နဲ့ကာ
ဒီအခါရောက်မှ လက်မြှောက်လိုက်ပါ
ဘာတစ်ခုမှ လိုက်လျောစရာမရှိ
ငါတို့ အထူအပါးတော့နားလည်
အထားအသိုလည်းသိရှိ
တစ်ယောက်ယောက်က ဘယ်လည်းမေးရင်
ကျွန်တော်တို့ကတော့ ကမ္ဘာကြီးထဲကို မေးငေါ့ပြမိ ။         ။
ခရမ်းပြာထက်လူ
** တွေ့ရ တွေးရ **
အရက်ခွက်လောက်တောင် အရသာမရှိတဲ့အရာတွေကတော့ အများကြီးပါပဲ
ဒီခွက်နဲ့ သောက်ရတာမကောင်းလို့ ဟိုခွက်နဲ့ ပြောင်းသောက်ကြည့်တော့လည်း
ဟိုခွက်ထဲမှာလည်း ဒီခွက်ထဲကလို မကောင်းတာတွေအများကြီးပါပဲ
စိတ်ညစ်လို့ သပွတ်အူဘေးသွားထိုင်တော့ မြစ်ကမ်းပါးကြီးက ပေါလောမျောလာ
မစင်တာတွေရော စင်တာတွေရော ခုတလော ဖတ်ဖတ်နေရတယ်မို့လား
ဖတ်ရတာ ဖတ်ဖတ်မောလာတော့
ဟိုပုလင်းကို သောက်ရတာအဆင်မပြေလို့ ဒီပုလင်းပြောင်းသောက်ကြည့်တော့လည်း
ဒီပုလင်းထဲမှာလည်း ဟိုပုလင်းထဲကလို အဆင်မပြေတာတွေအများကြီးပါပဲ
မဖြစ်ထွန်းတဲ့ ညစ်တွန်းတွေနဲ့လည်း တွေ့ရတွေးရ
ငါပြောသမျှ အမှန်ဝါဒတွေနဲ့လည်း တွေ့ရတွေးရ
ကြက်ခွေးတောက်ကို အရသာမတွေ့လို့
ဝက်ခေါင်းသုပ်ပြောင်းမှာကြည့်တော့လည်း
ဝက်ခေါင်းသုပ်ဆိုတာလည်း
ကြက်ခွေးတောက်လို အရသာမရှိတာတွေအများကြီးပါပဲ
ခါဇန်ဘူတာရုံတွင် ဖြစ်ပျက်ခဲ့ပုံကိုကား ပြောပင်မပြောချင်တော့ပါ ။ သို့ရာတွင်
ဘယ်နေရာမှာပဲဖြစ်ဖြစ် ပလိပ်ရောဂါသည် ပလိပ်ရောဂါသာဖြစ်ပါသည်
ကျွန်တော်သည် ပလိပ်ရောဂါကို ဘာစီလိုနာတွင် မြင်ခဲ့ဖူးပါပြီ ။ ပါရီတွင် မြင်ခဲ့ဖူးပါပြီ ။
ထိုစဉ်ကမူ ကျွန်တော့်စိတ်သည် စာပေမှာထက်တခြားသို့ရောက်ရောက်နေပါသည် ။
အခြားမဟုတ်ပါ ။ ပျောက်သွားသော မုတ်ဆိတ်ရိတ်ဓားဆီသို့သာ
စိတ်ရောက်နေပါသည်။
ကြည်ဇော်အေး
** တိမ်ကလေးသို့ပေးစာ **
 လေထုထဲဖြတ်စဉ်
ငေးရပ်ငါ့ခန္ဒ္ဓာကို သယ်ဆောင်
အတွေးကို ရောင်စုံခြယ်မယ်လား ။
ဟင့်အင်း
မင်းနဲ့
မလိုက်နိုင်ဘူးကွယ် ။
လရောင်တွေ
ရအောင်တောင်းပြီး
ကျေးလက်မြေစာသင်ကျောင်းပေါ်
လောင်းချချင်လို့  ။         ။
နေဇော်နိုင်
Photo ကို Google  မှ ယူပါသည်။
အင်းလျား
အင်းလျားကပြန် ၊
မြားမှန်သူ မောင်ညိုမြကိုလ ၊ ကယ်ကြပါဦး ။
သည်ဘဝကိုဖြင့် သည်မျှ တန်ပါပြီလို့ ၊
မာန်ဖီကာ အားကုန်တင်းသော်လည်း ၊
(ကိုကြီးဇော်ရေ) ငြင်းလျက်နဲ့ရှုံး ။
မောင်ညိုမြ (အိုးဝေညိုမြ)
၁၉၃၆ ဒီဇင်ဘာလ၊ စာဆိုတော်မဂ္ဂဇင်း
Monday, May 6, 2013
** မမမြိုင် **
ကုန်သွားပြီ ...
ကုန်ပစ္စည်းတွေ
ကုမ္ပဏီတွေက တင်သွင်းထားတာတွေ
ပြည်တွင်း ကုန်ထုတ်လုပ်မှုပမာဏ ပြည့်မီအောင်ထုတ်လုပ်ထားမှုတွ
ထုတ်လုပ်ခြင်းကို ထုတ်လုပ်မှုတွေ
ဘာတွေထုတ်လုပ်မိနေတာတွေ
ထုတ်လုပ်သမျှ ထုတ်ပိုးနေရတာတွေ
ထုတ်ပိုးပြီးသမျှ ထမ်းပိုးနေရတာတွေ
ထမ်းပိုးထားရတာတွေကို ထန်းလက်နဲ့ကာနေရတာတွေ
ထန်းသီးကြွေခိုက် ကျီးနင်းခိုက်တွေ
ကျီးကြည့်ကြောင်ကြည့်တွေ
ကြောင်ကိုဘယ်သူ ချူဆွဲပေးမလဲ မေးခွန်းတွေ
မေးခွန်းက မေးခွန်းကို မေးခွန်းနဲ့ပဲ တုံ့ပြန်နေတာတွေ
တုံ့ပြန်မှုဟာ လက်တုံ့ပြန်ခြင်းခံနေရတာတွေ
ခံနေရတာတွေကို ခံစားချက်လုပ်ပြီး ကဗျာရေးရကောင်းမလားစဉ်းစားမိနေတာတွေ
စဉ်းစဉ်းစားစားနဲ့ စား နေတာတွေ မိသွားတာတွေ
မိကျောင်းတွားတက်လာနေတဲ့ သွားတွေ
သွားတွေ တဆစ်ဆစ် ကိုက်မြဲကိုက်နေ
ကိုက်လမ်း အတိုင်းပြေးမြဲ ပြေးနေမိတဲ့ ကိုက်လမ်းကဗျာထဲက ယုန်သတ္တဝါလေးတွေ
ယုန်ကလေးရေ...တကယ်တမ်းမတော့
ငါဟာ ငါ့ဘဝ အမှန်အတိုင်းမနေထိုင်နိုင်ခဲ့ဘူးကွယ်
ငါဟာ ငါ့ကိုယ်ငါ ကွယ်ခဲ့တယ်
ငါ့ဘဝအမှန်ကို ငါကိုယ်တိုင် ကွယ်ခဲ့တယ်
ငါ့ကိုယ်ငါ ရိုသေစွာ ကွယ်ခဲ့တယ်
ငါဟာ ငါ့ကိုယ်ငါ ရိုသေစွာ ကိုးကွယ်ခဲ့တယ်
ငါ့ကိုယ်ငါ ကိုးကွယ်မှုမှားခဲ့တယ်
ငါဟာ မှန်ကန်စွာမှားခဲ့တယ်
ရှေ့သွားလေး ငေါငေါ နဲ့ မှားခဲ့တယ်
လူ့သမိုင်းကြီးတခုလုံးဟာ ရှေ့သွားတွေ တငေါငေါ
ဘီစီ ငါးထောင်ရဲ့ဟိုဘက်ခြမ်းမှာ တငေါငေါ
အေဒီ ၁ ရာစု ၂ ရာစုမှာ တငေါငေါ
တကောင်း အဘိရာဇ ဆိုပြီး တငေါငေါ
ဘယ်ညာ hang bag တွေ suitcase တွေ ဆွဲလာပြီး တငေါငေါ
ဆတ်ကနဲ shock ရပြီး တငေါငေါ
တော်လောက်ပြီ တငေါငေါ
ပစ္စုပ္ပန်တည့်တည့်ကိုရှုပါ တငေါငေါ
တငေါငေါ ဟာ တငင်ငင်
တနွယ်ငင်မိတာ တစင်ပါရောပဲ
အဲဒီတော့...
မင်းလဲတစင်ထောင် ငါလဲတစင်ထောင်မယ်
ဟိုကောင်တွေကလဲ တယောက်တစင်စီဆိုတော့ မြိုင်ပြီပေါ့ မမမြိုင်  ။        ။
ခင်အောင်အေး
၁ဝ၊ ဒီဇင်ဘာ၊ ၂ဝဝ၉ စင်္ကာပူ စံတော်ချိန် ၁၃း၂၆ နာရီ
သာမန်အသိရဲ့ လမ်းလျှောက်ပုံ
စူးရဲ လောင်ကျွမ်းနေတာ ဘာတွေမှ မဟုတ်ဘူးလို့ ဘယ်သူထင်မလဲ
အနီးကပ်ဆုံးပိုင်ဆိုင်ရတဲ့ အချိန်ထဲမှာ သင်လည်းမျက်နှာပြင်တွေ အက်ကွဲ
ညနေ ၆းဝဝ နာရီမှာဖြစ်ဖြစ် တစ်ဝက်တစ်ပျက်ဘ၀ထဲကဖြစ်ဖြစ်
လူးလိမ့်ထပြီး လမ်းပေါ်လူးလိမ့် ဆက်သွားကြရတယ်
သွားကြရတာပဲ မဟုတ်လား နေလို့မရတဲ့ အနေအထားတွေပုံပြောင်း
ပြောင်းလို့မရတဲ့ အနေအထားတွေဟာ အလင်းမှိန်ထဲမှာ
ကြီးလိုက်သေးလိုက်နဲ့ ချီးမွမ်းထိုက်စရာ “ ငါ ” လည်း ရှာ မရ
အတွေးရဲ့ ညနေခင်း နောက်ခံမှာ မြစ်ဟာ ပေါလောမျောလို့
အဲဒါနိမိတ်ပုံလား အဲဒါဖလင်ပြားပေါ်ကတစ်စ တစ်စ
ပေါ်လာနေတဲ့ လူတစ်ယောက်ရဲ့ ဘေးတိုက်သေနေပုံလား
ဘလက်အင်ဝှိုက်လား မီးခိုးလား တစ်ယောက်ကအရောင်နဲ့
CNG ဘတ်စ်ကားတွေပေါ် ရရာဘဝတွေလိုက်စီးသွားကြတယ်
လမ်းတွေပေါ်လူကျဲချိန်မှာ တိတ်ဆိတ်မှုဟာထမင်းထုတ်လေးနဲ့
ငါလည်း သူ့မလှမ်းမကမ်းမှာ မလာခြင်းကို စောင့်လိုက်တယ်
ဟာလာ ဟင်းလင်းရဲ့ အိတ်ကပ်ထဲ တစ်ခုခု ထိုးနှိုက်နေသလို
အတွေးရဲ့ခေါင်းထဲသန်းရှာသလို ယုတ္တိဟန်ဖမ်းလို့
အက္ခရာတွေဟာ အက်နေတဲ့ခရာထဲက လူးလွန့်
ထလာတဲ့ ရွဲ့တဲ့တဲ့သံစဉ်ကျစ်လျစ်တွေနဲ့
ဘဝဟာ ပုလွေတစ်ခုဆိုရင် အပေါက်တွေထဲ
အသံတွေ သည်းကြီးမဲကြီး တွန်းတိုက်ဝင်လာကြတယ်
မြို့ပြသံတွေ ငယ်သံပါတွေ မြိုထားတဲ့ အသံတုန်ခါမှုတွေ
ပလာချွတ်ထားတဲ့ အသံသက်သက်တွေ အဓိပ္ပာယ်ပြေးစွတ်ကြ
ခံစားမှုဟာ ကြွက်သားတစ်ချောင်းဆိုရင် အဲဒီကြွက်သားနဲ့ပဲ
ပကတိကာလထဲ ရေပုံးပစ်ချခပ်လိုက်သလို ဘာတွေပါဘာသလဲ
စိတ်အရွ့တစ်ခုရဲ့ကြိုးအလျားနဲ့ ထုအတိုင်းစံပြုမရ ( ? )
ဝါကျရဲ့ အရွတ်တွေထဲမှာပဲနှုတ်ခမ်းလှုပ်ပုံကိုကြည့်ဖတ်ရပြန်တယ်
အတွေးရဲ့ ကြမ်းပြင်မှာ တခါးတစ်ချပ်မှောက်လျက်ကြီး တွားသွား ။         ။
ဇေယျာလင်း
မေလ ၂ဝဝ၇
ရပ်ဝေးသီးချင်း
ကိုယ့်ကိုယ်ကိုယ် ပစ်လွှတ်လိုက်တုန်းကတော့
တစ်ခုကို ထိုးဖောက်ဖို့ရည်ရွယ်ခဲ့တာပဲ
အခုမှ
ကိုယ့်ရင်ဘတ်ကို ပြန်စိုက်နေတဲ့မြှား
ချွေးသံတွေကြားက လွင့်ပျံလာတဲ့သီချင်း
နယ်မြေသစ်မှာ အစိမ်းလန်းဆုံးပွင့်လို့
နမ်းရှိုက်လိုက်တိုင်း မိုးရွာတယ်
မနက်ဖြန်တွေကို မယုံကြည်လို့
မနက်ဖြန်တွေထဲ တိုးတိုးဝင်ကြည့်တော့
အနာဂါတ်ဟာ
ဝင်ကြည့်ပါ ၀င်ကြည့်လိုက်ပါနဲ့
လမ်းတွေကိုချခင်းပြီး ဈေးသည်လိုဖြားယောင်းတယ်
ဘယ်နေ့ပြန်မှာလဲ
အဖြေက
ဦးနှောက်ကိုခါယမ်းပြီး
တစ်ရက်တည်းမဟုတ်တဲ့ သက္ကရာဇ်တွေကို
အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်
ဟယ်လို
ငါးမရဘဲ ရေချိုးပြန်ဖို့
ကျွန်တော့်အတောင်တွေမိုးနေတယ်
မေမေ…။ ….။
ရာဇာမျိုး (အင်းကုန်း)
(အမှတ်၅၃၊ ဧပြီလ၊ ၂၀၁၀ ရယ်စရာမဂဇင်း)
ခြင်ထောင်ဖြုတ်ခန်း
    ငါ့စိတ်အောက်မှာ ငါပိနေတာလား၊ ငါ့အောက်မှာ
    ငါ့စိတ်ပိနေတာလား ၊ ငါရော ငါ့စိတ်ရော တစ်ခုခုအောက်မှာ
    ပိနေတာလား၊ ပိတော့ပိနေပြီ ၊ ငါ့ကို ဆွဲထုတ်လိုက်တော့
    အသက်ပါမလာဘူး၊ ငါဟာလည်း မမှတ်မိလောက်အောင်
    ပြားနေလို့ ၊ ငါ့မျက်လုံးအပြား ၊ ငါ့ပါးစပ်အပြား၊ ငါ့နား
    အပြား၊ အဲ့သည်မှာ ငါ့အိပ်မက်ဆုံးပြီး ငါလန့်နိုးတော့
    တာပဲ ၊ ငါငြိမ်ငြိမ်လေး ဆက်အိပ်နေပေမယ့် ငါ့စိတ်တွေ
    မငြိမ်ဘူး ၊ ငါအိပ်နေတုန်း ခြင်ထောင်ပြုတ်ကျ လာမှာပဲ
    ကြောက်နေတယ် ၊ ခြင်ထောင်အောက်မှာ ငါပိနေရင်
    ဘယ်လိုလုပ်မလဲ ၊ ခြင်ထောင်ဖြုတ်အိပ်မှ ဖြစ်မယ် ၊ ခြင်ထောင်
    ဖြုတ်ဖို့ ကုတင်ပေါ်ကအဆင်း ငြိမ်ငြိမ်လေး ဝပ်နေတဲ့ကြောင်
    ကို တက်နင်းတယ်၊ ငြိမ်ငြိမ်လေး ဝပ်နေတဲ့ကြောင်လည်း
    ကြွက်ချောင်းနေတာ ထင်ပါရဲ့ ၊ ငြိမ်ငြိမ်လေး ဝပ်နေတဲ့ကြောင်
    ပြားများပြားသွားပြီလား ၊ ဖယောင်းတိုင် ထွန်းပြီးကြည့်တော့
    ငြိမ်ငြိမ်လေး ဝပ်နေတဲ့ကြောင်ကို မတွေ့ဘူး ၊ စာအုပ်တစ်အုပ်
    ကိုပဲတွေ့တယ် ၊ ကမ္ဘကြီးပြားပြီဆိုလား ၊ ဘယ်သူဖိလိုက်
    တာလဲ ။          ။
    မင်းထင်ကိုကိုကြီး
    ပိတောက်ပွင့်သစ်၊ စက်တင်ဘာဝ၇
ဖုန်မှုန့်တွေနဲ့ နေလုံးကြီးနဲ့ အဝေးကသက်တန့်တွေကိုချိတ်ဆွဲထားတဲ့ စာသင်ကျောင်းလေး
နွားအုပ်ကြီးဖြတ်သွားတော့ တိမ်တွေလိုဖုန်တွေထဲ ဆိုင်ကယ်ဘီးရာတွေ ဖောချင်းသောချင်း
လှိုင်လှိုင်ပွင့်နေတဲ့ တမာတွေနဲ့ လမ်းဟာမွှေးအီ
ပဲစဉ်းငုံတွေ ပဲကြီးခင်းတွေဟိန်းနေတာတောင် အလေ့ကျနေလှည့်ခင်းများက မင်းမူလို့
တစ်ပိဿာဘယ်လောက်ဆိုတာ လက်ရှိသူတို့ဂုဏ်ဒြပ်ပေါ့။
နံဘေးက ကင်းတားလက်ဝဲမြောင်းထဲ ငါးတွေပုစွန်တွေပုလုံစီခုန်ထ ရေပိတ်ချိန်ထင်ပ
ဒိုက်တွေအမှိုက်တွေနဲ့ ရေညှိဖတ်စိမ်းစိမ်းတွေ ခလေးငယ်နည်းနည်းကိုသာ အဖော်ပြုကာ
ထော့ကျိုးစီးဆင်းနေရှာ
လှိုင်းတွန့်များနဲ့လှည်းဘီးရာအမြောင်းတွေကြား ဆိုင်ကယ်ဘီးမေးတင်
ရွာအ၀င်မှာ ဓာတ်ဆီဆိုင်နဲ့လေထိုးကျွတ်ဖာနဲ့
နွားခြူသံတွေအစား ဝေါခနဲဝေါခနဲထိုးထွက်လာတဲ့ ဆိုင်ကယ်တွေဒင်းကြမ်းမြင်ရလိမ့်
တချို့ ရေမိုးချိုး အ၀တ်သစ်များဝတ်ကာ တချို့ ဆေးပုံးကျောချိတ်လယ်မြေထဲဆင်းဟန်
လမ်းကတောင်းဆိုတော့ ဂီယာကြီးနဲ့သာ ခရီးနှင်ကြရာ။
ဝင်လာခဲ့ကြ
အိမ်ခြေ၇၀၀ရှိတဲ့ ရွာကလေးထဲ
မှားယွင်းစွာရှက်ဖွယ်ပ ၇၀၀ဆိုတာသေးနှုတ်သောအရေအတွက်မှမဟုတ်လေဘဲ
ရွာကြီးပေါ့ သိပ်ကိုကြီးတဲ့ရွာကြီး အလယ်တန်းကျောင်းမျှမကျသေးတော့ ရွာကလေးလို့ခေါ်မိတယ်
အိမ်တွေလမ်းတွေ ခြံစည်းရိုးတွေ လူစိမ်းတွေကိုမျက်နှာမငယ်ရအောင် ဧည့်ခံနိုင်ပေရဲ့
ကျောင်းကလေး ကျောင်းကလေး
အဲသမှာ ကျောင်းကလေးဟာလဲ ဘာမှလိမ်းခြယ်မထားတဲ့လေးဘက်သားခလေးလေးလှသလိုလှနေရဲ့
တွဲဖက်အလယ်တန်းကျောင်းကလေး
ကျယ်ပြန့်တဲ့ကွင်းကြီးက ကျောင်းကလေးကိုထည့်မြိုထား
သာမှုနာမှုအစုစု ပွဲလမ်းသဘင်အထွေထွေ လူစုလူဝေးအမျိုးမျိုး
ကျောင်းကလေးက သူတောင်အဆောက်အဦမဆောက်ရက်တဲ့ကွင်းထဲ
နေရာထိုင်ခင်းပေးလို့ လူတွေပျော်သွားကြတာလဲရှိ စိတ်ညစ်သွားကြတာလဲရှိ
နောက်တစ်နေ့ ကျောင်းကလေးတစ်ရက်နားလိမ့်ပေါ့
လေတွေလိုလွှင့်ထုတ်သွားတဲ့အမှိုက်များ စင်ကြယ်ပြင်ဆင်ဖို့။
ဆင်ဖိုနီဆိုတာဘာလဲ
ငါတို့မသိကြပါဘူးတဲ့
တောဘုရားပွဲမှာ စည်ဘီယာရောင်းတဲ့သားအဖနှစ်ဦး ဂေါက်တံကိုလုနေကြတယ်
ထိန်ထိန်ညီးညီးပဲ ကျောင်းကလေးရဲ့ရေအားလျှပ်စစ်က ဘီယာမူးမူးနဲ့လင်းနေတယ်
ပွဲတော်သုံးညမှာ သူပိုင်အလင်းနဲ့ ဖန်ခွက်တွေထဲအမြုပ်တစီစီ
ကျောင်းဝင်တံခါးကိုကျော်တော့ချောင်းကလေး ချောင်းကလေးပေါ်မှာ ကျွန်းပင်တစ်ပင်
အဲဒီချောင်းကလေးကရေစီးက အက်ဒီဆင်ကိုအလည်ခေါ်လာတာပေါ့
ကျွန်းပင်သေလို့တဲ့ဗျာ ကျုပ်ကိုတိုင်လိုက်ကြတာ ဟားဟား
ဆရာတစ်ဦးရဲ့ပြောဟန်ကရယ်ရယ်မောမော ဗွေမရှိဟန်
လစာတစ်သောင်းခွဲခေတ်မှာ ဆယ့်ငါးသိန်းတန်ရေအားလျှပ်စစ်အလှူရှင်
တာယာဖိနပ်ကြီးစီးလို့ပေါ့
သူ တောကျောင်းဆရာ။
တစ်နှစ်တာကျောပူဒဏ်ချက်ကြီး တစ်ရက်တစ်မနက်နဲ့ဝမ်းအေးဖောက်ခွဲလိုက်ကြရှာ
သူတို့ဟာ ပါးစပ်ထဲရယ်ဖွယ်တွေပလုပ်ပလောင်း
တောကျောင်းဆရာများရဲ့ အဖြူရောင်က တစ်ဝိုင်းလုံးကိုလွှမ်းနေရော
မဟုတ်ဘူး တစ်ရွာလုံး ဒေသတစ်ခုလုံး
သူတို့ သိပ်ကိုဖြူကြတယ် အလွန်တရာဖြူကြတယ်
ဟောဒီလို ဖဦးထုပ်ရရစ်နှင်းချောင်းငင်ဖြူလို့ရေးပြရတာထက်ကို ပိုဖြူကြ။
ဖုံတွေပေါ့ကွယ် နေလုံးကြီးကလည်းနီနီ
နွားအုပ်တွေကလည်း ဒလကြမ်း ဆိတ်အုပ်တွေ တတီတီ
ယာမြေတွေ စိမ်းလားစိမ်းရဲ့ နီလားနီရဲ့ ၀ါလားဝါရဲ့
ဘာတဲ့ဆိုင်ကယ်နဲ့တီဗွီမရှိရင် အိမ်မမည်ဘူးဆိုလား
ရွာသူတွေ ကွမ်းတောင်ကိုင်သေးလား ပန်းတောင်ကိုင်သေးလား
မသိဘူးပကွယ် ဆရာကြီးကြိမ်လုံးမကိုင်တော့တာတော့ မြင်ခဲ့ရပ
ကျုပ်တို့တစ်ဦးနဲ့တစ်ဦး ရိုးမြေကျချစ်ကြတာပါဗျာ တဲ့
ထန်းရေစစ်စစ်သောက်ရင်း ကြွက်ကြော်ဝါးရင်း
မေတ္တာတရားကိုဘယ်သူတွေခိုးထားသေးလဲ
ကြွေနေတဲ့လေနဲ့ မျောလို့။
အရောင်မဲ့အခန်းနံရံ ဆေးသားများကွာကျ
သက်တန့်ကလေးတွေချိတ်ဆွဲထားတာ အရောင်စုံလှတယ်
အာဆီယံလူငယ်တွေ့ဆုံပွဲ မောင်ကောင်းဝေယံဦး
တတိယနှစ်ဆေးကျောင်းသား မောင်စိုးလွင်
ရှေ့နေမလေး မသဲထွေး
အလို သက်တန့်တွေစုံလှပ နံရံတလျှောက်ချိတ်ဆွဲထွန်းလင်းထား
တပည့်မရှား တစ်ပြားမရှိ၊ ပီတိကိုစား အားရှိ၏
အလကားရေးထားတာမဟုတ်ဘူး
ခွေးတံဆိပ်ခဲတံအစစ်နဲ့ ကြိုက်လွန်းလို့ရေးထားတာဗျ အဟေးဟေး
ဖုန်မှုန့်တွေအဖွေးသား နေလုံးကြီးကို ခေါင်းနောက်တည့်တည့်ခံပြီး ဆရာကြီးရီချလိုက်တယ်
ချစ်စရာကောင်းချက်။
ဖုန်မှုန့်တွေနဲ့ နေလုံးကြီးနဲ့ အဝေးကသက်တန့်တွေကိုချိတ်ဆွဲထားတဲ့ စာသင်ကျောင်းလေး
၈နာရီနဲ့ ၃၃မိနစ်တိတိ တာဝန်ဝတ္တရားတွေခွာချရင်း သူ့အမြုတေရှိရာဆီငေးရီနေမိ
မိုးရွာပြီးစညနေခင်းလည်း မဟုတ်ပါဘဲ ဖုန်လုံးကြီးတွေတသောသောကြား
သက်တန့်ကလေးတွေ လှနေခဲ့ပုံ။
ညိမ်းညို
ကြာဖက်အိမ်
တဖွဲဖွဲ
အသံတိတ်မိုးရွာနေလိမ့်မယ်
ကန်ရေမျက်နှာပြင်လည်း ခဲသွားပြီ
မြက်ရိုင်းတွေ ငြိမ်ငြိမ်သက်သက် ယိမ်းနွဲ့နေစဉ်
ပြတင်းမှန်ကိုသွားခေါက်နေတဲ့ သစ်ရွက်လေး
လျှပ်အပြက်မှာ
အခန်းထဲက စာအုပ်နဲ့ဖောင်တိန်ကိုမြင်လို့
မျက်ရည်ကျတယ်။
မင်းထင်ကိုကိုကြီး
ပိတောက်ပွင့်သစ်
အမှတ်(၁)၊ ဖေဖော်ဝါရီ၊ ၂၀၀၆
http://nyeinnyo.blogspot.com/
** နေရောင်ဘက်က နေ့တစ်နေ့ **
ဆိုစရာစကားက
ဒီလောက် မရှားပါဘူး
ပြောရမယ်ဆိုရင်ပေါ့လေ ။
အဖြစ်အပျက်တစ်ခုကို
ဦးတည်မယ် ဆိုပါတော့ ။
ဆွေစဉ်မျိုးဆက် ဓါတ်ပုံဟောင်းတွေ ပြန်စု
စာဟောင်း ပေဟောင်းတွေ ဖုန်ခါရင်း ပြန်ဖတ်
အလွတ်ရပြီးသား ဂါထာကို ရွတ်
နှစ် ၄ဝ အင်္ကျီကို ဖွပ်ရင်း
ပြန်ရမယ့်လမ်းကို မြေပုံထဲမှာရှာ
ဒုက္ခနည်းနည်း ဖဲ့ယူတဲ့ စာရေးဆရာ သူငယ်ချင်းမထံ
သာကြောင်း မာကြောင်း ရေး
နောက်တစ်နပ်အတွက် တွေးပူနေတဲ့ မိန်းမကို
ဖြစ်သလို ချက်ဖို့ ညွှန်ကြား ။
ပြီးပြီ ။
အဇ္ဈတ္တစာများ ကို ဖတ်ပြီးပြီ
သူငယ်ချင်းတိုက်တဲ့ လက်ဖက်ရည်ကို သောက်ပြီးပြီ
နဖူးက ချွေးကို စိတ်ချလက်ချ သုတ်ပြီးပြီ
လူဆိုတဲ့ အရောင်အသွေးထဲက
လွတ်ချင်ယောင် ဆောင်ခဲ့ပြီးပြီ ။
တစ်စုံတစ်ယောက်က
နာမည်ကို အော်မခေါ်ခင်
လူ့ဝတ္တရားဆိုတာကို တရွတ်တိုက် မဆွဲခင် ။
ရေတစ်ခွက်နဲ့ မျက်နှာသစ်ပြီးတိုင်း
ဒုက္ခကို အသစ် ပြန်စခဲ့တယ်။
ဝင်းမောင်
** သက်ရောက်မှု သီဝရီသစ် **
ဘာ အချိုးအကွေ့မှ မပါတဲ့
ကံကြမ္မာ ဓါးထက်ထက်ဟာ
ကိုယ့် ကဗျာစာအုပ်အဖြစ်နဲ့
ပိတောက်စိမ်းတွေ ဆိုင်းဖွဲ့နေထိုင်တဲ့ လမ်းဆီ
အမြန်ချောပို့နဲ့မှ ရောက်လာခဲ့ ။
သူက တိမ်းညွှတ်တယ်ဆိုလို့
ကိုယ်ကလည်း ကြိုးစား ခံစားဖို့
ပေးမိခဲ့တဲ့ နှလုံးသား ကဗျာများ
ခြောက်မိုးလောက် သဲပြီးမှ
ကိုယ့်ရင်ထဲက အသည်းနှလုံးကို
ဟပ်ခနဲ ခွဲဖို့
ပြန်ရောက်လာတယ် ။
ဖာထေးမရနိုင်အောင်
နှလုံးသားကို
ကိုယ့်ကဗျာ ဓါးထက်ထက်နဲ့
စိတ်မြွာရက်စွမ်းသူ ။
တစ်ဘဝစာ စိုက်ပျိုးမှုကို
ဖျက်သိမ်း လောင်မြိုက်စေပြီးမှ
အဖော်သစ်အတွက် စိတ်ကူးကို မွေးမြူဖို့
ဓါးထက်ထက်ဟာ ကိုယ့်ကဗျာစာအုပ် ဖြစ်ခဲ့ရပြီလား ။
သူ့ရဲ့ဥပက္ခာမြား အားလုံးဟာ
ရင်ထဲက အကျတွေထံ ထိမှန်ခဲ့ရပြီ ။
သိမ်မွေ့စွာ ဖြတ်သန်းပါလို့
အချိုးအကွေ့များကို ကိုယ် ဖတ်ခေါ်ပါတယ်
ကိုယ့်ကဗျာနဲ့မှ ကိုယ့်အသည်းကို မခွဲပါနဲ့ ။
စောဝေ
ဒီကဗျာ
    ဒီကဗျာကနေ ကြိုပြောထားချင်တာက
    ဒီကဗျာထဲမှာ နောက်ထပ် ကဗျာတပုဒ်ကို
    ဘယ်သူမှမရိပ်မိအောင် မြုပ်မထားဘူး ။
    ဒီကဗျာက ဘယ်နေ့ရောက်ရင် ဘာလုပ်ကြမယ်လို့
    ဘယ်သူ့ကိုမှ အချိန်းအချက် မပေးခဲ့ပါဘူး
    ဒီကဗျာကို ဖွဲ့စည်းထားတဲ့ စာကြောင်းတွေရဲ့
    ထိပ်စီးစာလုံးတွေကို ဒေါင်လိုက် ဖတ်လိုက်ပါ
    “ အာဏာရူးကြီး ” လို့ အဓိပ္ပာယ်မထွက်ပါဘူး ။
    ဒီကဗျာကို
    နောက်ဆုံးကနေ ပြောင်းပြန် ဖတ်ကြည့်စမ်းပါ
    လူသတ်သမားကြီးလို့ မတွေ့ရပါဘူး ။
    ဒါပေမဲ့
    ခင်ဗျားဆီလာခဲ့ရတဲ့ လမ်းတလျှောက်လုံးမှာ
    ဒီကဗျာဟာ
    လက်မရွံ့မင်နီ ဓါးချက်တွေကြားမှာ
    သေလုမျောပါး ရှောင်ရှားခဲ့ရတယ် ။
    ရောဂါပိုးတွေကြည့်သလို
    အဏုကြည့်မှန်ဘီလူးကြီးအောက်မှာ
    တထိတ်ထိတ်နဲ့ အကြည့်ခံခဲ့ရ
    တလွှာချင်း ချွတ်ခွာပြခဲ့ရ
    အရှက်ကအစ ပွတ်သပ် ရှာဖွေတာ ခံခဲ့ရ
    ဓာတ်ပုံနဲ့ ကဗျာနဲ့ တိုက်ကြည့်တာ ခံခဲ့ရ
    တဗြီးဗြီး ဆွဲဆုတ်ခံနေရတဲ့
    စာမျက်နှာတွေကြားမှာ
    ကိုယ့်စကားလုံးတွေ မကျပျောက်အောင်
    သယ်ပြေးလာရတဲ့
    ဒီ က ဗျာ ။
    ကြည့်....
    ခေတ်ထဲ ဖြတ်ပြေးလာခဲ့ရလို့
    သွေးစတွေ ပေကျံနေဆဲ
    ဒီ က ဗျာ
    တပုဒ်လုံးမှာ
    ကန့်လန့်ဖြတ် အရှိုးရာ စာတန်းတွေပြည့်နေတာတောင်
    နောက်ကျောမလုံ ဖြစ်နေသေးရှာတဲ့
    ဒီ က ဗျာ ။
    ခင်ဗျားဖတ်နေဆဲမှာကို
    အဓိပ္ပာယ်တွေ ရုတ်ခနဲ ရုတ်ခနဲ
    ပျောက်ပျောက် သွားနေတဲ့
    ဒီ က ဗျာ ။
    လုံခြုံရေးကြောင့်
    တခေါက်ဖတ်ပြီးပြီဆိုရင်
    နောက်တခေါက် ထပ်ပြီး ဖတ်ဖို့ မသင့်တော့တဲ့
    ဒီ က ဗျာ .................
    ပန်းချီ ထိန်လင်း
    ၂၃ ဖေဖော်ဝါရီ ၂ဝဝ၈
    မိုးမခမှ ကူးယူသည်
** ကြယ်တံခွန် **
လူ့ခန္ဓာဝန်တွေက
ကြယ်တံခွန်တွေအပေါ် ပိပိကျတတ်လွန်းလို့
အနည်းဆုံး ခုနှစ်ဆယ့်ငါးနှစ်မြောက်မှ
နောက်တစ်ခေါက် ငါပြန်လာခဲ့မယ် ။
ကဲကွာ ... ... ... ... ... ...
... ... ... ... ... ... ... ....
အခုကိုပဲ ငါပြန်ရောက်လာပြီ ။
မူးပြီးမှ ငါရောက်လာတော့
မင်းတို့ကို ငါမသိ
ငါ့ကိုယ်ငါလည်း ငါမသိ ။
ဒါပေမယ့် ငါက
မင်းတို့ဘဝရဲ့အလင်းရောင်တန်းကြီးလေ
မျက်စိတွေ ကျိန်းစပ်လောက်အောင်
သိပ်ပြီး ပြောင်လက်လွန်းနေရင်လည်း
နေကာမျက်မှန်တပ်ထားကြ
ငါက
မင်းတို့ဘဝရဲ့ အလင်းရောင် ။
ပင်လယ်လှိုင်းနဲ့
မုန်တိုင်းရဲ့ဆူညံမှုထဲ
ငါ့ရာဇဝင်
ငါ့အလင်းရောင် ၊ ငါ့အမှောင်ထု
ငါ့အသံနဲ့ ငါ့အမှန်တရား
ငါ့ရဲ့ဓားကို ငါမြုပ်ထားရဲ့ ။
အကြွင်းမဲ့ အမှန်တရားနဲ့
အနာဂတ်ကို မစဉ်းစားမိအောင်
စကားလုံးတွေ အိပ်ပျော်နေစမ်းပါစေ ။
နောက်တစ်နေ့ ညနေခင်းကို
မနေ့ကနေ့လည်ဟု ထင်မှတ်ကာ
အိပ်ရာကနိုးလာပြီး
အမှန်တရား ဘယ်မှာလဲ
ဘယ်မှာလဲဟေ့ အမှန်တရား
အော်ဟစ်ပြီး ငါမေးမိရဲ့ ။
ကြည့်စမ်း
ဒါဟာ သူ့အတ္ထုပ္ပတ္တိတစ်ဝက်တစ်ပျက်ပါပဲတဲ့လေ
ပြောရဲလိုက်ပုံက
ဒီလိုကောင်မျိုးတွေကြောင့်ပေါ့
ရှုမျှော်ခင်းတွေကို ကျောပေးပြီး
ထိုင်တတ်တဲ့အကျင့် ငါရခဲ့တာ
( ကြယ်တံခွန်တွေ ဘယ်လိုထိုင်တယ်ဆိုတာ
မင်းတို့ မြင်ဖူးကြရဲ့လား )
ပိုပြီးလူသားဆန်အောင်လို့တဲ့လေ
ငါ့ရှေ့ မှာ ရူးရူးနှမ်းနှမ်းတွေ လုပ်ပြလိုက်
မိုက်မဲမှုချင်းပြိုင်ဆိုင်လိုက်နဲ့
သွားစမ်းပါ
ဒါမျိုးတွေ ငါ လက်မခံပါဘူး ။
ကြယ်တံခွန်တွေရဲ့ အန္တိမ ရည်မှန်းချက်ဟာ
ကိုယ့်ကိုယ်ကို လောင်ကျွမ်းစေခြင်းသာပဲ ။
အစီအစဉ် အထားအသို အနုပညာကိစ္စ
အိပ်ရာဝင်နောက်ကျခြင်းနဲ့လည်းသက်ဆိုင်တယ်
အဓိပ္ပာယ်ရှိခြင်းတွေနောက် ငါမလိုက်ခဲ့တာ
နှစ်ပေါင်းသုံးဆယ် ကာခဲ့ပါပြီ ။
ရမ် ဆိုတဲ့ပုလင်းထဲမှာ
ရမ်မဟုတ်တာတွေထည့်ထားမှတော့
ငါ့ဘ ထဲ ငါ မဟုတ်တာတွေ ထည့်ထားတာ
ဘာမှမဆန်းတော့ဘူး ။
မင်းတို့ရဲ့ခန္ဓာဝန်တွေနဲ့
ပိကျနေတဲ့ ကြယ်တံခွန်ကြီး
လူသားဝါဒကို
သိပ်ပြီးခံတွင်းမတွေ့လှတဲ့ ကြယ်တံခွန်ကြီးပေါ့ ။
ငါ့မှာရှိတဲ့ အလင်းရောင်တွေ
မင်းတို့ပေါ် သက်ရောက်နေသေးသမျှ
မင်းတို့ရဲ့အနားက
တစ်ဖဝါးမှ ငါမခွာတော့ဘူး
ငါက
အရက်မူးနေတဲ့ ကြယ်တံခွန်ကြီးတစ်ခုသာလေ ။     ။
ပိုင်စိုးဝေ
ကလျာမဂ္ဂဇင်း
ဇွန်၊ ၁၉၉၄
** တစ်ဆောင်းသစ်ပြန်ပြီ . . . **
(၁)
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့
သူ သောက်နေကျ လက်ဖက်ရည်ဆိုင်လေးရဲ့
သူထိုင်နေကျ စားပွဲဟောင်းလေး တစ်ခုမှာ
မုဒိတာ ပြန့်ပွား ဝင်းပခဲ့ဖူးတယ် ။
တစ်ဦးချင်းစီရဲ့ ဒုက္ခတွေကို
ရင်းနှီးမြှုပ်နှံ ထည့်ဝင်လာကြတယ် ။
ပီတိ အမြတ်အစွန်းကို ခွဲဝေယူခဲ့ကြတယ် ။
မတူတာကို မယူဆောင်ဘဲ
တူရာ တူရာကို ပူလောင်မဲ့စွာဖြင့်
သမူဟဝါဒကို ထူထောင်ခဲ့ကြတယ် ။
ဟို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့ . . . ။
(၂)
ခနော်ခနဲ့ ထိုင်ခုံလေးတွေပေါ်မှာ
ပျော်စရာ တစ်မျိုးမျိုးနဲ့ အတူ
“ လက်ဖက်ရည်ချိုး ” ဆိုပြီး ဂုဏ်တက်ခဲ့သူတစ်စုဟာ
အခုတော့ . . .
လက်ဖက်ရည်ဖိုး စုံမက်သူများအဖြစ်
ဆယ်စုနှစ် တစ်ခုအတွင်းမှာပဲ
အဆင်းရော အချင်းပါ ပြောင်းလဲသွားကြတယ် ။
(၃)
တချို့ဆို  . . .
ကိုယ့်ကိုယ်ကိုယ် ကြိုက်ဈေးခင်းပြီး ရောင်းခဲ့တာကို
“ ဂလိုဘယ် လိုက်ဇေးရှင်း ”  ရဲ့ တောင်းဆိုမှုပါဆိုပြီး
ကမ္ဘာကြီးကို ယိုးမယ်ဖွဲ့နေကြတယ် ။
(၄)
တချို့ကတော့ . . .
တစ်ကွေ့ တစ်ကွေ့မှာ ထားရစ်ခဲ့ကြတယ်တဲ့ ။
ဘယ်သူက . . .
ဘယ်သူ့ကို ထားရစ်ခဲ့တာလဲ ဆိုတာ
ထိုဆယ်နှစ်တာ ကာလကို
အာဃာတမဲ့စွာ ငဲ့စောင်း စိစစ်ရင်း
တစ်ဆောင်း သစ်ပြန်ပြီ ရှင်မရေ . . . ။
မောင်ခိုင်မာ
(၁-၂-၂ဝဝ၂ ၊မိမိရဲ့၅၉ နှစ်မြောက်သို့  . . . )
** ဇာတိရနံ **
စံပယ်တစ်တောင်းလုံး သွန်ချလိုက်သလို
စံပယ်တွေ စီးဆင်းသွားတဲ့မြစ်
ဂိတ်ပေါက်ဝလက်ဖက်ရည်ဆိုင်မှာ
ကျွန်တော်က ဘာကြောင့်များ
ကမ်းပါးတစ်ခုလို ထိုင်နေရတာလဲ ။
ငြိမ်သက်စွာ ရင့်ကျက်နေမိတာ
ကြာပါလား
အချစ်မရှိသောနေ့လယ်ခင်းမှာ
ပျင်းနေရတဲ့ဇာတ်လိုက် ။
နွေရာသီက
လမ်းများပေါ် ထိုးဆင်းကျမလာမီ
ကျွန်တော် တာဝန်အရ
ဘုရားရှေ့မှာ လူနှစ်ယောက်ဖြစ်ခဲ့ရ ။
ဒီနေ့ နေသာတယ်
အခု ရေဆာတယ် ။        ။
ဝိုင်ချို
Saturday, May 4, 2013
** ရူးသွပ်နေတဲ့ သလဲပင် **
အမိုးခုံးခုံး စင်္ကြတွေဖြတ်ပြီး
တောင်လေ လေချွန်လာရာ
ဆွတ်ဆွတ်ဖြူဖွေးတဲ့ ကွက်လပ်တွေထဲမှာ
လေပြင်းဆန်တဲ့ ဝေဒနာမျိုးနဲ့
အသီးဝေတဲ့ ရယ်မောခြင်းတွေကို ဖြန့်ကြဲရင်း
တီးတိုးစကားဆိုရင်း
အလင်းရောင်ထဲမှာ ခုန်မြူးနေတဲ့အပင်ဟာ
ရူးသွပ်နေတဲ့ သလဲပင်လေလား
ကျုပ်ကိုပြောပြပါ့
အရုဏ်မှာ အသစ်မွေးတဲ့
အရွက်အလက်တွေနဲ့ တုန်ယင်ပြီး
အောင်မြင်ခြင်း ဆွေ့ခုန်မှုနဲ့
သူ့ အရောင်အသွးတွေကို လွှင့်ထူနေတဲ့အပင်ဟာ
ရူးသွပ်နေတဲ့ သလဲပင်လေလား
ကျုပ်ကိုပြောပြပါ့
ညိုဖျော့ဖျော့လက်မောင်းများနဲ့ မှိုနတိုခူးချိန်
သူတို့ရဲ့အိပ်မက်နယ်နိမိတ်တလျှောက် လှည့်လည်ရင်း
ကိုယ်ထီးဗလာနဲ့ လုံမငယ်တို့
အိပ်နိုးပြေရာလွင်ပြင်များမှာ
သံသယကင်းစွာနဲ့ သူတို့ရဲ့စိမ်းဝေတဲ့ခြင်းတောင်းတွေထဲကို
အလင်းရောင်တွေ ထည့်ပေးတဲ့အပင်
သူတို့နာမည်တွေကို
ငှက်တွေရဲ့ တေးသီသံနဲ့ လျှံသွားစေတဲ့အပင်ဟာ
ရူးသွပ်နေတဲ့ သလဲပင်လေလား
ကျုပ်ကိုပြောပြပါ့
လောကရဲ့ တိမ်ဖုံး ကောင်းကင်များကို
တက်ပြီးစစ်တိုက်နေတဲ့ သလဲပင်ဟာ
ရူးသွပ်နေတဲ့ သလဲပင်လေလား
ကျုပ်ကိုပြောပြပါ့
မခံချင်စိတ်နဲ့
သူ့ကိုယ်သူ ငှက်တောင်ခုနှစ်တောင်ဆင်ပြီး
မျက်စိကျိန်းစေတဲ့ ရောင်စင်တန်းတထောင်နဲ့
ထာဝရနေမင်းကို ခါးပတ် ပတ်ပေးတဲ့ နေ့လည်ခင်းမှာ
ဝမ်းနည်းခြင်းလဲမရှိ ညည်းတွားခြင်းလဲမပြုဘဲ
တဟုန်ထိုး ပြေးလွှားလာရင်း
အမွှေးတရာပါတဲ့ မြင်းလည်ဆံကို
ဖမ်းဆုပ်ဆွဲခါတဲ့ အပင်ဟာ
ရူးသွပ်နေတဲ့ သလဲပင်လေလား
ကျုပ်ကို ပြောပြပါ့
အရုဏ်တက်စ မျှော်လင့်ချက်အသစ်ကို
တမ်းတနေတဲ့ အပင်ဟာ
ရူးသွပ်နေတဲ့ သလဲပင်လေလား
ကျုပ်ကိုပြောပြပါ့
သင်္ဘောတထောင်ကို မွေးလုဆဲဖြစ်နေတဲ့
မွေးရနံ့ မထုံတဲ့ ကမ်းခြေများဆီသို့
အကြိမ်ပေါင်းတထောင်ကျော် ကူးချည်သန်းချည်လုပ်မယ့်
လှိုင်းများကိုမွေးလုဆဲ ဖြစ်နေတဲ့
ပင်လယ်သမုဒ္ဒရာတစင်းကို
အေးမြတဲ့ မီးလျှံသစ်ရွက်လက်ကိုင်ပုဝါတထည်လှုပ်ပြရင်း
လက်ဝှေ့ယမ်းနှုတ်ဆက်နေတဲ့ အပင်ဟာ
ရူးသွပ်နေတဲ့ သလဲပင်လေလား
ကျုပ်ကိုပြောပြပါ့
ငြိမ်သက်တဲ့ လေပြေထဲမှာ
အပင်ပေါ်က ငြမ်းစင်များကို
ကျိုးကျိုးကျွိကျွိ မြည်စေတဲ့အပင်ဟာ
ရူးသွပ်နေတဲ့ သလဲပင်လေလား
ကျုပ်ကိုပြောပြပါ့
မြင့်နိုင်သမျှ မြင့်ပြီး
အလျှံတောက် အောင်ပွဲဆင်တဲ့
အပြာရောင် စပျစ်ခိုင်နဲ့
ဂုဏ်မောက်ပြီး အန္တရာယ် အပြည့်လွယ်ထားရင်း
လောကအလယ်က
ဘီးလူးသဘက်ရဲ့ မိုးသက်မုန်တိုင်းတွေကို
အလင်းရောင်နဲ့ ဖြိုခွဲတဲ့အပင်
ပြန့်ကြဲနေတဲ့ တေးသံတွေ
ပိန်းနေအောင် ငွေခြည်ပေါက်ထားတဲ့ နေခင်းရဲ့
အဝါရောင် ခြုံလွှာကို ပြန့်နိုင်သမျှပြန့်အောင်
ဖြန့်လွှမ်းလိုက်တဲ့အပင်ဟာ
ရူးသွပ်နေတဲ့ သလဲပင်လေလား
ကျုပ်ကိုပြောပြပါ့
နေ့လယ်ခင်းရဲ့ ပိုးဝတ်ရုံကို
ကပျာကရာ ဖြေလျှောလိုက်တဲ့ အပင်ဟာ
ရူးသွပ်နေတဲ့ သလဲပင်လေလား
ကျုပ်ကိုပြောပြပါ့
ဧပြီလ တရက်ရဲ့ ထမီများနဲ့
သြဂုတ်လလယ် ပွဲတော်ရဲ့ ပုဇဉ်းရင်ကွဲတွေကြားထဲမှာ
မကောင်းဆိုးဝါး မဲမှောင်ထုကို လှုပ်ခါချရင်း
ကစားမြူးတူးတတ်တဲ့
ဒေါသမာန် ထတတ်တဲ့
မြူဆွတတ်တဲ့ အပင်ဟာ
ရူးသွပ်နေတဲ့ သလဲပင်လေလား
ကျုပ်ကိုပြောပြပါ့
မူးယစ်နေတဲ့ ငှက်တွေကို
နေမင်းရဲ့ အယုအယထဲ ထွေးထုတ်ပစ်ပြီး
အရာဝတ္တုတွေရဲ့ရင်ခွင်
ကျုပ်တို့ရဲ့ အနက်ရှိုင်းဆုံး အိပ်မက်တွေရဲ့ ရင်ခွင်ပေါ်ကို
သူ့တောင်ပံတွေ ဖြန့်မိုးပေးတဲ့ အပင်ဟာ
ရူးသွပ်နေတဲ့ သလဲပင်လေလား
ကျုပ်ကိုပြောပြပါ့ ။ ။
မောင်သစ်တည်
၁၉၇၅ ဇူလိုင်လ ရှုမဝရုပ်စုံ
ဂျက်ကပြောတယ်
    ဂျက်ကပြောတယ်
    မိန်းမချောတွေကို နောက် ဘယ်တော့မှ
    သူ မချစ်တော့ဘူးတဲ့
    ဂျက်ကပြောတယ်
    ကမ္ဘာကြီးမှာ မိန်းမတွေ မရှိရင်
    မဖြစ်ဘူးဆိုပဲ
    ဒါပေမယ့် မိန်းမတစ်ယောက်ကို သင် ချစ်မယ်ဆိုရင်
    သင်တုန်းဓားကို တစ်ကြိမ် နမ်းသင့်သတဲ့
    ဂျက်ကပြောတယ်
    ချစ်ခြင်းမေတ္တာ၊ သူရသတ္တိနဲ့ အရိုင်းစိတ်ကို
    ခင်းကျင်းပြသဖို့ အကောင်းဆုံးစားပွဲဟာ မိန်းမတွေပါပဲတဲ့
    ဂျက်ကပြောတယ်
    အဲ့ဒီစားပွဲပေါ်မှာ အနှစ်လေးဆယ်လုံးလုံးကြာအောင်
    ငါပြေးနေခဲ့ဖူးတာပေါ့ကွာ
    ဂျက်ကပြောတယ်
    ကြယ်စုံမြူးတဲ့ညမှာ
    ချစ်သဝဏ်လွှာတွေ တစ်ညလုံး ရေးနေခဲ့တာ
    နေနတ်သားရဲ့ တံပိုးခရာကြားတဲ့အထိပါပဲတဲ့
    သို့ပါသော်ငြား
    ရေးသားခဲ့သမျှ ချစ်သဝဏ်လွှာတွေဟာ
    ပေါင်မုန့်ထဲကို ဝင်ရောက်သွားပြီး
    ပြန်မထွက်တတ်ကြတော့ဘူးတဲ့
    ဂျက်ကပြောတယ်
    မိန်းမတစ်ယောက်အတွက်
    ဒိုင်ဗင်အကြိမ်ကြိမ်ထိုးခဲ့တယ်
    ဦးခေါင်းမှာ ချုပ်ရိုးတွေချည်းပဲ
    ဂျက်ကပြောတယ်
    သိပ်စိတ်ညစ်တာပဲ
    အချစ်ကိုသက်သေပြဖို့ ငွေကြေးမလုံလောက်ဘူးတဲ့
    ဒါကြောင့်
    ကျောက်တုံးကြီးတွေကို ခဏခဏ မပြနေရသတဲ့
    ဂျက်ကပြောတယ်
    မိန်းမတွေဟာ ဘယ်တော့မှ မမှားဘူးတဲ့
    ငါတို့က သူတို့ကို ချစ်မိမှသာ
    အမှားအယွင်းတွေ စတင်တော့တာတဲ့
    ဒါကြောင့် ဂျက်ကပြောတယ်
    မိန်းမတွေနဲ့ မျက်လုံးချင်းဆုံအောင် မကြည့်နဲ့တဲ့
    ဂျက်ကပြောတယ်
    မိန်းမတစ်ယောက်ကို ချစ်ရတာ
    ဂြိုလ်ကမ္ဘာတစ်ခုက ပိုးမွှားအသစ်အဆန်းတွေ
    ထည့်ထားတဲ့ဖန်ဘူးနဲ့
    တစ်ခန်းတည်းအတူနေရသလိုပဲတဲ့
    ဂျက်ကပြောတယ်
    သူဟာ တစ်နေ့တည်းနှစ်ခါ
    အသက်ရှင်နေနိုင်သတဲ့
    တစ်ကြိမ်က မိန်းမတစ်ယောက်ကို ချစ်မြတ်နိုးဖို့
    တစ်ကြိမ်က ကမ္ဘာမြေကြီးကို ချစ်ခင်ဖို့တဲ့
    ဂျက်ကပြောတယ်
    မိန်းမချောတွေကို နောက်ဘယ်တော့မှ
    မချစ်တော့ဘူးတဲ့
    အဲ့ဒီနေ့က သူ အိမ်ကို ပြန်မအိပ်ဘူး
    ဂျက်ကပြောတယ်
    ဂျက်က ခဏခဏ ပြောတယ်
    ဂျက်က တွေ့တဲ့လူတိုင်းကို ပြောတယ်
    ဂျက်က မရပ်မနား ပြောတယ်
    မိန်းမချောတွေကို နောက်ဘယ်တော့မှ
    မချစ်တော့ဘူးတဲ့
    အဲ့ဒီနေ့က သူ ချာချာလည်အောင် မူးတယ်
    ဂျက်ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်
    သူ ဘယ်သူလဲ သိပါရဲ့လား အဆွေငဲ့
    လမ်းထိပ်မှာ အမူးလွန်ပြီး အိပ်ပျော်နေတတ်တဲ့
    အရက်သမားအဘိုးကြီးကွဲ့။
    နေမျိုး
    ၅-၁-ဝ၎
    ကဗျာဆရာဝံပုလွေ ကဗျာစာအုပ်မှ
ဘယ်သူကဘာပြောလို့လဲ
ဘယ်သူကဘာပြောလို့လဲ
တကယ်တော့ ဒီနေ့ဟာလပြည့်နေ့
ကျွန်တော်တစ်ယောက်တည်း
စိတ်ကူးနဲ့တောင်ပေါ်တက်ဖို့ခေါ်လိုက်တယ်။
စေတီခြေရင်းမှာ တကိုယ်တည်းစခန်းသွင်း
ခပ်ငယ်ငယ်ကအတွေးမျိုးနဲ့
ဤသို့သော သစ်ခက်သစ်လက်မျိုးများကို ချိုးပြီးသောအခါ
ပဒေသာပင်တွေမရှိတော့ဘူးဆိုပြီး…..နောက်ကြောင်းပြန်လှည့်သွားပုံများ
ပရောပါဂန်ဒါတွေဟာ အစီအရီထွက်ကျလာ
လာမယ့် နှစ်ပေါင်း ၄၀၊
လာမယ့် လပေါင်း ၄၀၊
လာမယ့် ရက်ပေါင်း ၄၀၊
စိတ်ကူး အလေးဆဟာ
မသေချာသောအရပ်ကို သံလိုက်အိမ်မြှောင်လို သေချာနေတယ်
အခုအချိန်မှာ ဘာလိုပါသလဲ…..
သီးခံခြင်းပါ ဘုရား။
အခုချိန်မှာ ဘာလုပ်ရမလဲ
ရှေ့တဖြေးဖြေးတိုးခြင်းပါ ဘုရား။
အခုချိန်မှာ ဘာတွေးရမလဲ
၂၀၁၀ရဲ့ လူနေညများကိုတွေးရပါမယ် ဘုရား…..။
ကလေးဆန်လွန်းတဲ့ အရပ်မှာ
ကိုယ်တိုင်ရေးပုံတူဆိုတာလည်း သံလျက်ကြီးကိုင်ထားလို့ပါလား
အခုဘဲ ကြော်ငြာပြီးသွားပြီ……
မကြာခင်အချိန်အတွင်းမှာ လူကျွံဘောများကို
ဆက်လက်ဖမ်းယူတော့မှာဖြစ်ပါတယ်…..။
ဒါပေမယ့်
ဒီနေ့ညလသာကြောင်း အနည်းဆုံးအသိနဲ့ ကျွန်တော်သိပါတယ်။ ။
စိမ်းခက်စိုး
(Sun) October 4, 2009
12:12 AM.
နာဆာနောက်ဆုံးတွေ့မယ့် ကမ္ဘာ
လွန်ခဲ့သော နှစ် သန်းပေါင်း၁သောင်း၃ထောင်မဟာပေါက်ကွဲမှုသီဝရီစကြ၀ဠာဆင့်ကဲဖြစ်စဉ် ထဲကမှ
ဂြိုလ်ကြီး ဂြိုလ်ငယ်ဂြိုလ်သိမ် ဂြိုလ်မွှား အစိတ်အစိတ်အမွှာ ထဲကမှ
နဂါးငွေ့တန်းဂလက်ဆီထဲကမှ
နေအဖွဲ့အစည်း ထဲကမှ
သက်ရှိမျိုးနွယ်ကမ္ဘာ။
ဦးခေါင်းဆံစ မီးစွဲလောင်မှုငြိမ်းသတ်ဖို့ ချက်ချင်းလိုအပ်သလို အနာဂါတ်ကမ္ဘာ အတွက် အရေးပေါ်ကိစ္စ
အလင်းနှစ် သန်းပေါင်းများစွာအထိပို့လွှတ် ရေဒီယိုအချက်ပြ အသံလှိုင်းများ သက်ရောက် တုန့်ပြန်မှု ရှိ မရှိ
ထောက်လှမ်းရေးဂြိုလ်တုများလွန်းပျံယဉ်များ အာကာသသုတေသနများ အချိန်နှင့်တပြေးညီသတင်းပေးပို့ချက်များ
၏အစီအရင်ခံစာ။
စကြ၀ာထဲကို ခရီးမဆန့်ရင်လူသားမျိုးနွယ်ဟာ နောင်နှစ်ထောင်ပေါင်းများစွာ ရှင်သန်ဖို့မဖြစ်နိုင်တော့
အာကာသထဲမှာ နယ်မြေသစ်တွေရှာဖွေဖို့သာ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည်။
(စတီဗင်ဟော့ကင်း၊၂၁ရာစု အာကာသစူးစမ်းလေ့လာရေးပညာရှင်)
နဂါးငွေ့တန်းဂလက်ဆီကောက်ရိုးပုံထဲသက်ရှိတွေနေထိုင်နိုင်မယ့် ဂြိုလ်ကမ္ဘာအပ် ရှာပုံတော်စစ်ဆင်ရေး
နာဆာဟာနေအဖွဲ့အစည်းအသစ်တွေကိုရှာ
ဟက်တီအေဘယ်လ်ဇုန်တွေရှာ
 ဂြိုလ်တွေကိုရှာ
 ဂြိုလ်ရံလတွေကိုရှာ
ဥက္ကာခဲဥက္ကာပျံတွေကိုရှာ
ကယ်ပလာတယ်လီစကုတ်ထဲဝင်လာသမျှကို ရှာ။
ကတ်ရောဂါဆန်းမျိုးစုံအမြစ်တွယ်စွဲငြိနေတဲ့နာတာရှည် ဒီကမ္ဘာကိုထားခဲ့ဖို့
စိတ္တလူသတ်သမားရဲ့အနုမြူစက်ကွင်းထဲက ဒီကမ္ဘာကြီးကို ထားခဲ့ဖို့
အနံ့အသက်အစွန်းအထင်း အဖာအထေးတွေနဲ့ ကမ္ဘာအဟောင်းကြီးကို ထားခဲ့ဖို့..
နည်းပညာစိတ်ကြွဆေးစွဲနေတဲ့ ဒီကမ္ဘာမြေကို ထားခဲ့ဖို့
နာဆာဟာနေအဖွဲ့အစည်းအသစ်တွေကိုရှာ
ဖေါက်လွှဲဖေါက်ပြန်ဂေဟစနစ်နဲ့ကိုယ်ပူရှိန်တညီးညီးတက်နေတဲ့ ဒီကမ္ဘာဟောင်းကို ထားခဲ့ဖို့
သံဝေဂတွေသံသယတွေချည်း သံသရာလည်နေတဲ့ ဒီကမ္ဘာကို ထားခဲ့ဖို့၊
အယူဝါဒ၊ဘာသာ နဲ့ မိရိုးဖလာ ကြပ်ခိုးမှိုင်းစွဲကမ္ဘာမြေကြီးကိုထားခဲ့ဖို့
တစ်ခေတ်ပြီးတစ်ခေတ်ဆက်တိုက်နစ်နေတဲ့ ကမ္ဘာကြီးကိုထားခဲ့ဖို့
နာဆာဟာဟက်တီအေဘယ်လ်ဇုန်တွေကိုရှာ
ပထမကမ္ဘာ၊ဒုတိယကမ္ဘာ၊ ဆင်းရဲမွဲတေမှု ချောက်ကမ်းပါးထဲက တတိယကမ္ဘာ ကမ္ဘာမှန်သမျှကို ထားခဲ့ဖို့
အတုအယောင်ငြိမ်းချမ်းရေးနဲ့ကမ္ဘာမြေကိုထားခဲ့ဖို့
ကိုယ့်ဇာတ်ကိုယ်မနိုင်တော့တဲ့ကမ္ဘာအဟောင်းကြီးကိုထားခဲ့ဖို့
လောကပါလနတ်လက်မှိုင်ချနေရတဲ့ ဟောဒီ့ကမ္ဘာကိုထားခဲ့ဖို့
နာဆာဟာဂြိုလ်တွေကိုရှာ ဂြိုလ်ရံလတွေကိုရှာ ဥက္ကာခဲ ဥက္ကာပျံတွေကိုရှာ
အကွက်ဆင်ရင်းအကွက်ရွှေ့ရင်း ကိုယ်တိုင်ချောင်ပိတ်မိနေတဲ့ ကမ္ဘာမြေကြီးကိုထားခဲ့ဖို့
ခေတ်ပျက်သူရဲကောင်းတွေများလွန်းနေတဲ့ကမ္ဘာကိုထားခဲ့ဖို့
သဲတရှပ်ရှပ်အဆီတ၀င်းဝင်း ဒီကမ္ဘာမြေကိုထားခဲ့ဖို့
မျက်ရည်တွေသွေးတွေ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့ ကမ္ဘာကြီးကိုထားခဲ့ဖို့
နာဆာဟာကယ်ပလာတယ်လီစကုတ်ထဲ ၀င်လာသမျှကို ရှာ
(((အကုန်အစင်မော့သောက်ထားပြီးသားဗူးခွံတစ်ခုကို ခြေမွှကန်ကျောက်ပစ်လိုက်သလို
ဟောဒီ့ ကမ္ဘာအဟောင်းအမြင်းကြီးကိုပစ်ထားရစ်ကြစို့…။)))
နောင်မျိုးဆက်များစွာအတွက် တစ်ခုတည်းသော နောအေး
စကြ၀ဠာအမှတ်တံဆိပ် အထွဋ်အထိပ်သော သရဖူ
နာဆာချိန်ရွယ်ပစ်ခတ်တဲ့ အောင်မြင်မှု စက်ဝိုင်းအလည်ဗဟို၊
နယ်ပယ်သစ်ချဲ့ထွင်ရာမှာသိပ်လက်ယဉ်တဲ့ လူသားအဟောင်းတွေ အတွက်
စစ်ပွဲအတွေ့အကြုံတွေရင့်ကျက်တဲ့ လူသားအဟောင်းတွေ အတွက်
လူသတ်လက်နက်တီထွင်ရာမှာပြောင်မြောက်တဲ့ လူသားအဟောင်းတွေ အတွက်
 ဒီ့ထက် ဆန်းကြယ်စရာမရှိတော့တဲ့ အတွေ့သစ် အကြုံသစ်စွန့်စားခြင်းအသစ် ရင်ခုန်လှုပ်ရှားမှုအသစ်
KOI172.02မှအစKepler-62f,e တွေမှအစ အလင်းနှစ် ၁၃နှစ်အကွာက သက်ရှိဖြစ်ထွန်းနိုင်ချေရှိကမ္ဘာ့ကိုယ်ခွဲအမွှာများ
အဲဒီ့ ကမ္ဘာအသစ်ကိုဟောဒီ့ကမ္ဘာအဟောင်းက  တန်းမြင့် နည်းပညာနဲ့ စစ်ကြေငြာမယ့်တော့မယ်။      ။
အိန္ဒြာ
(၂၊၂၊၂၀၁၃- ၁၄၊၄၊၂၀၁၃)
Family Magazine မှာပါမယ့်ကဗျာပါ။
ဈာပန
ခွေးတွေသံရှည်ဆွဲငင်အူတော့
မြစ်ရေတွေ
စုန်မလား ဆန်မလားတွေဝေသွားတယ်
လင်ဆိုးမယား တဖားဖားတောင်တန်းတွေ
ခုတော့အရူးမီးဝိုင်း
ဇာတ်တော်ပေါင်းမှာ သေချာလည်း
မိုးစင်စင်မလင်းမီ ပြန်နှင့်ပြီ ။
ကြည်ဇော်အေး
** သရဲခြောက်ခြင်း **
အောင်မြင်မှုက
ဘယ်ခလုတ်နှိပ်နှိပ် မီးလင်းတယ်
လူရောစိတ်ပါ
ခြုံကြိုခြုံကြားကျရောက်သွားတဲ့နှစ်များမှာ
အသိဥာဏ်တွေ
သဲတရှပ်ရှပ် ဆီတဝင်းဝင်း
ဗေဒင်ဆရာက
သဲထဲရေသွန်တယ်
မုသာဝါဒက
နူးအောင်ချက်တတ်ရင် ဆေးဖက်ဝင်တယ်
ခုနှစ်ရက်သားသမီးဖြစ်လျက်နဲ့
ခုနစ်ရက်သားသမီးနဲ့မတူ
ကြွက်တစ်ကောင်လိုနေထိုင်ရင်း
လူ့ဘုံခန်းဝါကို ဖြတ်သွားဖြတ်လာ စူးစမ်းရ
မဏ္ဍပ်တိုင်တွေမော်ကြည့်ရ
တစ်နေ့တော့ ဖြစ်လာမှာပါ သီချင်းကို အံ့သြမိတယ်
ခုထိ မကျွတ်သေးဘူး
သာဓုမခေါ်နိုင်သေးဘူး
နတ်သုဒ္ဓါထမင်းစေ့ကလေးတစ်စေ့လောက်
ခံတွင်းတပ်မိတယ် ။       ။
ကြည်ဇော်အေး
ဟန်သစ်-မဂ္ဂဇင်း၊ ၂ဝဝ၂
** အဆင်ပြေသလိုသာ **
အားလပ်ရက်တွေဟာလည်း
သတ္တဝါတစ်ခုကံတစ်ခု ။
ထူးခြားဖြစ်စဉ်တစ်ခုခုမရှိတဲ့နေ့တွေဆိုရင်
လမ်းညွန်စာအုပ်တွေ လျှောက်လှန်နေရမှာလား
သဘာဝသမိုင်းပြတိုက်သွားရမှာလား ။
အရသာရှိမယ်အထင်နဲ့
ငေးမောမိခဲ့တဲ့ အဆောက်အအုံတွေလည်း မနည်းတော့
လှည့်ပြန်ခဲ့ရပေါင်းလည်းမနည်းတော့ ။
အာရုံနောက်လာလို့
အာရုံကို ငြိမ်အောင်ထားရတယ် ။
သတင်းအချက်အလက်တွေကလည်း
ကူးစက်ရောဂါထက်ပိုမြန်လာတယ်။
အိပ်နေချိန်လေးပဲ
ပျော်ရွှင်ခဲ့ဖူးပါတယ်
ရေနံသဌေးတစ်ယောက်လိုသာ ညည်းချင်မိ။
ငယ်ငယ်တုန်းက
“ ယောကျာ်းဆိုတာ မငိုရဘူး ” ဆိုစကား
ရယ်ချင်စရာ ။
လူဆိုတာ
တိရစ္ဆာန်ရုံတော့ ရောက်ဖူးသင့်တယ် ။
ဘယ်လိုဇိမ်ခံမလဲ မတွေးနဲ့
ဘယ်လိုအသက်ရှင်ရမလဲဆိုတာ တွေး ။      ။
ကြည်ဇော်အေး
** ကဗျာဆရာ **
မိုးထဲလေထဲ
ကိုယ့်အသက်ကို ပွေ့ပြီး
ကဗျာရေးသူ
ဆွေးမြေ့ဖွယ် နှင်းမြူတွေနဲ့လုံးထွေးလို့ ။
ဘဝ၌ ရွတ်ဆိုခဲ့သမျှ မမေ့နိုင်
ဘဝ၌ မရွတ်ဆိုခဲ့ပေမဲ့ ကြားနိုင် ။
သေခြင်းတရားဆိုတာ
ခဲရာခဲဆစ် မဟုတ်ဘူး
ကိုယ့်ဘက်က လိုက်လျောနိုင်ဖို့ပဲ လိုပါတယ် ။
မောင်သိန်းဇော်
** တစ်သက်လုံးဖွဲ့နွဲ့ **
ဒါမျိုးတွေချည်းပဲ
တစ်သက်လုံးဖွဲ့နွဲ့လာတော့
ဒါမျိုးတွေကလွဲပြီး
ဖွဲ့နွဲ့စရာလို့ မမြင်တော့တာဆန်းလားဆိုတော့
ဆန်းတော့သိပ်မဆန်းဘူးပေါ့လေ
အရူးမကိုယ်ဝန်တို့
ရွှေတွင်းတူးရင်း
သေတွင်းဖြစ်သွားတာတို့
ရှေးဟောင်းပစ္စည်းတွေနောက်လိုက်ရင်း
လူကိုယ်တိုင်ရှေးဟောင်းပစ္စည်းဖြစ်သွားတာတို့
ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်
သူ့ဦးနှောက်ကို
ကွန်ကရစ်ဖျော်စက်ထဲ
ထည့်ပစ်လိုက်တာတို့ ဘာတို့ပေါ့လေ
တစ်လျှောက်လုံး
ဖွဲ့နွဲ့စရာတွေရှိလာပါတယ်
သူ့ဘာသာနေတဲ့
အမှိုက်ပုံယင်တလောင်းလောင်းကို
သူ့ဘာသာနေတဲ့ လူ့ဘဝနဲ့ဆွဲစေ့ပြလိုက်တော့
အင်မတန်ဇာတ်နာတဲ့အဖွဲ့အနွဲ့မျိုးရလာပါတယ်
သူ့ဘာသာကြွေတဲ့သစ်ရွက်ကို
သူ့ဘာသာနေတဲ့မမြဲခြင်းနဲ့ နှိုင်းပြလိုက်တော့
ဖတ်သူကို သံဝေဂတွေဘာတွေရသွားစေပါတယ်
လိုအပ်လာရင်
အမှန်တရားဆိုတာလို့အစချီပြီး
ကိုယ့်ရှုထောင့်ကနေကိုယ်
တစ်ဖက်သတ်ဖွဲ့နွဲ့ပြလို့လည်းရနိုင်ပါသေးတယ်
ဒီလိုကိုယ်ထင်သလိုဖွဲ့နွဲ့ပြလို့ရတဲ့
အဖွဲ့အနွဲ့ များမှာ
လိုရာဆွဲလို့ရတဲ့ အဖွဲ့အနွဲ့ များမှာ
ပျော်ရွှင်စွာဖွဲ့နွဲ့လာခဲ့ကြတာဆန်းလားဆိုတော့
ခုတောင်အဖွဲ့အနွဲ့ အကြောင်း
ဖွဲ့နွဲ့ပြလို့ရသေးတာဆိုတော့
ဆန်းတော့ သိပ်မဆန်းတော့ဘူးပေါ့လေ
ဒီထက်ပို ဖွဲ့နွဲ့ မပြသင့်တော့ဘူးထင်လို့
ဒီလောက်ပဲ ဖွဲ့နွဲ့ပြလိုက်ပါတယ် ။ ။
ကြည်ဇော်အေး
ဖက်ရှင်မဂ္ဂဇင်း၊ ၂ဝဝ၇
** မပြောကောင်းမဆိုကောင်း **
စကြဝဠာအပြင်ဘက်မှာတော့ ဆန်းကြယ်
စကြဝဠာအတွင်းဘက်မှာတော့ အကုန်အကျများပြား
ခွေးသွားစိတ်များ အငြိုးတကြီးလည်ပတ်လျက်
လေပြင်းများထဲ
လေပြင်းများမျောပါလျက် ။
ဂြိုလ်သားတွေထက်ပို၍ ပင်ကြောက်မက်ဖွယ်
နာနာဘာဝတွေထက် ပို၍ ပင်ကြောက်မက်ဖွယ်
နျူကယား ဓာတ်ပေါင်းဖိုတစ်ခုထက်
ပေါင်မုန့်ဖုတ်စက်ကလေးတစ်လုံးသာ ပို၍ လိုအပ်လျက် ။
အဆုံးစီရင်သွားတဲ့ အနုပညာပစ္စည်းများလည်းများလေတယ်
အစပျောက်သွားတဲ့ အနုပညာပစ္စည်းများလည်းများလေတယ်
ဆိုပါတော့
နေချင်တဲ့ လူကတစ်ယောက်
သေချင်တဲ့ လူကတစ်ယောက် ။ ။
ကြည်ဇော်အေး
ပန်းအလင်္ကာ၊ ဒီဇင်ဘာ၊ ၂ဝဝ၆
** မတွေးရဲဘူး **
လက်ဖျံရိုးထဲကသွေးကြောဟာ
ဓားရိုးထဲ ဝှက်ထားရတဲ့ရတနာမြေပုံ
လောကဟာ
လေတွေမှုန်လို့ ။
မြုံနေတဲ့ မီးတောင်တစ်လုံးနဲ့တူတဲ့ အလိုရမ္မက်
ဖွင့်ကြည့်ရင်
ခွဲစိတ်ဆရာဝန် လက်ထဲက ဓားဖျားဟာ
တုန်နေတာတွေ့ရမယ် ။
မတွေးရဲဘူး
စုတ်ပြတ်သတ်နေတဲ့ ပြက္ခဒိန်ဟောင်းတွေ
ပင့်ကူအိမ်ထဲက အချိန်နာရီတွေ
မအောင်မြင်တဲ့ ရေနံတွင်းလို လိုအပ်မှုတွေ
သူ့အလိုလိုပျော်ကျနေတဲ့ ဖယောင်းတိုင်လို
နေရောင်ခြည်မလုံလောက်တဲ့ အခန်းကျဉ်းလေးထဲက
အမှိုက်လိုနေ့တွေ
ဘာကိုယုံကြည်ရမှန်းမသိတော့ဘဲ
စုံလုံးကန်းသွားတဲ့ မျက်လုံးအသေတွေ
ရှားပါးသတ္တဝါ မဟုတ်တဲ့ မွေးမြူရေးငါးတွေ
သုံးလို့မရတော့တဲ့ ဦးနှောက်ထဲက ဂျယ်လီတွေ
ဖွတ်ဥလို
အမှန်တရားတွေ
ကျောက်ခေတ်လို
ကိုယ်ရခဲ့ဖူးတဲ့သားကောင်ဟာ
ကိုယ့်ဂူနံရံမှာ
ကိုယ့်အနုပညာသာ ။ ။
ကြည်ဇော်အေး
ရယ်စရာမဂ္ဂဇင်း၊ ၂ဝဝ၆
** သောကြာနေ့တိုင်း **
လေ၊ကျင်ကြီး ၊ ကျင်ငယ် ၊ ချောင်းဆိုးလိုခြင်း
အန်လိုခြင်း၊ကြို့ထိုးလိုခြင်း ၊ အိပ်လိုခြင်း
အစရှိသည်တို့ကို တရံတဆစ်မျှ
မတားမမြစ်ရာ၊ မအောင့်ရာ ။
အောင့်လျှင် ရောဂါဥပါဒ်ရောက်တတ်သည် ။
ဥတုဘောဇနကျမ်းမှ ..................
ဒီအတိုင်းမနေပါနဲ့
မရယ်ပဲမနေပါနဲ့
စကားတိုးတိုးမပြောပါနဲ့
အကာအစွပ်မပါပဲ မနမ်းပါနဲ့ စသဖြင့်တွေ
ငါတို့နားလည်ထားသင့်တယ် - စသဖြင့် စသဖြင့်တွေ ။
တွေ့ဖူးတယ် တစ်ဝက်ပြိုကျနေတဲ့ အခုလိုလူ
အဲဒါ ငါကိုယ်တိုင်တောင် ဖြစ်နိုင်သေးတယ်
လမ်းသွားရင် ပိုက်ဆံအကြီးဆုံးအတန်
ကောက်ရနိုင်သလိုပဲ
မထင်မှတ်ပဲ ဘာလုပ်ရမှန်းမသိအောင် ဖိနပ်သဲကြိုး
ပြတ်သွားနိုင်တယ် ဘယ့်နှယ်လဲ ။
မြန်မာပြည်ဈေးကွက်ကို ဖြည့်တင်းရန်
နောက်ထပ် ငါ့ကဗျာ အသစ်တစ်ပုဒ်ပေါ့
ကိတ်မုန့်လို ၊ ဝီစကီလို ၊ အရည်းကြီးလို ၊ ဇီးသီးလို
အလိုပြည့်စေမယ်ပေါ့ သောကြာနေ့တိုင်း ။ ။
အောင်ချိမ့်
ဘူတာရုံကို လွမ်း
တစ်ယောက်ယောက်က မေးလိုက်တာပဲ
ဘူတာရုံဘယ်မလဲ၊ ဘယ်မလဲ ဘူတာရုံ
သံလမ်းကို မြင်နေရတာကြာပြီ ၊ ဘယ်မလဲ
ဘူတာရုံ ဘယ်မလဲ ၊ ဘယ်မလဲဘူတာရုံ
မီးခိုးသဲ့သဲ့မြင်ရ ၊ ဘူတာရုံ ဘယ်မလဲ
ရထားသြဥဆွဲသံ ဆက်တိုက်ကြားနေရ ၊ ဘယ်မလဲ
ဘူတာရုံ ဘယ်မလဲ ၊ ဘယ်မလဲ ဘူတာရုံ
ရပ်မသွားဘူး ၊ ဥသြသံဆက်တိုက်ကြားနေရ
ဘူတာရုံဘယ်မလဲ ၊ ရပ်မသွားဘူး ၊ အသံတွေပဲ
မက်စိက မမြင်ရဘူး ၊ ဘယ်မလဲဘူတာရုံ
(ဘူးဘော်) ၊ ရပ်ကြည့်လို့ မမြင်ရတာလား
မဟုတ်ဘူး ၊ လျှောက်ရင်းကြည့်နေတာပဲ ၊ ဘယ်မလဲ
ဘူတာရုံဘယ်မလဲ ၊ ဘယ်မလဲဘူတာရုံ
မီးခိုးရဲ့နောက်မှာ မေးခွန်းက လိုက်သွားလေရဲ့
မောင်ခင်သာ
** သစ်ပင်ကထုတ်တဲ့ မျက်မှန် **
အလို ............. မိတ်ဆွတံဆိပ်နဲ့
အရိပ်လာနားတဲ့ အနောဖလိ
ကျောထိမှပဲ သိခဲ့ပြီ ။
ကြာပြီ ကြာပြီ
ငါသည် ........... “ ထွီ ” ခြင်းအတတ် ထုတ်ချင်းခတ်သူ
ဝီလျှံတဲလ် ရဲ့ ဒုတိယမြား စိတ်ဝင်စားသူ
ကွယ် ....... အခုများတော တဖြစ်လဲ
အပြစ်မြင်လည်း သစ်ပင်ကို အားကျခဲ့
အပြစ်ဆင်လည်း သစ်ပင်ကို အားကျခဲ့
မှ တပါးအခြား မရှိတဲ့လေ ..............
သစ်ပင်ဟူသည် သူ၏ဌာန အာဝါသသို့
အာဃာတစိတ်နဲ့ လာကြသသူ ၊ ညာကြသသူ
အရိပ်ကိုချိုးသူ ၊ သားရေပေါ်အိပ်
အဆိပ်တမြမြ “ မိစ္ဆ္ဆာတမ ” နဲ့လူ
ထိုလူထံမှပင် အရိပ်ကိုလျှင်
သစ်ပင်သည် ရုပ်သိမ်းသည် မရှိ “ စတဲ့ ”
ဟိတောပဒေသ နှုတ်တက်ဖွရင်း
သစ်ပင်မှထွက် မျက်မှန်တလက်နဲ့လေ
ခွက်ထိုးခွက်လှန် “ ပြုံး ”  တတ်ခဲ့ပေါ့ ။ ။
ဇော် ( ပျဉ်းမနား )
ကမ်းလွန်လေ ကဗျာမဂ္ဂဇင်း အမှတ် ၁ ။
** ပင်လယ် **
လမင်းလိုပဲ
ငါမအိပ်တဲ့ ညက
ပင်လယ်လိုပဲ စီးခဲ့တယ် ။
သြော် ........... အရှိန်အဟုန်လား
ကမ္ဘာမြေထုပေါ်က
ပြဿနာပေါင်းစုံ ရဲ့
အဆအတိုင်းပါ ။
သုခမိန်လှိုင်
၁၉၈၈
ကမ်းလွန်လေ
ကဗျာမဂ္ဂဇင်း အမှတ် ၁ မှ
အာရောဂျံ ဆုတောင်း
တောရိပ် တောင်ရိပ်
ချွေးသိပ်ခိုနား
ထင်းခုတ်သွားသူ ................
ထင်းရပါစေ .................
ထင်းရပါစေ .................
ထင်းရပါစေ ......................
မောင်စိမ်းနီ
ကမ်းလွန်လေ ကဗျာမဂ္ဂဇင်း အမှတ် ၁
အိပ်ရာထ နောက်ကျတဲ့ ကောင်လေး
ခြင်္သေ့စောင့်ကြပ်တဲ့
အနာဂတ်နှင်းဆီခင်း
အိပ်မက်ခိုးမက်ရင်း
မနေ့ကလရောင်အောက်
လမ်းလျှောက်ခဲ့တဲ့ခြေထောက် ..............
ဆောင်ခိုငှက်များ ပြန်ထွက်သွား
ပစ္စုပ္ပန်ရထား
မမီလိုက်ပါလား ......................................... ။
အောင်ဝေး
ကမ်းလွန်လေ ကဗျာမဂ္ဂဇင်း အမှတ် ၁
** မလှရွှေ မျက်လုံးတွေနဲ့ ည **
မိုးကလေး တဖွဲဖွဲရွာတော့
အနီအဝါဆိုင် သတိရတယ်
တချို့လည်း
“ သီတာလှိုင် ” ဖြစ်ချင်ဖြစ်မယ်
“ ကြည်ပြာခိုင် ” ဖြစ်ချင်ဖြစ်မယ်ပေါ့ ။
ဘာသာပြန်ခြင်းသည်းခံပါ
လမ်းဘေးမှာ
နာမည်အပြင်းစားဆိုင်များ
ပြတင်းတံခါး ၊ မဟတဟ
ကျွန်မ
သနပ်ခါးလိမ်း မှ လှမယ်တဲ့ ။
ဟောဒီညမှာဆို
မိုးစိုစိုကား အဖြူရောင်
မောင်မောင်ဆိုလေ
ထီရိုးရှည်တစ်ချောင်း
မြောင်းရေကလျှံ လိုက်တာ ။
ကဗျာဆရာလေးကတော့
တွေးတယ်လေ ..............
ကောင်းကင်က
နတ်သမီးမျက်ရည်
များနေပြီ လို့ ။ ။
မောင်သင်းပန်
ကမ်းလွန်လေ ကဗျာမဂ္ဂဇင်း အမှတ် ၁
မျက်ရည်တေး
ကျွန်တော့်သားကပြောတယ် ။
“ ဖေဖေ ...
ခွေးကလေး သေသွားပြီ ... ” တဲ့ ။
ခါတိုင်းညနေခင်းနဲ့ မတူ
ကျွန်တော့်သားရဲ့ မျက်ဝန်းမှာ
တိမ်တွေနိမ့်ဆင်းသွားပြီ ။
ကျွန်တော် ...
အမှောင်ထဲ တွားဝင်လာတဲ့မြစ်ကို
အတောင်ပံ တပ်ပေးမိတယ် ။
ပန်းတွေ လှပနေခဲ့သလား
ပြောပါ ... ။
လေညင်းတွေ ဝင်းပနေခဲ့သလား
ပြောပါ ... ။
နှလုံးအိမ်အတွင်းမှာ
ငှက်တစ်ကောင် စီးဆင်းနေပုံ
မမြင်ရ ... ။
ကမ်းပါးနှစ်ဖက်နဲ့ မြွေကို ...
မမြင်ရ ...။
ကြယ်တွေနဲ့အတူ
ပျံသန်းနေတဲ့ညသာ
သူ့အလိုလို
ကြွေကျလာတယ် ။
တစ်ချိန်လုံး
နို့ပိန်တွယ်စို့နေတဲ့
စာသင်ကျောင်းလေးဘေးမှာ
အဲဒီ ... နှင်းတွေပေါ့ ... ။
အောင်ဝေး
သရဖူ (၁၉၉၈ ဒီဇင်ဘာ)
အလွမ်းအေး
ဘဝဆိုတာ
ဝလုံးလေးတွေလိုလည်း လွတ်လပ်စွာ ဝိုင်းစက်နေဖို့မလွယ်
ကျောက်ခဲလေးကို ကောက်နမ်းလိုက်တော့
ခွင်လွှတ်စိတ်က အရိုးထဲထိ မွှေးနေတယ်
လရောင်ဝါလေး ဝါဝါလွင်နေဖို့ရာ
ဘယ်အရာဟာ စိုထိုင်းဆလျှော့နေသလဲ
တိတ်တိတ်ကလေး ခြုံခိုမှည့်ခဲ့ရ
အချိုဓာတ်လေး လူရာဝင်လေမလား
ရိုးရိုးလေးမှောင်နေတဲ့ညထဲ
အလွမ်းကို တိုးတိုးလေး ခုတ်ထစ်မှတ်ထားလိုက်တယ်
ခု
ဘယ်ဆီခိုဝင်ရမလဲ ညီမလေးရေ ။ ။
လူနှင်းချို(မတရာ )
ပိတောက်ပွင်သစ်
ဇူလိုင် ၂ဝ၁ဝ
သံသရာ
သေရမှာ ကြောက်သလို
နေရတာလဲ ကြောက်တယ် ။
နှစ်မကုန်ခင် ဟောင်းသွားခဲ့သော ပြက္ခဒိန်များ
ရိုက်လိုက်တိုင်း အိုမင်းသွားသော ဓာတ်ပုံများ
ဒုက္ခထဲတိုးဝင်သွားကြသော ဘဝများ
ကျွန်တော်တို့ ငယ်ငယ်တုန်းက အကြွေစေ့လို
တစ်ဖက်က ပန်း ၊ တစ်ဖက်က ခေါင်း
နှစ်စေ့တွဲပြီး ကစားကြတဲ့အခါ
ပန်းစုံလား
ခေါင်းစုံလား
ပန်းတစ်ဖက် ၊ ခေါင်းတစ်ဖက်လား
လှည့်တတ်သူလက်ထဲက အကြွေစေ့ကိစ္စများ ၊
သေရမှာ ကြောက်သလို
နေရတာလဲ ကြောက်တယ် ။       ။
သော်ဇင်အုန်း
ပိတောက်ပွင်သစ်
ဇူလိုင် ၂ဝ၁ဝ
အဖြူရောင် အကြောင်း
    တခါတုန်းက ဖြူဖြူစင်စင်အင်္ကျီလေးတထည်
    ပြန်လျှော်မကြည့်နဲ့တော့
    ပြန်လျှော်လည်း အသစ်မဖြစ်တော့
    ပြန်လျှော်လည်း အကောင်းမဖြစ်တော့
    ပြန်လျှော်လည်း အဖြူမဖြစ်တော့
    သဘာဝကျကျ ထားလိုက်တော့
    ကြိုစားရင်း ဟောင်းခဲ့တာ
    ချီတက်ရင်းညစ်ခဲ့တာ
    လဲကျရင်းစုတ်ခဲ့တာ
    အဲဒါ
    ပန်းတိုင်ရောက်ရင်ငါ့အလံ ။
သုခမိန်လှိုင်
မီးရထား ထွက်ခွာချိန်
ဆောင်းည၊ ကောင်းကင်ပြာ ကျယ်ပြန့် ၊ လမင်းဖြာကျ ၊
ဟိုးအဝေးဆီက မီးရထား ၊ ဥသြသံ ပဲ့တင် ရှည်လျား ၊
ကွဲကွာရခြင်းများ ၊ ခွဲခွာရခြင်းများ ၊ ဘယ်သူမှ မလွဲနိုင်ကြောင်း
လွမ်းဆွတ်ခြင်းတဝက်၊ သတိတရား တဝက် ၊ ဥသြဆွဲ ထွက်ခွာ၊
ဒီ ပတ်ဝန်းကျင် ခြောက်သွေ့ ကန္တာရထဲ
ငါ့ဘဝ ခြောက်သွေ့ သစ်ပင်မှာ
ဘာ့ကြောင့်များ မင်းအချစ် ရွက်နုသစ်တွေ စိမ်းလန်းလာခဲ့ပါလိမ့်
မင်းအချစ် ပန်းသစ်ပွင့်ဝေ မွှေးရနံ့ သင်းထုံ လေညင်းထဲ
လောကကြီးက သင်္ခါရ ၊ ငါ့ကိုပြနေသလို
အချစ်က ချစ်ခြင်းမေတ္တာ၊ ငါ့ကို ပေးလာခဲ့
မီးရထားက ဥသြသံပေးကာ ခုတ်မောင်းဆဲ
ငွေနှင်းမှုန်မှုန် ဆောင်းတစ်ည၊ လမင်းရဲ့ အလင်းရောင်အောက်မှာ ။ ။
ထွန်းဝေမြင့်
Friday, May 3, 2013
ဘ၀၌ နာရီ… ဘ၀ မျဉ်းဖြောင့်တွေ နောက်ကြောင်း မလုံကြဘူး။ ကျွန်တော်ဖြင့် လူကြား လမ်းကြား ပြောင်ပြောင်တင်းတင်း လည်ပတ်သူ နာရီကို -- တစ်နေကုန်အောင် ငုံ့ကြည့်နေရ ဖြစ်ပျက်တွေ သစ်ပင်ထက်မြင့်လာ လူတွေ သစ်ရိပ်အောက် တည်ရှိဆဲ။ ။ နာရီ အချိန်တွေ သေလိုက် ရှင်လိုက်… ပန်းကလေးကိုလည်း မကယ်တင်နိုင်သေး ကိုယ့်ကိုယ်ကိုယ်လည်း မကယ်တင်နိုင်သေး လမင်းကြီးရေ အခွင့်အရေးဆိုတာ ပုပ်သိုးသွားမှာလား ရထားတွေကို သံလမ်းတွေက ချိုးကွေ့သွားတယ်။ ။ မောင်သိန်းဇော် မဟေသီ မဂ္ဂဇင်း သြဂတ်စ် ၂၀၀၄
ဘဝ
မျဉ်းဖြောင့်တွေ
နောက်ကြောင်း မလုံကြဘူး။
ကျွန်တော်ဖြင့်
လူကြား လမ်းကြား
ပြောင်ပြောင်တင်းတင်း လည်ပတ်သူ
နာရီကို --
တစ်နေကုန်အောင် ငုံ့ကြည့်နေရ
ဖြစ်ပျက်တွေ သစ်ပင်ထက်မြင့်လာ
လူတွေ သစ်ရိပ်အောက် တည်ရှိဆဲ ။     ။
နာရီ
အချိန်တွေ
သေလိုက် ရှင်လိုက်…
ပန်းကလေးကိုလည်း မကယ်တင်နိုင်သေး
ကိုယ့်ကိုယ်ကိုယ်လည်း မကယ်တင်နိုင်သေး
လမင်းကြီးရေ
အခွင့်အရေးဆိုတာ ပုပ်သိုးသွားမှာလား
ရထားတွေကို
သံလမ်းတွေက ချိုးကွေ့သွားတယ်။   ။
မောင်သိန်းဇော်
မဟေသီ မဂ္ဂဇင်း သြဂတ်စ် ၂၀၀၄