ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Saturday, August 31, 2013
ညထဲက သတို့သမီး
ည ဆိုတာ
မိန်းမနဲ့ ယောကျာ်းတို့ရဲ့
ခွန်အားပြည့် ရမ္မက်ခွက်ကို
မျိုးဆက် ပြန့် ပွားမှု သေရည်နဲ့ဖြည့်စွက်
အိမ်မက် ပွင့်ဖူး
သောက်ကြူးကြတာဖြစ်တယ် ။
ညဆိုတာ
သူအို သူမင်းတို့
လေညင်းမွေးမွေး
ဇီဝ ဆေးတွေ
အားမွေး အရည်ဖျော်
သက် ရာကျော်ဖို့
ပျော်ဝင်စေတာ ဖြစ်တယ်။
ည ဆိုတာ
ဒဏ္ဍာ ပုံပြော
ကလေးတို့ ပျော်မောတဲ့
အိမ်မက်တော ဖြစ်တယ်။
ည ဆိုတာ
လုလင် ပျိုရဲ့ အာရုံကြော အသစ်
အချစ်နဲ့ လှုပ်ရှား
နှလုံးသား အိမ်မက် တောင်ပေါ်
တိမ်မှောင် မည်းမည်း
လျှပ် ရဲရဲမှာ
မာန်ဟုန် ဇွဲနဲ့
ချစ်ပွဲခံရာ ဖြစ်တယ် ။
ည ဆိုတာ
သတို့သားရဲ့
ခွန်အားကို
တိုးပွား သန်စွမ်းစေတဲ့
တောင်တန်းကြီး ဖြစ်တယ် ။
ည ဆိုတာ
အပျိုစင် သတို့သမီးရဲ့
ချစ်မီး လျှံဝင်းနေတဲ့ မေတ္တာအိမ်ကို
တိမ်လို သိမ်မွေ့
လက် တစ်ပွေ့နဲ့
မျိုးစေ့ စိုက်မွေး
မြေစေး ဖွာဖွာ
သား တစ်ရာရဲ့
မြေယာကောင်း ဖြစ်စေရဲ့ ။
ကြည်အောင်
စာပေဂျာနယ်။ ၁၉၉၅ . နိုဝင်ဘာ
ပြက္ခဒိန်
ရာဇဝင်တောအုပ်ထဲမှာ
အမှန်တရားနဲ့ စီးချင်းထိုးဖို့
ချိန်းဆိုထားသတဲ့ ။
အမှန်တရား ဆိုတာ
ချိန်းထားတဲ့ အချိန်ထက်
အမြဲ နောက်ကျလေ့ရှိတဲ့
သူရဲကောင်း ဖြစ်တယ် ။
စစ်ပွဲ၊ငြိမ်းချမ်းရေး
ဘောဂဗေဒနဲ့ ယဉ်ကျေးမှု
အဲဒီ ရောင်စုံဖိုင်တွဲတွေကြား နစ်မြုပ်နေရာက
လူဟာ
အလန့်တကြား ထ ထ ရပ်
အချိန် မကြာခဏ ကြည့်တတ်လာတယ် ။
မြမြင့်မိုရ်
သရဖူ ၊ ၁၉၉၅ ၊ အမှတ်(၁၆)
စိုင်းဝင်းမြင့်၏ စိတ္တဇကို လေ့လာခြင်း
စိုင်းဝင်းမြင့်၏ စိတ္တဇကို လေ့လာခြင်း
“ Men are so necessarily mad, that not to be
mad would amount to another form of madness.”
ဗန်ဂိုး (Van Gogh) ဟာ အရူးပဲ။ အားတောက် (Artaud) လည်းအရူးပဲ။ ရှူးမန်း (Schumann)ရော ဘာထူးလဲ။ ဒါပေမယ့် သူတို့ဟာ ကျွန်တော်တို့ ချစ်ခင်လေးစားရတဲ့ အရူးတွေ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့ရဲ့ ရူးသွပ်ခြင်းဟာ အနုပညာရဲ့ ကြီးကျယ်မြင့်မြတ်မှု ဖြစ်လာခဲ့လို့ပဲ။ သူတို့ရဲ့ ရူးသွပ်မှုဟာ သူတို့ရဲ့ သူတို့ရဲ့ လေးနက်မှု ဖြစ်လာခဲ့တယ်။ သူတို့ရဲ့ စိတ္တဇကို ချဉ်းကပ်ရတာ အင်မတန် ကြောက်စရာ ကောင်းတယ်။ သူတို့ဟာ အလွန်ပြင်းထန်တဲ့သူတွေ ဖြစ်တယ်။ အဲဒီလို ပြင်းထန်မှုကြောင့်ပဲ သူတို့ရူးသွပ် သွားခဲ့ကြတယ်။ အနုပညာဟာ တစ်ခါတစ်ရံ အဲဒီလိုပဲ ။
စိုင်းဝင်းမြင့်ဟာ ရူးသွပ်ခြင်းကို ရွေးချယ်ခဲ့သူ ဖြစ်တယ်။ ဒါကြောင့် သူဟာ ကဗျာဆရာ ဖြစ်လာ ခဲ့တယ်။ သူဟာ “ သူစိမ်း” ဆိုတဲ့ သူ့ရဲ့ပထမကဗျာစာအုပ်မှာကတည်းက တစ်စုံတစ်ရာ ပြောဖို့ ကြိုးစားနေ သူ ဖြစ်တယ်။ အဲဒီနောက် ဒုတိယ ကဗျာစာအုပ် ထွက်လာပြန်တယ်။ အဲဒီကဗျာတွေမှာ သူ့ဇာတ်လိုက် (စိုင်းဝင်းမြင့်)ရဲ့ ထိတ်လန့်စိုးရိမ်မှု၊ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပုံ၊ ကိုယ်ကိုယ်တိုင်နဲ့ ကင်းကွာနေပုံ၊ သေ ဆုံးနေတဲ့ ခံစားချက်တွေ၊ အသက်ရှင်ခြင်းရဲ့ နာကျင်မှုတွေနဲ့ ကယ်တင်လို့ မရနိုင်တဲ့ လူ့အဖြစ်...စတာတွေ ကို မြင်ရတယ်။ ပြီးတော့...အလွမ်း၊ ကံမကောင်းခြင်း၊ အချစ်ကင်းမဲ့မှု၊ ဆင်းရဲနွမ်းပါးခြင်း၊ မျက်ရည်တွေ၊ စိတ်လေလွင့် ရှုပ်ထွေးခြင်းတွေ...စတာတွေ စတာတွေ။ ကျွန်တော် မကြိုက်တဲ့ကဗျာတွေပါပေမယ့် ကဗျာ အများစုဟာ ခငဗျားတို့ ၊ ကျွန်တော်တို့ရဲ့ ကြိုက်ခြင်း၊ မကြိုက်ခြင်းကို လျစ်လျူရှုထားတဲ့ ကဗျာဆရာရဲ့ မပြောမဖြစ်တဲ့ ဝေဒနာတွေ ဖြစ်တယ်။ စိုင်းဝင်းမြင့်ဟာ ပြဿနာရှိတဲ့အတွက် ပြောစရာရှိနေတယ်။ ခင်ဗျား တို့၊ ကျွန်တော်တို့ နားမထောင်လည်း ပြောနေမယ့် သူဖြစ်တယ်။ အဲဒါဟာ ဒုတိယကဗျာစာအုပ်မှာ သိသာ သွားပြီ။ စာအုပ်အမည်က “ တစ်ယောက်တည်းစကား”။ သေချာသွားပြီ။ သူ့ရဲ့လေးနက်မှုကို ကျွန်တော်တို့ လျစ်လျူရှုလို့ မရတော့ဘူး။ ဒါပေမယ့် ဒီထက်သေချာတာကတော့ မြန်မာမော်ဒန်ကဗျာမှာ ကျွန်တော်တို့ သူ့ကို ဥပေက္ခ္ခာပြူလို့ မရတော့ဘူး။
နံပါတ်စဉ် တပ်ထားတဲ့ သူစိမ်းကဗျာတွေရဲ့ အရေးပါတဲ့ theme တစ်ခုက “ ကင်းကွာခြင်း ခံစားမှု” (sense of alienation) ဖြစ်တယ်။ ကဗျာတွေကို confessional toneနဲ့ ဖန်တီးထားတယ်။ “ သူစိမ်း-၁၃ ”မှာ သူဆိုတဲ့ တတိယနာမ်စားကို တွေ့ရတယ်။ ကျန်တဲ့သူစိမ်းကဗျာတွေမှာတော့ ငါ (ပထမ နာမ်စာ ဖြစ် သွားပြန်တယ်။ စိုင်းဝင်းမြင့်ရဲ့ ဇာတ်လိုက်ဟာ မိသားစုကို ကျောခိုင်းခဲ့တယ်။ အဲဒီလို အိမ်နဲ့ဝေးပြီးနောက် သူ့ကိုယ်သူနဲ့လည်း တစ်စစ ကင်းကွာလာခဲ့တယ်။ သူဟာ အသက်ရှင်ရက်နဲ့ သေဆုံးခဲ့တယ်။ စိတ်နဲ့ ကိုယ်နဲ့ မကပ်။ သူ့ကိုယ်သူ မမှတ်မိ။ ကျွန်တော်တို့အဖို့တော့ သူဟာ စိတ်မတည်ငြိမ်တဲ့၊ သူ့ကိုယ်သူနဲ့ ကင်းကွာနေတဲ့၊ အနုပညာကို စွဲလန်းလွန်းတဲ့၊ အသက်ရှင်ခြင်းကို ငြီးငွေ့နေတဲ့ လူတစ်ယောက် ဖြစ်တယ်။ သူ့ပြဿနာရဲ့အစကို “ သူစိမ်း - ၅ ” မှာ တွေ့ရတယ်။
“ ငါ့ရဲ့ လူ့ အဖြစ်ကို
အမှုဖွင့်လိုက်တာ ဘယ်သူလဲ
မပြီးနိုင် မစီးနိုင် ငြီးစီစီရှည်လျား ”
အဲဒီအမှုအတွက်လိုက်တဲ့ ရှေ့နေကို နောက်ကဗျာတစ်ပုဒ်ထဲမှာ အခုလို တွေ့ရတယ်။
“ အမှုသွား အမှုလာ မကောင်းဘူး။
ငှားမိတဲ့ ရှေ့နေက ထစ်အ ရှည်လျား ”
ဒီနေရာမှာ စိုင်းဝင်းမြင့်ရဲ့ လေသံက kafkaဆန်နေတယ် (kafkaesque ဖြစ်တယ်)။ သူဟာ သူ မကျူးလွန်ခဲ့တဲ့ အမှုအတွက် တရားခံဖြစ်နေရပေါ့။
စိုင်းဝင်းမြင့် ဟာ မောင်ချောနွယ်နဲ့ မတူပြန်ဘူး။ စိုင်းဝင်းမြင့်ရဲ့ ဇာတ်ကောင်က အရက်မသောက်ဘူး။ ဆေးလိပ်မသောက်ဘူး။ အဲဒါကြောင့် သူ့ဇာတ်ကောင်ကို ကျွန်တော်တို့ ပိုစိုးရိမ်ခဲ့ရတယ်။ သူဟာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်
လျှောက်ထိုင်တယ်။ တစ်ယောက်တည်း စကားပြောလို့ ။ ဒါမှ မဟုတ် တိတ်ဆိတ်လို့။
တစ်ခါတလေလည်း လမ်းတွေထဲ ဥဒဟိုသွားလို့ ။ တစ်ခါတစ်ခါကျတော့ တစ်နေ ရာရာမှာ
ငူငူငိုင်ငိုင်ကြီး ရပ်နေပြန်ရော။ သူဟာ မောင်ချောနွယ်လို
ပေါက်ကွဲလေ့မရှိဘူး။ အရက်မူးပြီး သွေးဆိုးလေ့မရှိဘူး။ သူဟာ အပေါ်ယံ
ငြိမ်သက်တဲ့၊ သူ့ကိုယ်သူ မရူးအောင် စိတ်ထိန်းနေရတဲ့၊ အတွေး တွေ
ယောက်ခာက်ခတ်နေတဲ့ ဇာတ်ကောင်တစ်ကောင် ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့
သူ့ကို ပို စိုးရိမ်ခဲ့ရတယ်။
“ ရှေ့မှာ
ဝရန်တာ
ဝရန်တာရှေ့မှာ
ဓါတ်ကြိုး
ငါ့စိတ်တွေ အစိုးမရချင်ဘူး ”
အဲဒီလိုsuicidal tendency မျိုးကို ကျွန်တော်တို့ ထိတ်လန့်စွာ တွေ့ရှိရပါတယ်။
ဆေးလိပ်၊ အရက် မသောက်ပေမယ့် စိုင်းဝင်းမြင့်ရဲ့ ဇာတ်လိုက်ဟာ ဖဲသမားတစ်ယောက် ဖြစ် တယ်။ ဖဲချပ်တွေဟာ သူ့အဖို့ ကံကြမ္မာဖြစ်တယ်။ သူပွတ်တဲ့ ဖဲချပ်တွေကို ကျွန်တော်တို့ နောက်ကနေ မြင် ရတဲ့အခါတိုင်း သူ့ရဲ့အဆင်မပြေတဲ့ ကံတရားကို တွေ့မြင်ရတယ်။ ဒါပေမယ့် သူဟာ လောင်းကစားသွေး ပါတဲ့သူ ဖြစ်တယ်။ ဘယ်လောက်ပဲ ကံမလိုက်ပေမယ့် သူဟာ ဖဲထုပ်ထဲက နောက်ဖဲတစ်ချပ်ကို ထပ်ပြီး ကြည့်ချင်သူသာ ဖြစ်တယ်။ သူနှင့် အားချင်းမမျှတဲ့ ကံကြမ္မာကို အမြဲတမ်း လောင်းကြေးထပ် ယှဉ်ပြိုင်နေ ပြန်တယ်။
စိုင်းဝင်းမြင့်ရဲ့ ဇာတ်လိုက်ဟာ ရန်ကုန်မှာ ကျင်လည်ခဲ့တယ်။ သူဟာ ရန်ကုန်ကို သင်ယူခဲ့တယ်။ ရန်ကုန်ဟာ အနုပညာသမားတစ်ယောက်အတွက် ပြဌာန်းစာအုပ်တစ်အုပ် ဖြစ်တယ်။ လက်ဖက်ရည်ဆိုင် တွေ၊ နီယွန်ဆိုင်းဘုတ်တွေ၊ တိုးဝှေ့နေတဲ့ လူတွေ၊ ဆူညံနေတဲ့ မော်တော်ကားတွေ၊ ရှည်လျားတဲ့ မိုးနေ့ မိုး ညတွေ၊ ဓါတ်မီးတိုင်အောက်က မိန်းမပျက်တွေ...စတာတွေနဲ့ ရန်ကုန်ဟာ သင်ယူလို့မဆုံး။ ရန်ကုန်ဟာ ပါရီလို မလှဘူး။ ရွက်ကြမ်းရေကျိုမျှသာ ဖြစ်တယ်။ ဒါပေမယ့်လည်း ခေတ်ရဲ့ အသိပညာနဲ့၊ ဖက်ရှင်နဲ့၊ အထက်တန်းကျမှုနဲ့ ၊ ပါးနပ်မှုမာယာနဲ့ ပြင်ဆင်ထားတဲ့ ရွက်ကြမ်းရေကျိုမျိုး။ ကျွန်တော်တို့ မကြိုက်ပေ မယ့် ရှောင်လွဲလို့မလွတ်နိုင်တဲ့ ရွက်ကြမ်းရေကျိုမျိုး ။ ရန်ကုန်ဟာ အနုပညာရှင်တွေကို မွေးဖွားပေးတယ်။ ရန်ကုန်ဟာ အနုပညာရှင်တွေကို သေဆုံးစေတယ်။ ရန်ကုန်ဟာ သူ့မှော်နဲ့ သူ့ပဉ္စလက်နဲ့ လှပနေတဲ့ မြို့ ကြီးတစ်မြို့ ဖြစ်တယ်။ စိုင်းဝင်းမြင့်ဟာ ရန်ကုန်ကို ဖွဲ့ဆိုခဲ့တယ်။
“ တစ်တွဲတည်းနေ ဝဋ်ဒုက္ခများ
အခန်းတံခါးနဲ့ လှေကား
အမြဲတမ်း သော့ခတ်ထားတယ် ။
နံရံမှာ တစ်ရောင်ထဲ စိတ်လေစိတ်လွင့်
လမ်းက အသံမှုန် အသံစလွင့်
တစ်ယောက်ယောက်ကို အသင့်ပြင်ထားတဲ့
တွဲလောင်းကျ လူခေါ်ခေါင်းလောင်းကြိုးများ
မျက်နှာချင်းဆိုင် အခန်းတွဲများမှာလည်း
ကိုယ့်အတွေးအခေါ်လို လမ်းမမျှော်များ
အခေါင်းထဲ အလောင်းမရှိသလို
အမြဲတမ်း အဝတ်အထည်များ ”
(မြို့တွင်းပြော အဝေးပြော)
အဲဒီကဗျာကု ကြည့်ရင် မြို့ပြရဲ့ မလုံခြုံမှု (sense of insecurity) ၊ ခြိမ်းခြောက်ခံနေရမှု (sense of threat) ၊ အထီးကျန်နေတဲ့ မြို့ပြလူသားများ (lonely crowd) ၊ မြို့ပြ လူလတ်တန်းစာဘဝရဲ့ ငြီးငွေ့ ဖွယ်ကောင်းမှု၊ ဘဝရဲ့ အနှစ်သာရ ကင်းမဲ့မှု စတာတွေကို တွေ့ ရတယ်။
တစ်ခါတလေလည်း လူအုပ်ထဲမှာ လမ်းလျှောက်ရင်း ကိုယ့်ကိုယ်ကို ပျော်အောင်လုပ်နေရတဲ့ ကဗျာဆရာကို အခုလို တွေ့ရပြန်တယ် ။
“ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်ထား
လူအုပ်ထဲ ဖြတ်လျှောက်
တစ်ယောက်တည်းမနေနဲ့
စိတ်ကို မနည်းထိန်းထား''
(တစ်ယောက်တည်းစကာ
တဖြည်းဖြည်းနဲ့ ကဗျာဆရာရဲ့ လေသံဟာ အေးစက်လာခဲ့တယ်။ သူ့ရဲ့ အစောပိုင်း စိုးရိမ်ထိတ် လန့်မှု (anxiety) ဟာ နောက်ပိုင်းမှာ စိတ်ဓါတ်ကျမှု (depression) အဖြစ် ကူးပြောင်းလာခဲ့တယ်။ သူဟာ ခံစားချက် ကင်းမဲ့လာခဲ့တယ်။ ပိုပြီး မပျော်မရွှင် ဖြစ်လာခဲ့တယ်။
''တစ်မြို့လုံး ကျွန်တော် လှည့်ပတ်ကြည့်ပြီးပြီ
တစ်ခု တစ်ကောင် တစ်ယောက်
ကျွန်တော့လို ခြောက်သွေ့နေတာ မတွေ့ဘူး''
(ကျွန်တော့နာမည်ကိုချရေးမိတယ်.. .စကားလုံးများ
သူဟာ မကြာခဏ ထင်ယောင်ထင်မှား ဖြစ်လာတယ်။ စိတ်တွေ ပိုမိုပံျ့လွင့်လာခဲ့တယ်။
“ နေရောင်ခြည်ဟာ
သစ်ရွက်တွေကြားက လျှောကျနေတယ်
ငါ့စိတ်တွေ တအားပံျ့လွင့်တာပဲ ”
(တခြားသော-၃)
''အခန်းအပြင်ဘက်မှာ
ခြေသံတရှပ်ရှပ် မကြားရဘူးလား
စားပွဲပေါ် တင်ထားတဲ့ပန်းအိုး
ကျမကွဲဘူးလား
နံရံမှာ
ကြမ်းခင်းမှာ
အရိပ်ဟာ မချောက်ချားဘူးလား ”
(တခြားသော-၃)
သူဟာ သေခြင်းတရားကိုတောင် ထိကိုင်မိလာတယ်။
“ အခု
နှင်းတွေ အရမ်းကျနေတယ်
အဝေးပြေးကားတွေ ရပ်ထားရတယ်
မမြင်ရခြင်း ကြိုးတစ်စ
ငါလှမ်းဆွဲလိုက်တယ် ”
(တခြားသော-၃)
ဒါ့အပြင် ကဗျာဆရာဟာ မမြဲခြင်းကို သိမြင်လာခဲ့တယ်။
“ ငါ ထိမိစမ်းမိသမျှဟာ စီးဆင်းနေတော့
ငါ ဘယ်လိုမှ ပေါ့ဆလို့မရဘူး
ဘယ်အရာဟာ ကြာကြာခံမလဲ
ငါ ပြုလုပ်မယ် ”
စိုင်းဝင်းမြင့်ရဲ့ ဇာတ်ကောင်ဟာ မော်ဒန်လူသား ဖြစ်တယ်။ သူ့ဇာတ်ကောင်ရဲ့ အဇ္ဈတ္တဟာ မော်ဒန်လူသားရဲ့ အဇ္ဈတ္တ ဖြစ်တယ်။ သူဟာ သိစိတ်နယ်ပယ်ရဲ့ အဆုံးနားထိ လျှောက်သွားခဲ့တယ်။ အဲဒီ နေရာကနေ ရူးသွပ်ခြင်း(insanity) ၊ သတ်သေခြင်း (suicide) ၊ မသိနိုင်သောအရာ (the unknown) စတာတွေကို လှမ်းကိုင်ကြည့်ဖို့ ကြိုးစားကြည့်ခဲ့တယ်။ ပြီးတော့ သူဟာ တစ်ယောက်တည်း စကားတွေ ပြောနေခဲ့တယ်။ သူ့ရဲ့ တစ်ယောက်တည်းစကားကို ခင်ဗျားတို့ ၊ ကျွန်တော်တို့ မကြားအောင် နားပိတ်ထား လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ခင်ဗျားတို့ ၊ ကျွန်တော်တို့ရဲ့ စိတ်ထဲကနေ ပြောနေတာကိုး ။
မိုးဂျာနယ်
အမှတ်(၂)၊ ၂ဝဝ၎
အောင်ခင်မြင့်
ခေတ်ပြိုင်မြန်မာကဗျာကို ချဉ်းကပ်ခြင်း မှ
“ Men are so necessarily mad, that not to be
mad would amount to another form of madness.”
ဗန်ဂိုး (Van Gogh) ဟာ အရူးပဲ။ အားတောက် (Artaud) လည်းအရူးပဲ။ ရှူးမန်း (Schumann)ရော ဘာထူးလဲ။ ဒါပေမယ့် သူတို့ဟာ ကျွန်တော်တို့ ချစ်ခင်လေးစားရတဲ့ အရူးတွေ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့ရဲ့ ရူးသွပ်ခြင်းဟာ အနုပညာရဲ့ ကြီးကျယ်မြင့်မြတ်မှု ဖြစ်လာခဲ့လို့ပဲ။ သူတို့ရဲ့ ရူးသွပ်မှုဟာ သူတို့ရဲ့ သူတို့ရဲ့ လေးနက်မှု ဖြစ်လာခဲ့တယ်။ သူတို့ရဲ့ စိတ္တဇကို ချဉ်းကပ်ရတာ အင်မတန် ကြောက်စရာ ကောင်းတယ်။ သူတို့ဟာ အလွန်ပြင်းထန်တဲ့သူတွေ ဖြစ်တယ်။ အဲဒီလို ပြင်းထန်မှုကြောင့်ပဲ သူတို့ရူးသွပ် သွားခဲ့ကြတယ်။ အနုပညာဟာ တစ်ခါတစ်ရံ အဲဒီလိုပဲ ။
စိုင်းဝင်းမြင့်ဟာ ရူးသွပ်ခြင်းကို ရွေးချယ်ခဲ့သူ ဖြစ်တယ်။ ဒါကြောင့် သူဟာ ကဗျာဆရာ ဖြစ်လာ ခဲ့တယ်။ သူဟာ “ သူစိမ်း” ဆိုတဲ့ သူ့ရဲ့ပထမကဗျာစာအုပ်မှာကတည်းက တစ်စုံတစ်ရာ ပြောဖို့ ကြိုးစားနေ သူ ဖြစ်တယ်။ အဲဒီနောက် ဒုတိယ ကဗျာစာအုပ် ထွက်လာပြန်တယ်။ အဲဒီကဗျာတွေမှာ သူ့ဇာတ်လိုက် (စိုင်းဝင်းမြင့်)ရဲ့ ထိတ်လန့်စိုးရိမ်မှု၊ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပုံ၊ ကိုယ်ကိုယ်တိုင်နဲ့ ကင်းကွာနေပုံ၊ သေ ဆုံးနေတဲ့ ခံစားချက်တွေ၊ အသက်ရှင်ခြင်းရဲ့ နာကျင်မှုတွေနဲ့ ကယ်တင်လို့ မရနိုင်တဲ့ လူ့အဖြစ်...စတာတွေ ကို မြင်ရတယ်။ ပြီးတော့...အလွမ်း၊ ကံမကောင်းခြင်း၊ အချစ်ကင်းမဲ့မှု၊ ဆင်းရဲနွမ်းပါးခြင်း၊ မျက်ရည်တွေ၊ စိတ်လေလွင့် ရှုပ်ထွေးခြင်းတွေ...စတာတွေ စတာတွေ။ ကျွန်တော် မကြိုက်တဲ့ကဗျာတွေပါပေမယ့် ကဗျာ အများစုဟာ ခငဗျားတို့ ၊ ကျွန်တော်တို့ရဲ့ ကြိုက်ခြင်း၊ မကြိုက်ခြင်းကို လျစ်လျူရှုထားတဲ့ ကဗျာဆရာရဲ့ မပြောမဖြစ်တဲ့ ဝေဒနာတွေ ဖြစ်တယ်။ စိုင်းဝင်းမြင့်ဟာ ပြဿနာရှိတဲ့အတွက် ပြောစရာရှိနေတယ်။ ခင်ဗျား တို့၊ ကျွန်တော်တို့ နားမထောင်လည်း ပြောနေမယ့် သူဖြစ်တယ်။ အဲဒါဟာ ဒုတိယကဗျာစာအုပ်မှာ သိသာ သွားပြီ။ စာအုပ်အမည်က “ တစ်ယောက်တည်းစကား”။ သေချာသွားပြီ။ သူ့ရဲ့လေးနက်မှုကို ကျွန်တော်တို့ လျစ်လျူရှုလို့ မရတော့ဘူး။ ဒါပေမယ့် ဒီထက်သေချာတာကတော့ မြန်မာမော်ဒန်ကဗျာမှာ ကျွန်တော်တို့ သူ့ကို ဥပေက္ခ္ခာပြူလို့ မရတော့ဘူး။
နံပါတ်စဉ် တပ်ထားတဲ့ သူစိမ်းကဗျာတွေရဲ့ အရေးပါတဲ့ theme တစ်ခုက “ ကင်းကွာခြင်း ခံစားမှု” (sense of alienation) ဖြစ်တယ်။ ကဗျာတွေကို confessional toneနဲ့ ဖန်တီးထားတယ်။ “ သူစိမ်း-၁၃ ”မှာ သူဆိုတဲ့ တတိယနာမ်စားကို တွေ့ရတယ်။ ကျန်တဲ့သူစိမ်းကဗျာတွေမှာတော့ ငါ (ပထမ နာမ်စာ ဖြစ် သွားပြန်တယ်။ စိုင်းဝင်းမြင့်ရဲ့ ဇာတ်လိုက်ဟာ မိသားစုကို ကျောခိုင်းခဲ့တယ်။ အဲဒီလို အိမ်နဲ့ဝေးပြီးနောက် သူ့ကိုယ်သူနဲ့လည်း တစ်စစ ကင်းကွာလာခဲ့တယ်။ သူဟာ အသက်ရှင်ရက်နဲ့ သေဆုံးခဲ့တယ်။ စိတ်နဲ့ ကိုယ်နဲ့ မကပ်။ သူ့ကိုယ်သူ မမှတ်မိ။ ကျွန်တော်တို့အဖို့တော့ သူဟာ စိတ်မတည်ငြိမ်တဲ့၊ သူ့ကိုယ်သူနဲ့ ကင်းကွာနေတဲ့၊ အနုပညာကို စွဲလန်းလွန်းတဲ့၊ အသက်ရှင်ခြင်းကို ငြီးငွေ့နေတဲ့ လူတစ်ယောက် ဖြစ်တယ်။ သူ့ပြဿနာရဲ့အစကို “ သူစိမ်း - ၅ ” မှာ တွေ့ရတယ်။
“ ငါ့ရဲ့ လူ့ အဖြစ်ကို
အမှုဖွင့်လိုက်တာ ဘယ်သူလဲ
မပြီးနိုင် မစီးနိုင် ငြီးစီစီရှည်လျား ”
အဲဒီအမှုအတွက်လိုက်တဲ့ ရှေ့နေကို နောက်ကဗျာတစ်ပုဒ်ထဲမှာ အခုလို တွေ့ရတယ်။
“ အမှုသွား အမှုလာ မကောင်းဘူး။
ငှားမိတဲ့ ရှေ့နေက ထစ်အ ရှည်လျား ”
ဒီနေရာမှာ စိုင်းဝင်းမြင့်ရဲ့ လေသံက kafkaဆန်နေတယ် (kafkaesque ဖြစ်တယ်)။ သူဟာ သူ မကျူးလွန်ခဲ့တဲ့ အမှုအတွက် တရားခံဖြစ်နေရပေါ့။
စိုင်းဝင်းမြင့် ဟာ မောင်ချောနွယ်နဲ့ မတူပြန်ဘူး။ စိုင်းဝင်းမြင့်ရဲ့ ဇာတ်ကောင်က အရက်မသောက်ဘူး။ ဆေးလိပ်မသောက်ဘူး။ အဲဒါကြောင့် သူ့ဇာတ်ကောင်ကို ကျွန်တော်တို့ ပိုစိုးရိမ်ခဲ့ရတယ်။ သူဟာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ပြီးတစ်ဆ
“ ရှေ့မှာ
ဝရန်တာ
ဝရန်တာရှေ့မှာ
ဓါတ်ကြိုး
ငါ့စိတ်တွေ အစိုးမရချင်ဘူး ”
အဲဒီလိုsuicidal tendency မျိုးကို ကျွန်တော်တို့ ထိတ်လန့်စွာ တွေ့ရှိရပါတယ်။
ဆေးလိပ်၊ အရက် မသောက်ပေမယ့် စိုင်းဝင်းမြင့်ရဲ့ ဇာတ်လိုက်ဟာ ဖဲသမားတစ်ယောက် ဖြစ် တယ်။ ဖဲချပ်တွေဟာ သူ့အဖို့ ကံကြမ္မာဖြစ်တယ်။ သူပွတ်တဲ့ ဖဲချပ်တွေကို ကျွန်တော်တို့ နောက်ကနေ မြင် ရတဲ့အခါတိုင်း သူ့ရဲ့အဆင်မပြေတဲ့ ကံတရားကို တွေ့မြင်ရတယ်။ ဒါပေမယ့် သူဟာ လောင်းကစားသွေး ပါတဲ့သူ ဖြစ်တယ်။ ဘယ်လောက်ပဲ ကံမလိုက်ပေမယ့် သူဟာ ဖဲထုပ်ထဲက နောက်ဖဲတစ်ချပ်ကို ထပ်ပြီး ကြည့်ချင်သူသာ ဖြစ်တယ်။ သူနှင့် အားချင်းမမျှတဲ့ ကံကြမ္မာကို အမြဲတမ်း လောင်းကြေးထပ် ယှဉ်ပြိုင်နေ ပြန်တယ်။
စိုင်းဝင်းမြင့်ရဲ့ ဇာတ်လိုက်ဟာ ရန်ကုန်မှာ ကျင်လည်ခဲ့တယ်။ သူဟာ ရန်ကုန်ကို သင်ယူခဲ့တယ်။ ရန်ကုန်ဟာ အနုပညာသမားတစ်ယောက်အတွက် ပြဌာန်းစာအုပ်တစ်အုပ် ဖြစ်တယ်။ လက်ဖက်ရည်ဆိုင် တွေ၊ နီယွန်ဆိုင်းဘုတ်တွေ၊ တိုးဝှေ့နေတဲ့ လူတွေ၊ ဆူညံနေတဲ့ မော်တော်ကားတွေ၊ ရှည်လျားတဲ့ မိုးနေ့ မိုး ညတွေ၊ ဓါတ်မီးတိုင်အောက်က မိန်းမပျက်တွေ...စတာတွေနဲ့ ရန်ကုန်ဟာ သင်ယူလို့မဆုံး။ ရန်ကုန်ဟာ ပါရီလို မလှဘူး။ ရွက်ကြမ်းရေကျိုမျှသာ ဖြစ်တယ်။ ဒါပေမယ့်လည်း ခေတ်ရဲ့ အသိပညာနဲ့၊ ဖက်ရှင်နဲ့၊ အထက်တန်းကျမှုနဲ့ ၊ ပါးနပ်မှုမာယာနဲ့ ပြင်ဆင်ထားတဲ့ ရွက်ကြမ်းရေကျိုမျိုး။ ကျွန်တော်တို့ မကြိုက်ပေ မယ့် ရှောင်လွဲလို့မလွတ်နိုင်တဲ့ ရွက်ကြမ်းရေကျိုမျိုး ။ ရန်ကုန်ဟာ အနုပညာရှင်တွေကို မွေးဖွားပေးတယ်။ ရန်ကုန်ဟာ အနုပညာရှင်တွေကို သေဆုံးစေတယ်။ ရန်ကုန်ဟာ သူ့မှော်နဲ့ သူ့ပဉ္စလက်နဲ့ လှပနေတဲ့ မြို့ ကြီးတစ်မြို့ ဖြစ်တယ်။ စိုင်းဝင်းမြင့်ဟာ ရန်ကုန်ကို ဖွဲ့ဆိုခဲ့တယ်။
“ တစ်တွဲတည်းနေ ဝဋ်ဒုက္ခများ
အခန်းတံခါးနဲ့ လှေကား
အမြဲတမ်း သော့ခတ်ထားတယ် ။
နံရံမှာ တစ်ရောင်ထဲ စိတ်လေစိတ်လွင့်
လမ်းက အသံမှုန် အသံစလွင့်
တစ်ယောက်ယောက်ကို အသင့်ပြင်ထားတဲ့
တွဲလောင်းကျ လူခေါ်ခေါင်းလောင်းကြိုးများ
မျက်နှာချင်းဆိုင် အခန်းတွဲများမှာလည်း
ကိုယ့်အတွေးအခေါ်လို လမ်းမမျှော်များ
အခေါင်းထဲ အလောင်းမရှိသလို
အမြဲတမ်း အဝတ်အထည်များ ”
(မြို့တွင်းပြော အဝေးပြော)
အဲဒီကဗျာကု ကြည့်ရင် မြို့ပြရဲ့ မလုံခြုံမှု (sense of insecurity) ၊ ခြိမ်းခြောက်ခံနေရမှု (sense of threat) ၊ အထီးကျန်နေတဲ့ မြို့ပြလူသားများ (lonely crowd) ၊ မြို့ပြ လူလတ်တန်းစာဘဝရဲ့ ငြီးငွေ့ ဖွယ်ကောင်းမှု၊ ဘဝရဲ့ အနှစ်သာရ ကင်းမဲ့မှု စတာတွေကို တွေ့ ရတယ်။
တစ်ခါတလေလည်း လူအုပ်ထဲမှာ လမ်းလျှောက်ရင်း ကိုယ့်ကိုယ်ကို ပျော်အောင်လုပ်နေရတဲ့ ကဗျာဆရာကို အခုလို တွေ့ရပြန်တယ် ။
“ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်ထား
လူအုပ်ထဲ ဖြတ်လျှောက်
တစ်ယောက်တည်းမနေနဲ့
စိတ်ကို မနည်းထိန်းထား''
(တစ်ယောက်တည်းစကာ
တဖြည်းဖြည်းနဲ့ ကဗျာဆရာရဲ့ လေသံဟာ အေးစက်လာခဲ့တယ်။ သူ့ရဲ့ အစောပိုင်း စိုးရိမ်ထိတ် လန့်မှု (anxiety) ဟာ နောက်ပိုင်းမှာ စိတ်ဓါတ်ကျမှု (depression) အဖြစ် ကူးပြောင်းလာခဲ့တယ်။ သူဟာ ခံစားချက် ကင်းမဲ့လာခဲ့တယ်။ ပိုပြီး မပျော်မရွှင် ဖြစ်လာခဲ့တယ်။
''တစ်မြို့လုံး ကျွန်တော် လှည့်ပတ်ကြည့်ပြီးပြီ
တစ်ခု တစ်ကောင် တစ်ယောက်
ကျွန်တော့လို ခြောက်သွေ့နေတာ မတွေ့ဘူး''
(ကျွန်တော့နာမည်ကိုချရေးမိတယ်..
သူဟာ မကြာခဏ ထင်ယောင်ထင်မှား ဖြစ်လာတယ်။ စိတ်တွေ ပိုမိုပံျ့လွင့်လာခဲ့တယ်။
“ နေရောင်ခြည်ဟာ
သစ်ရွက်တွေကြားက လျှောကျနေတယ်
ငါ့စိတ်တွေ တအားပံျ့လွင့်တာပဲ ”
(တခြားသော-၃)
''အခန်းအပြင်ဘက်မှာ
ခြေသံတရှပ်ရှပ် မကြားရဘူးလား
စားပွဲပေါ် တင်ထားတဲ့ပန်းအိုး
ကျမကွဲဘူးလား
နံရံမှာ
ကြမ်းခင်းမှာ
အရိပ်ဟာ မချောက်ချားဘူးလား ”
(တခြားသော-၃)
သူဟာ သေခြင်းတရားကိုတောင် ထိကိုင်မိလာတယ်။
“ အခု
နှင်းတွေ အရမ်းကျနေတယ်
အဝေးပြေးကားတွေ ရပ်ထားရတယ်
မမြင်ရခြင်း ကြိုးတစ်စ
ငါလှမ်းဆွဲလိုက်တယ် ”
(တခြားသော-၃)
ဒါ့အပြင် ကဗျာဆရာဟာ မမြဲခြင်းကို သိမြင်လာခဲ့တယ်။
“ ငါ ထိမိစမ်းမိသမျှဟာ စီးဆင်းနေတော့
ငါ ဘယ်လိုမှ ပေါ့ဆလို့မရဘူး
ဘယ်အရာဟာ ကြာကြာခံမလဲ
ငါ ပြုလုပ်မယ် ”
စိုင်းဝင်းမြင့်ရဲ့ ဇာတ်ကောင်ဟာ မော်ဒန်လူသား ဖြစ်တယ်။ သူ့ဇာတ်ကောင်ရဲ့ အဇ္ဈတ္တဟာ မော်ဒန်လူသားရဲ့ အဇ္ဈတ္တ ဖြစ်တယ်။ သူဟာ သိစိတ်နယ်ပယ်ရဲ့ အဆုံးနားထိ လျှောက်သွားခဲ့တယ်။ အဲဒီ နေရာကနေ ရူးသွပ်ခြင်း(insanity) ၊ သတ်သေခြင်း (suicide) ၊ မသိနိုင်သောအရာ (the unknown) စတာတွေကို လှမ်းကိုင်ကြည့်ဖို့ ကြိုးစားကြည့်ခဲ့တယ်။ ပြီးတော့ သူဟာ တစ်ယောက်တည်း စကားတွေ ပြောနေခဲ့တယ်။ သူ့ရဲ့ တစ်ယောက်တည်းစကားကို ခင်ဗျားတို့ ၊ ကျွန်တော်တို့ မကြားအောင် နားပိတ်ထား လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ခင်ဗျားတို့ ၊ ကျွန်တော်တို့ရဲ့ စိတ်ထဲကနေ ပြောနေတာကိုး ။
မိုးဂျာနယ်
အမှတ်(၂)၊ ၂ဝဝ၎
အောင်ခင်မြင့်
ခေတ်ပြိုင်မြန်မာကဗျာကို ချဉ်းကပ်ခြင်း မှ
Wednesday, August 28, 2013
မျက်နှာဖုံးနဲ့ကောင်
ကြောင်သူတော်တွေ ဟာ တစ်ကယ်တော့
ကြွက်ကို မခိုးချင်ပါဘူးတဲ့
သူ့လက်လေးတွေကို မြေကြီးနဲ့ပုတ်ခါ ၊ လှုပ်ခါ
လက်သည်းလေးတွေသွေးနေတာ
ရီတော့ ရီရသား ။
Bo Han
ဇာတိရနံ့
ငါမွေးဖွားရာ မွန်ကျေးရွာတစ်ခု ၊
ဧရာဝတီ စိမ်းမြဖန်ကွဲ၊ ခွဲအက်စီးလျက်
မြစ်လက်တက်ဘေး၊ ရွှံ့စေးပျော့ဖတ်
ဇလပ်ပင်တန်း ၊ မြစ်ကမ်းကိုင်းကျ
အိမ်ခေါင်းရင်းမှ ၊ ကွမ်းသီးခြံက
အိမ်ရှေ့ကမ်းစပ်၊ စောင်းလျားသီးရွှ
လွှမ်းမိုးရိပ်အုပ်၊ လှေဆိပ်တံတား
သမ္ဗာန်လှေများ ၊ လှော်ခတ်သံကြား
စပါးကျီက၊ အိမ်ဘေးမှလျင်
လယ်တစ်ခွင်လုံး၊ ကြည့်၍မဆုံး
ကနစိုငုတ်၊ နီပုပ်အမြစ်
ဗျိုင်းအုပ်နားရာ၊ ကဏန်းခိုရာ
အစိမ်းထဲမှ၊ အနီကွက်ကြား ။
ကွမ်းခြံလွန်သော်
အုတ်စီလမ်းမှ၊ သွားရသည်ကား
အဘိုးအဘွား၊ တည်ထားလှူထား
ခြင်္သေ့နတ်လမ်း၊ စင်္ကြန်ခန်းနှင့်
လက်ရန်းလှေကား၊ စိန်ထောင်သွားနှင့်
ကျွန်းသားတိုင်လုံး ၊ ရွှေရောင်ပြက်ဖုံး
ဘုန်းကြီးကျောင်းမှာ၊ ကိုရင်ဝတ်ခဲ့ ။
ငါ့အဖော်ကား
ကျေးသားဇလပ်သီး၊ ဖားပုဇွန်လုံး
လင်းမြွေနက်မှောင်၊ ချောပြောင်ကျွဲမျှော့
ရွှံ့ပျော့ငါးပြေး ၊ အဝေးပျံသွား
ဗျိုင်းအုပ်များနှင့်၊ ကြိုကြာငှက်များ
ကောက်ရိုးရနံ့ ၊ ဒိုက်ချွဲနံ့
ငှက်ပျောရွက်နံ့ ၊ ခိုချေးနံ့
ကြေးစည်သံ ၊ ဆန်ဖွပ်သံ
လှေခတ်သံ၊ နွားအ်ာသံ
ဂရို့ချိုးသံ ၊ စပါးလောင်းသံ
အစိမ်းလယ်ကွင်း၊ အဝါတလင်း၊
အပြာမိုးသား၊ နေ့များ လများ ကြယ်များ
ဖြတ်သန်းသွားခဲ့၊ လှုပ်ရှားရင်ခုန်
ငါ့အားမွေးဖွား၊ တောကျေးလက် ။
ငါ့အမေက
လယ်မြေသမီး၊ ငါ့အဖေက
ဘလုတ်ဘရားသား၊ အဝယ်တော်ပွဲစား
အဖေသွားရာ၊ မြို့ပြသွားနေ
ဗန္ဓုလဂျာနယ် ၊ တိုက်နှင့်မဝေးပြီ ။
ကီလီလမ်းမှ၊ ဝီလျှံလမ်းကြား
ဖြတ်သန်းပြောင်းရွှေ့ ၊ ဓာတ်ရထားလမ်းတွင်
ကျောက်ခဲတင်ခဲ့ ၊ မီးတောက်လက်လာ
ငါစောင့်ကြည့်ရာ ၊ ပျော်စရာပ
အမျိုးသားကျောင်း ၊ မက်သောဒစ်ကျောင်း
ယူနီဗာစီတီကျောင်း၊ ပညာသင်ကြား
ကျောင်းသားဘဝ၊ မြို့ပြမှာသာ ငါကြီးပြင်းခဲ့ရ ။
ကျောင်းထွက်ပြီးက
ကတ္တရာလမ်း၊ ပြောင်လက်နက်ကျော
အင်္ဂတေချော ၊ ကတ္တီပါမြက်ခင်း
ဝင်းပဖိတ်လျှံ ၊ ဖန်ရောင်မှန်ရောင်
ဆောင်ကူးစင်္ကြန်၊ အုတ်ကြွပ်နီကြန်
မိုးရေမစွတ်၊ သွားရလာရ
ပေါင်ဒါနံ့ ၊ ရေမွှေးနံ့ နှုတ်ခမ်းနီနံ့ ၊
ပါးနီနံ့ ဝီစကီနံ့ ၊ ဘီယာနံ့
မော်တော်ကားသံ၊ အနောက်တေးသံ
ဂျပ်စ်ဘင်သံ၊ လေလှိုင်းသံ
ယစ်ဝေပန်းလျ၊ ဖြတ်ဖြတ်ရွရွ
မြို့ပြမှာ၊ ကြီးပြင်းခဲ့ရ
ဒေါက်တာဇီးဗားဂိုး ဇာတ်ကားမှ
ဘာရီကီနို အိမ်ကြီးကို သတိရ ။
တိမ်တိုက်ပေါ်မှ
မြင်ရစက်ပြောက်၊ အောက်သို့ ငုံ့ကြည့်
မိမိဖြတ်ရာ၊ မြို့ပြပြည်ရွာ
သမုဒ္ဒရာ၊ နက်ပြနုရင့်
စိမ်းဝါလယ်ကွင်း၊ လှေကားတစ်စင်း
ပီကင်းစိုက်ပြီ၊ ကော်ဇောနီခင်း
လည်စည်းနီများ၊ ပန်းစည်းပေးဆက်
ဖြတ်သန်းပြန်ရာ၊ ဂိုဘီသဲကန္တာရ ။
မွန်ဂိုလီယ၊ အေးမြနှင်းခဲ
တွဲလောင်းခိုနား၊ နှာခေါင်းဖျားမှ
ဆိုက်ဘေးရီးယား၊ ရေခဲလွင်ပြင်
ကြယ်နီဆင်သ၊ ကရင်မလင်
မြားနီညရထား၊ ပစ်သွားမြန်ယာဉ်
လီနင်ဂရက်၊ ဝန်းယှက်တံတား
ချောင်းများစီးရစ်၊ စိမ်းသစ်ခွေကျွန်း
ဒနီးဗားမြစ်ဘေး၊ မေးတင်တောင်စောင်း
ဘုရားရှိခိုးကျောင်း၊ ရွှေရောင်ပြိုးပြက်
ကိယက်မြို့မှ၊ ပရဟာသို့
မြို့ပြရဲတိုက်၊ ဗုဒ္ဓဂါယာ
ဗာရာဏသီ၊ ဂင်္ဂါမြစ်ဝှမ်း
သွားလာလှည့်လည်၊ မြို့ပြပြည်များ
ဆွီဒင်တစ်ခေါက်၊ နောက်ဆုံးရောက်ခဲ့ ၁၉၆၂ ။
၇၅ နှစ်
ပိတောက်သစ်၊ စိန်ပန်းသစ်
နှစ်ပေါင်းများစွာ၊ မြို့ပြမှာနေ
မွေးမြေနှင့်စိမ်း၊ ဇလပ်နှင့်စိမ်း
ကျေးငှက်နှင့်စိမ်း၊ လယ်ကွင်းနှင့်စိမ်း
ဘောက်တူနှင့်စိမ်း၊ မျှော့နက်နှင့်စိမ်း
မွေးရက်တစ်နေ့ မိတ်ဆွေတွေ့ဆုံ
ကျေးလက်ဓလေ့၊ ထမင်းဝိုင်းမှာ
ရောက်တတ်ရာရာ၊ လွတ်လပ်စွာပြော
ပြုံးကာရယ်ကာ၊ နေရာမထ
ဓမ္မသုခ၊ မဲဇာအနီး
ဘုန်းကြီးကျောင်းမှာ၊ ဖိတ်စာမကမ်း
သတိရသူ၊ ချစ်ခင်သူများ
သတင်းကြားနှင့် လာရောက်ကြပြီ
မွေးရာအိမ်ကြီး၊ ပျက်ပြိုစီးလည်း
ဘုန်းကြီးကျောင်းနှင့်၊ ပိတောက်ပွင့်နှင့်
လက်ဖက်ရည်ဝိုင်း၊ ကဗျာဝိုင်းနှင့်
ဇာတိရနံ့ ၊ ထုံမွှေးနေဆဲကို ။
ဒဂုန်တာရာ ( ၃. ၆. ၉၄ )
ဒီကဗျာထဲက အကြောင်းအရာတွေက ခင်ဗျားကိုပဲ ရည်ညွန်းပါတယ်
ပါးစပ်ထဲ အသားရောက်ရင် ဝါးရမယ်ဆိုတာ ခင်ဗျားသိတယ်
ကျည်ဆန်မပါဘဲ ရန်သူပစ်လို့မရဘူးဆိုတာလည်း ခင်ဗျားသိတယ်
ဒါပေမဲ့ ခင်ဗျားဟာ ခပ်တုံးတုံးခပ်အအ
ခင်ဗျားမှာ ခြေတွေလက်တွေမရှိဘူး ဒီထက်ဆိုးတာ ခင်ဗျားမှာ ဦးခေါင်းမရှိဘူး
ဒါကြောင့် ကျွန်တော့်လည်မျိုကို သူတို့ဖိညှစ်နေကြပြီလို့ ခင်ဗျားအော်တာပေါ့
ခင်ဗျားဟာ ကိုယ့်တွင်းကိုယ်တူးပြီး ပိုမှောင်တဲ့နေရာဆီသွားနေတာပဲ
ခင်ဗျားသာ ဆရာဝန်ဖြစ်ရင် ခဲတံကိုခွဲစိတ်ဓားနဲ့ချွန်မှာပဲ
အကယ်၍ ဂီတသမားဖြစ်ရင် တင်းနစ်ဘောလုံးကိုတယောနဲ့ရိုက်ြ
ခင်ဗျားဟာ ပညာကို ဘယ်မြေကြီးကတူးရမှန်းသိပေမယ့် တူးစရာလက်နက်ကို မတီထွင်တတ်ဘူး
ဘောလုံးကို ခင်ဗျားသဘောကျတာ သဘာဝကျပါတယ်
လိမ်လိုက် ခေါက်လိုက် ဆွဲပြေးလိုက် ချိန်သားကိုက်ဂိုးသွင်းလိုက်နဲ့
ဓားမပါပဲ ထင်ခုတ်သွားရတာ အရသာရှိလွန်းတယ်လို့ ခင်ဗျားပြောခဲ့တယ်
ဒါအချောင်သမားပဲ
တစ်ခုခုခက်ခဲလာပြီဆို ခင်ဗျားက တင်းနစ်ရုံထဲဝင်သွားတယ်
ဟိုပို့လိုက် ဒီပို့လိုက်ဟာ ခင်ဗျားကျင့်သုံးနေကျ ကစားနည်းတစ်မျိုးပဲမဟုတ်လား
တကယ်တော့ ခင်ဗျာဟာ လူတော်တစ်ယောက်ပါ
လူ့အဖွဲ့အစည်းနဲ့ လူ့ပတ်ဝင်ကျင်ကို ခင်ဗျားကောင်းကောင်းနားလည်တယ်
ဒါပေမဲ့ ခင်ဗျားဟာ ခပ်တုံးတုံးခပ်အအ
ဒါကြောင့် ကျွန်တော့်လည်မျိုကို သူတို့ဖိညှစ်နေပြီလို့ ခင်ဗျားအော်တာပေါ့
ဒါကြောင့် ကျွန်တော်တို့ချင်းတွေ့ရင် ခင်ဗျားအကြောင်း ပြောကြတယ်
ခင်ဗျားမှာ ခြေတွေလက်တွေမရှိဘူး ဒီထက်ဆိုးတာ ခင်ဗျားမှာ ဦးခေါင်းတွေမရှိဘူး
အကယ်၍ ကျွန်တော်တို့ထင်မြင်ယူဆချက်တွေ
မှန်ပေးဖို့ကျွန်တော်တို့မှာ အစီအစဉ်မရှိတော့ဘူး
ဘာကြောင့်လဲ ဆိုရင်
ကျွန်တော်တို့ လည်မျိုကို သူတို့ ဖိညှစ်နေပြီလို့ ခင်ဗျားအော်သလို
ခု ... ကျွန်တော်တို့လည်မျိုကိုလည်း ခင်ဗျားကဖိညှစ်နေပြီလေ...။
ဥတ္တရာအောင်
“ နတ်စကား ”
အလွန်ချိုမြိန်ပြီး
အရည်ရွှမ်းပြီး
အနံ့အရသာထူးကဲသော
အလွမ်းများ များစွာ ထူထဲကြွယ်ဝသော
လောကကြီးမှာ
ကျွန်တော်ပျော်မိပါပြီ ။
အဆုံးအရှုံးများကိုလည်း
ဆုလာဘ်များလို
ဂုဏ်ယူတတ်ပါပြီ ။
ဒဏ်ရာများရလာလျှင်
ရင်ထဲမှာ ပန်းတွေပွင့်ရဲခဲ့တဲ့ သတ္တိ
ကျွန်တော် ရရှိခဲ့ပါပြီ ။ ။
သုခမိန်လှိုင် ( မဟေသီ-သြဂုတ်၊၂ဝဝ၁)
“ မိမိခိုင်ကို မနှိပ်စက်နဲ့ ”
မိန်းမဆိုတာ
တောင့်ချင်သလောက်တောင့်
ဓာတ်တိုင်ဆိုတာ
ဖြောင့်ချင်သလောက်ဖြောင့်
ကြည့်ကောင်းတယ် ။
မကြည့်ရင် မမြင်ဘူး
မသွားရင်မရောက်ဘူး
နားလည်မှုက မိသားစုမှာ အခရာကျတယ် ။
မိမိခိုင်ကို မနှိပ်စက်နဲ့ကွာ
အရက်သောက်ပြီး ရေးတဲ့ကဗျာက
အရက်ရဲ့တိုက်စားမှုကို ဘယ်လောက်ခံမှာလဲ ။
ဘောလုံးသမားနဲ့ တံတားဆောက်ဆောက်
အင်ဂျင်နီယာနဲ့ ဘောလုံးကန်ကန်
အိမ်ကို မိုးကြီးချုပ်မှ ပြန်ပြန်မလာနဲ့ ။
ငါတို့ပေါ် မှီတည်တဲ့
ငါတို့ သားသမီးရဲ့ ဒုက သုခ
အကြောင်းအမျိုးမျိုးပြပြီး
ဝင်ရိုးစွန်းဝက်ဝံလို တစ်ကိုယ်ကောင်း မဆန်နဲ့ ။
မြန်မာစာသည် တို့စာ
မြန်မာစကားသည် တို့စကား
အချစ်အကြောင်းတော့ ငါလည်းပြောလို့ရတယ်
အရေးကြီးတာ အလုပ်ပဲ ။
နွယ်စိမ်းဝေ
မနေ့က ပုံပြင်ရဲ့ အဆက်
ကုက္ကိုပင်တွေ
လသာရင် ငိုတဲ့ကြောင်း
တောင်ကုန်းလေးက
မဟောင်းသေးတဲ့
တေးတစ်ပုဒ်ကို ငြီးလို့ ။
လိမ္မော်သီးတစ်လုံး
“ ဗြုန်း ” ဆို
အရှေ့ဆီက ထွက်တာနဲ့
တဲရှင်တို့
တောင်ကုန်းလေးဘေးက
ထွက်သွားကြ ။
နွေလေပြေ မကြောက်
မိုးရေထဲလျှောက်
နှင်းဝေဝေအောက်
ချွေးပေါက်တို့ ကျရင်း
အလုပ်လုပ် ၊ လုပ်ကြရပေါ့ ။
တောင်ကုန်းလေး ပုခုံးက
ပန်းသီးတစ်လုံး ပြုတ်ကျဆဲ
တဲအိမ်တွေဆီပြန်လာကြ ။
ဒါဟာလည်း
ကမ္ဘာကြီးပေါ်က
ဘဝမျှင်မျှင် တဲရှင်တွေရဲ့
နေ့တဓူဝပေါ့ကွယ်။
တဲအိမ်လေးများ
ခရီးထွက်တဲ့ညက
သစ်ရွက်ကလေးတွေ
လေညှင်းလာပေမယ့်
တေးမသီနိုင်ရှာခဲ့ ။
တောင်ကုန်းလေးရဲ့ဘေးက
သူ့အဖေါ်တဲအိမ်လေးနဲ့
ခွဲရက်ကြတာ
ဝမ်းနည်းတဲ့အကြောင်း ...
ကုက္ကိုပင်တွေ
လသာရင် ငိုတဲ့ကြောင်း
တောင်ကုန်းလေးက
မဟောင်းသေးတဲ့
တေးတစ်ပုဒ်ကို ငြီးလို့
နေညိုညိုဆို ငိုငိုနေတတ်သတဲ့ ...။
အောင်လွန်းမြိုင်
ကောင်းကင်နှင့် လွဲခန်း
ကောင်းကင်
အပြာရောင်သန်းပြီး
ကြည်နူးဖွယ် အဆင်သွေးမျိုးစုံနဲ့
သာယာနေတာက
မိုးတိမ်တွေပေါ့ ။
မြေပေါ်က
ဒုက္ခအစိုင်အခဲတွေကိုတော့
လူတွေလို့
မိတ်ဆက်မပေးကြပါစို့နဲ့ ။
သုခမိန်လှိုင်
(၁၉၉၅ မဟေသီမဂ္ဂဇင်း)
ထမ်းထားချင်ခဲ့တဲ့ ကမ္ဘာ
လွဲချော်မှုတွေဟာ
အဲဒီက စခဲ့တာပါပဲ
ခပ်ငယ်ငယ်ကတည်းက
ကမ္ဘာကြီးကို ထမ်းချင်ခဲ့တာလေ ...... ။
ဒါနဲ့
သမုဒ္ဒရာတွေကိုဖြတ်ဖို့
တိုက်ကြီးတွေကို ပတ်ဖို့
ဖတ်ရှုလေ့လာ
မာကိုပိုလိုကို သိခဲ့
ကိုလံဘတ်(စ်)ကိုသိခဲ့
ရိုဒင်ကို သိခဲ့
ဗန်ဂိုးကိုသိခဲ့
ဒါပေမဲ့
မိဘမေတ္တာ ဆိုတာ
ဘတ်စ်ကားနာမည် မှတ်လိုမှတ်
ပိဋကတ်လည်း အာဂုံမဆောင်နိုင်
ကိုယ်ဘာကောင်ဆိုတာလဲ
ကိုယ့်ဟာကိုယ်မသိ
အမှားတွေကို ပိပိရိရိ ကျူးလွန်ရင်း
အလွဲလွဲအချော် ကြီးပြင်းလာ
ခုချိန်မှာတော့
လူဟာလည်း ထောင်းလမောင်းကြေ
စိတ်တွေလည်း ခြေကုန်လက်ပန်းကျ ။
အင်း....ဘဝဆိုတာ တိုက်ပွဲပါပဲ
ဒါပေမဲ့ လူဆိုတာကလည်း
ဒဏ်ရာရနေတဲ့ ရဲဘော်လေ ..... ။
ကမ္ဘာကြီးရေ
ခင်ဗျားကိုထမ်းဖို့ နေနေသာသာ
ကျုပ်ကိုယ်ကျုပ်တောင် အနိုင်နိုင်ဗျာ ။ ။
မင်းချစ်သူ(ရုပ်ရှင်တေးကဗျာဇွန်
လူအဖြစ် ရဲ့ တေး
အလိုရမက်တွေနဲ့ စိတ်ဆိုးမာန်ဆိုး တွန့်ခေါက်
အမွှေးအမျှင်ထူထူ
ဟောဒီ - အလေနတော အသားတုံးကြီး
ကြာပြီ ။
မီးကျွမ်းသစ်တုံးတစ်စလို ပြီးဆုံးသွားမှာလား ........
ကစားပွဲတစ်ခုသာသာမျှ ....
အဲသလို အကြိမ်ကြိမ် မှောက်မှားရင်း
အစကိုမသိနိုင်တဲ့ ဆက်ထုံးတွေထဲ
မနေ့ကအတိုင်းဖြစ်ခဲ့ပြီ ။
အနုပညာမြောက်မှု ဘဝနဲ့တူပေမဲ့
ဘဝဟာအနုပညာမမြောက်လှပါဘူး ။
အဲဒီမသိသားဆိုးဝါးမှု တွေလေ
ဘယ်လောက် ပျော်ပါးရဦးမှာလဲ
စမ်းချောင်းကလေးကိုသာ ခူးဆွတ်ဖို့ အလိုရှိသင့်ရဲ့ ။
ဘယ်သူ ဖြောင့်တန်းခဲ့ပါသလဲ
ကမ်းပါး မရှိသူတွေအလျားဆန့်ကြပေတော့
စင်ကြယ်မှုဖြင့်သာပေါက်ရောက်စို့
လူ့ဘဝဟာ
ဆီလျော်အောင် ဘာသာပြန်လို့မရပေဘူး ။
မောင်ဆေးရိုး
ဟန် ပျက် ခြင်း
ဆယ်ခြောက်အဆင်နဲ့
ဘဝကိုရင်မခုန်ချင်လို့
နောက်တစ်ဖဲ ထပ်ဆွဲလိုက်ခါမှ
ဆယ်ဖဲက တက်လာ ။ ။
စိုင်းဝင်းမြင့်
(ရုပ်ရှင်တေးကဗျာ ၊ နိုဝင်ဘာ ၁၉၉၇)
ရှည်ကြာစွဲမြဲ
ငယ်ငယ်ကတည်းက စဉ်းစားရင်း အဖြေရှာမိခဲ့တယ်
မိုးကောင်းကင်ကြီးရဲ့နောက်ကွယ်မ
ကြယ်ပွင့်ကလေးတွေတွေထဲမှာ ဘာတွေရှိပါလိမ့် ။
ငယ်ငယ်ကတည်းက စဉ်းစားရင်း အဖြေရှာခဲ့မိတယ်
လူတွေဟာ အလုပ်လုပ်ကြတာတူပါလျက်
ဆင်းရဲသူကမတရားဆင်းရဲတတ်ပြီး
ချမ်းသာသူက မတရားချမ်းသာတတ်တာ ဘာကြောင့်ပါလဲ ။
ငယ်ငယ်ကတည်းက စဉ်းစားရင်း အဖြေရှာ
လောကကြီးထဲ လူတွေဘာကြောင့်ဖြစ်ပေါ်လာပါလိမ့်
ငါရယ်လို့ ဘာကြောင့် ဖြစ်ပေါ်လာသလဲ ။
စဉ်းစားရင်း စဉ်းစားရင်း ကြီးပြင်းခဲ့
ကြီးလာပေမဲ့ အဖြေက စိတ်တိုင်းမကျ
သေချာတာတစ်ခုတော့ ရှိတယ်.....
ကိုယ်နေထိုင်တဲ့ ကမ္ဘာကို ချစ်နေသေးတာပဲ
သေချာတာတစ်ခုတော့ ရှိတယ်.....
ချစ်ချင်းမေတ္တာ ရှိနေခဲ့လို့ နေပျော်တာပေါ့
မေးခွန်းတွေ များများလာလို့ ဘဝသန်စွမ်းနေတာပေါ့ ။ ။
ထွန်းဝေမြင့်
မိုးရွာတော့မည်
ရွာမည်လားမိုး ၊ အစိုးမရ
လိမ့်အိကျဆင်း ၊ ကြေကွဲခြင်းလား
ထိန်းမထားတတ် ၊ တရစပ်နဲ့
မရပ်မနားရွာပါလေ ။
ငြိမ်သက်ညိုမှောင် ၊ ပြိုမယောင်နဲ့
ကြာခဲ့ပြီပဲ ၊ သိမ်းဆည်းထားခိုက်
တရှိုက်ရှိုက်စ ၊ ရွာချမလို
စွတ်စိုလဲ့ရည် ၊ ဖွဲ့သီခိုချိတ်
ကြေကွဲရိပ်မှာ
စိတ်ချလက်ချရွာလိုက်လေ ။
ဘာသာပြိုကြဲ ၊ မပေါ်က်ကွဲနဲ့
သဲသဲစိတ်စိတ် ၊ ခပ်တိတ်တိတ်ရွာ
ဖြေသာအောင်ထိ ၊ အခွင့်ရှိခိုက်
ရွာလိုက်ပါလေ ၊ မိုးရေတွေထဲ
စဲတဲ့အထိ ၊ ကျွန်တော်ရှိမယ်
နားလည်တည်စွမ်း
ခမ်းသွားအောင်သာရွာပါလေ ။
အတားသက်သက် ၊ မထားရက်သော
မိုးစက်တောကြား ၊ ခံစားဝေမျှ
နေပါ့မယ်လေ ၊ဝေဒနာဟာ
အဖြေရှာခက် ၊ တွက်မရရင်
ရွာချင်လားမိုး ၊ အငြိုးမထား
အခါးမဖက် ၊ မိုးရေစက်နဲ့
ငြိမ်သက်ညင်သာ ၊ ရွာလိုက်လေနော်
ကျွန်တော်ရှိမယ် ၊ နားလည်တည်စွမ်း
ခမ်းသွားအောင်သာရွာပါလေ ။ ။
အောင်ဒင်
ကျွန်ုပ် ချာလပတ်လည်နေသော ခက်ကြီး တစ်ဆယ့်နှစ်ပါးကိစ္စ
ခက်တာက
သူတောင်းစား ခွက်ပျောက်နေတာကို မသနားဘဲ
သူဌေး သင်္ဘောမှောက်တာကို
မျက်နှာလို မျက်နှာရလုပ်တဲ့... ကိစ္စ
ဖောင်ခြမ်းကွဲ ကိုယ်ဖော့နည်းကို
မရမကကျင့်သုံးပြီး
ဘူးတောင်းရေနစ်နည်းကိုတော့
အသုံးမဝင်ဘူး... ဟဲ့ လို့ .. ပစ်ပယ်ထားတဲ့ကိစ္စ
ပုန်းနေပေမဲ့
ရှာသူမရှိရင် နာတယ်ဆိုတဲ့
ဆရာမြို့မငြိမ်းပြောတဲ့
ခိုးလိုးခုလု ကိစ္စ
ဖိုးသူတော်မျက်စိလည်လေ
ဆွမ်းဆန်ရလေဆိုတဲ့ စကားမှာ
ဖိုးသူတော် တကယ် မျက်စိလည်တာလား
မျက်စိလည်ချင်ယောင်ဆောင်နေတာလား
ဝိဝါဒမကွဲတဲ့ ကိစ္စ
ခက်တာက
စာတော ပေတောမှာလည်း
ကြောင်ကို အတောင်ပံတပ်ပေးလိုက်သလိုပဲဆိုတဲ
ကျားသေကို အသက်သွင်းပေးလိုက်သလိုဆိုတဲ့ ကိစ္စ
အနိစ္စ သဘောနဲ့
ကိစ္စ ချော(လျှော)တယ်ဆိုတာ
နဘေ စစ် မစစ် ကိစ္စ
လူကို ခွေးကိုက်ခြင်းနဲ့
ခွေးကို လူကိုက်ခြင်းဆိုတာ
ဘယ်ဟာ သတင်းဖြစ်မှန်းမသိတဲ့ကိစ္စ
ငိုရခက်၊ ရီ (ရယ်) ရခက်ဆိုတာ
ဘယ်လိုမျက်နှာထားကြီးမှန်းမသိတဲ
မောင်နှင်းခိုင်
ဧပြီ ၊၂ဝဝ၆
စီးကရက်သောက်ခြင်း အနုပညာ
ရှင် ကျွန်မကို တစ်လိပ်ပြီးတစ်လိပ် သောက်ပစ်တယ်။
ရှင် ကျွန်မကို တစ်နေ့ပြီးတစ်နေ့ သောက်ပစ်တယ် ။
ကျွန်မ ဘဝကို ပထမဆုံးလောင်ကျွမ်းစေခဲ့တာ ရှင်။
ရှင့်မျက်နှာရှေ့ကနေ မကြာခဏ မောင်းထုတ်ခံရတာ ကျွန်မ ။
ကြမ်းပေါ်လွှင့်ပစ်ပြီး ခြေထောက်နဲ့ နင်းခြေခဲ့ခံရ အကြိမ်ကြိမ် ။
နောက်ဆုံးတော့ ပြာမှုန်တွေအဖြစ် အမှိုက်ပုံးထဲမှာ ။
ဒါပေမယ့် ကျွန်မဘဝကို ကျွန်မ ကျေနပ်မိပါတယ် ။
ရှင့်နှုတ်ခမ်းဖျားကနေ တယုတယ
မီးခိုးငွေ့ကွင်းလေးတွေအဖြစ် လှလှပပ
စိတ်လိုလက်ရ ရှင်မှုတ်ထုတ်နေတတ်တဲ့
ဟိုးအရင်အချိန်တွေကို ပြန်တွေးမိရင်ပေါ့ ။
မြင့်မိုးအောင်
Saturday, August 24, 2013
** မြန်မာမလေး မ, ယဉ်ကျေး **
ဘုရား တရား သံဃာ
ရတနာ မြတ်သုံးပါးနဲ့ 
ဆရာသမား မိဘ
အနန္တာ အနန္တကို
အမြဲဦးချ သတိတရနဲ့ 
တုပ်ကွရှိခိုး မြတ်နိုးလေ့ရှိတဲ့ အမူအရာ
ဗုဒ္ဓဘာသာ အစဉ်အလာပါ ။
သမီးကလေး အိပ်ယာကနိုးရင်
ဘုရား ရှိခိုးရဲ့လား ။
ဘုရားစဉ်မှာ အမြဲလမ်းဖို့ 
ပန်းရေချမ်းမှ ကပ်ရဲ့လား ။
ကိုယ်မစားခင် စားဦးတင်ဖို့ 
ဆွမ်းတော်ပွဲမှ ပြင်ရဲ့လား ။
ကမ္ဘာသားတွေ မေတ္တာဝေ
ဒူဝေေ၀သံ သာရဲ့လား ။
မိမိပြုသမျှ လှူဒါန
အမျှ အမျှ ဝေရဲ့လား ။
ရေလိုအေးလို့  ပန်းလိုမွှေး
ငြိမ်းအေးကြည်သာ ရှိရဲ့လား ။
ကိုယ်မှုနှုတ်မှု၊ စိတ်မှု
သာဓုသံဆို ချိုရဲ့လား ။
မြန်မာပြည်သူ၊ စိတ်ထားဖြူ
လူနှင့်လူချင်း၊ ချစ်ခင်ရင်း
သတင်းမွှေးပျံ့  နူးညံ့တယ် ။
လောကဓံကွေ့ ၊ ဘယ်လိုတွေ့ တွေ့ 
မရွေ့ မဏ္ဍိုင် ၊ မယိမ်းယိုင်
စိတ်ခိုင်ခိုင်လဲ ထားပါတယ် ။
စာရိတ္တအကျင့် ၊ ဇာတိမြင့်
ဥာဏ်နဲ့  ယှဉ်ကာ၊ မျှတစွာ
ငါ၏အရေး ၊ သူ့ အရေး
တပြေးညီညီ ကျင့်ပါတယ် ။
ဗုဒ္ဓသားကောင်း၊ သမီးကောင်း
စိတ်ကောင်းမွေးမှ၊ စာကောင်းရ
စိတ်လှစေမှု၊ လုံးလပြု
စိတ်နုသူလဲ မဟုတ်ချေ
အနေရဲအောင် နေပါတယ် ။
မြန်မာမလေး မ,ယဉ်ကျေး
သတင်းပျံ့ မွှေး၊ ဂုဏ်ပျံ့ မွှေး
ဝေးနီးကျော်စေ ချင်ပါတယ်။
တင်မိုး
** ကြင်နာမှု **
ငါ့မျက်ရည်
ဆဲသည်ကိုလည်း သူမှုခဲ ။
ငါ့မျက်ရည်
ဆိုသည်ကိုလည်း သူမှုခဲ ။
ငါ့မျက်ရည်
နင်းသည်ကိုလည်း သူမှုခဲ ။
ငါ့မျက်ရည်
နှိမ်သည်ကိုလည်း သူမှုခဲ ။
ခုတခါမူ
ငဲ့ညှာထောက်ရှု ၊ ကြင်နာမှုကြောင့်
ဥကာ လည်ကာ ၊ ၀ိုင်းကာ လာသည်
ငါ့မှာ အံကြိတ်ထားရ၏ ။ ။
မင်းသုဝဏ်
** လေလွင့်သူရဲ့တိမ် **
မုန်းတီးမှုများ
နေ့စဉ် စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။
နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းလုပြီ ။
လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ရှက်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရား တ,ရင်း စိန်ခေါ်ခဲ့ရပြီ ။
ဂုဏ်သိက္ခာတွေ ကြေမွပြီး
စီးထားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့အခါ
ဘ၀ဆိုတာ ကောလဟလပါပဲ ။
ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူများ
အားလုံးရဲ့နောက်မှာ
ငါ ……
လေဆာရောင်ခြည်သေနတ်နဲ့
လူသတ်ချင်တယ် ။
ဒါပေမယ့်
ဘာတွေမှ တွေးမနေနဲ့
တိမ်တွေရဲ့ကိစ္စ
ရာသီတွေရဲ့ ကိစ္စ
လောကကို မတောင်းဆိုလိုက်လေနဲ့
ဣနြေ္ဒကြီးတဲ့ ကောင်းကင်လို နေလိုက်ပေါ့ ။ ။
ဂျူး။
မာယာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၈၊ အတွဲ ၃၊ အမှတ် ၁
Monday, August 19, 2013
ကဗျာဆရာ၏ ရိုးးဖြောင့်မှု ( ဒဂုန်တာရာ )
ကဗျာဆရာ၏ ရိုးးဖြောင့်မှု ( ဒဂုန်တာရာ )
(က)
လွန်ခဲ့သော ၁ဝ နှစ်ကျော်လောက်က စ၍ ခေတ်ပေါ် မြန်မာ စာပေ
လောကတွင် ကဗျာသစ် အားထုတ်မှု တစ်ရပ် လူငယ်များ ဆောင်ရွက်
နေကြသည်ကို သတိပြုမိသည်။ ကျွန်တော် စိတ်ဝင်စားမိသည်။ ကဗျာ
ပုံသဏ္ဌာန်သစ် တီထွင်ဆန်းသစ်မှုပြုခြင်းကို ကျွန်တော် အားပေးချင်သည် ၊
စိတ်လည်း စိတ်ဝင်စားသည်။ ထို့ ကြောင့် သူတို့၏ အရေးအဖွဲ့များကို
တတ်နိုင်သလောက် ဖတ်ရှု လေ့လာခဲ့သည် ။ ခံစားမှုတွေ့သော အရေးအဖွဲ့
မျိုးကို ရှာကြည့်မိသည် ။ တွေ့သည့်အခါ တွေ့သည် ။ ယင်းသည် ကျွန်တော်
တစ်ယောက်တည်းအတွက် ဖြစ်ပါလိမ့်မည် ။ ခံစားသူတို့လည်း ခံစား
ကြပါလိမ့်မည် ။ ကြိုက်သူတို့လည်း ကြိုက်ပါလိမ့်မည် ။ ထို့ကြောင့်ပင်
မဂ္ဂဇင်းတိုင်းတွင် ယင်းသို့သော အရေးအဖွဲ့ ကဗျာအမျိုးအစားများကို
ထင်ရှားစွာ တွေ့နိုင်ခြင်းဖြစ်သည် ။
ကျွန်တော်စိတ်ဝင်စား၍ ဖတ်ကြည့်သောအခါ နုပျိုပွင့်သစ်စ လူငယ်
တို့သည် ယင်းအရေးအဖွဲ့မျိုးကို ရေးသားနေသည်ကို တွေ့ရသည် ။
ကျွန်တော်က အယ်ဒီတာတစ်ဦးကို မေးကြည့်သည် ။ “ ခင်ဗျား နားလည်
သလား ၊ ခင်ဗျား နားလည်လို့ ထည့်သလား ” ဟု မေးသည် ။ သူက ပြော
သည်။ “ နားတော့မလည်ဘူး ၊ ဒါပေမဲ့လို့ ထည့်ရတယ် ၊ စာဖတ် ပရိသတ်
ရှိတယ် ထင်တယ် ။ ”
ယနေ့ခေတ်သည် စာဖတ်ပရိသတ်ရှိမှသာလျှင် ရပ်တည်နိုင်မည်
မဟုတ်ပါလား ။
ထိုအယ်ဒီတာသည် ရိုးသားသည် ၊ အခြားအယ်ဒီတာများကိုတော့
ကျွန်တော် မမေး ၊ ကိစ္စမရှိ ။ ခေတ်ဆိုသည်က အမျိုးမျိုးရှိသည် မဟုတ်ပါ
လား ။ သည်တော့ ကျွန်တော်က ကဗျာလှုပ်ရှားမှုက ရှိနေသည်ဟု နားလည်
လိုက်သည် ၊ မည်သည့်ဘက်သို့ ဦးတည်သွားနေကြသလဲ ၊ ကျွန်တော်
စိတ်ဝင်စားသည် ။ သူတို့သည် ကဗျာသစ်ကို စိတ်ဝင်စားသည်ကို တွေ့ရ
သဖြင့် ကျေနပ်မိသည် ။ သို့သော် ဘယ်ကလောက် တီထွင်ဆန်းသစ်
ကြသလဲ၊ ကျွန်တော်စိတ်ဝင်စားသော မေးခွန်းဖြစ်သည်။ ကျွန်တော်က
တစ်စုံတစ်ရာ အသစ်ဆီသို့ ဦးတည်နေသော လှုပ်ရှားမှုက မှန်သည် ၊
လှုပ်ရှားနေဆဲဟု ကျွန်တော်နားလည်လိုက်သည် ။ ကူးခပ်နေကြသည် ၊
သို့သော် ကမ်းစပ်သို့ ရောက်ပြီလား ၊ ကျွန်တော် အမြင်က တော့
မရောက်သေး ၊ ကူးခပ်နေဆဲ ၊ လှုပ်ရှားနေဆဲဟု ယူဆသည် ။
သဘောတူသူလည်း ရှိမည် ၊ မတူသူလည်း ရှိမည် ။ ယင်းကာလကို
ကျွန်တော်က ကြားကာလဟု ယူဆသည် ။ အချို့ကတော့ ကမ်းစပ်ရောက်ပြီ
ဟု ပြောသံကြားရသည် ။ ကျွန်တော် သိပ်သဘောမတူချင် ၊ ကိစ္စမရှိ ။
ကျွန်တော် တစ်ယောက်တည်း သဘောမျှသာ ဖြစ်၍ တခြားသူတို့နှင့်
သဘောချင်း တူချင်မှ တူမည် ။ လွန်ခဲ့သော ၁ဝ နှစ်ခန့်က ပုတီးကုန်း
ကိုစိန်ဝင်း၊ ကိုအောင်ဝေးတို့နှင့် ဆုံကြစဉ် ကိုစိန်ဝင်းက ယနေ့ မော်ဒန်
ကဗျာနှင့် ပတ်သက်ပြီးမေးသည်။ တချို့ကို ကျွန်တော် နားလည်သည် ။
ကဗျာသည် စကားပြေသို့ လျှောကျမသွားသင့်ဟု ဖြေလိုက်သည် ။
အရိန္ဒမ္မာ မဂ္ဂဇင်းတွင် ဖော်ပြသည် ။
ယင်းစကားရပ်ကို အဓိပ္ပာယ်ကောက်သူအချို့က ကျွန်တော်မော်ဒန်
(သူတို့ အခေါ်) ယခုတော့ ခေတ်ပေါ်ဟု ပြောင်းခေါ်သူကခေါ်ကြပြီ ၊
မော်ဒန်ကို ဆန့်ကျင်သည်ဟု ကွယ်ရာတွင် ပြောသည်ဟုသိရသည် ။
ကိစ္စမရှိ ၊ ကျွန်တော် ကတော့ သူတို့သည် ယနေ့တိုင်ပင် ဆန်းသစ်ဖန်တီးမှု
ကို ရှာဖွေနေကြဆဲဟု ယူဆမိသည် ။ ပြောင်းလဲနေဆဲကာလဟု သတ်မှတ်
ထားသည် ။
(ခ)
မနှစ်က ကဗျာစာအုပ်တစ်အုပ်၏ အမှာတွင် ကိုအောင်ချိမ့်က သူ၏
ခေတ်ပေါ်ကဗျာနှင့် ပတ်သက်၍ သူ၏ အတွေ့အကြုံမှရရှိသော အယူ
အဆကို ဖော်ပြလိုက်သည် ။ ကျွန်တော် ဝမ်းသာသွားသည်။ ကျေနပ်သွား
သည်။ ကျွန်တော် ဆယ်နှစ်ကျော်ကတည်းက သိချင်နေသော အဖြေကို
သူက ရိုးဖြောင့်စွာ ဖြေကြားလိုက်သည်။ ထို့ကြောင့် ကျေနပ်ခြင်း
ဖြစ်ရသည် ။
ကျွန်တော် သူတို့ကို ပြောသည်မှာ ကြာပြီ ။ ခင်ဗျားတို့ အတွေ့အကြုံ
ကို ရေးကြဟု ပြောသည် ။ သို့သော် သူတို့မရေးကြ ။ ယခု ရေးဖော်ရ၍
ကဗျာ လေ့လာရေးနှင့်ပတ်သက်၍ အရေးကြီးသော ရိုးဖြောင့်သော စကား
ရပ်ကို ကြားရပေပြီ ။ ကျွန်တော် ယခုမော်ဒန်ဟုခေါ်သော ကဗျာ
ရေးဖွဲ့သူများနှင့် တွေ့ချင်သည်မှာ ကြာပြီ ။ သို့သော် လူတိုင်းကို မေးရန်
မသင့်ဟု ကျွန်တော် ရွံ့နေမိသည် ။သူတို့၏အလုပ်ကို စစ်ဆေးသည့်သဘော
သက်ရောက်မှာစိုး၍ ဖြစ်သည် ။ တတ်နိုင်သမျှ စူးစမ်းကြည့်ရသည် ။
သို့သော် တချို့အဖြေကို မကျေနပ်။ သူတို့ ရင်ထဲမှာရှိတာ မပြောဟု
တွေးကြည့်နေသည် ။ ကိုအောင်ချိမ့်က “ ခေတ်ပေါ်ကဗျာ ” ဆိုတာ “ ကဗျာ
ဖွဲ့နည်းကျမ်း ” မရှိခဲ့ဘဲ နိုင်ငံခြားကဗျာ စာကြောင်းလိုက် အတန်းလိုက်
ဘာသာပြန် ကဗျာပုံသဏ္ဌာန်ကို ခံတွင်းတွေ့ခဲ့ရာမှ (၁ဝ)နှစ်စီ လူငယ်များ
တစ်ဦး ကဗျာ တစ်ဦးလှမ်းကြည့်ကာ အလွတ်သဘော စာပေအနုပညာဝိုင်း
များမှာ ဖလှယ်နှီးနှောကြကာ ကမ္ဘာပေါ်က လွတ်လပ်တဲ့ အနုပညာ
လှုပ်ရှားတင်ဆက်မှုများကို အမြင်အကြားဖြင့် မှီးယူအတုခိုးကာ ရေးသား
ရှင်သန်တဲ့ အနုပညာဖြစ်ပါတယ် ။ ” ဟု ဖော်ပြသည် ။
သူ၏ ကဗျာအယူအဆများကို ရိုးဖြောင့်စွာ ဖော်ပြသည် ။ ကို
အောင်ချိမ့်ကို ကိုးကားခြင်းမှာ အခြားကြောင့်မဟုတ်။ သူတို့သည်
ယနေ့ခေတ် မော်ဒန် ၊ ယခု ခေတ်ပေါ်ဟု သုံးနေသော ကဗျာအမျိုးအစား
ကို စတင်ရေးဖွဲ့ရာမှာ ထင်ရှားသူ တစ်ယောက်၏ ရိုးဖြောင့်သော ဖော်ပြ
ချက်လည်းဖြစ်၍ ကိုးကားခြင်းဖြစ်သည် ။ ခေတ်ပေါ်ဟု သုံးနှုန်းသော
စကားရပ်မှာ ယနေ့ သူတို့ခေတ်ပြိုင်ရေးဖွဲ့သော ကဗျာများကို
ဆိုလိုခြင်းဖြစ်သည်ဟု ကျွန်တော် နားလည်လိုက်သည် ။ သို့သော်
ခေတ်ပေါ်နှင့်ပတ်သက်၍ ကျွန်တော်၏အကဲဖြတ်ချက်နှင့် ထပ်တူဖြစ်မဖြစ်ကို
ကျွန်တော်မေး မကြည့်ဖြစ် ။ ကျွန်တော်က ၂ဝ ရာစုနှစ်အစ
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာမှစ၍ ခေတ်ပေါ်ကဗျာ စတင်
မွေးဖွားလာသည်ဟု အကဲဖြတ်သူ ဖြစ်သည် ။
ကဗျာဖွဲ့နည်းကျမ်းမရှိခဲ့ဘဲ ဟူ၍ပြောခြင်းမှာ ရိုးဖြောင့်စွာ ပြောခြင်း
ဖြစ်သည် ။ ကျွန်တော်နှင့် သဘောချင်းတူသည် ။ ကမ်းစပ်မှမရောက်သေးဘဲ
ဘယ်နှယ်ရေကူးနည်းကို ပြောနိုင်မှာလဲ ၊ ကမ်းစပ်ရောက်ပြီဆိုလျှင်တော့
မည်သို့ မည်ပုံ ကမ်းစပ်ရောက်ရသည်ကို ပြောပြနိုင်မည် ။ ယင်း အတွေ့
အကြုံပြောပြချက်သည် ခေတ်ပေါ်ကဗျာ၏ ဥပဒေ ၊ ကဗျူပဒေသဟု
ဆိုနိုင်သည် ။ ယင်းသည် သဘာဝကျသည် ။ ဥပဒေဆိုသည်မှာ
တစ်ယောက်တည်းအတွက် မဟုတ် ၊ အားလုံး အတွက်ဖြစ်သည် ၊ ယင်းသည်
အတတ်ပညာ ။ ယင်းနည်းနာဖြင့် ကဗျာတစ်ပုဒ် ပြီးမြောက်အောင်
ဘယ်လိုရေးဖွဲ့သလဲ ၊ ခံစားသလဲ ၊ မွှေးမြသလဲ ၊ ကဗျာရနံ့ရှိလျှင် အနုပညာဟု
ခေါ်ရပေမည် ။
ဥပဒေဆိုသည်မှာ တန်းတူညီမျှ သဘောသက်ရောက်ရပေမည် ။
သို့သော် ဥပဒေတွင် ခြွင်းချက်တော့ ရှိတတ်သည် ။ ခြွင်းချက်သည်
ဥပဒေဖြစ်ကြောင်း သက်သေခံခြင်းဖြစ်သည်ဟု ပညာရှင်တစ်ဦး၏
အဆိုအမိန့်လည်း ရှိခဲ့ဖူးသည် ။ ခြွင်းချက်ဆိုသည်ကတော့ တစ်သောင်းမှာ
တစ်ခု ၊ တစ်သန်းမှာတစ်ခု၊ ခြွင်းချက် ရှိလာလျှင် ဥပဒေအသစ်ကို ပြန်လည်
ပြင်ဆင် ပြုစုရပေသည် ။
ကိုအောင်ချိမ့်တင်ပြချက်တွင် နိုင်ငံခြားမှ ဘာသာပြန်ကဗျာများကို
အတု ယူ၍ရေးဖွဲ့သည်ဟု ရိုးဖြောင့်စွာ တင်ပြချက်ကို ကျေနပ်သွားသည် ။
တစ်ခုပဲ ရှိသည် ။ သူက ဘာသာပြန်ကဗျာဟု ရေးသည် ။ ကျွန်တော်ကတော့
ဘာသာပြန် ကဗျာဟု မရေး ၊ ကဗျာဘာသာပြန်ဟု နားလည်သည် ၊ ကိစ္စ
မရှိ ။ နိုင်ငံခြားကဗျာ လှုပ်ရှားမှုများကို အားကျကာ ရေးဖွဲ့သည့် အဓိပ္ပာယ်
ဟု ကျွန်တော် နားလည်သည် ။ ဤသည်ကား ဘာသာပြန်ကဗျာ မဟုတ်ဘဲ ၊
တိုက်ရိုက်ဘာသာပြန်၊ အင်္ဂလိပ်ဘာသာဖြင့် (သို့မဟုတ်) မူရင်း ဘာသာဖြင့်
ရေးဖွဲ့သော ကဗျာများကို ဖတ်ပြီးလျှင် သူတို့ မည်သို့ ရေးမည်နည်းဟုလည်း
ဆက်လက်၍ စဉ်းစားမိသေး သည် ။
ခေတ်စမ်းကဗျာသည် အနောက်နိုင်ငံကဗျာများကို အင်္ဂလိပ်
ဘာသာဖြင့် ဖတ်၍ ဒေါင်လိုက်စီသည် ။ ကဗျာရုပ်ပုံသဏ္ဌာန်ကို ကျွန်တော်
တို့ အစဉ်အလာအားဖြင့် ဆက်ခံခဲ့ကြသည် ။ ဂန္ထဝင်ခေတ်ကမူ ကဗျာ
လင်္ကာများကို ပေ၊ ပုရပိုက်တွင် အလျားလိုက်သာလျှင် စီတတ်ကြသည် ။
ယင်းဂန္ထဝင်သဏ္ဌာန် ဖြင့်တော့ ရုပ်ပုံအားဖြင့် ခြားနားသွားပြီဟု ဆိုနိုင်သည် ။
(ဂ)
ကိုအောင်ချိမ့်သည် ကျွန်တော်တို့က ပထမမျိုးဆက်ဆိုလျှင် သူက တတိယ
မျိုးဆက် ဖြစ်မည် ။ မော်ဒန်ကဗျာများကို ဖတ်ပေးနေသော ဆယ်ကျော်သက်
အရွယ် ကလေးမလေးတစ်ယောက်ကို ကျွန်တော်က “ သမီး ပွင့်ပွင့်လင်းလင်း
ပြော အဘိုး သိချင်လို့ ” ဟု မေးသည် ။ သူမက '“ (တစ်) နားမလည် ၊ (နှစ်)
စနစ်မရှိ ၊ (သုံး) လူတိုင်းရေးနိုင်သည် ” ဟု ပြောသည် ။ ပြောသူက စတုတ္ထ
မျိုးဆက် သူမ၏ထင်မြင်ချက်ကို ဘာသာပြန်ရမည် ဆိုလျှင် ခေတ်ပြိုင်
ကဗျာ (သို့မဟုတ်) မော်ဒန်ကဗျာသည် စပ်နည်း မရှိသေး ။ လွယ်ကူသော
ပုံသဏ္ဌာန် ဖြစ်၍ လူတိုင်းရေးနိုင်သည် ၊ နားမလည် ဟူ၍ ဖြစ်သည် ။
နားလည်ခြင်း မလည်ခြင်းကတော့ တစ်ဦးနှင့်တစ်ဦး တူချင်မှတူမည် ။
စဉ်းစားစရာအဖြစ် ကျွန်တော် ကိုးကားလိုက်ခြင်း ဖြစ်သည် ။ ကျွန်တော်က
တော့ ယခင်အတိုင်းပင် တချို့နားမလည်ဟုသာ ပြောချင်သည် ။
ကိုအောင်ချိမ့်၏ ကဗျာနှင့်ပတ်သတ်သော သူ၏ဖော်ပြချက်သည်
ခေတ်ပေါ်ကဗျာ ဆန်းသစ်မှုအတွက် စဉ်းစားစရာပင် ဖြစ်သည်ဟု
ကျွန်တော် တန်ဖိုးထားသည် ။ ကဗျာသစ်က ကာရန်၏နေရာတွင် သီကုံး
ဆင်ယင်မှု ကိရိယာသစ်တစ်ခု ဆန်းသစ်နေပြီလော ဟူသောမေးခွန်းကို
မဖြေနိုင်သေးသော ကျွန်တော်သည် ခေတ်ပေါ်ကဗျာသစ်ကို မျှော်လင့်
စောင့်စားလျက် ၊ နားမလည်စရာတွေ အများကြီးရှိနေသေးသော ကျွန်တော်
က ကဗျာရမ္မက်ဖြင့် ။
“ ကဗျာသစ်အရေးတော်ပုံ အောင်ပါစေ။ ”
ဒဂုန်တာရာ

Sunday, August 18, 2013
ကတ်တလောက်လူသား
လိုချင်သည်ဖြစ်စေ…
ငြိုငြင်သည်ဖြစ်စေ…
သည်နေရာ ဇာတိမြေသို့
လာမိလေတဲ့ လူသားငယ် … ။
အလို… အူယားစရာပေါ့
လူသားသတ္တ၀ါလို့ ဆိုတဲ့
သဏ္ဍာန်အဖြာဖြာ စရိုက်အသီးသီးကို
သံသရာ ၀မ်းကြာတိုက်ကြီးက မွေးဖွား
မသိမောဟတရားက မွေးမြူ
အယူဝါဒတွေက ကျွေးမွေး
လူသားတွေ တဖြည်းဖြည်းကြီးထွားလာ
တို့လူသားတွေက တစ်ဖန်
ကိလေသာ အခိုးအလျှံတွေကို ဖန်တီး
ထိုအခိုးအလျှံတွေ ထူပွားလာတော့
လူသားကမ္ဘာကြီးကို ပြန်လည်ခြိမ်းခြောက်
အိမ်း.. ကြောက်စရာ သမိုင်းဘီးရဟတ်ကွယ့်
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀.. ဆိုတာ
လူသားတွေရဲ့ သံသရာပေါ့
ကံကြမ္မာ ဇာတ်ဝင်ခန်းတွေက
အခန်းခန်း အသွယ်သွယ် ။
လူတစ်ယောက်ဟာ..
သူ ရောက်လာတဲ့ နေရာ
သူ ရှာနေတဲ့ အညွှန်း
သူ ထွန်းနေတဲ့ အလင်းတိုင်
သူ ထိုင်နေတဲ့ အရပ်
သူ ဖတ်နေတဲ့ စာအုပ်
သူ ထုတ်နေတဲ့ မှတ်စု
သူ ပြုနေတဲ့ အမှုထိုထိုကို
ဗဟု အဆိုတွေနဲ့ ဘယ်လိုညှိပေမဲ့
လူ့ နဂို အရှိတရားမှာတော့
သူ့ကိုယ်သူ သိထားဖို့ပါပဲ
အသိပွားရင် အသွားလွယ်
အသိငယ်ရင် အသွားဖင့် …. ။
ဇာတိအသိုက်ကို လာမိခိုက်မှာ
စာကြည့်တိုက်ပမာ ဂုဏ်ဆောင်ရဲစေကွယ့်
ဘုံ အဆောင်ဆောင်ထဲမှာ
ပုံဆောင်ခဲတွေ ဘယ်လောက်များများပေါ့
လူသားဆိုတာ “ ကတ်ကလောက် ” အလား
သံသရာ ထွက်ပေါက်တံခါးမှာ
ကံကြမ္မာ အထက်အောက် မမှားရအောင်
(ကိုင်း … ရွာစားရေ့ ….)
ကတ်ကလောက်တရား ပင့် ။ ။
မောင်ခိုင်မာ
ကိုယ်ပျောက်မိစ္ဆာ
စိမ်းစိမ်းမြမြ
ဒေါသလက်ရွန်း
မျက်ဝန်းကလေး….. သင် ။
မုန်းမုန်းမြေ့မြေ့
အပြုံးသွေ့ နွမ်း
နှုတ်ခမ်းကလေး….. သင် ။
ခိုးခိုးခစ်ခစ်
အပြစ်ဖွဲ့ ဟန်
မဲ့ သံကလေး….. သင် ။
ဆူဆူလောင်လောင်
ရန်ထောင်ခြေဆောင့်
ဖနောင့်ကလေး…. သင် ။
တွေးတွေးတိတ်တိတ်
စိတ်ကောက်ကျောပေး
နောက်ကျောကလေး…. သင် ။
ဒေါသမျက်ဝန်း
အမုန်းနှုတ်ခမ်း
ရယ်သွမ်းမယ့်ဟန်
ရန်ထောင်ခြေထောက်
စိတ်ကောက်ကျောပြင်
မိစ္ဆာ…. သင် ။
ချစ်ခင်သူတို့ ထမင်းပွဲ
ချစ်ခင်သူတို့ အသင်းထဲကို
သင်းကွဲမှောက်လှန်
ခလောက်ဆန်ဖို့ 
(သင် ဘယ်သူထံက…..)
ထောက်ခံစာယူခဲ့ ပါသလဲ ။
မောင်ခိုင်မာ
** အကြိုက်တရားနှင့် အမြိုက်တရား **
ကျွန်တော့်သား
ပီကေဝါးရတာကြိုက်တယ် ။
ကျွန်တော့်မယား
ချိုခါးခါး ချဉ်စပ်စပ်
ဗေဒင်ဖတ်ခွင့်ရတဲ့
တစ်မတ်တန် ဇီးထုပ်ကိုကြိုက်တယ် ။
ကျွန်တော့်အတွက်တော့
လက်ဖက်ရည်ချိုပေါ့
ဗားတော့ဗရက်ကဗျာ
သစ္စာသီချင်း (ကိုစောညိန်း)
ဆေးပြင်းလိပ်တစ်လိပ်
ဖိုဘီကိတ်ရဲ့အပြုံး
ထုံးလေးလေးနဲ့
ဆေးမွှေးကွမ်းယာတစ်ယာ
အို - ဝမ်းသာပါတယ်မိတ်ဆွေ ။
အကြိုက်တရားဆိုတာ
လိုက်စားခွင့်ရှိတယ်
မိုက်မှားခွင့်ရှိတယ်
ထွေပြားခွင့် ရှိတယ်
စေစားခွင့် ရှိတယ်
ဘေးဖယ်ခွင့် ရှိတယ်
ရွေးချယ်ခွင့်ရှိတယ်
ငါးပိ နဲ့ ဒံပေါက်
ခမောက် နဲ့ ခေါက်ထီး
ရင်းနှီးခံစား
ဒါ အမှန်တစ်ရားတော့ မဖြစ်နိုင် ။
ကျော်သူကို ကြိုက်တဲ့
စရိုက်တူ ကောင်မကလေးဟာ
“ မောင်လေးအောင် ”
“ မောင်ယဉ်မွန် ” ဆိုတာ
“ ဆိုလာ ” ချွေးနံ့ပျောက်ဆေးလို
မွှေးသလားကိုကိုတဲ့ ။
လမ်းဘေးမှာထိုင်စား
ဝက်သားတုတ်ထိုး အရသာနဲ့
ဦးပုညရဲ့ ကဗျာရသ
ဒါနှိုင်းရတရားမဟုတ်
ကိုယ့်အထုပ်ကိုထမ်း
ကိုယ့်စခန်းကိုယ်ဝင် ။
မောင်ခိုင်မာ
မိုးဝေ၊ ဒီဇင်ဘာ၊ ၁၉၈၆
** ကျွန်ုပ် နှင့် ဖောင်တိန်စောင့် ဘီလူး **
တစ်ညနေခင်း
ပျင်းပျင်း ရှိတာနဲ့
စာကြည့်ခုံမှာ ထိုင်
ငိုင်ငိုင် ငေးငေး
တောင်တွေးမြောက်တွေး
ဖောင်တိန်လေး ပွတ်သပ်
စိတ်လွတ်လပ်နေတုန်း
ဖြုန်းကနဲ ...
ဝုန်းကနဲ ...
မီးခိုးလုံးတွေ ထဲက
( မည်း ) မဲမဲ အကောင်ကြီးထွက်လာ ... ။
“ မကြောက်ပါနဲ့ အရှင် ...
(အကျွန်ုပ် ဟာ ...)
သခင်ရဲ့ ဖောင်တိန်ကို
အချိန် မရွေး စောင့်ရတဲ့
ဖောင်တိန်စောင့် ဘီလူးကြီးပါ ... ။
“ သခင် ...
ဘာလိုချင်ပါ သလဲ
ဒိန်ခဲ , မာဂျရင်း
ပီကင်း ဘဲကင်
ကြက်ဆင်သား , ပါ့ဖ်
မလစ်လပ်စေရပါ ”... ။
“သူများ အဆီ အသား
မစားကောင်းပါဘူးကွယ် ... ” ။
“သခင် ...
ဘာသောက်ချင်ပါသလဲ
ကျောက်ဆူး ဘီယာ
စကော့ ၀ီစကီ
ဂျော်နီ လမ်းလျှောက်
ကြိုက်ရာ ရောက်စေမယ် ... ” ။
“ သူများ မျက်ရည်ပေါက်
မသောက်ကောင်းပါဘူးကွယ် ... ” ။
“ သခင် ...
ဘာစီးချင်သလဲ
ခရီးတွင်လှ
“ ထ ” ဆင်ထူး “ ဒ ” ဒွေး
ကြိုက်ရာရွေးပါ ... ” ။
“ သူများကျောကုန်း
အသုံး မချရက်ဘူးကွယ် ... ” ။
ကျွန်ုပ် ရဲ့ ဖောင်တိန်စောင့်
သကောင့်သား ဘီလူးဟာ
ပြူးတူးကြောင်တောင်နဲ့
မျက်မှောင်ကြုတ်
ကျွန်ုပ်ကို ကျိန်ဆဲပြီး
ဖောင်တိန်ထဲရောက် ပြန်ပျောက်သွား ... ။ ။
မောင်ခိုင်မာ
ရုပ်ရှင်အောင်လံ မဂ္ဂဇင်း
စက်တင်ဘာလ၊၁၉၈၇-ခုနှစ် ။
Tuesday, August 13, 2013
** ရွာလွမ်းချင်း **
ဘာပဲသောက်သောက်
သောက်တတ်မှ ကောင်းတာကလား ၊
ထန်းရေသောက်တာတော့
ထန်းပင်အောက်မှာ အကောင်းဆုံးပဲ ။
ထန်းပင်ရင်းက မြက်ခင်းပေါ်မှာ
ပဲကြီးလှော်ကြဲ ၊
ဆေးလိပ်ကြိုက်ရင် ဆေးလိပ်ခဲ ၊
ခြေဆင်းလဲလူ အပူအပင်မရှိ ။
ပဲစိကို တစိစီကောက်
အလျားမှောက်ပြီး
သောက်တာကို
လက်ချော်ပြီး ၊ ခွက်မကျော်ရင်
ပျော်ရွှင်ဖွယ်အတိ ၊
အလွန်စည်းစိမ်ရှိတာကလား ။
မိုးဦးကျစ
ပုတတ်က တစ်ကောင်နှစ်ကောင်
ရအောင်အရင်ရှာရမယ်၊
ပုတတ်ကလေး နီကျင်ကျင်
နွယ်ကြိုးရှည်နဲ့ မငင်လေနဲ့
ခွေးမြင်ရင် ခုန်ဟပ်မယ် ၊ ဖုန်ကပ်မယ်
ခါးပုံစမှာ အသာခွေထည့်ပါ
ရွာအခြေထန်းတဲကိုရောက်ရင်
ထန်းလျက်ဖိုမှာကင်
ကင်ပြီးတော့ထောင်း၊ ထောင်းပြီးတော့ကြော် ။
ကြက်သွန်နီနဲ့ ၊ ကြက်သွန်မြိတ်နဲ့
ငရုတ်သီးပွ လေးစိတ်စိတ်
အိုးအဖုံးမပိတ်ဘဲ
မီးလေးမပူတပူမှာ
ဆီပူလေးတလှိမ့် နှစ်လှိမ့် လှိမ့်လိုက်ရင်
ကွယ်- ဆိမ့်လိုက်မယ့်ဖြစ်ခြင်း ။
ပုတတ်လိုက်ရင်း
မပျင်းသေးလို့ အချိန်ရရင်
ဗိန်မတို့ရှားတောအစ
နဘူးချုံ ဆူးချုံ ဖွသွား
ပျားအုံလေးဘာလေးရှာပေါ့
ပျားလပို့မမက်နဲ့ ပျားသလက်ကိုညစ်
ပျားနို့ရည် ဖြူပျစ်ပျစ်နဲ့
ပြောင်းဖူးနုရည်အနှစ်ကို
နှမ်းဆီစစ်စစ်နဲ့ကြော်ရင်
တဲပေါ်က တိုက်ပေါ်ရောက်သလိုပဲ
သောက်တာကယစ်၊ စားတာကအစ်နဲ့
အယစ်တွေရှည်ပေရော့ ။
ထန်းသမားကြီးက ဦးခတဲ့ ၊
ဒူးကျအောင် ထိုးကွင်းဟာ
ကြောင်အဆင်း ကြောင်အတက်နဲ့
ထန်းတက်ရင် အရက်မသောက်
ထန်းရေလောက်လဲမမက်
ဆေးရွက်ကြီးပဲငုံတယ်
မြုံစိစိနဲ့ စကားမပြောဘူး
ဦးခက လူထူးပဲ ။
ထူးပုံကိုကြုံလို့ပြောရဦးမယ်
တခါတုန်းကပေါ့
ထန်းတက်တာ ကိုယ်တုံးလုံးနဲ့
ထန်းတက်နေတုန်း မိုးမိရော
မိုးမိတော့ အအေးပတ်ရော
ထန်းတက်တာရပ်ပြီး ဖိနပ်မပါဘဲ
ရွာထဲကို အမြန်သုတ်ပြီး
ကျားဘမ်းပရုပ်ဆီ
အဖေ့ညီ ကျောင်းဆရာဆီမှာ
တောင်းပြီးမျိုသတဲ့ ။
ပရုပ်ဆီမရှိရင် ၊ ဘုန်းကြီးဆီပြေး
ရေနံချေးတကလော်ကို
မျိုသော်ပျောက်၏ တဲ့ ။
ဆံပင်စုတ်ဖွား ၊ တင်တုတ်ကားနဲ့
ထန်းသမားကတော်က၊ ရှင်ဂွက်ထော်တဲ့။
မနော်နွယ် နို့တွဲလောင်းနဲ့
ထန်းရေအိုးကို ခေါင်းမှာရွက်
ခါးထက်ခွင် ကလေးတကောင်။
ထန်းပလပ်နွားရုပ်ဆွဲ
နှပ်တွဲလဲ ဂျိုးတန်းလန်းနဲ့
ထန်းမျိုးဆက်သစ် ချစ်စရာလေးတွေက
တကောင်နှစ်ကောင်။
ရန်လုံ အောင်နက်
ကြွက်လိုက်ယုန်လိုက်
ရှဥ့်လိုက်ပွေးတူး
ခွေးဘီလူးက သုံးကောင်လေးကောင်။
“ကောင်လေးတွေဘာလိုသေးတုံး ” တဲ့
တပြုံပြုံး မေးလားမေးရဲ့
ထန်းရေဖိုးပေးလဲ မယူဖူးတဲ့
ငါလဲ တခါမှ မပေးဖူးပါဘူး ။
တခါတခါ ယုန်သား
တခါတလေ လင်းမြွေသား
သူကြီးသား ငဝက်စားဖို့တဲ့
မြွေသားကို အလျဉ်နဲ့နှပ်ပြီး
ချက်တတ်ရင် ကောင်းချက်တော့ ၊
မချက်တတ်ရင်ကော
မချက်တတ်ရင် အထူးမလုပ်နဲ့
နူးရုံသာပြုတ် အရေဆုတ်ပြီး
ညက်ရုံထောင်း
ဆီစိမ်းလေးလောင်း ၊ ကြက်သွန်မြိတ်လေးလှီး
လှီးတာတောင်မစောင့်ချင်ရင်
အပင်လိုက်ကိုက်ပြီး ၊ ထန်းရေနဲ့မြည်းလိုက်ရင်
ရွာသူကြီး ဘုရားတကာလဲ
အနားလာပြီး ရောတိရောယောင်နဲ့
ကောင်လေးတွေ ရန်မဖြစ်ကြနဲ့
ရန်ဖြစ်တာ မကောင်းဘူးတဲ့ ၊
ဒါ ပြောင်းဖူးကြော်လား
အင်း တော်တော်ကောင်းသားဟဲ့ ၊ ဘာဟဲ့
ညာဟဲ့
တစလောင်း တဖလားငှဲ့ပြီး
သူအာခေါင်ထဲ ထည့်သွားမှာပါပဲ ။
သာနိုးတို့ ၊ မိုးသူတို့
လူပျိုသိုးတသိုက်
တို့ရွာကို လိုက်ပြီးလာတော့
တို့စရိုက် တို့ဘာသာ
မြို့သားတွေ လာပကောလို့
ထန်းတောမှာ ဝါးကွပ်ပျစ်ကို
လျှော်အသစ်နဲ့ ကွပ်ထားသတဲ့ ။
သူတို့လဲမြို့ပြန်
နို့လှန်ပြီး ကလေးကိုတိုက်ရင်း
ကြိုက်ရာအမည် စဉ်းစားတော့
သူ့သားကို သာနိုးတဲ့ ၊ မိုးသူတဲ့
ဂုဏ်ယူပြီးပေးခဲ့တာ ၊
ခုအခါ သာနိုးလဲထန်းတက်လို့
မိုးသူလဲ ထန်းတက်လို့
မျိုးဆက်သစ်လေးတွေလေ
ဒူးတွေတောင် ချောင်ရော့ပေါ့ ။
လွန်ခဲ့တဲ့ နှစ်လေးဆယ်
ကုန်လွယ်လိုက်တာ
မနေ့တနေ့ကလိုသာ ထင်ဆဲ
အဲ ... အဲဒီတုန်းက ငါ့အဖေလည်း ရှိသေးတယ်လေ ။
ဒီလိုပေါ့ကွာ ၊ တခါတလေပေါ့တဲ့ ၊
သောက်တော့သောက်လေ၊ မမူးစေနဲ့
ငါ့အဖေက
ငါ့ကောင်တွေကိုဆုံးမတယ်၊ ပြုံးပြတယ် ။
ငါ့အဖေရှေ့မှာ ငါထန်းရေမသောက်ခဲ့ဘူး
ငါ့အဖေကွယ်ရာမှာတော့
ဆယ်ခါလောက်လား၊ ဆယ့်ငါးခါလောက်လား
မှောက်မှောက်မှားမှားနဲ့
ယောက်ဖ ငကြွားနဲ့ပေါ့
သောက်သောက်စားစား
နည်းနည်းပါးပါး လုပ်ဖူးရဲ့
သောက်တဲ့အခါ မမူးပါဘူး
မူးတဲ့အခါလည်း မရူးစေရပါဘူး
နတ်ရွာကအဖေ၊ ခွင့်လွှတ်ရှာပေလိမ့်မယ် ။
ခုတော့ကွာ
ရွာမရောက်တာ အတော်ကြာပြီ
ဆယ်နှစ်တခါ ရောက်ကောင်းမှရောက်ပါမယ် ။
ရွာကိုသွားရင်
မိဘမဲ့သား ၆ဝ ကျော် အူကြောင်ကြားကို
သနားကြသတဲ့ ။
မနှစ်ကတခေါက်
ငါ့ရွာရောက်ခဲ့တယ် ။
ရောက်ရင်ရောက်ချင်း ထန်းတောတွင်းကို ဆင်းခဲ့တယ်။
ထန်းပင်အောက်မှာ
ထန်းရေကလေး တငုံလောက်
လေးငါးဆယ်ငုံလောက် သောက်ခဲ့မိတယ်။
ကွယ်- အဖေ့ကို လွမ်းလို့ပါ။
မောင်စွမ်းရည်
၇၊ ၃၊ ဝ၁ ဗြူတီမဂ္ဂဇင်း၊ ၂ဝဝ၁ မေလ

ပလိန်းကိတ်ရဲ့ အရသာ
ကိုယ်နှင့်ဝေးသောနေရောင်ခြည်ကို
ပူတယ်အေးတယ်မပြောလိုတော့..။
ကိုယ့်နှလုံးသားက
ကမ္ဘာနှင့်အမျှပွင့်သောပန်းရနံ့ တို့ စွဲတယ်
ဘယ်လောက်တန်ဖိုးရှိမလဲ ။
ဒီနေ့ တနင်္ဂံနွေ
ရေနွေးအိုးတစ်လုံးတည်မယ်
ကဗျာတစ်ပုဒ်တွေးမယ်
ထမင်းလည်းတစ်ခါပဲစားမယ်
ဒီထက်ချွေတာလို့ လည်းမရ
ဒီထက်အကျယ်ချဲ့ လို့ လည်းမရ ။
အလုပ်မရှိအလုပ်ရှာ
ကိုယ့်သိမ်ငယ်မှု
ကိုယ်ကြုံရသောမျက်လုံးများနဲ့ 
ကိုယ့်ဘ၀ဇာတ် ။
ရေချိုးခါနီး
ကိုယ့်တစ်ကိုယ်လုံးကိုယ်အနုစိတ်ပြန်ကြည့်
ဘာဆေးမင်ကြောင်မှမရှိ ။ ။
ခင်ဇော်မြင့်
မြားနတ်မောင်
ဧပြီ.၂၀၀၃

** သူ ရဲေ ကာ င်းေ ခ တ် ၊ သ စ္စာေ ဖာ က်ေ ခ တ် **
ငှက်ရေ...
သစ်ပင်တစ်ပင်လုံး
အရွက်ဆိုလို့ 
တစ်ရွက်မှမရှိတော့ဘူး။
မြေကြီးအောက်
တောက်ပတဲ့အမြစ်တွေသာ
ရုန်းကန်တုန်းပေါ့ ။
မင်းသေသွားတာကောင်းတယ်
ငှက်။
နို့ မို့ ရင်
မင်းသီချင်း ‘‘အဆုံးသတ်တိုက်ပွဲ”
မူးမူးနဲ့ အော်နေတဲ့ငနဲတွေ
မင်းဆဲမိနေဦးမယ်။
မင်းဆိုးမင်းညစ်တို့ လက်မှာ
သေသူကို
ရှင်သူ မနာလိုဖြစ်သတဲ့။
ဖြစ်မပေါ့ 
သေသူတွေက
နာမည်ကောင်းနဲ့ သေသွား
မြေကြီးထဲ
ဘယ်တော့မှသစ္စာမဖောက်။
ရှင်သူတွေသာ
မထင်မှတ်ဘဲ
တစ်ယောက်ပြီးတစ်ယောက်
သစ္စာဖောက်သွား
မသေခင်
နာမည်ဆိုးနဲ့ ပျောက်သွား။
ဒီနေ့ က
တိုက်ပွဲမလို
ပူးပေါင်းဆောင်ရွက်ဖို့ သာလိုသတဲ့။
ခေတ်ကြီးထဲ
တ၀ုန်းဝုန်းခုန်ချ
အတုံးအရုံး
ကြွေပြနေလိုက်ကြတာ
သစ်ပင်တစ်ပင်လုံး
အရှိုးရာတွေချည်းပါလား။
ငှက်ရေ...
သူတို့ပဲ သူရဲကောင်း
သူတို့ပဲ သစ္စာဖောက်။
မြွေပွေးကိုက်တုန်းကမသေ
မြက်ရှောပတ်မှသေကြ
မတတ်နိုင်ဘူး။
မသေခင်
ပျောက်ဆုံးနေတဲ့အနာဂတ်ကိုတော့
တွေ့ အောင်ရှာရဦးမယ်။
အမေဇုန်မြစ်ကြီးရဲ့ 
အောက်နက်နက်မှာ
နောက်ထပ် အမေဇုန်မြစ်ကြီးတစ်စင်း
ရှိနေတယ်ဆိုတာ
(မြေကြီးအောက်က)
မင်းအသိဆုံးပေါ့ကွာ။
ငှက်ရေ...
မင်းသေသွားတာကောင်းပါတယ်။
မြေကြီးအောက်မှာပဲ
စိမ်းစိုတဲ့အမြစ်တွေနဲ့ 
တို့ခေတ်ကိုရောက်နှင့်နေဦးပေါ့ ညီလေးရာ။ ။
(ထူးအိမ်သင်ကွယ်လွန်ခဲ့တဲ့ ၁၀ နှစ်ပြည့်အမှတ်တရ)
အောင်ဝေး
သြဂုတ် ၁၃၊ ၂၀၁၃

ဝေစု
လမ်းထောင့်မှာ
ရပ်နေရှာတယ်
သစ်ပင်နဲ့ သစ်ရိပ်မှာ သူမဟာ ရောနှောလို့ ။
ပျံလွှားငှက်တွေ ကောင်းကင်ပေါ်လူးလာ
ချစ်ခြင်းမေတ္တာနဲ့
နည်းပါးတဲ့ မျှော်လင့်ချက်များ
မထုံတက်တေး မြင်တွေ့လေခဲ့
မိုးချုပ်တော့မယ်. . .တဲ့ ။
အမျိုးသမီးရေ
ငါ့အမျိုးသမီးရေ
လောကကြီးဟာ ဇာတ်လမ်းဇာတ်ကွက် ကြွယ်ဝလှတယ်
ငါတို့က စီးဆင်းကြရမြဲပဲကွယ် ။
အားလုံးပဲ ပျော်ရွှင်မှုရပါစေ
မနာလိုမရှိပါဘူး ။
ဖန်လာပုံက
အမှားကမ်းတစ်ဖက်စီ ငါတို့နှစ်ယောက်သား
ဒီတစ်ချီလည်း တင်းထားကြဦးစို့။ ။
အောင်ချိမ့်

Subscribe to:
Posts (Atom)