** ကြက်သားဟင်းတစ်ခွက် ( ၀တ္ထုတို ) ** နေမျိုး
(က)
ကလေးတွေအမေ ဈေးကပြန်လာပြီ။ ခါတိုင်းဆိုလျှင် သူဈေးကပြန်လာတိုင်း
ကျွန်တော်က မသိကျိုးကျွံပြု လေ့ရှိပါသည်။ ဘာဝယ်ခဲ့သလဲ မေးမြန်းလေ့မရှိ။
သူ့ထံမှ မရိုးနိုင်သော ကုန်ဈေးနှုန်းပုံပြင်ဟောင်းကြီးကို လည်း နားထောင်ရန်
ငြီးငွေ့နေပါ ပြီ။ ဒီနေ့ကတော့ ကလေးတွေအမေကို ကျွန်တော်က မေးဖြစ်အောင်
မေးလိုက်သည်။
“ ပါခဲ့လားဟေ့ ”
သူကဆွဲခြင်းတောင်းကို မြှင့်၍ မေးငေါ့ပြလိုက်သည်။ ၀ယ်လာခဲ့ပြီပေါ့။
ကလေးနှစ်ယောက်က လည်း သူတို့အမေကို အလုအယက်ဝိုင်းမေးကြသည်။
“ အမေ တုံးတုံးပါခဲ့လား ” တဲ့ ။
သမီးငယ်လေးက အကဲဆုံးပေါ့ ။
“ ဒီမှာ အော်အီးအီးအွတ်လေ သမီးရဲ့ ”
ဒီကနေ့ ကျွန်တော်တို့မိသားစု ကြက်သားဟင်းချက်စားကြမည့် အစီအစဉ်မှာ သေချာသလောက် ဖြစ်သွားပါပြီ ။
(ခ)
မီးဖိုချောင်ထဲမှာ တဒုံးဒုံးထုထောင်းကာ ကလေးတွေအမေက ချက်ပြုတ်နေသည်။
ကျွန်တော်က စုတ်တံချည်ထားသော ကွန်ပါတစ်လက်ဖြင့် ဇယားကွက် ကိန်းဂဏန်းများကို
ရေးဆွဲနေသည်။ ကလေးနှစ်ယောက် အရိပ်ထဲမှာ ဆော့ကစားနေကြ ၏။ ခဏကြာတော့ ဂျင်း၊
ကြက်သွန်ဖြူအုပ်ထားသော ဟင်းအိုး၊ ကြက်သားဟင်းနံ့က ပျံ့လှိုင်လာပြီ။
စေးစေးပိုင်ပိုင် လက်ဖက်ရည်တစ်ခွက်၊ မြိုးမြိုးမြက်မြက် ဟင်းကလေးတစ်တုံး၊
သည်ထက်ပိုပြီး ဘာတွေများလိုအပ်ပါသေးသလဲကွယ့် တနင်္ဂနွေနေ့ရေ….. ။
(ဂ)
“ သမီးကို ဟောဒီအတုံးကြီးကြီးထည့်ပေး ”
“ သားကိုလည်း ဟောဒီအတုံးထည့်ပေးရမှာ ”
ကလေးတွေအမေက သားနှင့်သမီးကို သူတို့စိတ်တိုင်းကျ
ဟင်းတုံးများခပ်ထည့်ပေးလိုက်ပါသည်။ ကျွန်တော့်အတွက် ဝေစုက
လည်ချောင်းရိုးနှင့် ဦးခေါင်း။ သူမအတွက်ကတော့ ခြေထောက်ရိုးနှင့် အတောင်ပံ ။
“ တို့က ညနေမှ ကောင်းကောင်းစားရအောင်နော် ။ ခု ကလေးတွေပဲ စားပါစေတော့နော် ” တဲ့ ။
ကျွန်တော့်ဇနီးက နှစ်သိမ့်သလို ကျွန်တော့်ကိုပြောသည် ။ ကျွန်တော်ကလည်း
“ခေါင်းစားရင် မင်းဖြစ် သတဲ့” ဟုပြောကာ ကျွန်တော့်ဝေစုဟင်းတုံးကို အားရပါးရ
ကိုက်ဝါးပစ်လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် တနင်္ဂနွေနေ့ရဲ့
ပျော်ဖို့ကောင်းတဲ့ထမင်းဝိုင်း ကလေးပါပဲ။
(ဃ)
နေ့လည်ခင်း
အောက်ထပ်မှာ ကလေးတွေနှင့် သူတို့အမေက တရေးတမောအိပ်နေကြသည်။ အပေါ်ထပ်မှာ
ကျွန်တော်က ကွန်ပါ၊ စုတ်တံ၊ ဆေးခွက်များဖြင့် ဇယားကွက်ဆက်လက်ရေးဆွဲနေသည်။
အဲဒီနောက်မှာ တော့ “ ဂလုံ..ဂလွမ် ”နှင့် အောက်ထပ် မှအသံကို
ပီပီသသကြားလိုက်ရသည်။ ဆက်၍ …
“ အယ်တော်..
ကုန်ပါပြီ..ကုန်ပါပြီ။ ဟဲ့..ခွေး… ဟဲ့…ခွေး…””ဟူသော ကလေးတွေအမေရဲ့အော်သံကို
ကြားလိုက် ရသည်။ ကျွန်တော် နည်းနည်းတော့ သဘောပေါက် လိုက်သည်မို့ လှေကားမှ
အမြန်ပြေးဆင်းလာခဲ့သည်။ မီးဖိုချောင်ထဲက တဟုန်ထိုးပြေး ထွက်လာ
သော
ခွေးမကြီးတစ်ကောင်။ ပါးစပ်ထဲမှ ဟင်းတုံးများကို ပြေးရင်းလွှား ရင်း
မြိုချနေသည်။ အုတ်ခဲ ကျိုးနှစ်ခုကို ကျွန်တော်ကောက်ကိုင်ကာ ခွေး
မကြီးနောက်သို့ပြေးလိုက်သွားသည်။ ၀င်းထရံပေါက်ကွေ့၍ တံခါးမကြီး မှ
ပြေးအထွက်တွင် ကျွန်တော့်လက်ထဲမှ အုတ်နီခဲက ၀ှီးခနဲပြေးသွား သည်။
ခွေးမကြီး၏၀မ်းဗိုက်ကို တည့်တည့်မတ်မတ် ထိမှန်သွားပါ၏။ မှတ်ထားကွ။
ဂိန်ခနဲအော်မြည်ကာ ခွေးမကြီးပက်လက်လန် သွားသည်။
တော်တော်နှင့်ပြန်မထနိုင်သေး။ နောက်ထပ်ကျန်ရှိနေသေးသော အုတ်နီခဲဖြင့်
ထုဖို့ ချိန်ရွယ်လိုက်သည်။ ခွေးမကြီးက တဂိန်ဂိန်အော်မြည် ရင်း လူးလဲထဖို့
ကြိုးစားနေ၏။ ကျွန်တော့်လက်ထဲ က အုတ်နီခဲကို ပို၍ တင်းတင်းဆုပ်လိုက်သည်။
ခွေးမကြီးကို ဆက်၍မထုဖြစ်လိုက်တော့ပါ။ ဘာကြောင့် မှန်းမသိ။
ခွေးမကြီးနာနာကျင်ကျင် အော်မြည်သံက ကျွန်တော့်ကို တမျိုးတစ်မည်
ပြောင်းလဲခံစားရစေခဲ့ပါ သည်။
(င)
ကျွန်တော့်ဇနီးက ကျွန်တော့်အနီးသို့ ရောက်လာသည်။
“ ဟင်းတွေ တစ်တုံးမှမရှိတော့ဘူး။ အကုန် ကုန်သွားပြီ။ အဲဒီခွေးမ ၀င်စားသွားတာ ”
“ ငါ ခဲနဲ့တစ်ချက် ထုလိုက်တယ် ”
“အေး….”
ကျွန်တော့်ဇနီးက တစ်ခွန်းပြောလိုက်၏။ ပြီးမှ-
“ခွေးမကြီးက ဇီးနဲ့ ။ သနားပါတယ်ဟာ… နော် ”
“အေး ”
ကျွန်တော်ကလည်း တစ်ခွန်းပြန်ပြောလိုက်ပါသည်။
(စ)
ထိုနေ့က ညစာကို ဘာဟင်းနဲ့ ကျွန်တော်တို့ စားခဲ့ကြပါလိမ့်။
အတိအကျမမှတ်မိသော်လည်း ပဲပြုတ်နှင့် ဘယာကြော် တစ်ခုခုသာဖြစ်ပါလိမ့်မည်။
သို့မဟုတ်လျှင် ခါတိုင်းလို လက်ဖက်သုပ်လည်း ဖြစ်နိုင်ပါ သည်။ ။
နေမျိုး
No comments:
Post a Comment