Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

"အနာဂတ်က မျောက်ရှုံးအောင် မဆော့တော့ဘူး" - မောင်သာချို

တစ်နေ့ တပည့်မလေးတစ်ယောက်၏အိမ်သို့ကျွန်တော်ရောက်သွားပါသည်။ တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်လို့။
တပည့်မက မီးဖိုချောင်တစ်နေရာ၌ချက်ဖို့ပြုတ်ဖို့ ပြင်ဆင်ခင်းကျင်းနေဆဲဖြစ်ရာ သူ့နံဘေးဆီမှာက
နွှာထားသည့်ကြက်သွန်အဖြူအနီများ၊ ထောင်းလက်စ ငရုတ်ဆုံတစ်လုံး ၊ သင်ထားနွှင်ထားသည့်
ဟင်းသီးဟင်းရွက်တချို့ ၊ ခုတ်ထစ်နယ်ဖတ်ထားသည့်သားငါးများစွာနှင့် ရှုတ်ပွ၍နေပါသည်။
အိမ်ရှေ့ဧည့်ခန်းထဲတွင်ကား လေးငါးနှစ်သားအရွယ်သူ့သားတော်မောင်ပေါက်စ။ ငြိမ်သက်လို့။ တိတ်ဆိတ်လို့။
သြော် ... ငြိမ်သက်တိတ်ဆိတ်ပေမပေါ့။Dream Bed ပေါ်၌ ပက်လက်လှန်ကာ ရုပ်မြင်သံကြားဆီသို့
အာရုံစူးစိုက်၍ နေပေသကိုး။ ကလေးလက်ထဲမှာကRemoat Control မျိုးစုံ။ ပြည်တွင်းပြည်ပ ၊ လိုင်းပေါင်းစုံကို တစ်ခုပြီးတစ်ခု ပြောင်းကြည့်နေလိုက်၊ အောက်စက်ထဲသို့ အခွေထည့်ကာကြည့်နေလိုက်နှင့် ရုပ်မြင်သံကြားစက်က
ပေါ်ထွက်နေသည့် အသံခပ်သဲ့သဲ့မှတစ်ပါးဘာသံမှမရှိ။ ဘာလုပ်ရှားမှုမှမရှိ။ တိတ်ဆိတ်ငြိမ်သက် ဣနြေ္ဒကြီးမားစွာ။

" ငြိမ်ဆေး ဆရာရဲ့တစ်နေကုန်ဖွင့်ထားရင် တစ်နေကုန်ကြည့်တယ် "

တပည့်မက ဧည့်ခန်းထဲတွင်ကျွန်တော့်အား နေရာပေးကာ ရေနွေးကြမ်းနှင့်ဘာနှင့် တည်ခင်းဧည့်ခံဖို့
ပြင်ဆင်နေရင်းကနေ သားဖြစ်သူ တိတ်ဆိတ်ငြိမ်သက်ဣနြေ္ဒကြီးမားနေပုံကို ဂုဏ်ယူဟန်ဖြင့်
မေးတစ်ချက်ငေါ့ပြကာ သည်အတိုင်းပြောလာခဲ့ခြင်းဖြစ်ပါသည်။

ဟုတ်ပါသည်။ သည်ကနေ့မိသားစုတိုင်းလိုလို၌ သည်အတိုင်းပဲဖြစ်ပါသည်။ အဖေ ၊ အမေ ၊ အစ်ကို ၊ အစ်မ ကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်ပွနေသောကမ္ဘာ ၊ ကလေးတို့ ထွက်ကစားစရာ အိမ်ခြံဝင်းမရှိဘဲ
တိုက်ခန်းကျဉ်းကျဉ်းကလေးများထဲ၌ ခိုနားနေထိုင်ကြရသောကမ္ဘာ ၊ ကလေးတို့ ခုန်ပေါက်ပြေးလွှား
အော်ဟစ်မြူးတူးနိုင်သည့် ပန်းခြံများ၊ ကစားကွင်းများတို့ ဆွံ့အခြောက်သွေ့ကျုံလှီ၍လာသော ကမ္ဘာပေါ်၌
သည်မှာ ဘာမှမဆန်းကြယ်လှပါ။ ငြိမ်နေရင်ပြီးတာပဲဟူသည့်  သဘောထားဖြင့် ဧည့်ခန်းထဲ၌ ရုပ်မြင်သံကြားစက်ကို
၂၄ နာရီလောက်နီးနီးဖွင့်ထားကာ မိသားစုထဲက ကလေးပြဿနာကို အဖြေရှာတွေ့ထားပုံရသည့် အိမ်တွေက
လမ်းတိုင်း ၊ရပ်ကွက်တိုင်းမှာ ရှိကြစမြဲဖြစ်ပါသည်။







အခုကြည့် ... ကျွန်တော့်တပည့်မက ငြိမ်ဆေး ဆရာ... တဲ့။ တစ်နေကုတ်ဖွင့်ထားရင် တစ်နေကုန်ကြည့်တယ်.. တဲ့။ ငြိမ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုသူသတိမှ ပြုမိပါလေစ။






                                    *******************************



အမေရိကန်နိုင်ငံ၌ကလေးသူငယ်ကျန်းမာရေး ဖွံ့ဖြိုးမှုစောင့်ရှောက်ရေးသိပ္ပံဟူ၍ ရှိပါသည်။
ထိုသိပ္ပံက အသက်၂ နှစ်အောက်ကလေးများ ရုပ်မြင်သံကြားလုံးဝမကြည့်ဖို့ ဆော်သြထားပါသည်။
ထိုနိုင်ငံ၌ ပျမ်းမျှရုပ်မြင်သံကြားကြည့်ချိန်ကို သုတေသနလုပ်ကြည့်ရာ တစ်နေ့ သုံးနာရီနှင့် ၁၄ မိနစ်စီ
ရှိသည်ဟုဆိုပါသည်။ ထို့ကြောင့် ကလေးတို့တွင် အလှုပ်အရှားမရှိ။ အလှုပ်အရှားမရှိတော့သော ကလေးတို့၌ကိုယ်အလေးချိန်တိုးလာခြင်း ၊ ပျော့စိစိဖြစ်လာခြင်း ၊ စာသင်ကြားရာ၌ လေးလံနှေးကွေးလာခြင်း၊ ရန်လိုစိတ်များလာခြင်းတို့ဖြစ်လာနိုင်ကြောင်း ထိုကလေးသူငယ်ကျန်းမာရေးဖွံ့ဖြိုးမှုသိပ္ပံကသတိပေးထားပြီး ဖြစ်ပါသည်။



Daily Mail သတင်းစာထဲကရုပ်မြင်သံကြားနှင့် ပတ်သက်သည့် ဖော်ပြထားချက်ကလည်း တော်တော့ကို စိတ်ဝင်စားဖို့ကောင်းပါသည်။ရုပ်မြင်သံကြားကို တစ်နေ့ ခြောက်နာရီအထက် ထိုင်ကြည့်နေခဲ့သော် ယင်းမှာ အထိုင်များသွားပါပြီတဲ့။ထိုသို့ အထိုင်များသော လူနေမှုဟန်ပန်ကို sedentary life style ဟု ခေါ်လေသတဲ့။ ထို အထိုင်များသောဘ၀ဟန်ပန်ရှိသူများသည် အင်ဆူလင်ဟော်မုန်း (insulin sensitivity) စွမ်းရည်ကျဆင်းသွားလေသတဲ့။



ထိုသို့သော အင်ဆူလင်ဟော်မုန်းစွမ်းရည်ကျဆင်းသွားလေသောအခါသွေးချိုတဲ့ ၊ ဆီးချိုတဲ့ ၊ လိပ်ခေါင်းတဲ့ ၊ မျက်စိတဲ့ ၊ ဆက်တိုက်လိုက်ပါလာတတ်သည့်ရောဂါဝေဒနာများ ..... ။



ထို Daily Mail သတင်းစာကဖော်ပြထားချက်မှာ Harvard တက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာန၏ သုတေသန စာတမ်းတစ်စောင်က ဖော်ပြထားချက်များပင်ဖြစ်ပါသည်။ရုပ်မြင်သံကြားရှေ့၌ ကြာရှည်စွာ ထိုင်နေခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့် စာဖတ်ခြင်းအလေ့အကျင့်ကိုဖျက်ဆီးပစ်တတ်ရုံမျှမကသေးဘဲ ထုံထုံထိုင်းထိုင်းကြီးတွေဖြစ်သွားတတ်သည့်အတွက် ထိုလူမျိုးကိုအမေရိကန်တို့က Couch Potato ဟုပင် ခေါ်ကြပါသည်။







                                        *******************************



ပြင်သစ်နိုင်ငံ၌ စိတ်ပညာဆရာမတစ်ယောက်ရှိပါသည်။ သူ့နာမည်က ဆိုဖီကာရိုလိုင်း ပေါ်တီယဲ။
သူက ရုပ်မြင်သံကြား ကြာကြာကြည့်ခြင်းသည်စိတ်ကူးစိတ်သန်းကို လျော့ကျစေသည်ဟု ဆိုပါသည်။

ကျွန်တော်တို့ဆီကစိတ်ပညာဆရာမကြီး ပါမောက္ခ ဒေါ်ခင်အေးဝင်းကတော့ ရုပ်မြင်သံကြားကြည့်ရှုမှုလွန်ကဲသော် တီထွင်ဖန်တီးမှု၊ စဉ်းစားမှုပိုင်းတွင် အားနည်းသွားတတ်ပါသည်တဲ့။ ကလေးအချင်းချင်း (သို့မဟုတ်) ကလေးနှင့်လူကြီးအပြန်အလှန်ဆက်သွယ်မှုပိုင်းတွင်လည်း အားနည်းသွားတတ်ပါသည်တဲ့။
သတိထားဖို့ကောင်းလိုက်တာ။

အီတလီနိုင်ငံ ဆီနာတက္ကသိုလ်ကသုတေသနသမားများကမူ အသက် ၇ နှစ်နှင့် ၁၂ နှစ်ကြားက ကလေး ၆၉ ယောက်ကို သွေးဖောက်၍ပင် စစ်ဆေးကြပါလေသတဲ့။မိခင်နှင့် အတူတူရှိနေသည့်ကလေး ၊ တစ်ယောက်တည်းနေတတ်သည့်ကလေး ၊ ရုပ်မြင်သံကြားတွင်ကာတွန်းကြည့်နေသည့်ကလေး။ယင်းတို့တွင် မိခင်နှင့်အတူတူ ပြောဆိုရယ်မောနေသည့် ကလေးတို့က သွေးလည်ပတ်ပုံ အကောင်းဆုံးဖြစ်ပါလေသတဲ့။

ရုပ်မြင်သံကြားမျှနှင့်မကဘဲ ဂိမ်းစွဲသူကလေးတို့မှာမူကား ဦးနှောက်ဖွံ့ဖြိုးသည့်တိုင် ဟန်ချက်မညီ ၊ အမြင်ကျယ်သည့်တိုင်မနက်ရှိုင်း ၊ စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်း ဟု သူတို့က နာမည်ပေးထားကြပါသည်။
Bionic Kid တဲ့။ နာမည်ကလေးလှသလိုလိုနဲ့ အဓိပ္ပါယ်က ဆိုးလိုက်တာ။ လူဖြစ်ပြီး စက်ရုပ်ဆန်နေမှတော့
ကောင်းနိုင်ပါဦးတော့မလား။







                                      *********************************



ကမ္ဘာပေါ်၌ ဖွံ့ဖြိုးတိုးတက်ပြီးပါပြီဆိုသည့်နိုင်ငံကြီးတွေကအစ ရုပ်မြင်သံကြားရှေ့၌ ထိုင်နေခြင်းသည် အကြွင်းမဲ့ ကောင်းသောအလုပ်မဟုတ်ကြောင်းသုတေသနပြုကြ ၊ သတင်းထုတ်ပြန်ကြနှင့် သူတို့၏ အနာဂါတ်မျိုးဆက်များ၏ ရှေ့ရေးကို တွေးတောမြော်မြင်လျက်ရှိကြပါသည်။



ကျွန်တော်တို့ဆီကမိဘအများစုကမူ တောင်မှန်း ၊ မြောက်မှန်း မသိဘဲနှင့် ကလေးရုပ်မြင်သံကြားရှေ့မှာ ထိုင်နေတာ၊ တီဗွီဂိမ်းရှေ့မှာ ငြိမ်နေတာ ၊ ကွန်ပျူတာဂိမ်းရှေ့မှာ တိတ်ဆိတ်နေတာကို သဘောကျကာ ဂုဏ်ယူသယောင်ယောင်ပင်သဘောထားနေကြပါသည်။






ကျွန်တော်တို့ ခပ်ငယ်ငယ်ကလမ်းကြိုလမ်းကြား ၊ ချောင်းကြိုချောင်းကြား ၊ မြောင်းကြိုမြောင်းကြား ၊ ကွင်းပြင်အကျယ်ကြီးများအကြား၌ ခုန်ပေါက်အော်ဟစ်မြူးတူး ပျော်ပါး ဆော့ကစားခဲ့ကြပုံများကို သတိရလှပါဘိ။ မျောက်ရှုံးအောင်ဆော့ကစားခဲ့ကြပုံများကိုလွမ်းဆွတ်လှပါဘိ။



အခုကြည့်ပါဦး။ ကျွန်တော့်တပည့်မကသူ့သား ရုပ်မြင်သံကြားရှေ့၌ ငြိမ်နေသည်ကို သဘောကျကာ ငြိမ်ဆေး တဲ့။ လူငြိမ်ရုံမျှသာမကအသွေးတွေ ၊ အသားတွေ ၊ စိတ်ကူးတွေ ၊ စိတ်သန်းတွေ ၊ အတွေးအခေါ်တွေ ၊ အယူအဆတွေ ၊ အပေါင်းအသင်းတွေ၊ ရောင်းရင်းတွေ ၊ ပျော်ရွှင်မှုတွေ ၊ လွတ်လပ်ပွင့်လင်းခြင်းတွေပါ အကုန်လုံးငြိမ်သွားမှာကိုဖြင့်
စိုးရိမ်မိပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကလေးမှန်လျှင် မျောက်ရှုံးအောင် ခုန်ပေါက်ပြေးလွှား
ဆော့ကစားနေတာကိုပဲမြင်လိုလှပါသည်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး မြူးမြူးတူးတူး
သွက်သွက်လက်လက် ရွှင်ရွှင်လန်းလန်း။










7 Days NewsJournal
Vol. 11, No.50
Feb 21, 2013
page - 31


(မြန်မာပြည်ရဲ့ အနာဂါတ်လေးတွေမျောက်ရှုံးအောင် ဆော့နိုင်ရန်အတွက် များများ share ပေးကြပါ။ အထူးသဖြင့် ကလေးငယ်ရှိတဲ့မိဘတွေဖတ်မိသွားအောင် share ပေးကြပါ။)

No comments:

Post a Comment