Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, August 13, 2013

** ရွာလွမ်းချင်း **

ဘာပဲသောက်သောက်
သောက်တတ်မှ ကောင်းတာကလား ၊
ထန်းရေသောက်တာတော့
ထန်းပင်အောက်မှာ အကောင်းဆုံးပဲ ။

ထန်းပင်ရင်းက မြက်ခင်းပေါ်မှာ
ပဲကြီးလှော်ကြဲ ၊
ဆေးလိပ်ကြိုက်ရင် ဆေးလိပ်ခဲ ၊
ခြေဆင်းလဲလူ အပူအပင်မရှိ ။

ပဲစိကို တစိစီကောက်
အလျားမှောက်ပြီး
သောက်တာကို
လက်ချော်ပြီး ၊ ခွက်မကျော်ရင်
ပျော်ရွှင်ဖွယ်အတိ ၊
အလွန်စည်းစိမ်ရှိတာကလား ။

မိုးဦးကျစ
ပုတတ်က တစ်ကောင်နှစ်ကောင်
ရအောင်အရင်ရှာရမယ်၊
ပုတတ်ကလေး နီကျင်ကျင်
နွယ်ကြိုးရှည်နဲ့ မငင်လေနဲ့
ခွေးမြင်ရင် ခုန်ဟပ်မယ် ၊ ဖုန်ကပ်မယ်
ခါးပုံစမှာ အသာခွေထည့်ပါ
ရွာအခြေထန်းတဲကိုရောက်ရင်
ထန်းလျက်ဖိုမှာကင်
ကင်ပြီးတော့ထောင်း၊ ထောင်းပြီးတော့ကြော် ။
ကြက်သွန်နီနဲ့ ၊ ကြက်သွန်မြိတ်နဲ့
ငရုတ်သီးပွ လေးစိတ်စိတ်
အိုးအဖုံးမပိတ်ဘဲ
မီးလေးမပူတပူမှာ
ဆီပူလေးတလှိမ့် နှစ်လှိမ့် လှိမ့်လိုက်ရင်
ကွယ်- ဆိမ့်လိုက်မယ့်ဖြစ်ခြင်း ။

ပုတတ်လိုက်ရင်း
မပျင်းသေးလို့ အချိန်ရရင်
ဗိန်မတို့ရှားတောအစ
နဘူးချုံ ဆူးချုံ ဖွသွား
ပျားအုံလေးဘာလေးရှာပေါ့
ပျားလပို့မမက်နဲ့ ပျားသလက်ကိုညစ်
ပျားနို့ရည် ဖြူပျစ်ပျစ်နဲ့
ပြောင်းဖူးနုရည်အနှစ်ကို
နှမ်းဆီစစ်စစ်နဲ့ကြော်ရင်
တဲပေါ်က တိုက်ပေါ်ရောက်သလိုပဲ
သောက်တာကယစ်၊ စားတာကအစ်နဲ့
အယစ်တွေရှည်ပေရော့ ။

ထန်းသမားကြီးက ဦးခတဲ့ ၊
ဒူးကျအောင် ထိုးကွင်းဟာ
ကြောင်အဆင်း ကြောင်အတက်နဲ့
ထန်းတက်ရင် အရက်မသောက်
ထန်းရေလောက်လဲမမက်
ဆေးရွက်ကြီးပဲငုံတယ်
မြုံစိစိနဲ့ စကားမပြောဘူး
ဦးခက လူထူးပဲ ။

ထူးပုံကိုကြုံလို့ပြောရဦးမယ်
တခါတုန်းကပေါ့
ထန်းတက်တာ ကိုယ်တုံးလုံးနဲ့
ထန်းတက်နေတုန်း မိုးမိရော
မိုးမိတော့ အအေးပတ်ရော
ထန်းတက်တာရပ်ပြီး ဖိနပ်မပါဘဲ
ရွာထဲကို အမြန်သုတ်ပြီး
ကျားဘမ်းပရုပ်ဆီ
အဖေ့ညီ ကျောင်းဆရာဆီမှာ
တောင်းပြီးမျိုသတဲ့ ။

ပရုပ်ဆီမရှိရင် ၊ ဘုန်းကြီးဆီပြေး
ရေနံချေးတကလော်ကို
မျိုသော်ပျောက်၏ တဲ့ ။

ဆံပင်စုတ်ဖွား ၊ တင်တုတ်ကားနဲ့
ထန်းသမားကတော်က၊ ရှင်ဂွက်ထော်တဲ့။
မနော်နွယ် နို့တွဲလောင်းနဲ့
ထန်းရေအိုးကို ခေါင်းမှာရွက်
ခါးထက်ခွင် ကလေးတကောင်။
ထန်းပလပ်နွားရုပ်ဆွဲ
နှပ်တွဲလဲ ဂျိုးတန်းလန်းနဲ့
ထန်းမျိုးဆက်သစ် ချစ်စရာလေးတွေက
တကောင်နှစ်ကောင်။

ရန်လုံ အောင်နက်
ကြွက်လိုက်ယုန်လိုက်
ရှဥ့်လိုက်ပွေးတူး
ခွေးဘီလူးက သုံးကောင်လေးကောင်။
“ကောင်လေးတွေဘာလိုသေးတုံး ” တဲ့
တပြုံပြုံး မေးလားမေးရဲ့
ထန်းရေဖိုးပေးလဲ မယူဖူးတဲ့
ငါလဲ တခါမှ မပေးဖူးပါဘူး ။

တခါတခါ ယုန်သား
တခါတလေ လင်းမြွေသား
သူကြီးသား ငဝက်စားဖို့တဲ့
မြွေသားကို အလျဉ်နဲ့နှပ်ပြီး
ချက်တတ်ရင် ကောင်းချက်တော့ ၊
မချက်တတ်ရင်ကော
မချက်တတ်ရင် အထူးမလုပ်နဲ့
နူးရုံသာပြုတ် အရေဆုတ်ပြီး
ညက်ရုံထောင်း
ဆီစိမ်းလေးလောင်း ၊ ကြက်သွန်မြိတ်လေးလှီး
လှီးတာတောင်မစောင့်ချင်ရင်
အပင်လိုက်ကိုက်ပြီး ၊ ထန်းရေနဲ့မြည်းလိုက်ရင်
ရွာသူကြီး ဘုရားတကာလဲ
အနားလာပြီး ရောတိရောယောင်နဲ့
ကောင်လေးတွေ ရန်မဖြစ်ကြနဲ့
ရန်ဖြစ်တာ မကောင်းဘူးတဲ့ ၊
ဒါ ပြောင်းဖူးကြော်လား
အင်း တော်တော်ကောင်းသားဟဲ့ ၊ ဘာဟဲ့
ညာဟဲ့
တစလောင်း တဖလားငှဲ့ပြီး
သူအာခေါင်ထဲ ထည့်သွားမှာပါပဲ ။

သာနိုးတို့ ၊ မိုးသူတို့
လူပျိုသိုးတသိုက်
တို့ရွာကို လိုက်ပြီးလာတော့
တို့စရိုက် တို့ဘာသာ
မြို့သားတွေ လာပကောလို့
ထန်းတောမှာ ဝါးကွပ်ပျစ်ကို
လျှော်အသစ်နဲ့ ကွပ်ထားသတဲ့ ။

သူတို့လဲမြို့ပြန်
နို့လှန်ပြီး ကလေးကိုတိုက်ရင်း
ကြိုက်ရာအမည် စဉ်းစားတော့
သူ့သားကို သာနိုးတဲ့ ၊ မိုးသူတဲ့
ဂုဏ်ယူပြီးပေးခဲ့တာ ၊
ခုအခါ သာနိုးလဲထန်းတက်လို့
မိုးသူလဲ ထန်းတက်လို့
မျိုးဆက်သစ်လေးတွေလေ
ဒူးတွေတောင် ချောင်ရော့ပေါ့ ။

လွန်ခဲ့တဲ့ နှစ်လေးဆယ်
ကုန်လွယ်လိုက်တာ
မနေ့တနေ့ကလိုသာ ထင်ဆဲ
အဲ ... အဲဒီတုန်းက ငါ့အဖေလည်း ရှိသေးတယ်လေ ။

ဒီလိုပေါ့ကွာ ၊ တခါတလေပေါ့တဲ့ ၊
သောက်တော့သောက်လေ၊ မမူးစေနဲ့
ငါ့အဖေက
ငါ့ကောင်တွေကိုဆုံးမတယ်၊ ပြုံးပြတယ် ။

ငါ့အဖေရှေ့မှာ ငါထန်းရေမသောက်ခဲ့ဘူး
ငါ့အဖေကွယ်ရာမှာတော့
ဆယ်ခါလောက်လား၊ ဆယ့်ငါးခါလောက်လား
မှောက်မှောက်မှားမှားနဲ့
ယောက်ဖ ငကြွားနဲ့ပေါ့
သောက်သောက်စားစား
နည်းနည်းပါးပါး လုပ်ဖူးရဲ့
သောက်တဲ့အခါ မမူးပါဘူး
မူးတဲ့အခါလည်း မရူးစေရပါဘူး
နတ်ရွာကအဖေ၊ ခွင့်လွှတ်ရှာပေလိမ့်မယ် ။

ခုတော့ကွာ
ရွာမရောက်တာ အတော်ကြာပြီ
ဆယ်နှစ်တခါ ရောက်ကောင်းမှရောက်ပါမယ် ။

ရွာကိုသွားရင်
မိဘမဲ့သား ၆ဝ ကျော် အူကြောင်ကြားကို
သနားကြသတဲ့ ။

မနှစ်ကတခေါက်
ငါ့ရွာရောက်ခဲ့တယ် ။
ရောက်ရင်ရောက်ချင်း ထန်းတောတွင်းကို ဆင်းခဲ့တယ်။
ထန်းပင်အောက်မှာ
ထန်းရေကလေး တငုံလောက်
လေးငါးဆယ်ငုံလောက် သောက်ခဲ့မိတယ်။
ကွယ်- အဖေ့ကို လွမ်းလို့ပါ။

မောင်စွမ်းရည်
၇၊ ၃၊ ဝ၁ ဗြူတီမဂ္ဂဇင်း၊ ၂ဝဝ၁ မေလ

No comments:

Post a Comment