“ Men are so necessarily mad, that not to be
mad would amount to another form of madness.”
ဗန်ဂိုး (Van Gogh) ဟာ အရူးပဲ။ အားတောက် (Artaud) လည်းအရူးပဲ။ ရှူးမန်း (Schumann)ရော ဘာထူးလဲ။ ဒါပေမယ့် သူတို့ဟာ ကျွန်တော်တို့ ချစ်ခင်လေးစားရတဲ့ အရူးတွေ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့ရဲ့ ရူးသွပ်ခြင်းဟာ အနုပညာရဲ့ ကြီးကျယ်မြင့်မြတ်မှု ဖြစ်လာခဲ့လို့ပဲ။ သူတို့ရဲ့ ရူးသွပ်မှုဟာ သူတို့ရဲ့ သူတို့ရဲ့ လေးနက်မှု ဖြစ်လာခဲ့တယ်။ သူတို့ရဲ့ စိတ္တဇကို ချဉ်းကပ်ရတာ အင်မတန် ကြောက်စရာ ကောင်းတယ်။ သူတို့ဟာ အလွန်ပြင်းထန်တဲ့သူတွေ ဖြစ်တယ်။ အဲဒီလို ပြင်းထန်မှုကြောင့်ပဲ သူတို့ရူးသွပ် သွားခဲ့ကြတယ်။ အနုပညာဟာ တစ်ခါတစ်ရံ အဲဒီလိုပဲ ။
စိုင်းဝင်းမြင့်ဟာ ရူးသွပ်ခြင်းကို ရွေးချယ်ခဲ့သူ ဖြစ်တယ်။ ဒါကြောင့် သူဟာ ကဗျာဆရာ ဖြစ်လာ ခဲ့တယ်။ သူဟာ “ သူစိမ်း” ဆိုတဲ့ သူ့ရဲ့ပထမကဗျာစာအုပ်မှာကတည်းက တစ်စုံတစ်ရာ ပြောဖို့ ကြိုးစားနေ သူ ဖြစ်တယ်။ အဲဒီနောက် ဒုတိယ ကဗျာစာအုပ် ထွက်လာပြန်တယ်။ အဲဒီကဗျာတွေမှာ သူ့ဇာတ်လိုက် (စိုင်းဝင်းမြင့်)ရဲ့ ထိတ်လန့်စိုးရိမ်မှု၊ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပုံ၊ ကိုယ်ကိုယ်တိုင်နဲ့ ကင်းကွာနေပုံ၊ သေ ဆုံးနေတဲ့ ခံစားချက်တွေ၊ အသက်ရှင်ခြင်းရဲ့ နာကျင်မှုတွေနဲ့ ကယ်တင်လို့ မရနိုင်တဲ့ လူ့အဖြစ်...စတာတွေ ကို မြင်ရတယ်။ ပြီးတော့...အလွမ်း၊ ကံမကောင်းခြင်း၊ အချစ်ကင်းမဲ့မှု၊ ဆင်းရဲနွမ်းပါးခြင်း၊ မျက်ရည်တွေ၊ စိတ်လေလွင့် ရှုပ်ထွေးခြင်းတွေ...စတာတွေ စတာတွေ။ ကျွန်တော် မကြိုက်တဲ့ကဗျာတွေပါပေမယ့် ကဗျာ အများစုဟာ ခငဗျားတို့ ၊ ကျွန်တော်တို့ရဲ့ ကြိုက်ခြင်း၊ မကြိုက်ခြင်းကို လျစ်လျူရှုထားတဲ့ ကဗျာဆရာရဲ့ မပြောမဖြစ်တဲ့ ဝေဒနာတွေ ဖြစ်တယ်။ စိုင်းဝင်းမြင့်ဟာ ပြဿနာရှိတဲ့အတွက် ပြောစရာရှိနေတယ်။ ခင်ဗျား တို့၊ ကျွန်တော်တို့ နားမထောင်လည်း ပြောနေမယ့် သူဖြစ်တယ်။ အဲဒါဟာ ဒုတိယကဗျာစာအုပ်မှာ သိသာ သွားပြီ။ စာအုပ်အမည်က “ တစ်ယောက်တည်းစကား”။ သေချာသွားပြီ။ သူ့ရဲ့လေးနက်မှုကို ကျွန်တော်တို့ လျစ်လျူရှုလို့ မရတော့ဘူး။ ဒါပေမယ့် ဒီထက်သေချာတာကတော့ မြန်မာမော်ဒန်ကဗျာမှာ ကျွန်တော်တို့ သူ့ကို ဥပေက္ခ္ခာပြူလို့ မရတော့ဘူး။
နံပါတ်စဉ် တပ်ထားတဲ့ သူစိမ်းကဗျာတွေရဲ့ အရေးပါတဲ့ theme တစ်ခုက “ ကင်းကွာခြင်း ခံစားမှု” (sense of alienation) ဖြစ်တယ်။ ကဗျာတွေကို confessional toneနဲ့ ဖန်တီးထားတယ်။ “ သူစိမ်း-၁၃ ”မှာ သူဆိုတဲ့ တတိယနာမ်စားကို တွေ့ရတယ်။ ကျန်တဲ့သူစိမ်းကဗျာတွေမှာတော့ ငါ (ပထမ နာမ်စာ ဖြစ် သွားပြန်တယ်။ စိုင်းဝင်းမြင့်ရဲ့ ဇာတ်လိုက်ဟာ မိသားစုကို ကျောခိုင်းခဲ့တယ်။ အဲဒီလို အိမ်နဲ့ဝေးပြီးနောက် သူ့ကိုယ်သူနဲ့လည်း တစ်စစ ကင်းကွာလာခဲ့တယ်။ သူဟာ အသက်ရှင်ရက်နဲ့ သေဆုံးခဲ့တယ်။ စိတ်နဲ့ ကိုယ်နဲ့ မကပ်။ သူ့ကိုယ်သူ မမှတ်မိ။ ကျွန်တော်တို့အဖို့တော့ သူဟာ စိတ်မတည်ငြိမ်တဲ့၊ သူ့ကိုယ်သူနဲ့ ကင်းကွာနေတဲ့၊ အနုပညာကို စွဲလန်းလွန်းတဲ့၊ အသက်ရှင်ခြင်းကို ငြီးငွေ့နေတဲ့ လူတစ်ယောက် ဖြစ်တယ်။ သူ့ပြဿနာရဲ့အစကို “ သူစိမ်း - ၅ ” မှာ တွေ့ရတယ်။
“ ငါ့ရဲ့ လူ့ အဖြစ်ကို
အမှုဖွင့်လိုက်တာ ဘယ်သူလဲ
မပြီးနိုင် မစီးနိုင် ငြီးစီစီရှည်လျား ”
အဲဒီအမှုအတွက်လိုက်တဲ့ ရှေ့နေကို နောက်ကဗျာတစ်ပုဒ်ထဲမှာ အခုလို တွေ့ရတယ်။
“ အမှုသွား အမှုလာ မကောင်းဘူး။
ငှားမိတဲ့ ရှေ့နေက ထစ်အ ရှည်လျား ”
ဒီနေရာမှာ စိုင်းဝင်းမြင့်ရဲ့ လေသံက kafkaဆန်နေတယ် (kafkaesque ဖြစ်တယ်)။ သူဟာ သူ မကျူးလွန်ခဲ့တဲ့ အမှုအတွက် တရားခံဖြစ်နေရပေါ့။
စိုင်းဝင်းမြင့် ဟာ မောင်ချောနွယ်နဲ့ မတူပြန်ဘူး။ စိုင်းဝင်းမြင့်ရဲ့ ဇာတ်ကောင်က အရက်မသောက်ဘူး။ ဆေးလိပ်မသောက်ဘူး။ အဲဒါကြောင့် သူ့ဇာတ်ကောင်ကို ကျွန်တော်တို့ ပိုစိုးရိမ်ခဲ့ရတယ်။ သူဟာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ပြီးတစ်ဆ
“ ရှေ့မှာ
ဝရန်တာ
ဝရန်တာရှေ့မှာ
ဓါတ်ကြိုး
ငါ့စိတ်တွေ အစိုးမရချင်ဘူး ”
အဲဒီလိုsuicidal tendency မျိုးကို ကျွန်တော်တို့ ထိတ်လန့်စွာ တွေ့ရှိရပါတယ်။
ဆေးလိပ်၊ အရက် မသောက်ပေမယ့် စိုင်းဝင်းမြင့်ရဲ့ ဇာတ်လိုက်ဟာ ဖဲသမားတစ်ယောက် ဖြစ် တယ်။ ဖဲချပ်တွေဟာ သူ့အဖို့ ကံကြမ္မာဖြစ်တယ်။ သူပွတ်တဲ့ ဖဲချပ်တွေကို ကျွန်တော်တို့ နောက်ကနေ မြင် ရတဲ့အခါတိုင်း သူ့ရဲ့အဆင်မပြေတဲ့ ကံတရားကို တွေ့မြင်ရတယ်။ ဒါပေမယ့် သူဟာ လောင်းကစားသွေး ပါတဲ့သူ ဖြစ်တယ်။ ဘယ်လောက်ပဲ ကံမလိုက်ပေမယ့် သူဟာ ဖဲထုပ်ထဲက နောက်ဖဲတစ်ချပ်ကို ထပ်ပြီး ကြည့်ချင်သူသာ ဖြစ်တယ်။ သူနှင့် အားချင်းမမျှတဲ့ ကံကြမ္မာကို အမြဲတမ်း လောင်းကြေးထပ် ယှဉ်ပြိုင်နေ ပြန်တယ်။
စိုင်းဝင်းမြင့်ရဲ့ ဇာတ်လိုက်ဟာ ရန်ကုန်မှာ ကျင်လည်ခဲ့တယ်။ သူဟာ ရန်ကုန်ကို သင်ယူခဲ့တယ်။ ရန်ကုန်ဟာ အနုပညာသမားတစ်ယောက်အတွက် ပြဌာန်းစာအုပ်တစ်အုပ် ဖြစ်တယ်။ လက်ဖက်ရည်ဆိုင် တွေ၊ နီယွန်ဆိုင်းဘုတ်တွေ၊ တိုးဝှေ့နေတဲ့ လူတွေ၊ ဆူညံနေတဲ့ မော်တော်ကားတွေ၊ ရှည်လျားတဲ့ မိုးနေ့ မိုး ညတွေ၊ ဓါတ်မီးတိုင်အောက်က မိန်းမပျက်တွေ...စတာတွေနဲ့ ရန်ကုန်ဟာ သင်ယူလို့မဆုံး။ ရန်ကုန်ဟာ ပါရီလို မလှဘူး။ ရွက်ကြမ်းရေကျိုမျှသာ ဖြစ်တယ်။ ဒါပေမယ့်လည်း ခေတ်ရဲ့ အသိပညာနဲ့၊ ဖက်ရှင်နဲ့၊ အထက်တန်းကျမှုနဲ့ ၊ ပါးနပ်မှုမာယာနဲ့ ပြင်ဆင်ထားတဲ့ ရွက်ကြမ်းရေကျိုမျိုး။ ကျွန်တော်တို့ မကြိုက်ပေ မယ့် ရှောင်လွဲလို့မလွတ်နိုင်တဲ့ ရွက်ကြမ်းရေကျိုမျိုး ။ ရန်ကုန်ဟာ အနုပညာရှင်တွေကို မွေးဖွားပေးတယ်။ ရန်ကုန်ဟာ အနုပညာရှင်တွေကို သေဆုံးစေတယ်။ ရန်ကုန်ဟာ သူ့မှော်နဲ့ သူ့ပဉ္စလက်နဲ့ လှပနေတဲ့ မြို့ ကြီးတစ်မြို့ ဖြစ်တယ်။ စိုင်းဝင်းမြင့်ဟာ ရန်ကုန်ကို ဖွဲ့ဆိုခဲ့တယ်။
“ တစ်တွဲတည်းနေ ဝဋ်ဒုက္ခများ
အခန်းတံခါးနဲ့ လှေကား
အမြဲတမ်း သော့ခတ်ထားတယ် ။
နံရံမှာ တစ်ရောင်ထဲ စိတ်လေစိတ်လွင့်
လမ်းက အသံမှုန် အသံစလွင့်
တစ်ယောက်ယောက်ကို အသင့်ပြင်ထားတဲ့
တွဲလောင်းကျ လူခေါ်ခေါင်းလောင်းကြိုးများ
မျက်နှာချင်းဆိုင် အခန်းတွဲများမှာလည်း
ကိုယ့်အတွေးအခေါ်လို လမ်းမမျှော်များ
အခေါင်းထဲ အလောင်းမရှိသလို
အမြဲတမ်း အဝတ်အထည်များ ”
(မြို့တွင်းပြော အဝေးပြော)
အဲဒီကဗျာကု ကြည့်ရင် မြို့ပြရဲ့ မလုံခြုံမှု (sense of insecurity) ၊ ခြိမ်းခြောက်ခံနေရမှု (sense of threat) ၊ အထီးကျန်နေတဲ့ မြို့ပြလူသားများ (lonely crowd) ၊ မြို့ပြ လူလတ်တန်းစာဘဝရဲ့ ငြီးငွေ့ ဖွယ်ကောင်းမှု၊ ဘဝရဲ့ အနှစ်သာရ ကင်းမဲ့မှု စတာတွေကို တွေ့ ရတယ်။
တစ်ခါတလေလည်း လူအုပ်ထဲမှာ လမ်းလျှောက်ရင်း ကိုယ့်ကိုယ်ကို ပျော်အောင်လုပ်နေရတဲ့ ကဗျာဆရာကို အခုလို တွေ့ရပြန်တယ် ။
“ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်ထား
လူအုပ်ထဲ ဖြတ်လျှောက်
တစ်ယောက်တည်းမနေနဲ့
စိတ်ကို မနည်းထိန်းထား''
(တစ်ယောက်တည်းစကာ
တဖြည်းဖြည်းနဲ့ ကဗျာဆရာရဲ့ လေသံဟာ အေးစက်လာခဲ့တယ်။ သူ့ရဲ့ အစောပိုင်း စိုးရိမ်ထိတ် လန့်မှု (anxiety) ဟာ နောက်ပိုင်းမှာ စိတ်ဓါတ်ကျမှု (depression) အဖြစ် ကူးပြောင်းလာခဲ့တယ်။ သူဟာ ခံစားချက် ကင်းမဲ့လာခဲ့တယ်။ ပိုပြီး မပျော်မရွှင် ဖြစ်လာခဲ့တယ်။
''တစ်မြို့လုံး ကျွန်တော် လှည့်ပတ်ကြည့်ပြီးပြီ
တစ်ခု တစ်ကောင် တစ်ယောက်
ကျွန်တော့လို ခြောက်သွေ့နေတာ မတွေ့ဘူး''
(ကျွန်တော့နာမည်ကိုချရေးမိတယ်..
သူဟာ မကြာခဏ ထင်ယောင်ထင်မှား ဖြစ်လာတယ်။ စိတ်တွေ ပိုမိုပံျ့လွင့်လာခဲ့တယ်။
“ နေရောင်ခြည်ဟာ
သစ်ရွက်တွေကြားက လျှောကျနေတယ်
ငါ့စိတ်တွေ တအားပံျ့လွင့်တာပဲ ”
(တခြားသော-၃)
''အခန်းအပြင်ဘက်မှာ
ခြေသံတရှပ်ရှပ် မကြားရဘူးလား
စားပွဲပေါ် တင်ထားတဲ့ပန်းအိုး
ကျမကွဲဘူးလား
နံရံမှာ
ကြမ်းခင်းမှာ
အရိပ်ဟာ မချောက်ချားဘူးလား ”
(တခြားသော-၃)
သူဟာ သေခြင်းတရားကိုတောင် ထိကိုင်မိလာတယ်။
“ အခု
နှင်းတွေ အရမ်းကျနေတယ်
အဝေးပြေးကားတွေ ရပ်ထားရတယ်
မမြင်ရခြင်း ကြိုးတစ်စ
ငါလှမ်းဆွဲလိုက်တယ် ”
(တခြားသော-၃)
ဒါ့အပြင် ကဗျာဆရာဟာ မမြဲခြင်းကို သိမြင်လာခဲ့တယ်။
“ ငါ ထိမိစမ်းမိသမျှဟာ စီးဆင်းနေတော့
ငါ ဘယ်လိုမှ ပေါ့ဆလို့မရဘူး
ဘယ်အရာဟာ ကြာကြာခံမလဲ
ငါ ပြုလုပ်မယ် ”
စိုင်းဝင်းမြင့်ရဲ့ ဇာတ်ကောင်ဟာ မော်ဒန်လူသား ဖြစ်တယ်။ သူ့ဇာတ်ကောင်ရဲ့ အဇ္ဈတ္တဟာ မော်ဒန်လူသားရဲ့ အဇ္ဈတ္တ ဖြစ်တယ်။ သူဟာ သိစိတ်နယ်ပယ်ရဲ့ အဆုံးနားထိ လျှောက်သွားခဲ့တယ်။ အဲဒီ နေရာကနေ ရူးသွပ်ခြင်း(insanity) ၊ သတ်သေခြင်း (suicide) ၊ မသိနိုင်သောအရာ (the unknown) စတာတွေကို လှမ်းကိုင်ကြည့်ဖို့ ကြိုးစားကြည့်ခဲ့တယ်။ ပြီးတော့ သူဟာ တစ်ယောက်တည်း စကားတွေ ပြောနေခဲ့တယ်။ သူ့ရဲ့ တစ်ယောက်တည်းစကားကို ခင်ဗျားတို့ ၊ ကျွန်တော်တို့ မကြားအောင် နားပိတ်ထား လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ခင်ဗျားတို့ ၊ ကျွန်တော်တို့ရဲ့ စိတ်ထဲကနေ ပြောနေတာကိုး ။
မိုးဂျာနယ်
အမှတ်(၂)၊ ၂ဝဝ၎
အောင်ခင်မြင့်
ခေတ်ပြိုင်မြန်မာကဗျာကို ချဉ်းကပ်ခြင်း မှ
No comments:
Post a Comment