Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, December 25, 2013

ငှက်စုန်း


(၁)
သည်ရွာကလေးကို လူတွေက လက်ပဒေါ လို့ပဲခေါ်တယ်။ တကယ်စာနဲ့ပေနဲ့ ရေးရင်တော့ လက်ပံတော ဖြစ်ရမှာပေါ့လေ။ ဖိတ်စာတွေဘာတွေမှာ လက်ပံတော ရွာနေ အဘဦးဖိုးဂေါင်ကို အမှူးထား၍…. ဘာညာစသည်ဖြင့် ရိုက်ရင်တော့ လက်ပံတောလို့ ရိုက်ကြတာပေမယ့် လူတွေပါးစပ်ကတော့ လက်ပဒေါ ခေါ်တာပါပဲ။ လက်ပဒေါ ဆိုရင်လည်း သည်ရွာကို ညွှန်းမှန်းသိတယ်။ ခက်တာက ရွာကိုသာသိတာပါ ၊ သွားတာတော့ ဘယ်သူမှ မသွားချင်ဘူး။ သွားရတာလည်း လွယ်တာမဟုတ်ဘူး။
         ဆည်မြောင်းလက်တံမြောင်းကို ကန့်လန့်ဖြတ်ရတာလည်း ရှိတယ်။ လက်တံမြောင်းကြီးကလည်း တစ်ခါတစ်ခါ ပဲချိန် ၊ နှမ်းချိန် ရေလွှတ်ထားရင် လူ့ခါးစောင်းလောက် ရေရှိနေတာဆိုတော့ တော်ရုံလူက တော်ရုံကိစ္စနဲ့ မဖြတ်ကြဘူး။ တော်တော်ဝေးတဲ့ နေရာမှာတော့ မြောင်းကူးအုတ်တံတားဟောင်းကြီး ရှိပေမယ့် ဘယ်သူက အဲသည့် သွားကူးနေမှာတုန်း။ ဝေးသမှ တော်တော့်ကိုဝေးတာ။ ကူးပါပြီတဲ့။ တစ်ဖက်ကမ်းရောက်လို့ ပြီးသေးတာ မဟုတ်ဘူး။ ပြောင်းတောကြီးဖြတ်ရသေးတာ။ ပြောင်းတောထဲ မရောက်ခင် ပတ်ကြားအက်နေတဲ့ လယ်တောခြောက်ခြောက်ကြီးထဲကို တော်တော်လေး ဆင်းရသေးတယ်။ ပြီးမှ ပြောင်းခင်းထဲ ရောက်တယ်။ ပြောင်းခင်းကို ဖြတ်ပြီးရင် လက်ပဒေါရွာစပ်ကို ရောက်ပြီ။ ယာခင်းမြေနီစပ်က ကိုလုံးထန်းရွက်တဲဟာ လက်ပံတောရဲ့ ရွာဦးဆိုင်းဘုတ်ပဲ။
          ဒါပေမယ့် ပါးစပ်က ပြောရတာ လွယ်တာကလား။ တကယ်သွားတော့ သည်လောက် လွယ်တာမဟုတ်ဘူး။ ဒါဖြင့်ရင် စက်ဘီးနဲ့ သွားပါလား ဆိုတော့လည်း စက်ဘီးစီးစရာကိုပဲ လမ်းမရှိတာ။ မြင်းလှည်းတော့လည်း ဖြစ်ဖြစ်မည် သွားရင် ရပေမယ့် အုတ်တံတားရှိတဲ့နေရာထိက ဝေးတော့ မြင်းလှည်းက လက်ပဒေါ ဆိုတာနဲ့။ “အားပေါင်ဗျာ” လုပ်တော့တာ။ ဒါက လက်ပဒေါကို သွားဖို့ ကိုယ့်ဘက်က စဉ်းစားတာ။ လက်ပဒေါ ဘက်ကတော့ စဉ်းစားနေတာ မဟုတ်ဘူး။ မြောင်းလက်တံကြီးကျော်ပြီး ကမ်းပေါ်တက်လိုက်မှ မြစ်လောင်း ဧရိယာထဲ ရောက်တာဆိုတော့ လာရတာပဲ။ ကူးရတာပဲ။ ကျားတံဆိပ် မီးခြစ်တစ်ဖာနဲ့လည်း မြောင်းရေထဲ ကူးရတာပဲ။ ဘီအိုစီဖယောင်းတိုင်လေး တစ်တိုင်နဲ့လည်း ပြောင်းခင်းထဲ မြွေမကြောက် ၊ ကင်းမကြောက် ကူးရတာပဲ။ လင်က ကွင်းကြိုကွင်းကြားထဲက ထိုးလာတဲ့ကြွက်ကို ခုတ်ထစ်ပြီး ရင်နှစ်ခြမ်းခွဲ ၊ မီးရဲရဲမှာကင်ပြီးရင် ကင်ထားတဲ့ တုတ်တံမည်းမည်းနဲ့ပင် ထမီရင်လျားကြီးနဲ့ မြစ်လောင်းကို ပြေးရောင်းရတာကလည်း ကြွက်ရရင် ရသလိုကိုး။
          မီးခြစ်တစ်ဖာ ၊ ဖယောင်းတစ်တိုင်နဲ့ မြစ်လောင်းသွားရလို့ လက်ပဒေါမှာ အိမ်ဆိုင်မရှိဘူးလားဆိုတော့လည်း မရှိဘူး။ အိမ်ဆိုင်နေနေသာသာ ဖျားလို့ ၊ နာလို့ ဆေးခန်း၊ ဆေးရုံ မရှိတာထား ၊ ကျားခေါင်းလေး ၊ ချမ်းအေးလေး တစ်ထုပ်လောက် ဝယ်ချင်လို့တောင် ကိုယ်ခွဲမရှိရင် အဖျားတက်ကြီးနဲ့ ပြေးရတဲ့ရွာကိုး။ လက်ပဒေါရဲ့ နာမည်ကျော် ရောင်းကုန်ကတော့ လယ်ကြွက် ၊ ကွင်းကြွက်ကို တုတ်နှစ်ချောင်း ထိပ်ဆိုင်ချည်ပြီး ကင်ထားတဲ့ကြွက်ကင်ပဲ။ ကြွက်ကင်သွားရောင်း ၊ ရောင်းရတဲ့ ပိုက်ဆံနဲ့ ဆန်နို့ဆီနှစ်ဘူး ၊ သုံးဘူး ဝယ်ပြီး ပြန်လာတာဟာ မြစ်လောင်းနဲ့ လက်ပဒေါရဲ့ ကုန်ကြမ်းပေး ၊ ကုန်ချောယူ ဆက်ဆံရေးပဲ။ မြစ်လောင်းက လူတွေကလည်း လက်ပံတော ကြွက်ကင်များတော့ ကြိုက်တယ်။ ကြိုက်တဲ့ အချိန်ယူသာလာခဲ့။ နောက်ဆုံး လူတွေအိပ်ချိန်ဆိုရင်တောင် ဘုံဆိုင်ကိုသာ နှိုး ၊ ယူတယ်။ ပိုက်ဆံမယူချင်ပါဘူး ဆိုရင် ဆန်နှစ်ဘူး ချင်ပေးတယ်။ လက်ပဒေါမှာ ကြွက်ကင်ဟာ ပိုက်ဆံပဲ။ လက်ပံတောမှာ ကြွက်တွင်းရှာတာဟာ ပိုက်ဆံရှာတာပဲ။ ဒါမှမဟုတ် ဆန်ရှာတာပဲ။
         မြစ်လောင်းဆိုတာကတော့ သည်နားတကြောမှာ တိုက်နယ်ရွာကြီးဆိုတော့ ဂတ်တဲရှိတယ်။ စာသင်ကျောင်းရှိတယ်။ တူတူတန်တန်ဈေးကလေး ရှိတယ်။ ကျေးလက်ကျန်းမာရေး ဆေးခန်းရှိတယ်။ ဆန်စက်တောင် တစ်လုံးလား ၊ နှစ်လုံးလားရှိတယ်။ ထားပါတော့။ သောင်သာတယ်။ ဆိုတော့ကာ မြစ်လောင်းသူ ၊ မြစ်လောင်းသားက ဈေးထဲမှာ ယောက်ျား၊ မိန်းမ အရောင်မွဲမွဲတွေ့ရင် ဒါ လက်ပဒေါက ဆိုတာ သိတော့ ၊ သူတို့ အချင်းချင်း စကားပြောရင်တောင် “လူကိုက လက်ပဒေါကာလာနဲ့” လို့ ပြောတတ်ကြတာတွေလည်း ရှိတယ်။ လက်ပဒေါက လူတွေဟာ ဆင်းရဲကြတာကို ပြောချင်တာပါ။ ဆင်းရဲပေမယ့် လက်ပဒေါသားတွေဟာ ရိုးသားကြတယ်။ မြစ်လောင်းဂါတ်တဲက လက်ပဒေါကို တရားခံသွားဖမ်းရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ လက်ပဒေါက တဲကလေးတွေဟာ ဘာတံခါးမှ မရှိတာတောင်မှ သစ်သားယောင်းမတစ်ချောင်း မပျောက်ဖူးဘူး။
         ရွာသားအားလုံးကတော့ ကြွက်ထိုးစားတာ မဟုတ်ပါဘူး။ သည်ဆည်မြောင်း လက်တံကြီးကို ဖာဖို့ ထေးဖို့ ပြုဖို့ ပြင်ဖို့ ရာသီအလိုက် ခန့်ထားတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ သူတို့ကို သည်အရပ်က “မြောင်းလျှောက်” လို့ ခေါ်တယ်။ မြောင်းကြီးတလျောက် လမ်းလျှောက်ရင်း မြောင်းကျိုးတာ ၊ မြောင်းပဲ့တာ လိုက်ဖာရတဲ့လူတွေဆိုတော့ မြောင်းလျှောက်လို့ ခေါ်တာလည်း မမှားဘူး။ ခက်တာက သည်အလုပ်က မိုးတွင်းမှာမှ ခဏလေးခန့်တာ။ နွေမှာ အလုပ်မရှိဘူး။ ကိုယ့်ဟာကိုယ်ရှာလုပ်ပဲ။ ရှာစားပဲ။ ရှာသောက်ပဲ။ လက်ပဒေါကို ခရီးကြုံမှာရင်လည်း ရတယ်။
          “လက်ပဒေါက မြောင်းဆောက်ဘုံတီးကို ပြောလိုက်စမ်းပါကွာ၊ နက်ဖျင်ညှ အဆေ့ကျောင်းကို လာပါလို့….. မြင့်လောင်းက စံထွန်းအလှူမတိုင်ခင် မြေညှိချင်လို့ လို့ …. နှော” လို့ မှာလိုက်ရုံပဲ။ မြောင်းဆောက်ဆိုတာ မြောင်းလျှောက်လို့ ပြောတာပါ။ နက်ဖျင် ဆိုတာ မနက်ဖြန်။ ညှ ဆိုတာ ည။ အဆေ့ကျောင်းဆိုတာ အရှေ့ကျောင်း ၊ နှော…ဆိုတာက နော….ကိုပြောတာပါ။ သူတို့ချင်းကတော့လည်း အဆင်ကိုပြေလို့ပါ။ ဒါဆို လက်ပံတောက မြောင်းလျှောက်ကိုဘုံတီးက ပေါက်တူးကိုင်ပြီး မြစ်လောင်းကို သုံးလေးရက် ကူးသွားတာပါပဲ။ ပြောချင်တာက လက်ပဒေါက လူတွေဟာ အဲသလို လူတွေ။ လက်ပဒေါဟာ အဲသလို ရွာကလေး။

(၂)

          လက်ပဒေါဟာ ရှိလှရင် အိမ်ခြေ ၂၀ ကျော်ပါပဲ။ လက်ပံပင်ကြီးတစ်ပင်တည်း ရွာထိပ်ရှိနေတာကို ဘယ်သူက လက်ပံတောလုပ်ထားတာလဲ ဘယ်သူမှ မသိဘူး။ ဒါက အကြောင်းလည်း မဟုတ်ပါဘူး။ နာမည်ရှိတာပဲ တော်လှပြီ။ နောက် ရွာအနောက်က သင်္ဂျိုင်းရာကလေးရှိတယ်။ သည်သင်္ဂျိုင်းရာကလေးက လက်ပဒေါသင်္ဂျိုင်းသက်သက်တော့ မဟုတ်ဘူး။ လက်ပဒေါနောက်ဝေးဝေးက ကြက်ဆူပင် ၊ မိုးနှံကုန်း ၊ ပျဉ်းမကုန်း ရွာတွေကလည်း လူမှသေရင် ဒီသင်္ဂျိုင်းလာတာပဲ။ သင်္ဂျိုင်းစပ်မှာ ညောင်ပင်အိုကြီး တစ်ပင်ရှိတယ်။ တစ်ခြမ်းးက ခြောက်တောင်နေပါပြီ။ တစ်ခြမ်းက ခြောက်လို့ တစ်ခြမ်းက စိမ်းလို့။ ထားပါတော့ ၊ အပင်ကလည်း ကြီးကြီးဆိုလို့ လက်ပံတောမှာ သည်လက်ပံပင်နဲ့ ဒီညောင်ခြောက်ပင် နှစ်ပင်ပဲရှိတယ်။
          တစ်နေ့တော့ လူဦးရေ တစ်ရာကျော်လောက် ဆင်းဆင်းရဲရဲနေရတဲ့ ၊ သစ်ပင်ကြီးနှစ်ပင်နဲ့ လက်ပဒေါမှာ လူသေမှုစဖြစ်တယ်။ လူသေမှုကို ပြောတာနော်။ လူသတ်မှုမဟုတ်ဘူး။ သူ့ဟာသူ နေရင်းထိုင်ရင်းသေတာကို ပြောချင်တာ။ ဟ… လူနေတဲ့ရွာပဲ ၊ လူသေတာပြောစရာရှားလို့ မေးချင်ရင်လည်း မေးဖို့ပဲ။ ဒါပေသိ လက်ပဒေါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ၊ အစိတ်ကတည်းက ကနေ့ထိ တစ်ခါမှ လူသေဖူးတာမဟုတ်ဘူး။ နာမည်ကသာ လက်ပဒေါသင်္ဂျိုင်း ၊ လက်ပဒေါသား၊ လက်ပဒေါသူ တစ်ယောက်မှ မြေကျဖူးတာ မဟုတ်ဘူး။ နှစ်အစိတ် ဟိုဘက်ကတော့လည်း ရှိချင်ရှိမယ်။ ဒါတော့ဘယ်သူမှ မပြောနိုင်ဘူး။ မှတ်မိသလောက်တော့ သည်နှစ်ပေါင်း အစိတ် သုံးဆယ်လောက်ထဲမှာတော့ မသေဖူးသေးဘူး။ ဒါတော့ သေချာတယ်။
          တစ်ညတော့ လက်ပဒေါရွာကို ကန့်လတ်ဖြတ် ပျံသွားတဲ့ ငှက်တစ်ကောင်က စူးစူးကြီးအော်ရင်း လက်ပဒေါညကို ခပ်ပြင်းပြင်းပုတ်နှိုးလိုက်တယ်။ သည်ငှက်အော်သံမျိုးကို လက်ပဒေါက အင်မတန်ဆင်းရဲတဲ့လူတွေ မကြားဖူးတာကြာပြီ။ သည်ရွာက လူတွေကလည်း ဟိုဘက်က တစ်တဲ ၊ သည်ဘက်က တစ်အိမ် ၊ လက်ပဒေါလာစုရင်းက နေကြရတာဆိုတော့ ကိုယ်ဖြတ်သန်းကြီးပြင်းခဲ့ရာ ငယ်ဘဝတုန်းကတော့ ကြားဖူးကြတာချည်းပေါ့။ ဒါဟာ ငှက်စုန်းတစ်ကောင်ရဲ့ အော်သံဆိုတာလောက်တော့ သိတာပေါ့။ သည်ကောင်မှ အပေါ်ကဖြတ်အော်ရင် ၊ ဒါမှမဟုတ် လူမမာအိမ်ခေါင်က ဖြတ်အော်ရင် ဒါဟာ မင်္ဂလာမရှိဘူး ဆိုတာလောက်တော့ သိတာပေါ့။ ကျက်သရေ မရှိဘူးဆိုတာလောက်တော့ သိတာပေါ့။ အဲသည်ညက သိခြင်းနဲ့ ကြောက်ခြင်းဟာ တစ်ချိန်တည်းဖြစ်တယ်။
         အဲသည်မှာတင် တစ်ရွာလုံးက ငှက်စုန်းသံကြားတာနဲ့ အိပ်ယာထဲ လှဲနေရာက ထကြတယ်။ ပါးစပ်ကလည်း “ဖွဟဲ့…. နင့်ဒဏ်နင်ခံ … နင့်ဒဏ်နင်ခံ” လို့ ရေရွတ်ကြတယ်။ ပြီးတော့ မိသားစုတွေဟာ မီးတိုင်ခွက်ရောင်နီကျင်ကျင် ၊ မှုန်တိမှုန်မွှားထဲမှာ တစ်ယောက်ရဲ့မျက်နှာ တစ်ယောက် လိုက်ကြည့်နေကြတယ်။ မိန်းမကလည်း ယောက်ျားကို “တော်နေကောင်းပါတယ်နော်” ဆိုတဲ့ မျက်နှာနဲ့ ကြည့်တာ။ ယောက်ျားကလည်း “နင် နေရထိုင်ရတာ ကောင်းရဲ့လား မိသေးရာ” ဆိုတဲ့ မျက်နှာနဲ့ ကြည့်နေတာ။ နီးစပ်ရာ ကိုယ့်ကလေးတွေရဲ့ နဖူးတွေကိုလည်း မှတ်မှတ်ရရကြီး စမ်းလိုက်ကြတာလည်း လက်ပဒေါက တဲကလေးတွေထဲမှာ အားလုံး အတူတူလောက် နေမှာပါပဲ။
          အေးလေ။ ညဘက်ထွက်တဲ့ ညငှက်တစ်ကောင်က သူ့ဟာသူ သူ့ငှက်လမ်းကြောင်းပေါ်မှာ ပျံသန်းရင်း အော်ဟစ်လိုက်တဲ့အသံဟာ လူတွေအားလုံး ငုတ်တုတ်ထ ထိုင်ကြရတယ်။ ပါးစပ်ကလည်း ပြိုင်တူ တစ်စုံတရာ ရေရွတ်လိုက်ရတယ်။ သည်ငှက်သံကပဲ သေခြင်းတရားကို ကိုက်ချီပြီး ရွာကလေးပေါ်မှာ ပစ်ချထားခဲ့တာမျိုးလို့ မျက်နှာထားတွေ ဖြစ်သွားကြရတယ် ဆိုတာကလည်း စဉ်းစားကြည့်ရင် ရယ်တော့လည်း ရယ်စရာကြီးပေါ့လေ။

(၃)

          ဒါပေမယ့် ဒါဟာ ရယ်စရာ မဟုတ်ပါဘူး။ လက်ပဒေါမှာ နှစ်တော်တော်ကြာကြာ ပျောက်ကွယ်နေတဲ့ သေခြင်းတရား ရုတ်တရက်ရောက်လာတာဟာ ရယ်မောစရာ ကိစ္စမဟုတ်ပါဘူး။ လူသေတာဟာ နှစ်သက်စရာ မဟုတ်ဘူး။ ဒါပေသိ လက်ပဒေါမှာ လူက တကယ့်ကို အဲ့သည်ညက သေတယ်။ သေတဲ့လူက လှတင် လို့ ခေါ်တယ်။ မြောင်းလျှောက်ပါပဲ။ လက်ပဒေါကို ငှက်စုန်းဖြတ်သွားပြီး လူတွေအားလုံးက အိပ်မောကျနေချိန်မှာ လှတင် ကြွက်ထိုးတဲ့ မှိန်းကိုထောက်ရင်းသူ့တဲကို ပြန်ရောက်လာတယ်။
          “မြမေ… ထစမ်း ၊ ငါ့ကို အကောင်ကိုက်လိုက်လို့”
ဒါပဲ ပြောနိုင်တယ်။ တဲဝမှာ ဝုန်းကနဲ လဲသွားတယ်။ သူ့မိန်းမ မြမေက နိုင်သလောက်ပွေ့ပြီး တဲအတွင်းဘက်ကို သွင်းတယ်။ အကောင်ကိုက်လိုက်တယ် ဆိုတဲ့နေရာတွေကို ရှာကြည့်တယ်။ လယ်ထဲ ကွင်းထဲ ကြွက်သွားထိုးတဲ့သူ အကောင်ကိုက်တာ ခြေဖျားဘက်ဖြစ်ရမှာပေါ့လို့ တွက်ရင်း ကြည့်လိုက်တော့ ဆေးလိပ်မီးနဲ့ထိုးထားလို့ အသားစတွေလန်နေနဲ့ ညာဘက် ခြေဖခုံဟာ မောက်မောက်ကြီးယောင်ကိုင်းနေတယ်။
“ကိုလှတင်… ကိုလှတင်…”
မရဘူး။ ခေါ်လို့ မရတော့ဘူး။ တော်တော့်ကို ဝေးတဲ့နေရာလောက်က ငှက်စုန်းထိုးသံကြီး တစ်ချက်ကြားပြီး ဘာကြာတုန်း လှတင်သေရော။ မမြမေ ငိုသံက ငှက်စုန်းထက်ကျယ်တော့ အားလုံးနှိုးကုန်ကြရော။ မမြမေတို့ တဲကလေးရှေ့ကို စုစုဝေးဝေးရောက်လာကြတယ်။ မိုးမလင်း တလင်း ညကြီးသန်းလွဲမှာ လက်ပဒေါက လူတွေဟာ သေသူရဲ့ခြေထောက်က ဒဏ်ရာကိုမကြည့်ဘူး။ မဲနက်နေတဲ့ကောင်းကင်ကို မော့ကြည့်နေကြတယ်။ ငှက်တစ်ကောင်ကို ရှာနေကြတာထင်ပါရဲ့။
“မနက် မြစ်လောင်းက ဘုန်းကြီးပင့်ဖို့စီစဉ်ကွာ”
တစ်ယောက်က အကြံပေးတယ်။ လက်ပဒေါမှာ သရဏဂုံတင်စရာ ဘုန်းကြီးမှ မရှိတာကိုး။

(၄)

လက်ပဒေါမှာ ငှက်စုန်းကြီးအော်လို့ ငါးရက်တောင် မပြည့်သေးဘူး။ လက်ပဒေါမှာပဲ နောက်တစ်ယောက်သေပြန်ရော။ သေတဲ့လူက ကျင်စိန်တဲ့။ အရက်သမားပါ။ လက်ပဒေါမှာ လူကောင်းသူကောင်းချည့် ရိုးရိုးသားသားနေတယ် ဆိုပေမယ့် အရက်ကလေးတမြမြနဲ့ လူလည်းရှိတာပေါ့လေ။ ပြီးတော့ရွာမှာ ဘုန်းကြီးကျောင်းသာမရှိတယ်။ ဘုံဆိုင်ကလေးတော့ရှိတယ်။ ကျင်ဆိုင်သေတာကလည်း ဆန်းတယ်။ အဲ့သည် ညဦးက ကျင်စိန်အရက်ကလေးထွေထွေနဲ့ သီချင်းတွေဆိုရင်းက တဲရှေ့ကွပ်ပျစ်ကလေးမှာ လှဲရင်းက မူးမူးနဲ့ အိပ်ပျော်သွားတာပါ။ မနက်မိုးလင်းတော့ ကွပ်ပျစ်ပေါ်မှာပဲ သေနေတယ်။ မနက်ခင်း ကျင်စိန်နဲ့ သိုးကျောင်းသွားနေကျ ထွန်းပေါ် လာနှိုးတော့ နှိုးမရတော့ဘူး။ စမ်းကြည့်တော့ မာတောင့်နေပြီ။
“ကျင်စိန်တော့ သေပြန်ပြီ… အင်း… ငါထင်တယ် ၊ ညက ငှက်စုန်းထိုးကတည်းက တစ်ခုခုတော့ ဖြစ်တော့မှာပဲ ဆိုတာ”
“ဟာ… ဘကြီးကလည်း ဘယ်တုန်းက ထိုးလို့တုံး ၊ ညက မထိုးပါဘူး”
“ထိုးပါသော်ကော မောင်ရာ ၊ ညက လေတွေ တဝူးဝူး အော်တိုက်နေတာ အကြာကြီး ၊ လေလေးလည်း ငြိမ်ရော ငှက်စုန်းထိုးလိုက်တာ သံပြာကြီးနဲ့”
ကျင်စိန့် အလောင်းရှေ့ရောက်နေတဲ့ လက်ပဒေါသားတွေ အားလုံး ငိုင်သွားကြတယ်။ အင်မတန် ကြမ်းတမ်းခက်ခဲတဲ့ သည်နေရာကလေးကို အင်မတန် ဆင်းရဲကျပ်တည်းကြတဲ့ သည်နေရာစုကလေးကို သေမင်းက ဘယ်လိုရှာတွေ့သွားရတာတဲ့လဲ။ သည်ငှက်စုန်းကကော ဘယ်သူက လွှတ်လိုက်တာလဲ။ နှစ်ပေါင်းများစွာ တစ်ခါမှတောင် မကြားဘူးတဲ့ ငှက်အော်သံကြီးဟာ ဘယ်က ဘယ်လို ရောက်လာရတာတဲ့လဲ။ မသိဘူး။ သူတို့ ဘာမှကို မသိတာပါ။ သူတို့ ဘယ်လိုမှကို ဥာဏ်မမီနိုင်တာကိုပဲ တွေးနေကြတာ အကြာကြီး။ ပြီးတော့ ကိုယ့်တဲကလေးတွေဆီကို ကိုယ်ပြန်ကြတယ်။
လက်ပဒေါသားတွေ ကြွက်ကောင်းကောင်းမထိုးနိုင်ဘူး။ မြောင်းကောင်းကောင်း မလျှောက်နိုင်ကြဘူး။ သည်ညကော ငှက်စုန်းလာဦးမှာလား ၊ လာရင်ကော အော်ဦးမှာလား ၊ အော်ရင်ကော သေဦးမှာလား ၊ သေရင်ကော … ဘယ်သူလဲ။

(၅)

ကျင်စိန်သေလို့ တစ်လကျော်ကျော်ကြာတော့ လူတွေဟာ ငှက်စုန်းကို မေ့သွားကြတယ်။ လက်ပဒေါမှာ လူသေတာဟာ ပြောစရာတော့ဖြစ်သွားတာပေါ့လေ။ လက်ပဒေါသားတွေဟာ သည်အကြောင်းကို အခုတွေးရင် အခုကြောက်ကြတယ်။ ငှက်စုန်းကလည်း မလာပြန်ဘူး။ တချို့ညတွေကျတော့လည်း ရွာစပ်ကဖြတ်ပျံသွားရင်း ခပ်ဝေးဝေးက အော်သံလောက်နဲ့ ပြီးသွားတာမျိုးပဲရှိတယ်။ သည်အတောအတွင်း လက်ပဒေါက ကလေးတွေအားလုံးရဲ့လည်ပင်းမှာ ကနုကမာခွံလိုလို လက်မလောက် ယောက်သွားခွံကလေးတွေ တပ်ကြလို့။ သည်လိုနဲ့ နေလာကြရာက တစ်ညတော့ အားလုံးက မေ့နေကြတဲ့ ငှက်စုန်းဟာ လက်ပဒေါရွာပေါ်က တည့်တည့်ကြီးအော်သွားပြန်ရော။ အော်တာမှ စူးစူးရဲရဲကြီး။ ဂီး ကနဲအော်သံဟာ တော်ရုံလူမမာရဲ့အသက်ဝိညာဉ်ကို ကိုင်ညှစ်ပြီး သူ့နှုတ်သီးကြီးနဲ့ တပေါက်ပေါက် ထိုးဆိတ်လိုက်သလိုအော်သွားတာမျိုး။
“ဖွဟဲ့… နင့်ဒဏ်နင်ခံ… နင့်ဒဏ်နင်ခံ”
နင့်ဒဏ်နင်ခံသာပြောတာ။ ငှက်စုန်းက ခံဖို့သာ လက်ပဒေါသားတွေက တဖွဖွရွတ်နေတာ။ တကယ်ခံနေရတာက သူတို့ပဲ။ အဲ့သည်ညက လ က လက်သည်းခြစ်ရာလောက်ကလေးနဲ့ ည။ ပြောင်းခင်းဘက်က ကွင်းလေက တသွေးသွေးနဲ့ည။ ဆည်မြောင်းလက်တံကြီးထဲမှာ ရေမရှိချိန်ဆိုတော့ ကလေးတွေတောင် ပြောင်းခင်းကြီးကျော်ပြီး မြောင်းခြောက်ထဲ ကစားနေတဲ့ည။ ငှက်စုန်းထိုးသံကြီးဟာ လက်တံမြောင်းတဲကလေးတွေပေါ်ကို ဗုံးကြဲလိုက်သလို ၊ မိုးကြိုးများပစ်ချလိုက်သလို ကျလာတော့ ကလေးတွေအားလုံးဟာ လက်တံမြောင်းနှုတ်ခမ်းပေါ်ပြေးတက်ရင်း ပြောင်းခင်းကို ညမှောင်မှောင်ထဲမှာ ကျော်ဖြတ်ရင်း တဲစုကလေးတွေရှိရာကို ပြေးလာကြတယ်။ မိဘတွေကလည်း ပြောင်းစပ်ခင်းက ကြိုရင်းက ပြေးလာတဲ့ကလေးတွေရဲ့ ရင်ပတ်က ကမာခွံကို အရင်စမ်းကြည့်ကြတယ်။
“ဟဲ့… ငကွန်း … ဘယ်မှာလဲ … နင့်”
မအေလုပ်သူတွေထဲက အော်လိုက်သံဟာ လက်ပဒေါညထဲမှာ တုန်ခါနေတယ်။
“ဘယ်မလဲ ငါမေးနေတယ်လေ… ဘယ်မလဲ”
ငကွန်းက မျက်လုံးတွေကြောင်နေပြီး မအေလုပ်သူကို ကြည့်နေတာကလွဲရင် သူ့လည်ပင်းကို သူစမ်းနေတာပဲရှိတယ်။ ဘာမှ မပြောဘူး။ မပြောနိုင်ဘူး။ သည်လိုနဲ့ လက်ပဒေါဟာ ခဏလေး ငြိမ်သက်သွားတယ်။ အဲ့သည်ညက ကိုယ်တွေခြစ်ခြစ်တောက်ပူပြီး ငကွန်းကလေးသေတယ်။
သည်တစ်ခါတော့ လက်ပဒေါဟာ ချောက်ချားသွားခဲ့ကြတယ်။ ထိတ်လန့်ကြောက်ရွံ့နေကြတယ်။ ညမှောင်ပြီဆိုတာနဲ့ လက်ပဒေါမိုးကောင်းကင်ပေါ်က ဖြတ်သန်းသွားမယ့် ငှက်တိရစ္ဆာန် တစ်ကောင်ကို ဘာမဟုတ်ညာမဟုတ် ကြောက်နေကြတယ်။ သည်ငှက်ကပဲ လက်ပဒေါကို သေခြင်းလက်ဆောင်တွေ ကောင်းကင်က ချချပေးနေတာကိုး။
ပထမ လှတင်သေတယ်။ နောက် ကျင်စိန်သေတယ်။ ခုတစ်ခါ ငကွန်းကလေးသေပြန်ပြီ။ နောက်ဘယ်သူသေဦးမှာလဲ။ လက်ပဒေါသင်္ဂျိုင်းမှာ လက်ပဒေါသား သုံးယောက်တောင် ရောက်နေပြီကော။ လက်ပဒေါသင်္ဂျိုင်းက နောက်ဘယ်သူ့ကို မျက်စပစ်နေပြန်ပြီလဲ။ ဘယ်သူမှ မပြောနိုင်ဘူး။ သည်ငှက်စုန်းကြီးအော်နေသ၍ လက်ပဒေါသူ လက်ပဒေါသားတွေဟာ နေ့လား ညလား ၊ သူလား ငါလား ဘယ်သူမှ မပြောနိုင်ဘူး။

(၆)

တစ်ရွာလုံးမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဘကြီးသောင်က ပရိတ်တွေရွတ်တယ်။ မေတ္တာတွေပို့တယ်။ မျက်စိမမြင် ဘာမမြင်နဲ့ ရွာကို တတ်သမျှ မှတ်သမျှ စည်းချပေးတယ်။ လက်ပဒေါသူ လက်ပဒေါသားတွေကလည်း ကွင်းကြို ကွင်းကြား ကြွက်ထိုးနေရလို့ မေ့နေတဲ့ ဘုရားရှိခိုးအမျိုးမျိုးကို ရတတ်သမျှရွတ်ကြတယ်။ သည်လိုနဲ့ တစ်နေ့တော့ ဘကြီးသောင်က လက်ပဒေါသားတွေကို လူစုတယ်။ သူ့သဘောထားကို ပြောတယ်။
“ဘကြီးတော့ အိပ်မက်တွေလည်း မကောင်းဘူး။ အတိတ်နမိတ်များလည်း မကောင်းဘူး။ သည်တော့ ဘကြီးတတ်သမျှ မှတ်သမျှ စည်းတော့ချပြီးပြီ။ ဒါပေမယ့် သည်ငှက်တွေ ရောက်မလာဘူး ဘယ်သူမှ မပြောနိုင်ဘူး။ သည်တော့ ငါတို့ ဘာလုပ်ကြမလဲ။”
မြောင်းလျှောက်သမား ကိုခင်ကလည်း သူ့သဘောထားကို ချပြတယ်။
“ငှက်အော်လို့ သေတာမဟုတ်ဘူး… ဘကြီးရာ လူသေတာ သေနေ့စေ့ သေတာပါပဲ။ ငှက်က လူ့ဝိညာဉ်ကို မနှုတ်နိုင်ပါဘူး။ ဒါ ဘကြီးတို့က ဥပါဒ်ဒါန်စွဲနေတာ။ ဒါကြောင့် ဥပါဒ်ပြန်ဖြစ်နေတာ”
ဆိုတော့ လာစုမိတဲ့ လက်ပဒေါသူ လက်ပဒေါသားတွေက ကိုယ်ခင့်ကို ဒေါကန်ကြတယ်။ အရေးထဲမှာ ရွာလာပြီး ကန့်လန့်တိုက်နေတဲ့ ကောင်ပါလားဆိုတဲ့ မျက်နှာနဲ့ ကိုခင့်ကို ဝိုင်းကြည့်ကြတယ်။ ကိုခင်ကတော့ ဂရုမစိုက်ပါဘူး။ ဆင်နှစ်ကောင်ဆေးလိပ်တောင် တထောင်းထောင်းဖွာနေလိုက်သေးတယ်။ သူ့လေးထောင့်မျက်နှာကြီးထဲက မျက်ပေါက်ကျဉ်းကျဉ်းကလေးတွေနဲ့ လူတွေကိုတောင် ပြန်ကြည့်နေလိုက်သေးတယ်။
ခက်တာက ဘကြီးသောင်ကသာ ဘာလုပ်မလဲ မေးနေတာ ဘယ်သူက ဘာလုပ်တတ်မှာတုန်း။ ငှက်စုန်း ဘယ်နားနေမှန်းသိရင်လည်း ကောင်းသားကလား။ ညှိလို့နှိုင်းလို့ ရရင်လည်း ကောင်းသားကလား။ တောင်းပန်လို့ တိုးလျှိုးလို့ ရရင်လည်း ကောင်းသားကလား။ ဒါပေမယ့် ဒါက လူလူချင်းကိစ္စ မဟုတ်ဘူး။ ငှက်နဲ့ လူတွေ ရဲ့ နားမလည်နိုင်တဲ့ ကိစ္စ။ ဒါက မြစ်လောင်းဂါတ်တဲနဲ့လည်း မဆိုင်ဘူး။ မြစ်လောင်းသူကြီးနဲ့လည်း မပါတ်သက်ဘူး။ မြေကျင်းထဲက ကြွက်ကိုသာ မှိန်းနဲ့ထိုးတတ်ကြတဲ့ လက်ပဒေါသားတွေဟာ ကောင်းကင်က ငှက်ကို ဘာလုပ်ရမှန်းမသိဘူး။
“သည်လိုလုပ်ချင်တယ်”
တစ်ကိုယ်လုံးပွေးတွေနဲ့ အကွက်လည်နေတဲ့ စံမြက စကားစတယ်။ အားလုံးက စံမြကို အာရုံရောက်သွားကြတယ်။ စံမြက လက်ဖျံပေါ်က ပွေးဒင်္ဂါးတွေကို လက်သည်းနဲ့ ကုတ်ဖဲ့နေရင်းကပြောတယ်။
“ကျုပ်တို့ရွာမှာ ငှက်ခိုလို့ရတာ သစ်ပင်ကြီးနှစ်ပင်ပဲရှိတယ်။ ရွာထိပ်က လက်ပံပင်နဲ့ သင်္ဂျိုင်းစပ်က ညောင်ခြောက်ပင် ၊ သည်နှစ်ပင်မရှိရင် ငှက်မနေနိုင်ဘူး။ ငှက်စုန်းဟာ ညောင်ပင်မှာရှိရင်ရှိ ၊ မရှိရင် လက်ပံပင်မှာ ရှိမယ်။ သည်တော့…”
စံမြက စကားတွေကို ရပ်ထားတယ်။ သည်တော့ ဘာဖြစ်သလဲ … ဘာဖြစ်သလဲ…။ လက်ပဒေါသားတွေက စံမြကိုပဲ ငေးနေကြတယ်။
“သည်တော့ ဒီနှစ်ပင်ကို လှဲချင်တယ်”
ဒါပါပဲ။ စံမြက ဒါပဲ ပြောပြီး ပွေးစတွေကို တောက်ထုတ်နေတယ်။ လူတွေအားလုံးဟာ ဘာမှ မပြောနိုင်တော့ဘူး။ ဟုတ်သားပဲ။ စံမြလောက်တောင် ငါတို့ ဘာလို့ မတွေးမိရတာလဲ။
“ကောင်းတယ်ကွာ ၊ စံမြ မင်းတာဝန်ယူနိုင်မလား”
“ယူနိုင်ပါတယ်။ ဒါက သုံးလေးယောက်ဝိုင်းလိုက်ရင် ပြီးတဲ့ကိစ္စပဲ ၊ ဒါပေမယ့်… ”
လူတွေကတော့ နားမလည်ဘူး။ ခုတ်လိုက်ရင်ပြီးမယ့် ကိစ္စပဲ။ ဟာ ဒါပေမယ့်လည်း….။ ဘာလဲ မလုပ်ချင်တာလား။ မလုပ်ချင်ရင် ဘေးဖယ်နေ။ ငါတို့ လုပ်စမ်းမယ်။ သစ်ခေါင်းထဲတွေ့မယ့် ငှက်စုန်းတော့လား မြစ်လောင်းအရက်နဲ့တွေ့ပြီပေါ့။ လူတွေက ဒေါသနဲ့ တွေးနေကြတာပါ။
“ဒါပေမယ့်… ညောင်ပင်ကို ဘယ်သူ ခုတ်ရဲလို့လဲ ၊ ကျွန်တော်မခုတ်ရဲဘူး။ ညောင်ပင်မှာ တစ်ရွာလုံးက ကိုးကွယ်ထားတဲ့ နတ်ကွန်းတွေပြည့်နေတာ၊ ကျုပ်မလုပ်ရဲဘူး။”
ဟာ… ဒါလည်း ဟုတ်သားပါလား။ လူတွေအားလုံးငိုင်သွားလိုက်ကြတာ တော်တော့်ကိုကြာတယ်။ သည်ညောင်ပင်ကလည်း တစ်ခြမ်းသာခြောက်နေတာ တစ်ရွာလုံးက စင်ကလေး နေရာလပ်မကျန်အောင် ရိုက်ထားပြီး ကိုယ့်အစွဲနဲ့ကိုယ် ကိုးကွယ်နေကြရတဲ့ညောင်ပင်။ ညနေမှောင်ပြီဆိုတာနဲ့ မီးကလေး တလက်လက် နဲ့ ရှိနေတတ်တဲ့ ညောင်ပင်။ တစ်နှစ် တစ်ခါ ကိုယ်တတ်နိုင်သလောက်နဲ့ မိသားစု ဝတ်မပျက် ပူဇော် ပ သ နေရတဲ့ ညောင်ပင်။
ဒါကို ခုတ်ရမယ်လို့ ဖြစ်လာတော့ ခုတ်ဖို့ နေနေသာသာ ဘယ်သူမှ စိတ်တောင်မကူးရဲဘူး။ သည်ညောင်ခေါင်းထဲမှာ ငှက်စုန်းရှိမယ် မရှိမယ်ကလည်း သေချာတာမဟုတ်ဘူး။ ညောင်ပင်က ရွာကို မီးနဲ့တိုက်မှာက အရင်ကိုး။ သည်လိုနဲ့ လက်ပဒေါသူ လက်ပဒေါသားတွေဟာ ငှက်စုန်းရှာမလား။ ညောင်ပင်ခုတ်မလား ဆိုတဲ့ ပြဿနာကြီးနဲ့ တွေ့နေကြတယ်။
“ကျုပ်ခုတ်မယ်… ညောင်ပင်ကို ကျုပ်ခုတ်မယ်”
ကိုခင်။ သူ့လေးထောင့် မျက်နှာကြီးနဲ့ မျက်ပေါက်ကျဉ်းကျဉ်းကို မှေးထားရင်းက တစ်ခွန်းတည်း ထ အော်တယ်။ လူတွေအားလုံးဟာ ညောင်ပင်ခုတ်ဖို့ကိစ္စ ကိုယ်က ခုတ်ဖို့နေနေသာသာ ခုတ်ကွာ… လို့တောင် မပြောရဲတဲ့လူတွေကိုး။ ကိုခင်က ခုတ်မယ်ဆိုတော့ ဝမ်းထဲက ကျေနပ်ကြပေမယ့် ပါးစပ်က မပြောရဲဘူး။
“ကျုပ်ဒါတွေ ယုံတာမဟုတ်ဘူး။ ငှက်အော်လို့ လူသေတာလည်း ကျုပ်မယုံဘူး။ ဒါပေမယ့် ခင်ဗျားတို့ ယုံတယ်မဟုတ်လား။ ယုံလို့လည်း ငှက်နေတယ်လို့ ထင်ရတဲ့ညောင်ပင်ကျတော့ ခင်ဗျားတို့ မခုတ်ရဲကြပြန်ဘူး ၊ ဘာတွေလဲ ခင်ဗျာတို့ ၊ ကျုပ်ခုတ်ပေးမယ်။ အိုဗျာ… ကျုပ်က ခုတ်နေမှာမဟုတ်ဘူး ၊ ခင်ဗျားတို့ တစ်ခုပဲ ပြောလိုက်မယ်။ ခင်ဗျားတို့ ကိုးကွယ်ထားတဲ့ နတ်ကွန်းစင်တွေ ကနေ့ညနေစောင်း အပြီးဖြုတ်ထား။ မနက်ဖြန်မနက် ကျုပ်က ညောင်ပင်ခေါင်းထဲ ရေနံထည့်ပြီးမီးရှို့မှာ။ ကန်တော့ချင်တဲ့သူ ကနေ့ အပြီးကန်တော့ထား။ လက်ပဒေါမှာ မနက်ဖြန် ညောင်ပင်လည်းမရှိစေရဘူး။ ညောင်ခေါင်းထဲ ငှက်စုန်းနေတယ်ဆိုရင် ငှက်စုန်းလဲ မသာပေါ်ပြီသာမှတ်”

(၇)

အဲသည်တုန်းက တကယ်လည်း လက်ပဒေါသားတွေက လက်ပံပင်ကို ခုတ်တယ်။ ကိုခင်က ညောင်ပင်ကို မီးရှို့တယ်။ လက်ပံပင်ကတော့ ငုတ်တိုတောင် မကျန်တော့ပါဘူး။ ထင်းဖဲ့စိုက်ကြတာနဲ့ကို နောက်ခေတ်ကလေးတွေက ကြည့်ချင်လို့တောင် မရှိတော့ဘူး။ ညောင်ပင်ကတော့ ဘယ်လိုပြောရမလဲ။ ကိုခင်ကလည်း ညောင်ခေါင်းထဲ ရေနံထည့်ပြီး မီးရှို့ခဲ့တာပါပဲ။ ညောင်ပင်တစ်ပင်လုံးလည်း မည်းချိတ်ပြီး နလန်မထူဘဲ သေသလိုဖြစ်သွားခဲ့တာပါပဲ။ ဘာငှက်တစ်ကောင် တစ်မြီးမှလည်း မတွေ့ခဲ့ဘူးလို့ ပြောကြတာပါပဲ။ အခုတော့ ကိုခင်တောင် လက်ပဒေါမှာ ဘကြီးခင် ဖြစ်နေပါပြီ။ နှစ်ပေါင်းကလည်း သုံးဆယ်သီသီ ကျော်ခဲ့ပြီကိုး။ နှစ်ကလည်း နည်းတော့တာမှ မဟုတ်ဘဲလေ။
ဒါပေမယ့် အဲသည် ညောင်ပင်က မသေဘူး။ အငုတ်က ပြန်တက်လာတဲ့ အကိုင်းလေးကနေ စလိုက်တာ အခုတော့ ရွက်အုပ်ဖားဖားနဲ့ ဝေဝေဆာဆာကြီးကို ဖြစ်လို့။ ထုံးစံအတိုင်းပါပဲ နတ်ကွန်းကျောင်းဆောင်ကလေးတွေလည်း ပြန်ရောက်လာပြီ။ ညဘက်မီးကလေး တလက်လက်နဲ့လည်း ဘယ်သူ့ကိုမှန်းတော့ မသိဘူး ပူဇော်သူက ပူဇော်လို့။
အေးလေ။ လက်ပဒေါကလည်း အရင် လက်ပဒေါမှ မဟုတ်တော့တာ။ ဗီဒီယိုတွေ ဘာတွေနဲ့ လက်ပဒေါ ဖြစ်သွားခဲ့ပြီကိုး။ နှစ်ပေါင်း သုံးဆယ်အတွင်းမှာ လက်ပဒေါလည်း ဘာသားမို့လို့တုံး။
မနေ့တစ်နေ့ကတော့ လက်ပဒေါမှာ ဘကြီးခင်သေတယ်။ လူတွေက ဘကြီးခင်သေတာ လူကြီးပဲ လူကြီးရောဂါပဲပေါ့လေ။ ဘယ်သူမှ သိပ်လည်း ခံစားမနေပါဘူး။ ဒါပေမယ့် သတိထားမိတဲ့လူတွေပြောတာက ဘကြီးခင်သေတဲ့ညက ငှက်စုန်းထိုးသေးသတဲ့။ ငှက်စုန်းကလည်း ညောင်ခေါင်းကလေးထဲက ထွက်တာတဲ့။
သေတော့ မသေချာပါဘူး။ လက်ပဒေါက နောက်ပေါက်တွေက အဲ့သည်ညက ဗီဒီယိုရုံထဲရောက်နေကြတာကိုး။
~~~~~~~~~~~~~~~~~~

ရွှေအမြုတေမဂ္ဂဇင်း ၁၉၉၆ ၊ ဖေဖော်ဝါရီလ မှာ ဖော်ပြသွားတဲ့  ဆရာနေဝင်းမြင့်ရဲ့ဝတ္ထုတိုလေးပါ။

** ကြက်သားဟင်းတစ်ခွက် ( ၀တ္ထုတို ) ** နေမျိုး

** ကြက်သားဟင်းတစ်ခွက် ( ၀တ္ထုတို ) ** နေမျိုး

(က)

ကလေးတွေအမေ ဈေးကပြန်လာပြီ။ ခါတိုင်းဆိုလျှင် သူဈေးကပြန်လာတိုင်း ကျွန်တော်က မသိကျိုးကျွံပြု လေ့ရှိပါသည်။ ဘာဝယ်ခဲ့သလဲ မေးမြန်းလေ့မရှိ။ သူ့ထံမှ မရိုးနိုင်သော ကုန်ဈေးနှုန်းပုံပြင်ဟောင်းကြီးကို လည်း နားထောင်ရန် ငြီးငွေ့နေပါ ပြီ။ ဒီနေ့ကတော့ ကလေးတွေအမေကို ကျွန်တော်က မေးဖြစ်အောင် မေးလိုက်သည်။

“ ပါခဲ့လားဟေ့ ”

သူကဆွဲခြင်းတောင်းကို မြှင့်၍ မေးငေါ့ပြလိုက်သည်။ ၀ယ်လာခဲ့ပြီပေါ့။ ကလေးနှစ်ယောက်က လည်း သူတို့အမေကို အလုအယက်ဝိုင်းမေးကြသည်။

“ အမေ တုံးတုံးပါခဲ့လား ” တဲ့ ။

သမီးငယ်လေးက အကဲဆုံးပေါ့ ။

“ ဒီမှာ အော်အီးအီးအွတ်လေ သမီးရဲ့ ”

ဒီကနေ့ ကျွန်တော်တို့မိသားစု ကြက်သားဟင်းချက်စားကြမည့် အစီအစဉ်မှာ သေချာသလောက် ဖြစ်သွားပါပြီ ။

(ခ)

မီးဖိုချောင်ထဲမှာ တဒုံးဒုံးထုထောင်းကာ ကလေးတွေအမေက ချက်ပြုတ်နေသည်။ ကျွန်တော်က စုတ်တံချည်ထားသော ကွန်ပါတစ်လက်ဖြင့် ဇယားကွက် ကိန်းဂဏန်းများကို ရေးဆွဲနေသည်။ ကလေးနှစ်ယောက် အရိပ်ထဲမှာ ဆော့ကစားနေကြ ၏။ ခဏကြာတော့ ဂျင်း၊ ကြက်သွန်ဖြူအုပ်ထားသော ဟင်းအိုး၊ ကြက်သားဟင်းနံ့က ပျံ့လှိုင်လာပြီ။ စေးစေးပိုင်ပိုင် လက်ဖက်ရည်တစ်ခွက်၊ မြိုးမြိုးမြက်မြက် ဟင်းကလေးတစ်တုံး၊ သည်ထက်ပိုပြီး ဘာတွေများလိုအပ်ပါသေးသလဲကွယ့် တနင်္ဂနွေနေ့ရေ….. ။

(ဂ)

“ သမီးကို ဟောဒီအတုံးကြီးကြီးထည့်ပေး ”

“ သားကိုလည်း ဟောဒီအတုံးထည့်ပေးရမှာ ”

ကလေးတွေအမေက သားနှင့်သမီးကို သူတို့စိတ်တိုင်းကျ ဟင်းတုံးများခပ်ထည့်ပေးလိုက်ပါသည်။ ကျွန်တော့်အတွက် ဝေစုက လည်ချောင်းရိုးနှင့် ဦးခေါင်း။ သူမအတွက်ကတော့ ခြေထောက်ရိုးနှင့် အတောင်ပံ ။

“ တို့က ညနေမှ ကောင်းကောင်းစားရအောင်နော် ။ ခု ကလေးတွေပဲ စားပါစေတော့နော် ” တဲ့ ။

ကျွန်တော့်ဇနီးက နှစ်သိမ့်သလို ကျွန်တော့်ကိုပြောသည် ။ ကျွန်တော်ကလည်း “ခေါင်းစားရင် မင်းဖြစ် သတဲ့” ဟုပြောကာ ကျွန်တော့်ဝေစုဟင်းတုံးကို အားရပါးရ ကိုက်ဝါးပစ်လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် တနင်္ဂနွေနေ့ရဲ့ ပျော်ဖို့ကောင်းတဲ့ထမင်းဝိုင်း ကလေးပါပဲ။

(ဃ)

နေ့လည်ခင်း

အောက်ထပ်မှာ ကလေးတွေနှင့် သူတို့အမေက တရေးတမောအိပ်နေကြသည်။ အပေါ်ထပ်မှာ ကျွန်တော်က ကွန်ပါ၊ စုတ်တံ၊ ဆေးခွက်များဖြင့် ဇယားကွက်ဆက်လက်ရေးဆွဲနေသည်။ အဲဒီနောက်မှာ တော့ “ ဂလုံ..ဂလွမ် ”နှင့် အောက်ထပ် မှအသံကို ပီပီသသကြားလိုက်ရသည်။ ဆက်၍ …

“ အယ်တော်.. ကုန်ပါပြီ..ကုန်ပါပြီ။ ဟဲ့..ခွေး… ဟဲ့…ခွေး…””ဟူသော ကလေးတွေအမေရဲ့အော်သံကို ကြားလိုက် ရသည်။ ကျွန်တော် နည်းနည်းတော့ သဘောပေါက် လိုက်သည်မို့ လှေကားမှ အမြန်ပြေးဆင်းလာခဲ့သည်။ မီးဖိုချောင်ထဲက တဟုန်ထိုးပြေး ထွက်လာ
သော ခွေးမကြီးတစ်ကောင်။ ပါးစပ်ထဲမှ ဟင်းတုံးများကို ပြေးရင်းလွှား ရင်း မြိုချနေသည်။ အုတ်ခဲ ကျိုးနှစ်ခုကို ကျွန်တော်ကောက်ကိုင်ကာ ခွေး မကြီးနောက်သို့ပြေးလိုက်သွားသည်။ ၀င်းထရံပေါက်ကွေ့၍ တံခါးမကြီး မှ ပြေးအထွက်တွင် ကျွန်တော့်လက်ထဲမှ အုတ်နီခဲက ၀ှီးခနဲပြေးသွား သည်။ ခွေးမကြီး၏၀မ်းဗိုက်ကို တည့်တည့်မတ်မတ် ထိမှန်သွားပါ၏။ မှတ်ထားကွ။ ဂိန်ခနဲအော်မြည်ကာ ခွေးမကြီးပက်လက်လန် သွားသည်။
တော်တော်နှင့်ပြန်မထနိုင်သေး။ နောက်ထပ်ကျန်ရှိနေသေးသော အုတ်နီခဲဖြင့် ထုဖို့ ချိန်ရွယ်လိုက်သည်။ ခွေးမကြီးက တဂိန်ဂိန်အော်မြည် ရင်း လူးလဲထဖို့ ကြိုးစားနေ၏။ ကျွန်တော့်လက်ထဲ က အုတ်နီခဲကို ပို၍ တင်းတင်းဆုပ်လိုက်သည်။ ခွေးမကြီးကို ဆက်၍မထုဖြစ်လိုက်တော့ပါ။ ဘာကြောင့် မှန်းမသိ။ ခွေးမကြီးနာနာကျင်ကျင် အော်မြည်သံက ကျွန်တော့်ကို တမျိုးတစ်မည် ပြောင်းလဲခံစားရစေခဲ့ပါ သည်။

(င)

ကျွန်တော့်ဇနီးက ကျွန်တော့်အနီးသို့ ရောက်လာသည်။

“ ဟင်းတွေ တစ်တုံးမှမရှိတော့ဘူး။ အကုန် ကုန်သွားပြီ။ အဲဒီခွေးမ ၀င်စားသွားတာ ”

“ ငါ ခဲနဲ့တစ်ချက် ထုလိုက်တယ် ”

“အေး….”

ကျွန်တော့်ဇနီးက တစ်ခွန်းပြောလိုက်၏။ ပြီးမှ-

“ခွေးမကြီးက ဇီးနဲ့ ။ သနားပါတယ်ဟာ… နော် ”

“အေး ”

ကျွန်တော်ကလည်း တစ်ခွန်းပြန်ပြောလိုက်ပါသည်။

(စ)

ထိုနေ့က ညစာကို ဘာဟင်းနဲ့ ကျွန်တော်တို့ စားခဲ့ကြပါလိမ့်။ အတိအကျမမှတ်မိသော်လည်း ပဲပြုတ်နှင့် ဘယာကြော် တစ်ခုခုသာဖြစ်ပါလိမ့်မည်။ သို့မဟုတ်လျှင် ခါတိုင်းလို လက်ဖက်သုပ်လည်း ဖြစ်နိုင်ပါ သည်။ ။

နေမျိုး

** ပျင်းရိသူ - ၂ ** နေမျိုး

** ပျင်းရိသူ - ၂ ** နေမျိုး

ပျင်းရိသူအကြောင်း အတ္ထုပ္ပတ္တိရေးရင်
မင်ကုန်သက်သာတယ်
အကြောင်းက သူဟာဘာမှ ဟုတ္တိပတ္တိမလုပ်လို့ပဲ
ပျင်းရိသူဟာ မနက်မိုးလင်းပြီလားလို့
ခြင်ထောင်ထဲကနေ လှမ်းကြည့်တယ်
ပျင်းရိသူဟာ နေထွက်လာပြီလားလို့
ခြင်ထောင်ထဲကနေ လှမ်းကြည့်တယ်
ပျင်းရိသူဟာ နေပြောက်တွေ နံရံမှာရွေ့လျားနေပြီလားလို့
ခြင်ထောင်ထဲကနေ လှမ်းကြည့်တယ်
နာရီကြီးက ဒေါင်ဒေါင်ဒင်ဒင်မြည်တော့
ပျင်းရိသူဟာ ခြင်ထောင်ကိုလှပ်ပြီး နားထောင်တယ်
ဘယ်နှချက်မြည်သွားမှန်းမသိဘူး၊ အများကြီးပဲ
ပျင်းရိသူဟာ ပြီးအောင်မဖတ်ရသေးတဲ့စာအုပ်ကို
ဒီအတိုင်းထားတယ်
ပျင်းရိသူဟာ အိပ်ရာကထထချင်း ဘာလုပ်ရမလဲဆိုတာသိတယ်
သူက ဆေးလိပ်တိုမီးခိုးထွက်အောင်လုပ်တတ်တယ်လေ။ ။

နေမျိုး

(မျိုးရေ ထ ထ၊ မျိုးရေ ထ ထ လို့မနက်မနက်နှိုးတတ်တဲ့ ချစ်ဇနီးအစ်မ မ၀င်းမေသို့)
2002.7.17

** ကြောင် ** နေမျိုး

** ကြောင် ** နေမျိုး

သူဟာကြောင်တစ်ကောင်ဖြစ်တယ်လို့
ပြောကြတယ်
သူဟာ ငါးတစ်ကောင်မှ မစားဖူးဘူး
သူ့ အဖေလဲ ငါးတစ်ကောင်မှ မစားဖူးဘူး
သူ့ အဘိုးလဲ ငါးတစ်ကောင်မှ မစားဖူးဘူး
( သူဟာကြောင်တစ်ကောင်ဖြစ်တယ် လို့ပြောကြတယ် )
သူ့ ရန်သူတွေကသူ့ အကြောင်းရေးဖွဲ့ထားတဲ့
ကဗျာတွေဖတ်ပြီးသူငိုတယ်
ဒါပေမယ့် သူဟာကြောင်တစ်ကောင်ဖြစ်တယ်
သူဟာပြင်သစ်ဘာသာနဲ့ချောင်းဆိုးပြီး
ဂျာမန်ဘာသာနဲ့သန်းဝေတယ်
“ ကြောင်တစ်ကောင်၏တစ်နေ့တာ ” စာအုပ်ကို
မြန်မာဘာသာနဲ့ထုတ်ဝေခဲ့တယ်
အဲဒီစာအုပ်ဟာ အရောင်းစွံခဲ့လေတော့
သူဟာ ကြောင်တစ်ကောင်ဖြစ်ကြောင်းပိုသေချာလာတယ်
ကုတ်အင်္ကျီအကြီးကြီးထဲမှာ
သူ့ကိုယ်လုံးသေးသေးလေးဟာမြုပ်နေတတ်ပြီး
သူ့တွေးခေါ်မြော်မြင်မှုတွေကို
ကုတ်အင်္ကျီဘယ်ဘက်အိတ်ထဲမှာ
ထည့်ထားတတ်တယ်
( ညာဘက်အိတ်ထဲမှာတော့မက်ဒေါနားနဲ့လီနင်ရဲ့ဓာတ်ပုံတွေရှိတယ် )
သူ့ကိုမယုံကြည်သူတွေက ၅.၂စင်တီရှိတဲ့
နှုတ်ခမ်းမွှေးကိုအတုကြီးလို့ပြောကြတယ်
ဒါပေမယ့်သူလက်သည်းတွေကိုတော့
အားလုံးကြောက်ရွံ့ကြရဲ့
သူဟာမြို့တစ်မြို့ကိုခုန်အုပ်နိုင်တယ်
ပင်လယ်ထဲကမျောလာတဲ့စံပယ်ပန်းလေးတစ်ပွင့်ကို
ဟိုတယ်တစ်ခုပေါ်ကနေပြီးအနံ့ခံနိုင်တယ်
စာအုပ်တစ်အုပ်ထဲမှာ ပုန်းအောင်းနေတဲ့ဝါကျတစ်ကြောင်းကို
မှန်ပြောင်းတစ်လက်နဲ့ကြည့်တတ်တယ
(သူဟာကြောင်တစ်ကောင်ဖြစ်တယ် လို့ပြောကြတယ်)
သူဟာမနက်တိုင်းနွားနို့မှန်မှန်သောက်တယ်
လေကို၀၀ရှုသွင်းတယ် ၊ သတင်းစာဖတ်တယ် ၊ ပေါင်ချိန်တယ်
ရွှေဈေးအတက်အကျကိုမှတ်သားတယ် ၊
ပြီးရင် ဂေါက်ရိုက်တယ်ပြီးရင်
ဘီယာသောက်တယ်
ခေတ်ပေါ်ကဗျာ(မာရ်နတ်မင်းမေ့ဆေးပြယ်သောအခါ ) ဖတ်တယ်
နတ္ထိ၀ါဒီတွေဆီဖုန်းဆက်တယ်
သူဟာရေခဲသေတ္တာထဲ ဆောင်းကိုသိမ်းထားပြီး
မီးလင်းဖိုထဲမှာ နွေကိုဝှက်ထားတယ်
ရေချိုးခန်းထဲမှာတော့ မိုးဟာရွာသွန်းအမြဲ
ဝက်သစ်ချပင်ကြီးက အရွက်တွေကြွေတော့
သူအသက်၄၀ ရှိပြီ
နွေတစ်ရက်မှာ သူဟာ
မိန်းမတစ်ယောက်လဲလျှောင်းနေတဲ့ အခန်းတံခါးသော့ကို
လွှင့်ပစ်ပြီးပင်လယ်ဆီ ခရီးထွက်လာခဲ့တယ်
ငါးတစ်ကောင်အကြောင်းဟောပြောဖို့ပါ ။

နေမျိုး

Tuesday, December 24, 2013

** ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၂) ** ( တင်မိုး )

** ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၂) ** ( တင်မိုး )

၂၅-၉-၂၀၀၄ စနေနေ့က ကျနော်တို့ လော့စ်အိန်ဂျလိစ်မြို့မှာ ပဉ္စမအကြိမ်မြောက် မြန်မာစာပေ ဟောပြောပွဲ ကျင်းပကြပါတယ်။ စာဆိုတော်ပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ရှိတဲ့ အမိမြေကို လွမ်းမိပါသေးရဲ့။

ဆရာမောင်သစ်ဆင်း (သင့်ဘ၀)၊ မြန်မာစာပါမောက္ခ ဦးစောထွန်း (စောလူ)၊ စာရေးဆရာကြီး မောင်သာရနဲ့ ကျနော်တို့တတွေ မြန်မာစာပေ ဖွံ့ဖြိုးရှင်သန်ရေးကိစ္စတွေ ဟောခဲ့ပြောခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖက်ဆစ်ဂျပန်တွေ ကြီးစိုးတဲ့ကာလက စတင်ခဲ့တဲ့ စာဆိုတော်ပွဲအစဉ်အလာဟာ အခု အခါမှ နိုင်ငံတကာအထိ နယ်ပယ်ကျယ်ဝန်းလာခဲ့ပြီဖြစ်ပါတယ်။ မမေ့နိုင်ဘဲ ယနေ့တိုင်စွဲပြီး စာဆိုပွဲ နွှဲနေကြတာကိုတော့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရမှာမလွဲပါ။

(၂)
“စာဆို” ဆိုတာ ဆရာကြီး စစ်ကိုင်းဦးဘိုးသင်းက “မင်းနဲ့ပြည်သူတွေကို အမြင်မတော်တာတွေ့ရင် စာနဲ့ ဆိုဆုံးမတတ်သူဖြစ်တယ်” လို့ အနက်ဖွင့်ဟောပြောခဲ့တာ မှတ်မိပါသေးတယ်။ မန္တလေး ဓမ္မဗိမာန် စာဆိုတော် အခမ်းအနားမှာ ဟောပြောခဲ့တာပါ။ “အဲ … မင်းလိုလိုက်၊ မင်းကြိုက်ရေးပြီး အခွင့်အရေး တမျှော်မျှော်လုပ်နေရင်တော့ “စာဆို”မခေါ်ထိုက်ဘူးဗျ။ စာဖား၊ စာမှောင်၊ စာအချောင် ကလောင်သမား တွေကို “စာဆို” လို့မခေါ်ဘူးဗျ” လို့ ဆရာကြီးဦးဘိုးသင်းက ပွင့်ပွင့်လင်းလင်း မိန့်ကြားခဲ့ပါတယ်။

ကျနော်တို့နိုင်ငံမှာ “ဆရာကြီးသခင်ကိုယ်တော်မှိုင်း” လို သီလ၊ သိက္ခာ၊ သမာဓိနဲ့ပြည့်စုံတဲ့ စာဆိုကြီး ပေါ်ပေါက်ခဲ့တာဟာ တိုင်းပြည်ရဲ့ကျက်သရေဖြစ်ပါတယ်။ ဆရာကြီးဟာ တိုင်းပြည်ရဲ့မိဘသဖွယ် စောင့်ရှောက်ခဲ့ပါတယ်။ အုပ်ချုပ်သူ အာဏာပိုင်တွေကိုလည်း “မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်” ဆိုတဲ့အတိုင်း သွန်သင်ဆုံးမခဲ့ပါတယ်။ တခါသားမှာ ၀န်ကြီးချုပ်ဦးနုက ဆရာကြီးမှိုင်းကို “ဆရာကြီး … ကျနော်တို့ကို ခွေးမသားလို့ခေါ်ပြီး ဆုံးမပါဦး” လို့ ကန်တော့ပြီး ပြောခဲ့ဖူးတာ သတိရမိပါသေးတယ်။

အဲဒီအခါမှာ ဆရာကြီးက “မောင်နု …၊ နိုင်ငံရေးလုပ်တာ ပုတီးစိပ်တာမဟုတ်ဘူးကွ၊ တိုင်းပြည်မှာ တရားမျှတမှု၊ ငြိမ်းချမ်းမှု ထွန်းကားအောင် ချီးမြှင့်သင့်တာချီးမြှင့်၊ နှိမ့်ချသင့်တာ နှိမ့်ချဆိုတဲ့ နိဂ္ဂဟ၊ ပဂ္ဂဟတရား ကျင့်သုံးရတယ်။ ပုတီးချည်းစိပ်နေလို့ နိုင်ငံအရေး မပြီးသေးဘူးကွဲ့” ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဆုံးမသြ၀ါဒ ပေးခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဆရာကြီးက ပြည်တွင်းစစ်မီးလောင်မြိုက်နေတာကို မရှုဆိတ်နိုင်လို့ အနယ်နယ် အရပ်ရပ်ကြွပြီး ပြည်တွင်းငြိမ်းချမ်းရေးတရားတွေ ဟောနေတဲ့ကာလပါ။ ဆရာကြီးက လွတ်လပ်ရေး ပန်းတိုင်ရောက်အောင် အသက်သွေးချွေးနဲ့ရင်းပြီး လုပ်လာခဲ့ကြတဲ့ ရဲဘော်တွေချင်း အခုမှ သွေးကွဲပြီး စစ်ခင်းနေကြတာ မသင့်တော်ကြောင်း၊ သူမနာ ကိုယ်မသာ၊ အပြစ်တွေကို သင်ပုန်းချေပြီး ငြိမ်းချမ်းရေး လုပ်ကြစေလိုကြောင်း၊ အာဏာရနေတဲ့ မင်းတို့တတွေကလည်း မာန်တင်းပြီး အချင်းချင်း သတ်ဖြတ် ချေမှုန်းခြင်း မပြုသင့်ကြောင်း ဟောကြားခဲ့ပါတယ်။ “ဆရာမသေခင် ငြိမ်းချမ်းရေးရတာ မြင်ချင်ပါတယ်” လို့ တမ်းတရှာပါတယ်။

“ယခင်အခါ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့ စိုးနဲ့သန်းကိုလဲ၊ တမျိုးကွဲ့လွမ်းသူ ဆရာဖအေမှာဖြင့် မာပါစေ သာပါစေ ဆုမွန်ကောင်းတောင်းခဲ့တဲ့အပြင်” ရယ်လို့ တောတွင်းသူပုန်တွေအပေါ်မှာ မေတ္တာထားရုံမက “ကမ္ဘာအေးစေတီဒါယကာ မောင်ရွှေနုကိုလဲ၊ အောင်ဇေယျတုလို့ မြွက်လိုက်ကဲ့” လို့လည်း အစိုးရကို မေတ္တာပို့သခဲ့ပါတယ်။

(၃)
ကံအားလျော်စွာ အစာရှာရင်း မဲနယ်အိုးထဲကျလို့ ရုပ်တွေမမှတ်မိနိုင်အောင် အသွင်ပြောင်းသွားတဲ့ တောထဲကခွေးကို တောတိရစ္ဆာန်တွေက ထူးထူးဆန်းဆန်း တန်ခိုးကြီးတဲ့သတ္တ၀ါထင်ပြီး တောဘုရင် မြှောက်မိကြသတဲ့။

မတော်တဆ မဲနယ်အိုးထဲကျမိတဲ့ခွေးကလည်း သွေးနားထင်မြောက်ပြီး ဟောက်လား၊ ကြိမ်းလား၊ ကိုက်လား၊ သတ်ဖြတ်လားနဲ့ အစွမ်းတွေပြနေတယ်ဆိုပဲ။ ပြီးတော့ သူတို့လို ခွေးမျိုးတူသတ္တ၀ါပဲလို့ ဇာတိကို မှတ်မိမယ်ထင်တဲ့ ခွေးအချင်းချင်းကိုလည်း ရက်ရက်စက်စက် ကိုက်သတ်နှိမ်နင်းစေသတဲ့။ ဒီလိုရက်စက်လွန်းတဲ့ သတ္တ၀ါဟာ မြင့်မြတ်တဲ့မင်းမျိုးရာဇာတော့ မဖြစ်တန်ရာဘူးလို့ ခွေးညီလာခံမှာ တီးတိုးတိုင်ပင်ကြသတဲ့။ ဒီအခါ အသက်ကြီးပြီး ဥာဏ်ပညာရှိတဲ့ ဘုရားလောင်းခွေးမင်းက ခွေးဘုရင်ရဲ့ နန်းဇာတိသရုပ်ကိုပေါ်အောင် အကြံထုတ်ပြီး လက်သိပ်ထိုးတိုင်ပင်သတဲ့။
အဲဒီအခါမှာ အာဏာပြင်းတဲ့ ရာဇာမင်းကလည်း ဟိန်းသံ၊ ခြိမ်းသံ၊ ကြိမ်းမောင်းသံပေးလို့ ဟန်ရေးဝါရေးပြနေတုန်းဘုရားလောင်းနဲ့ တိုင်ပင်ထားကြတဲ့ ခွေးအပေါင်းက ရုတ်တရက် ထပြီးအူကြသတဲ့။ အဲဒီအခါမှာ ရာဇပလ္လင်ပေါ်က ခွေးယုတ်မာဘုရင်ဟာ မနေသာမထိုင်သာ အူထဲကယားလာပြီး ရာဇပလ္လင်ပေါ်ကဆင်းပြီး အူပါလေရော။ ဒီတော့မှ “ဒီကောင်လဲ ငါတို့လို ခွေးမျိုးပဲ။ ခွေးမျိုးအချင်းချင်း ရက်စက်ရကောင်းလား” ဆိုပြီး ၀ိုင်းဝန်း ကိုက်သတ်လိုက်ကြတော့မှ ဇာတ်သိမ်းသွားရသတဲ့။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဟိတောပဒေသကျမ်းလာ ခွေးပုံပြင်ပြပြီး ဆုံးမခဲ့ပါတယ်။ မတန်မရာ နေရာရနေတဲ့သူတွေဟာ “ဗြဟ္မာ့ဘုံ နွားခုန်တက်သလို” တက်လာပြီး တိုင်းပြည်မျက်နှာကို မထောက်ဘဲ စစ်မီးတောက်ကြီးကို မငြိမ်းသတ်ခဲ့ရင် တို့နိုင်ငံ ဘယ်မှာတည်ဆောက်နိုင်တော့မှာလဲ။ ဒါကြောင့် ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံကြီးကို တည်ဆောက်ကြပါလို့ ဆရာမှာချင်တယ်” လို့ တိုင်းပြည်ရဲ့ မိဘအရာ၊ ဆရာအရာမှာနေပြီး စာပေသြ၀ါဒ ခြွေခဲ့ဖူးပါတယ်။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၃၇)၊ အောက်တိုဘာ ၂၀၀၄

** ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၄) ** ( တင်မိုး )



(၁)
ဆရာဇော်ဂျီရဲ့ကဗျာကို သတိရမိတယ်။

တက်လူသာလျှင်
မြန်မာပြည်မ၊ အားသစ်ရ၍
ဇေယျအောင်လံ ထူမည်တည်း … တဲ့။

ဟုတ်ပါရဲ့။ တက်လူခေါ်တဲ့ လူငယ်တက်သစ်စတွေ ကြိုးစားအားထုတ်ပါမှ ငါတို့မြန်မာပြည်သူပြည်သားတွေ အားသစ်အင်သစ်ရပြီး အောင်လံတခွန်ထူမှာ မုချ .. တဲ့။

မြန်မာနိုင်ငံရဲ့အင်အားဟာ လူငယ်များ၊ ကျောင်းသားများဖြစ်တယ်။ လူငယ်ကျောင်းသားတွေဆောင်ခဲ့လို့ အတိတ်ကအောင်ခဲ့ပြီ။ အနာဂတ်မှာလည်း လူငယ်တွေဆောင်မှ အောင်မှာပဲ။ အဲ … တခုတော့ရှိရဲ့။ အင်အားတွေမပြိုကွဲစေနဲ့။
ဖရိုဖရဲမဖြစ်စေနဲ့။ ညီညွတ်ဖို့အရေးကြီးတယ်။ ညီညွတ်ရင် မိုးကိုတက်ပြီး ဒူးနဲ့တိုက်နိုင်တယ်။

(၂)
“ညီညွတ်ရေး” … တဲ့။ အလွန်လှပတဲ့ စကားကလေးပါ။ စကားလှသလောက် လက်တွေ့ကျင့်သုံးဖို့ အတော်ခက်တယ်။ “ညီညွတ်ကြပါ” လို့ ပြောရင်းဟောရင်း အစိတ်စိတ်အမြွှာမြွှာ ကွဲခဲ့ကြပြီ။ အချင်းချင်းသတ်ကြဖြတ်ကြ နှိပ်စက်ကြလို့ ဒုက္ခတွေရင်ဆိုင်ခဲ့ကြရပြီ။ ဒါပေမယ့် နောင်တမရသေး၊ သတိမရသေး။ “မာန်တရှေးရှေး၊ တသွေးသွေးနှင့်၊ နွားချေးထက်ဝယ်၊ ဖားသူငယ်” သို့ လူတွင်ကျယ် တွေများခဲ့ပြီ။ ဘယ်မှာရင်ကြားစေ့နိုင်ပါ့။ ဘယ်မှာ အောင်လံကိုင်နိုင်ပါ့။

သူတလူ ငါတမင်းမို့ ပြည်သူတွေဖျင်းခဲ့ပြီ။ ကိုယ့်သမိုင်းကိုတောင်မှ လှန်မကြည့်ချင်တော့။ “ဗမာကတမျိုး၊ ရှမ်းကတဖုံ၊ ကရင်ကတနဲဖြစ်နေရင် ဒီနိုင်ငံကြီးဟာ ဟိုနိုင်ငံကြီးဖြစ်သွားမယ်” လို့ ဗိုလ်ချုပ်အောင်ဆန်း က ကရုဏာဒေါသောနဲ့ ကြိမ်းမောင်းခဲ့ဖူးပြီ။ “တို့ဗမာ၊တချို့ဝါစာကမာနဲ့” လို့ ဆရာကြီးသခင်ကိုယ်တော် မှိုင်းကလည်း ၀ါစာကမာ ဗမာတွေအကြောင်း ညည်းညူခဲ့ဖူးပြီ။ တရားရကြပါရဲ့လား။ သတိကော ထားမိကြပါရဲ့လား။ ပုရွက်ဆိတ်လောက်မှ ဥာဏ်မရှိတာကိုကော စဉ်းစားမိကြပါရဲ့လား။ အင်း … အင်း။

(၃)
လွတ်လပ်ရေးရခဲ့တယ်။ ၁၉၄၈ ခုနှစ်က။ လွတ်လပ်ရေးရတာ ညီညွတ်ခဲ့ကြလို့ မဟုတ်လား။ ဟုတ်ပါပေ့။ ညီညွတ်လို့ ပြည်လွတ်ခဲ့ရတယ်။ နယ်ချဲ့သမားနဲ့ဖက်ဆစ်များကို တိုက်ထုတ်နိုင်ခဲ့ကြတယ်။ လွတ်လပ်ရေးအောင်စည်သံမှ မစဲသေး။
ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တာ အခုအထိ။ လွတ်လပ်တယ်ဆိုခါမှ လွတ်လွတ်လပ်လပ် ကွဲကြပြဲကြ။ ပြည်သူတွေ ဒုက္ခပင်လယ်ဝေခဲ့ကြတာ ကိုယ်တွေ့မဟုတ်လား။ ခါးသီးလှတဲ့ ပြည်တွင်းစစ်ဒဏ် အခုထိခံရဆဲ။ သေနတ်သံမစဲသေး။ တိုက်ပွဲကမဆုံးသေး။ သွေးတွေကစီးဆင်းဆဲ။

ယခင်အခါ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့၊
စိုးနဲ့သန်းကိုလဲ၊ တမျိုးကွဲ့ လွမ်းသူ ဆရာဖအေမှာဖြင့်
“မာပါစေ သာပါစေ ဆုမွန်တောင်းခဲ့ရ” သတဲ့။
ဆရာကြီးမှိုင်းရဲ့ မေတ္တာရေစင်။

ကမ္ဘာအေးစေတီ ဒါယကာ မောင်ရွှေနုကိုလဲ “အောင်ဇေယျတု … အောင်ဇေယျတု…” လို့ မြွက်ခဲ့ပါသတဲ့။ မှိုင်းရဲ့ ငြိမ်းချမ်းရေးတရား၊ ညီညွတ်ရေးတရားကိုလည်း မည်သူကမှ နားမ၀င်ခဲ့ပါကလား။ မှိုင်းလည်း ဆုံးပြီ။ စိုးနဲ့သန်းလဲ မရှိပြီ။ မောင်ရွှေနုလည်းမရှိပြီ။ သြော် … တလောက ဗိုလ်မှူးအောင်တို့၊ ဦးကြည်မောင်တို့တောင် သမိုင်းဝင်ပုဂ္ဂိုလ်တွေ ကွယ်လွန်ကုန်ကြပါပကော။ များလှပြီ။

အခုထက်ထိ ပြဿနာမရှင်းနိုင်သေး။ ပြည်တွင်းစစ်ပွဲ မငြိမ်းနိုင်သေး။ ပြည်သူတွေက ပြေးရတုန်း၊ ပုန်းရတုန်း၊ ငတ်ရပြတ်ရတုန်း။ ရွာတွေ၊ ယာတွေစွန့်ပြီး တောင်မြောက်ဝဲယာ ပြေးစရာနေရာ ရှာနေရတုန်းပါကလား။ မောလိုက်တာ။

မောလဲမော၊ မိုက်လဲမိုက်ဆဲကို။
မနောဖြူတဲ့ တောသူဒကာမတို့မှာလဲ
မောမူဟတွေနဲ့ ကျောပူကြလို့
ဇောဆူကြွတုန်းပါကလားဟရို့။

(၄)
ခုတလော သတင်းတွေက စိတ်ဝင်စားစရာ။ သွားလေသူ ဦးနေ၀င်းကြီးမွေးခဲ့တဲ့ ထောက်လှမ်းရေးတွေ ပြေးပေါက်မှားနေကြသတဲ့။ သူတို့နှိပ်စက်ခဲ့တဲ့ အကျဉ်းသားတွေကို လွှတ်ပေးကြသတဲ့။ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်လွတ်ပြီ…တဲ့။ ၀မ်းသာစရာ သတင်းရောင်ခြည်တွေ ဖြာလာတယ်။ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ရမှာပေါ့။ ထောက်လှမ်းရေးက မတရားဖမ်းထားတာချည်းပဲ။ ထောက်လှမ်းရေးဥပဒေဖြစ်တဲ့ ခေတ်ဆိုးကိုကျော်ဖြတ်ဖို့ ကြိုးစားနေကြတယ်။ ကောင်းလေစွ။

စစ်တပ်ဟာ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်ရမယ်။ ပြည်သူကိုသာ ကိုးကွယ်ရာလို့ မှတ်ယူရမယ်။ “ညီညွတ်ရေးဆိုလို့ ဓားပြတွေညီညွတ်တာကို မဆိုလိုဘူး” ဆိုတဲ့ ဗိုလ်ချုပ်စကားကို မမေ့စေရ။ ပြည်သူကိုအကျိုးပြုတဲ့လူတွေ ညီညွတ်ရမယ်။ အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရမယ်။ တို့တတွေနာခဲ့တာကြာပြီ။ နာတာရှည်ဖြစ်ခဲ့ပြီ။
ဒီနာတာရှည်ကို ကုမှဖြစ်မယ်။ ကမ္ဘာပေါ်မှာ သူ့ထက်ငါ တည်ဆောက်နေကြချိန်မှာ တို့က မသာအိမ်မှာ နောင်ဂျိန်ဇာတ်ခင်းနေလို့ တော်ပါ့မလား။ ဒီမိုကရေစီအောင်လံလွှင့်ထူပြီး ပြည်သူတွေမျက်နှာကြီးတဲ့ ခေတ်ရောက်ပါစေ။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၃၉)၊ ဒီဇင်ဘာ ၂၀၀၄

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၆)



(၁)
ငယ်ငယ်တုန်းက ဆရာတော်ဦးအာစာရကျောင်းမှာ “ဓမ္မစကြာ” ကို အလွတ်ကျက်မှတ်ခဲ့ဖူးပါတယ်။ အဓိပ္ပာယ်တွေ ဘာတွေမသိ။ အရအမိကျက်မှတ်ပြီး

“ဘိက္ခဝေ၊ ရဟန်းတို့ …။ ဒွေမေဘိက္ခဝေ အန္တာပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ။ အစွန်းတရားနှစ်ပါးကို ရှောင်ရှားအပ်ကုန်၏”လို့ တညံညံတစာစာနဲ့ ပါဠိစာတွေ၊ မြန်မာအနက်တွေ အော်ဟစ်ခဲ့ဖူးပါတယ်။

အသက်ကြီးတော့မှ “အစွန်းတရား” ဆိုတာ သဘောကျလာပါတယ်။ အစွန်းရောက်တာကို ဗုဒ္ဓက နှစ်သက်တော်မမူဘူး။ မဇ္ဈိမပဋိပဒါလို့ခေါ်တဲ့ အလယ်အလတ်ကျင့်စဉ်ကို နှစ်သက်တော်မူတယ်။ ဓမ္မစကြာဟာ ဗုဒ္ဓရဲ့တရားဦးမို့ သူ့တရား၊ သူ့လမ်းစဉ်၊ သူ့ကျင့်စဉ်တွေကို ပဉ္စ၀ဂ္ဂီငါးပါးကို ဟောကြားတော်မူခဲ့တာလို့ သိလာရတယ်။ သိတော့ ဒီတရားကို ကြိုက်သွားတာပေါ့။

(၂)
ဒီမိုကရေစီနိုင်ငံရဲ့အသက်ဟာ လွတ်လပ်မှုပဲ။ နိုင်ငံရေးလွတ်လပ်ခွင့်၊ လူမှုရေးလွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်ရှိရမယ်။ လွတ်လပ်စွာယုံကြည်နိုင်တယ်။ ကိုးကွယ်နိုင်တယ်။ ကိုယ်ကြိုက်တဲ့ဘုရားကို လွတ်လပ်စွာပူဇော်ဝတ်ပြုနိုင်တယ်။

မိမိလွတ်လပ်ခွင့်ဟာ သူတပါးကိုတော့ ထိပါးချုပ်ချယ်မှု မဖြစ်စေရဘူးပေါ့။ ငါ့အယူနဲ့မတူ၊ ရန်သူလို့ သဘောမထားရဘူးပေါ့။ ငါယူသလို သူတကာတွေ ယူရမယ်။ ငါယုံကြည်တာသာ အမှန်တရားလို့ ခါးခါးသီးသီး မဖြစ်စေရဘူးပေါ့။

လူသားမှာ ကြိုက်ရာယုံကြည်ပိုင်ခွင့်ရှိတယ်။ ခရစ်ယာန်၊ ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာ ကိုယ်ကြိုက်ရာ ယုံစတမ်း၊ ဘာသာတရားကို မယုံရင်လည်း မယုံကြည်မကိုးကွယ်ဘဲ နေခွင့်ရှိစတမ်း။ ဒါမှ တရားမျှတမှာ မဟုတ်လား။

ကိုယ့်အယူ သူ့အယူ မတူညီချင်ရှိပါစေ။ ပန်းတွေရောင်စုံပွင့်သလို ကမ္ဘာမြေကြီးဟာ လှပနေမှာပဲ။ အချင်းချင်း အနိုင်မကျင့်စတမ်း။ အများက အားနဲ့ဖိပြီး လူနည်းစုအပေါ် ဗိုလ်ကျအနိုင်မယူစတမ်း။ မိမိတို့စိတ်ကြိုက် တိုက်ခိုက်ပုံသွင်းပြီး အချင်းချင်းမညှဉ်းဆဲစတမ်း။ လူသားတဦးဟာ သူ့ကမ္ဘာမြေကို သူ့စိတ်ကြိုက်နေထိုင်ခွင့်၊ ဖန်တီးခွင့်ရှိတယ်။ အဓိကကတော့ လူသားနဲ့ လူ့ကမ္ဘာကို အကျိုးပြုဖို့ပါပဲ။ ကောင်းကျိုးတွေဖန်တီးနေဖို့ပါပဲ။ ကမ္ဘာကြီး ငြိမ်းချမ်းသာယာအောင်၊ စည်ပင်အောင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ တည်ဆောက်နေဖို့ပါပဲ။

(၃)
တကိုယ်တော်ကိုယ်ကျိုး၊ တသင်းတဖွဲ့ ကိုယ်ကျိုးရရှိမှုကို အကြောင်းပြုပြီး ဘာသာရေး၊ နိုင်ငံရေးတို့ကို လက်ကိုင်ပြုကာ အတင်းအဓမ္မ လွှမ်းမိုးချင်တတ်ကြတယ်။ ဓားမိုး သေနတ်မိုးနဲ့ အာဏာတန်ခိုးပြချင် တတ်ကြတယ်။ အများစုအပေါ်မှာ အကြမ်းဖက်ရန်လိုပြီး အလိုမတူဘဲ အနိုင်ကျင့်ချင်တတ်ကြတယ်။ အဲဒါဟာ “အစွန်းရောက်” တာပဲ။ “အကြမ်းဖက်” တာပဲ။ “အာဏာရှင်စနစ်” ထူထောင်တာပဲ။ အဲဒီလို အပြုအမူဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ။ လူ့ဖြစ်စဉ်ရဲ့ အန္တရာယ်ပါပဲ။

သဲကန္တာရမုန်တိုင်းလို ရိုင်းချင်တိုင်းရိုင်း၊ မှိုင်းတိုက်ချင်တိုင်းတိုက်၊ မိုက်မဲတဲ့မောဟကို ရှေ့တန်းတင်ပြီး ဘုရားသခင်ရဲ့ တရားပလ္လင်ပေါ်ကို ဓားနဲ့ဆင်ပြီးပို့တာကို မနှစ်မြို့နိုင်ပါဘူး။ လူဖြစ်စဉ်ရဲ့ အန္တရာယ်ပဲ မဟုတ်လား။

(၄)
လူ့ဘ၀ဖြစ်စဉ်တွေပေါ်မှာ ကဗျာဥာဏ်ဝင်ပြီး မီးခိုးကြွက်လျှောက် ရောက်ရာပေါက် ကဗျာရေးမိတာက ဒီလိုပါ။

“ကိုယ်ပိုင်ဥာဏ်
ကိုယ်ပိုင်လွတ်လပ်ခွင့်
သင့်မသင့်ချင့်ချိန်ပြီး
သူ့အိမ်ကို ကိုယ့်အိမ်မမှတ်
သူ့ဇရပ်ကို ကိုယ့်ဇရပ်မလုပ်
ကိုယ့်အဆုံးအဖြတ်နဲ့ကိုယ်
လက်ဝါးကပ်တိုင် ထူချင်ထူမယ်
စေတီတဆူ တည်ချင်တည်မယ်
မုတ်ဆိတ်ကျင်စွယ်တွေနဲ့
တောမြိုင်လယ် သွားချင်သွားမယ်
အမှားကလွတ်လမ်း၊
တရားက ကျွတ်တမ်း
စူးစမ်းကြ ရှာဖွေကြမယ်
ရွှေစိတ်တော်ကြိုက်သလိုပ …” လို့ ရေးမိတယ်။

“ကိုယ့်အခန်းမှာ၊
ကိုယ်သာလျှင် ပြဋ္ဌာန်း
ကိုယ့်လမ်းမှာ သရုပ်ဆောင်
မာနတွေ မထောင်နဲ့
အမှောင်ကို ရှောင်နိုင်ရမယ်”
လို့လည်း မိမိဘ၀ မိမိပြဋ္ဌာန်းခွင့်ရတဲ့ပေါ် မာနမထောင်လွှားဖို့ ရေးမိတယ်။

“သဗ္ဗေ သတ္တာ ကမ္မသကာ
ကံသာလျှင် အမိ၊ ကံသာလျှင်အဖ
ကံပစ်ချရာနေ
ကံကပေးတဲ့ အမွေကိုစား
ကံတရားကို ယုံကြည်တယ်။
ကံသည်သာ အလုပ်
အလုပ်သည်သာ အဟုတ်
ကောင်းမှုလုပ်တော့ ကောင်းကျိုးစံ
မကောင်းမှုလုပ်တော့ ဆိုးကျိုးခံ
ကိုယ်ဖန်တီးတဲ့ ကိုယ့်ကြမ္မာကံ”
လို့ ဖွဲ့မိတယ်။
မြန်မာလူထုဟာ ကံကြမ္မာကို ယုံစားပေမယ့် မပုံစားဘူးလို့ ဆိုရမယ်ထင်တယ်။ “ကံယုံ၍ ဆူးပုံမနင်းရာ” တို့၊ “ကြမ္မာဆောင်တော့ သားကောင်တောင်ဆိတ်ဖြစ်” ရသေးသတဲ့။ “ကံကြမ္မာဂြိုဟ်စီးတော့၊ ကိုယ်ထီးတောင် မြွေမှတ်လို့ခုန်” ရသေးသတဲ့။

(၅)
ဒီတော့ ကဗျာက “ဗုဒ္ဓ၀န္ဒနာ”၊ ဓမ္မစကြာအခြေခံပြီး ကာရံတွေရှာရင်း ဒီလိုနိဂုံးချုပ်မိတယ်။

“ကံကြမ္မာ ယုံကိုးပြီး
ချုံတိုးလို့မရ။
ဥာဏရှေ့ဆောင်
မီးရောင်တလက်လက်နဲ့
ခရီးရည်ချီတက်မယ်။
အမျက်မပါ၊ ရမ္မက်မပါ
ငါ့လက်နက်ဟာ ငါ့လုံ့လမပါ
ငါ့လက်နက်ဟာ ငါ့လုံ့လပေါ့
ဗုဒ္ဓကို ဦးချ။
လူ့ဘ၀လှလိမ့်မယ်” တဲ့။

မှန်ပါတယ်။ လူ့ဘ၀ခရီးမှာ အမျက်ဒေါသ မတင်းမှဖြစ်မယ်။ ရမ္မက်လောဘ ကင်းမှဖြစ်မယ်။ မေတ္တာစိတ်၊ အချစ်စိတ်အခြေခံပြီး ဖန်တီးလုပ်ဆောင်ကြမှသာ လူ့ဘ၀ဟာ သုခချမ်းသာနဲ့ပြည့်စုံပြီး လူ့ဘုံအလှ ကြုံကြရမှာမဟုတ်လား။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၄၁)၊ ဖေဖော်ဝါရီ ၂၀၀၅