ကဗျာဆရာ၏ ရိုးးဖြောင့်မှု ( ဒဂုန်တာရာ )
(က)
လွန်ခဲ့သော ၁ဝ နှစ်ကျော်လောက်က စ၍ ခေတ်ပေါ် မြန်မာ စာပေ
လောကတွင် ကဗျာသစ် အားထုတ်မှု တစ်ရပ် လူငယ်များ ဆောင်ရွက်
နေကြသည်ကို သတိပြုမိသည်။ ကျွန်တော် စိတ်ဝင်စားမိသည်။ ကဗျာ
ပုံသဏ္ဌာန်သစ် တီထွင်ဆန်းသစ်မှုပြုခြင်းကို ကျွန်တော် အားပေးချင်သည် ၊
စိတ်လည်း စိတ်ဝင်စားသည်။ ထို့ ကြောင့် သူတို့၏ အရေးအဖွဲ့များကို
တတ်နိုင်သလောက် ဖတ်ရှု လေ့လာခဲ့သည် ။ ခံစားမှုတွေ့သော အရေးအဖွဲ့
မျိုးကို ရှာကြည့်မိသည် ။ တွေ့သည့်အခါ တွေ့သည် ။ ယင်းသည် ကျွန်တော်
တစ်ယောက်တည်းအတွက် ဖြစ်ပါလိမ့်မည် ။ ခံစားသူတို့လည်း ခံစား
ကြပါလိမ့်မည် ။ ကြိုက်သူတို့လည်း ကြိုက်ပါလိမ့်မည် ။ ထို့ကြောင့်ပင်
မဂ္ဂဇင်းတိုင်းတွင် ယင်းသို့သော အရေးအဖွဲ့ ကဗျာအမျိုးအစားများကို
ထင်ရှားစွာ တွေ့နိုင်ခြင်းဖြစ်သည် ။
ကျွန်တော်စိတ်ဝင်စား၍ ဖတ်ကြည့်သောအခါ နုပျိုပွင့်သစ်စ လူငယ်
တို့သည် ယင်းအရေးအဖွဲ့မျိုးကို ရေးသားနေသည်ကို တွေ့ရသည် ။
ကျွန်တော်က အယ်ဒီတာတစ်ဦးကို မေးကြည့်သည် ။ “ ခင်ဗျား နားလည်
သလား ၊ ခင်ဗျား နားလည်လို့ ထည့်သလား ” ဟု မေးသည် ။ သူက ပြော
သည်။ “ နားတော့မလည်ဘူး ၊ ဒါပေမဲ့လို့ ထည့်ရတယ် ၊ စာဖတ် ပရိသတ်
ရှိတယ် ထင်တယ် ။ ”
ယနေ့ခေတ်သည် စာဖတ်ပရိသတ်ရှိမှသာလျှင် ရပ်တည်နိုင်မည်
မဟုတ်ပါလား ။
ထိုအယ်ဒီတာသည် ရိုးသားသည် ၊ အခြားအယ်ဒီတာများကိုတော့
ကျွန်တော် မမေး ၊ ကိစ္စမရှိ ။ ခေတ်ဆိုသည်က အမျိုးမျိုးရှိသည် မဟုတ်ပါ
လား ။ သည်တော့ ကျွန်တော်က ကဗျာလှုပ်ရှားမှုက ရှိနေသည်ဟု နားလည်
လိုက်သည် ၊ မည်သည့်ဘက်သို့ ဦးတည်သွားနေကြသလဲ ၊ ကျွန်တော်
စိတ်ဝင်စားသည် ။ သူတို့သည် ကဗျာသစ်ကို စိတ်ဝင်စားသည်ကို တွေ့ရ
သဖြင့် ကျေနပ်မိသည် ။ သို့သော် ဘယ်ကလောက် တီထွင်ဆန်းသစ်
ကြသလဲ၊ ကျွန်တော်စိတ်ဝင်စားသော မေးခွန်းဖြစ်သည်။ ကျွန်တော်က
တစ်စုံတစ်ရာ အသစ်ဆီသို့ ဦးတည်နေသော လှုပ်ရှားမှုက မှန်သည် ၊
လှုပ်ရှားနေဆဲဟု ကျွန်တော်နားလည်လိုက်သည် ။ ကူးခပ်နေကြသည် ၊
သို့သော် ကမ်းစပ်သို့ ရောက်ပြီလား ၊ ကျွန်တော် အမြင်က တော့
မရောက်သေး ၊ ကူးခပ်နေဆဲ ၊ လှုပ်ရှားနေဆဲဟု ယူဆသည် ။
သဘောတူသူလည်း ရှိမည် ၊ မတူသူလည်း ရှိမည် ။ ယင်းကာလကို
ကျွန်တော်က ကြားကာလဟု ယူဆသည် ။ အချို့ကတော့ ကမ်းစပ်ရောက်ပြီ
ဟု ပြောသံကြားရသည် ။ ကျွန်တော် သိပ်သဘောမတူချင် ၊ ကိစ္စမရှိ ။
ကျွန်တော် တစ်ယောက်တည်း သဘောမျှသာ ဖြစ်၍ တခြားသူတို့နှင့်
သဘောချင်း တူချင်မှ တူမည် ။ လွန်ခဲ့သော ၁ဝ နှစ်ခန့်က ပုတီးကုန်း
ကိုစိန်ဝင်း၊ ကိုအောင်ဝေးတို့နှင့် ဆုံကြစဉ် ကိုစိန်ဝင်းက ယနေ့ မော်ဒန်
ကဗျာနှင့် ပတ်သက်ပြီးမေးသည်။ တချို့ကို ကျွန်တော် နားလည်သည် ။
ကဗျာသည် စကားပြေသို့ လျှောကျမသွားသင့်ဟု ဖြေလိုက်သည် ။
အရိန္ဒမ္မာ မဂ္ဂဇင်းတွင် ဖော်ပြသည် ။
ယင်းစကားရပ်ကို အဓိပ္ပာယ်ကောက်သူအချို့က ကျွန်တော်မော်ဒန်
(သူတို့ အခေါ်) ယခုတော့ ခေတ်ပေါ်ဟု ပြောင်းခေါ်သူကခေါ်ကြပြီ ၊
မော်ဒန်ကို ဆန့်ကျင်သည်ဟု ကွယ်ရာတွင် ပြောသည်ဟုသိရသည် ။
ကိစ္စမရှိ ၊ ကျွန်တော် ကတော့ သူတို့သည် ယနေ့တိုင်ပင် ဆန်းသစ်ဖန်တီးမှု
ကို ရှာဖွေနေကြဆဲဟု ယူဆမိသည် ။ ပြောင်းလဲနေဆဲကာလဟု သတ်မှတ်
ထားသည် ။
(ခ)
မနှစ်က ကဗျာစာအုပ်တစ်အုပ်၏ အမှာတွင် ကိုအောင်ချိမ့်က သူ၏
ခေတ်ပေါ်ကဗျာနှင့် ပတ်သက်၍ သူ၏ အတွေ့အကြုံမှရရှိသော အယူ
အဆကို ဖော်ပြလိုက်သည် ။ ကျွန်တော် ဝမ်းသာသွားသည်။ ကျေနပ်သွား
သည်။ ကျွန်တော် ဆယ်နှစ်ကျော်ကတည်းက သိချင်နေသော အဖြေကို
သူက ရိုးဖြောင့်စွာ ဖြေကြားလိုက်သည်။ ထို့ကြောင့် ကျေနပ်ခြင်း
ဖြစ်ရသည် ။
ကျွန်တော် သူတို့ကို ပြောသည်မှာ ကြာပြီ ။ ခင်ဗျားတို့ အတွေ့အကြုံ
ကို ရေးကြဟု ပြောသည် ။ သို့သော် သူတို့မရေးကြ ။ ယခု ရေးဖော်ရ၍
ကဗျာ လေ့လာရေးနှင့်ပတ်သက်၍ အရေးကြီးသော ရိုးဖြောင့်သော စကား
ရပ်ကို ကြားရပေပြီ ။ ကျွန်တော် ယခုမော်ဒန်ဟုခေါ်သော ကဗျာ
ရေးဖွဲ့သူများနှင့် တွေ့ချင်သည်မှာ ကြာပြီ ။ သို့သော် လူတိုင်းကို မေးရန်
မသင့်ဟု ကျွန်တော် ရွံ့နေမိသည် ။သူတို့၏အလုပ်ကို စစ်ဆေးသည့်သဘော
သက်ရောက်မှာစိုး၍ ဖြစ်သည် ။ တတ်နိုင်သမျှ စူးစမ်းကြည့်ရသည် ။
သို့သော် တချို့အဖြေကို မကျေနပ်။ သူတို့ ရင်ထဲမှာရှိတာ မပြောဟု
တွေးကြည့်နေသည် ။ ကိုအောင်ချိမ့်က “ ခေတ်ပေါ်ကဗျာ ” ဆိုတာ “ ကဗျာ
ဖွဲ့နည်းကျမ်း ” မရှိခဲ့ဘဲ နိုင်ငံခြားကဗျာ စာကြောင်းလိုက် အတန်းလိုက်
ဘာသာပြန် ကဗျာပုံသဏ္ဌာန်ကို ခံတွင်းတွေ့ခဲ့ရာမှ (၁ဝ)နှစ်စီ လူငယ်များ
တစ်ဦး ကဗျာ တစ်ဦးလှမ်းကြည့်ကာ အလွတ်သဘော စာပေအနုပညာဝိုင်း
များမှာ ဖလှယ်နှီးနှောကြကာ ကမ္ဘာပေါ်က လွတ်လပ်တဲ့ အနုပညာ
လှုပ်ရှားတင်ဆက်မှုများကို အမြင်အကြားဖြင့် မှီးယူအတုခိုးကာ ရေးသား
ရှင်သန်တဲ့ အနုပညာဖြစ်ပါတယ် ။ ” ဟု ဖော်ပြသည် ။
သူ၏ ကဗျာအယူအဆများကို ရိုးဖြောင့်စွာ ဖော်ပြသည် ။ ကို
အောင်ချိမ့်ကို ကိုးကားခြင်းမှာ အခြားကြောင့်မဟုတ်။ သူတို့သည်
ယနေ့ခေတ် မော်ဒန် ၊ ယခု ခေတ်ပေါ်ဟု သုံးနေသော ကဗျာအမျိုးအစား
ကို စတင်ရေးဖွဲ့ရာမှာ ထင်ရှားသူ တစ်ယောက်၏ ရိုးဖြောင့်သော ဖော်ပြ
ချက်လည်းဖြစ်၍ ကိုးကားခြင်းဖြစ်သည် ။ ခေတ်ပေါ်ဟု သုံးနှုန်းသော
စကားရပ်မှာ ယနေ့ သူတို့ခေတ်ပြိုင်ရေးဖွဲ့သော ကဗျာများကို
ဆိုလိုခြင်းဖြစ်သည်ဟု ကျွန်တော် နားလည်လိုက်သည် ။ သို့သော်
ခေတ်ပေါ်နှင့်ပတ်သက်၍ ကျွန်တော်၏အကဲဖြတ်ချက်နှင့် ထပ်တူဖြစ်မဖြစ်ကို
ကျွန်တော်မေး မကြည့်ဖြစ် ။ ကျွန်တော်က ၂ဝ ရာစုနှစ်အစ
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာမှစ၍ ခေတ်ပေါ်ကဗျာ စတင်
မွေးဖွားလာသည်ဟု အကဲဖြတ်သူ ဖြစ်သည် ။
ကဗျာဖွဲ့နည်းကျမ်းမရှိခဲ့ဘဲ ဟူ၍ပြောခြင်းမှာ ရိုးဖြောင့်စွာ ပြောခြင်း
ဖြစ်သည် ။ ကျွန်တော်နှင့် သဘောချင်းတူသည် ။ ကမ်းစပ်မှမရောက်သေးဘဲ
ဘယ်နှယ်ရေကူးနည်းကို ပြောနိုင်မှာလဲ ၊ ကမ်းစပ်ရောက်ပြီဆိုလျှင်တော့
မည်သို့ မည်ပုံ ကမ်းစပ်ရောက်ရသည်ကို ပြောပြနိုင်မည် ။ ယင်း အတွေ့
အကြုံပြောပြချက်သည် ခေတ်ပေါ်ကဗျာ၏ ဥပဒေ ၊ ကဗျူပဒေသဟု
ဆိုနိုင်သည် ။ ယင်းသည် သဘာဝကျသည် ။ ဥပဒေဆိုသည်မှာ
တစ်ယောက်တည်းအတွက် မဟုတ် ၊ အားလုံး အတွက်ဖြစ်သည် ၊ ယင်းသည်
အတတ်ပညာ ။ ယင်းနည်းနာဖြင့် ကဗျာတစ်ပုဒ် ပြီးမြောက်အောင်
ဘယ်လိုရေးဖွဲ့သလဲ ၊ ခံစားသလဲ ၊ မွှေးမြသလဲ ၊ ကဗျာရနံ့ရှိလျှင် အနုပညာဟု
ခေါ်ရပေမည် ။
ဥပဒေဆိုသည်မှာ တန်းတူညီမျှ သဘောသက်ရောက်ရပေမည် ။
သို့သော် ဥပဒေတွင် ခြွင်းချက်တော့ ရှိတတ်သည် ။ ခြွင်းချက်သည်
ဥပဒေဖြစ်ကြောင်း သက်သေခံခြင်းဖြစ်သည်ဟု ပညာရှင်တစ်ဦး၏
အဆိုအမိန့်လည်း ရှိခဲ့ဖူးသည် ။ ခြွင်းချက်ဆိုသည်ကတော့ တစ်သောင်းမှာ
တစ်ခု ၊ တစ်သန်းမှာတစ်ခု၊ ခြွင်းချက် ရှိလာလျှင် ဥပဒေအသစ်ကို ပြန်လည်
ပြင်ဆင် ပြုစုရပေသည် ။
ကိုအောင်ချိမ့်တင်ပြချက်တွင် နိုင်ငံခြားမှ ဘာသာပြန်ကဗျာများကို
အတု ယူ၍ရေးဖွဲ့သည်ဟု ရိုးဖြောင့်စွာ တင်ပြချက်ကို ကျေနပ်သွားသည် ။
တစ်ခုပဲ ရှိသည် ။ သူက ဘာသာပြန်ကဗျာဟု ရေးသည် ။ ကျွန်တော်ကတော့
ဘာသာပြန် ကဗျာဟု မရေး ၊ ကဗျာဘာသာပြန်ဟု နားလည်သည် ၊ ကိစ္စ
မရှိ ။ နိုင်ငံခြားကဗျာ လှုပ်ရှားမှုများကို အားကျကာ ရေးဖွဲ့သည့် အဓိပ္ပာယ်
ဟု ကျွန်တော် နားလည်သည် ။ ဤသည်ကား ဘာသာပြန်ကဗျာ မဟုတ်ဘဲ ၊
တိုက်ရိုက်ဘာသာပြန်၊ အင်္ဂလိပ်ဘာသာဖြင့် (သို့မဟုတ်) မူရင်း ဘာသာဖြင့်
ရေးဖွဲ့သော ကဗျာများကို ဖတ်ပြီးလျှင် သူတို့ မည်သို့ ရေးမည်နည်းဟုလည်း
ဆက်လက်၍ စဉ်းစားမိသေး သည် ။
ခေတ်စမ်းကဗျာသည် အနောက်နိုင်ငံကဗျာများကို အင်္ဂလိပ်
ဘာသာဖြင့် ဖတ်၍ ဒေါင်လိုက်စီသည် ။ ကဗျာရုပ်ပုံသဏ္ဌာန်ကို ကျွန်တော်
တို့ အစဉ်အလာအားဖြင့် ဆက်ခံခဲ့ကြသည် ။ ဂန္ထဝင်ခေတ်ကမူ ကဗျာ
လင်္ကာများကို ပေ၊ ပုရပိုက်တွင် အလျားလိုက်သာလျှင် စီတတ်ကြသည် ။
ယင်းဂန္ထဝင်သဏ္ဌာန် ဖြင့်တော့ ရုပ်ပုံအားဖြင့် ခြားနားသွားပြီဟု ဆိုနိုင်သည် ။
(ဂ)
ကိုအောင်ချိမ့်သည် ကျွန်တော်တို့က ပထမမျိုးဆက်ဆိုလျှင် သူက တတိယ
မျိုးဆက် ဖြစ်မည် ။ မော်ဒန်ကဗျာများကို ဖတ်ပေးနေသော ဆယ်ကျော်သက်
အရွယ် ကလေးမလေးတစ်ယောက်ကို ကျွန်တော်က “ သမီး ပွင့်ပွင့်လင်းလင်း
ပြော အဘိုး သိချင်လို့ ” ဟု မေးသည် ။ သူမက '“ (တစ်) နားမလည် ၊ (နှစ်)
စနစ်မရှိ ၊ (သုံး) လူတိုင်းရေးနိုင်သည် ” ဟု ပြောသည် ။ ပြောသူက စတုတ္ထ
မျိုးဆက် သူမ၏ထင်မြင်ချက်ကို ဘာသာပြန်ရမည် ဆိုလျှင် ခေတ်ပြိုင်
ကဗျာ (သို့မဟုတ်) မော်ဒန်ကဗျာသည် စပ်နည်း မရှိသေး ။ လွယ်ကူသော
ပုံသဏ္ဌာန် ဖြစ်၍ လူတိုင်းရေးနိုင်သည် ၊ နားမလည် ဟူ၍ ဖြစ်သည် ။
နားလည်ခြင်း မလည်ခြင်းကတော့ တစ်ဦးနှင့်တစ်ဦး တူချင်မှတူမည် ။
စဉ်းစားစရာအဖြစ် ကျွန်တော် ကိုးကားလိုက်ခြင်း ဖြစ်သည် ။ ကျွန်တော်က
တော့ ယခင်အတိုင်းပင် တချို့နားမလည်ဟုသာ ပြောချင်သည် ။
ကိုအောင်ချိမ့်၏ ကဗျာနှင့်ပတ်သတ်သော သူ၏ဖော်ပြချက်သည်
ခေတ်ပေါ်ကဗျာ ဆန်းသစ်မှုအတွက် စဉ်းစားစရာပင် ဖြစ်သည်ဟု
ကျွန်တော် တန်ဖိုးထားသည် ။ ကဗျာသစ်က ကာရန်၏နေရာတွင် သီကုံး
ဆင်ယင်မှု ကိရိယာသစ်တစ်ခု ဆန်းသစ်နေပြီလော ဟူသောမေးခွန်းကို
မဖြေနိုင်သေးသော ကျွန်တော်သည် ခေတ်ပေါ်ကဗျာသစ်ကို မျှော်လင့်
စောင့်စားလျက် ၊ နားမလည်စရာတွေ အများကြီးရှိနေသေးသော ကျွန်တော်
က ကဗျာရမ္မက်ဖြင့် ။
“ ကဗျာသစ်အရေးတော်ပုံ အောင်ပါစေ။ ”
ဒဂုန်တာရာ
No comments:
Post a Comment