Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, August 28, 2013

ဒီကဗျာထဲက အကြောင်းအရာတွေက ခင်ဗျားကိုပဲ ရည်ညွန်းပါတယ်



ပါးစပ်ထဲ အသားရောက်ရင် ဝါးရမယ်ဆိုတာ ခင်ဗျားသိတယ်
ကျည်ဆန်မပါဘဲ ရန်သူပစ်လို့မရဘူးဆိုတာလည်း ခင်ဗျားသိတယ်
ဒါပေမဲ့ ခင်ဗျားဟာ ခပ်တုံးတုံးခပ်အအ
ခင်ဗျားမှာ ခြေတွေလက်တွေမရှိဘူး ဒီထက်ဆိုးတာ ခင်ဗျားမှာ ဦးခေါင်းမရှိဘူး
ဒါကြောင့် ကျွန်တော့်လည်မျိုကို သူတို့ဖိညှစ်နေကြပြီလို့ ခင်ဗျားအော်တာပေါ့
ခင်ဗျားဟာ ကိုယ့်တွင်းကိုယ်တူးပြီး ပိုမှောင်တဲ့နေရာဆီသွားနေတာပဲ
ခင်ဗျားသာ ဆရာဝန်ဖြစ်ရင် ခဲတံကိုခွဲစိတ်ဓားနဲ့ချွန်မှာပဲ မဟုတ်လား
အကယ်၍ ဂီတသမားဖြစ်ရင် တင်းနစ်ဘောလုံးကိုတယောနဲ့ရိုက်ပြနေလောက်ပြီ
ခင်ဗျားဟာ ပညာကို ဘယ်မြေကြီးကတူးရမှန်းသိပေမယ့် တူးစရာလက်နက်ကို မတီထွင်တတ်ဘူး
ဘောလုံးကို ခင်ဗျားသဘောကျတာ သဘာဝကျပါတယ်
လိမ်လိုက် ခေါက်လိုက် ဆွဲပြေးလိုက် ချိန်သားကိုက်ဂိုးသွင်းလိုက်နဲ့ခင်ဗျားက အတော်ဟန်ကျ ခဲ့တာကိုး
ဓားမပါပဲ ထင်ခုတ်သွားရတာ အရသာရှိလွန်းတယ်လို့ ခင်ဗျားပြောခဲ့တယ်
ဒါအချောင်သမားပဲ
တစ်ခုခုခက်ခဲလာပြီဆို ခင်ဗျားက တင်းနစ်ရုံထဲဝင်သွားတယ်
ဟိုပို့လိုက် ဒီပို့လိုက်ဟာ ခင်ဗျားကျင့်သုံးနေကျ ကစားနည်းတစ်မျိုးပဲမဟုတ်လား
တကယ်တော့ ခင်ဗျာဟာ လူတော်တစ်ယောက်ပါ
လူ့အဖွဲ့အစည်းနဲ့ လူ့ပတ်ဝင်ကျင်ကို ခင်ဗျားကောင်းကောင်းနားလည်တယ်
ဒါပေမဲ့ ခင်ဗျားဟာ ခပ်တုံးတုံးခပ်အအ
ဒါကြောင့် ကျွန်တော့်လည်မျိုကို သူတို့ဖိညှစ်နေပြီလို့ ခင်ဗျားအော်တာပေါ့
ဒါကြောင့် ကျွန်တော်တို့ချင်းတွေ့ရင် ခင်ဗျားအကြောင်း ပြောကြတယ်
ခင်ဗျားမှာ ခြေတွေလက်တွေမရှိဘူး ဒီထက်ဆိုးတာ ခင်ဗျားမှာ ဦးခေါင်းတွေမရှိဘူး
အကယ်၍ ကျွန်တော်တို့ထင်မြင်ယူဆချက်တွေမှားနေတယ်လို့ ခင်ဗျားထင်ရင်လည်း
မှန်ပေးဖို့ကျွန်တော်တို့မှာ အစီအစဉ်မရှိတော့ဘူး
ဘာကြောင့်လဲ ဆိုရင်
ကျွန်တော်တို့ လည်မျိုကို သူတို့ ဖိညှစ်နေပြီလို့ ခင်ဗျားအော်သလို
ခု ... ကျွန်တော်တို့လည်မျိုကိုလည်း ခင်ဗျားကဖိညှစ်နေပြီလေ...။

ဥတ္တရာအောင်

No comments:

Post a Comment