Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့
Showing posts with label နိုင်ငံရေး ဆောင်းပါး - ခင်မမမျိုး. Show all posts
Showing posts with label နိုင်ငံရေး ဆောင်းပါး - ခင်မမမျိုး. Show all posts

Wednesday, April 24, 2013

ဆင်းရဲနွမ်းပါးမှု (Poverty) ဆိုရာဝယ် ..

ဘောဂဗေဒပညာရှင် David Korten က ဆင်းရဲနွမ်းပါးမှု၊ လူမှုယှက်နွယ်ဆက်စပ်ခြင်း သဏ္ဍာန်များ ပျက်ယွင်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု စတာတွေဟာ တကမ္ဘာလုံးက အလေးထားရမယ့် global threefold human crisis လို့ အဆိုရှိခဲ့ဖူးပါတယ်။ ဒီအချက်သုံးချက်ထဲမှာ ပါဝင်တဲ့ ဆင်းရဲနွမ်းပါးမှုဆိုတာကလဲ လူသားတဦးချင်းဆီကနေ တကမ္ဘာလုံးအတိုင်းအတာအထိ ပျံ့နှံ့ ရိုက်ခတ်နေတဲ့ သဘောတရားတခုပဲ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုဆိုတာကို ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးခြင်းရဲ့ လက္ခဏာတရပ်အနေနဲ့ ကမ္ဘာ့ပြည်သူတွေက သတ်မှတ်ထားကြပြီး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာကို ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ဆင်းရဲတွင်းထဲမှ လူအများကို ကယ်ထုတ်ရေးလို့လဲ ရှုမြင်သုံးသပ်သူတွေ ရှိကြပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ (၁၉၉၀) မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံရည်မှန်းချက်အဖြစ် ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးမှု ဆိုတာနဲ့ပတ်သက်ပြီး လေ့လာသူပညာရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများစွာက အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ဖွင့်ဆိုခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတဲ့ သဘောတရားဟာလဲ ဒီမိုကရေစီ၊ လူမှုတရားမျှတမှု၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ သဘောတရားတွေလိုပဲ လူမှုအသိုင်းအ၀ိုင်းကနေ ၀ိုင်းဝန်းတည်ဆောက်ပြီး ပေါ်ထွက်လာတဲ့ သဘောတရား (social construct) ဖြစ်တဲ့အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ငြင်းဆိုချက်တွေ၊ ပြောင်းလဲမှုတွေနဲ့ ပြည့်နှက်နေလေ့ရှိပါတယ်။ ဆင်းရဲနွမ်းပါးမှုကို အဓိပ္ပာယ် ဖွင့်ဆိုကြရာမှာ ယေဘုယျအားဖြင့် cluster of meanings လေးခုကို အခြေခံပြီး ဖွင့်ဆိုတတ်ကြပါတယ်။


ပထမ cluster ကတော့ ၀င်ငွေ (income) မှာ အခြေခံပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတာကို ၀င်ငွေနည်းပါးမှုအနေနဲ့ ရှုမြင်ပီး၊ ၀င်ငွေ မည်၍မည်မျှထက် လျော့နည်းရခဲ့ရင် ဆင်းရဲနွမ်းပါးတယ်လို့ တိုင်းတာသတ်မှတ်ကြပါတယ်။ ဒီလို ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်း (poverty line) တွေကို သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားပြီး၊ ဒီ အကဲဖြတ်လိုင်း (ဆင်းရဲနွမ်းပါးသော နိုင်ငံများအပေါ် ကမ္ဘာ့ဘဏ်သတ်မှတ်ချက်အရ နှစ်စဉ် ၀င်ငွေ အမေရိကန်ဒေါ်လာ ၃၇၀) ထက် လျော့နည်းရသူများဟာ ဆင်းရဲနွမ်းပါးသူများအဖြစ် သတ်မှတ်ခံရပါတယ်။ ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်းရဲ့အောက်မှာ လူဦးရေရဲ့ ရာခိုင်နှုန်း မည်၍ မည်မျှ ရှိနေသလဲ ဆိုတာကို တွက်ချက်ကြည့်ခြင်းဖြင့် နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို လေ့လာဆန်းစစ်နိုင်ပါတယ်။

ဒုတိယ cluster ကတော့ ရုပ်ဝတ္ထု ချို့တဲ့ခြင်း (material deprivation) မှာ အခြေခံပါတယ်။ ၀င်ငွေနည်းပါးမှုတင် မကပဲ အမိုးအကာ၊ အ၀တ်အထည်၊ ပရိဘောဂပစ္စည်း၊ ရေဒီယို၊ တီဗွီစတဲ့ ဖျော်ဖြေရေး စက်ပစ္စည်း စတဲ့ ရုပ်ဝတ္ထုတွေ ချို့တဲ့မှုကိုလဲ ဆင်းရဲနွမ်းပါးမှု အနေနဲ့ ထည့်သွင်းပြီး အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ကျန်းမာရေးဝန်ဆောင်မှု၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု၊ ပညာရေး ၀န်ဆောင်မှု စတာတွေကို ခံစားခွင့် မရှိတာတွေဟာလဲ ရုပ်ဝတ္ထု ချို့တဲ့ခြင်းပဲ ဖြစ်ပါတယ်။

တတိယ cluster ကတော့ ဘောဂဗေဒပညာရှင် Amartya Sen မီးမောင်းထိုးပြထားခဲ့တဲ့ စွမ်းရည် ချို့တဲ့ခြင်း (capability deprivation) ပဲ ဖြစ်ပါတယ်။ လူသားတွေဆီမှာ သူတို့ကံကြမ္မာကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်မယ့် စွမ်းရည်တွေရှိလာဖို့အတွက် စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး လွတ်လပ်ခွင့် (Economic, Social and Political Freedoms) လိုအပ်ပါတယ်။ ဒီလိုလွတ်လပ်ခွင့်တွေ အမြစ်တွယ်ရှင်သန်နေတဲ့ လူမှုအင်စတီကျူးရှင်း (နိုင်ငံတော်အုပ်ချုပ်ရေး၊ ဈေးကွက်၊ ဘဏ္ဍာရေးစနစ်၊ အလုပ်သမားသမဂ္ဂ၊ အရပ်ဘက်လူ့အဖွဲ့အစည်း စသည်များ) ဟာ လူတဦးချင်းစီရဲ့ စွမ်းရည်၊ အခွင့်အလမ်းနဲ့ ရွေးချယ်ခွင့်တွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် လွတ်လပ်ခွင့် (Freedom) ကို ချုပ်ချယ်ခံရတဲ့ နိုင်ငံတွေမှာ တိုင်းသူပြည်သားတွေရဲ့ မိမိတို့ ကံကြမ္မာကို ဖန်တီးနိုင်ခွင့် စွမ်းရည်တွေ ကျဆင်းနေတတ်ပါတယ်။ ဒီလို စွမ်းရည်ချို့တဲ့မှုဟာလဲ ဆင်းရဲနွမ်းပါးမှု ပါပဲ။

ဆင်းရဲနွမ်းပါးမှုကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ စတုတ္ထ cluster ကတော့ လူမှုအသိုင်းအ၀ိုင်းမှ ဖယ်ရှားခံထားရခြင်း (social exclusion) ပဲ ဖြစ်ပါတယ်။ Social exclusion ဆိုတာမှာ အခွင့်အရေး (လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး)၊ အရင်းအမြစ် (လူ့စွမ်းအား အရင်းအမြစ်၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ နိုင်ငံတော် ထောက်ပံ့မှု၊ ဈေးကွက်)နဲ့ ဆက်နွယ်မှု (မိသားစု ကွန်ယက်၊ ထောက်ပံ့ကူညီရေးကွန်ယက်) စတာတွေ ပါဝင်ပါတယ်။ လူ့အဖွဲ့အစည်း အတွင်းမှာ ရှိနေတဲ့ လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ခံစားခွင့် မရှိခြင်း၊ အရင်းအမြစ်တွေ ရှားပါးခြင်း စတာတွေကို ကြုံတွေ့နေရတယ်ဆိုရင် ဒါဟာလဲ ဆင်းရဲနွမ်းပါးမှုပါပဲ။

ဆင်းရဲနွမ်းပါးမှုဟာ စီးပွားရေး၊ နိုင်ငံရေးရာတွေ အပေါ်မှာ ရိုက်ခတ်မှုတွေ ရှိပါတယ်။ ဘယ်လို စီးပွားရေးစနစ်ကို ကျင့်သုံးသည်ပဲ ဖြစ်စေ၊ ဆင်းရဲနွမ်းပါးမှုကြောင့် လုပ်အားထုတ်လုပ်မှု (labour productivity) လျော့နည်းစေနိုင်ပါတယ်။ အဲဒီအခါမှာ စီးပွားရေးတိုးတက်မှု (economic growth) ကို ထိခိုက်စေပါတယ်။ စီးပွားရေးတိုးတက်မှု ကျဆင်းမှုကြောင့် အလုပ်လက်မဲ့ ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ အလုပ်လက်မဲ့ပြဿနာကြောင့် ဈေးကွက်မှာ စားသုံးသူတွေရဲ့ ငွေကြေးအသုံးပြုနိုင်မှု လျော့နည်းစေပြီး၊ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေပါတယ်။

ဒီလို ဆင်းရဲနွမ်းပါးတဲ့ လူ့အဖွဲ့အစည်းဟာ ထုတ်ကုန်အက်တာပရိုက်စ်တွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်တာနဲ့ physical infrastructure (လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်)၊ Social Infrastructure (ကျန်းမာရေး၊ ပညာရေး၊ ဈေးကွက်၊ ဘဏ္ဍာရေးစနစ်) စတာတွေမှာ အားနည်းချက်တွေကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးမှာ အခြားနိုင်ငံများနဲ့ မယှဉ်ပြိုင်နိုင်ပါဘူး။ ဒါဟာ ဆင်းရဲနွမ်းပါးမှုရဲ့ တိုင်းပြည်စီးပွားရေးအပေါ်မှာ ရိုက်ခတ်မှုတွေ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုဟာ နိုင်ငံရေးရာတွေအပေါ်မှာလဲ ရိုက်ခတ်မှုတွေ ရှိပါတယ်။ လူအများရဲ့ ဒေါသစိတ် တွေကို နှိုးဆွပေးနိုင်ပြီး၊ တခါတရံမှာ ဆင်းရဲနွမ်းပါးမှုကြောင့် အကြမ်းဖက်မှု (violence) တွေ ဖြစ်ပွားစေတတ်ပါတယ်။ ဒီလို အကြမ်းဖက်မှုတွေဟာ ယေဘုယျအားဖြင့် မိသားစုတွင်း၊ အိမ်တွင်းမှာ ဖြစ်တတ်ပါတယ်။ ဒီအခါမှာ မိသားစုတွင်းဆက်ဆံရေးမှာ အားနည်းသူများ (အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ)ဟာ သားကောင်များ ဖြစ်လာနိုင်ပါတယ်။ မိသားစုတွင်း အကြမ်းဖက်မှုတင်မကပဲ လူ့အဖွဲ့အစည်းအတွင်း ပျံ့နှံ့လာတဲ့ အကြမ်းဖက်မှုတွေလဲ ရှိပါတယ်။

ဒါတွင်မကပဲ ဆင်းရဲနွမ်းပါးမှုဟာ လုယက်မှု၊ ဓားပြတိုက်မှု၊ ပစ္စည်းယူ လူသတ်မှု၊ ခိုးယူမှု စတဲ့ စာရိတ္တပျက်စီးမှုဆိုင်ရာ မှုခင်းတွေရဲ့ အခြေခံ ဖြစ်ပွားစေသော အကြောင်းတရားလဲ ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်ကြောင့် ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေသလို၊ ဆင်းရဲနွမ်းပါးမှုကလဲ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်ပွဲတွေကို ပြန်ဖြစ်စေပြီး၊ သံသရာလည် နေတတ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၊ သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံရေးတည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘ၀ မြင့်မားရေး စတာတွေအတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဟာ အလွန်ပဲ အရေးကြီးပါတယ်။ ဒီလို ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ၀င်ငွေမြင့်မားမှု၊ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု စတာတွေအပြင်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးလွတ်လပ်ခွင့် အပြည့်အ၀ရှိသော social institutions များ ပေါ်ထွက်လာဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၅၊ ၆၊ ၂၀၁၁)

ရည်ညွန်းကိုးကား။ ။

Korten, D. (1995) When Corporations Rule the World, Kumarian Press, San Francisco
Sen, A. (1985) Commodities and Capabilities, North Holland, Amsterdam
World Bank (1990) World Development Report, The World Bank, Washington DC.

တို့ဗိုလ်ချုပ်ကမှာခဲ့တယ်၊ ‘ရရင်ရ၊ မရရင်ချ’


အချိန်ကား ၂ဝဝ၅ခု၊ ဖေဖော်ဝါရီလ (၁၃)ရက်။

နေရာကား ရန်ကုန်တိုင်း၊ တွံ့တေးမြို့။


အင်္ဂလိပ်စာ ကျူရှင်ဆရာ ဦးအောင်ဖေက ကျူရှင်မှ တပည့်တွေကို ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးအကြောင်း ပြောပြပြီး၊ ဓာတ်ပုံကို အလေးပြုခဲ့သည်။ တစ်မျိုးသားလုံးကို သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ကယ်တင်ခဲ့သည့် လွတ်လပ်ရေးဗိသုကာများကို တိုင်းသူပြည်သားများက လေးစားတာ၊ အရိုအသေပေးတာ နိုင်ငံတိုင်းမှာ ဖြစ်နေကျ၊ ရှိနေကျ။ သို့ပေမယ့် စစ်အာဏာရှင်ဆိုး ဖိနပ်အောက်က မြန်မာပြည်မှာတော့ ဤသည်ကပင် ပြစ်မှုတစ်ခုဖြစ်သွားခဲ့ကာ ဆရာဦးအောင်ဖေ ခမျာ မတရားအစိုးရ၏ အမျက်တော်ရှ၊ ထောင်တွင်းအကျဉ်းချခြင်းကို ခံလိုက်ရပါတော့သည်။ ထောင်ဒဏ်ကား သုံးနှစ်။ ဓာတ်ပုံလေးတစ်ပုံနှင့်ပင် စစ်အာဏာရှင်တို့ အဘယ်ကြောင့် ဤမျှသဝန်တို မရှုစိမ့် ဖြစ်နေရပါသနည်း။ အဖြေက ရှင်းပါသည်။ ဗိုလ်ချုပ်ဆိုသော ရာထူးဂုဏ်ပုဒ်ချင်းတူပေမယ့် စိတ်ဓာတ်၊ အကျင့်စာရိတ္တ၊ မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်များက ဆီနှင့်ရေပမာ၊ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှသည်ကိုး။


ယနေ့ခေတ်စစ်အာဏာရှင်များ သူတို့ပခုံးနှင့်ရင်ဘတ်ပေါ်တွင် မည်၍မည်မျှများပြားသော တံဆိပ်ကြီးများ၊ ရာထူးဂုဏ်ဆောင်များတပ်ဆင်ကာ ဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်စသည်သော အမည်နာမတို့ကို ခံယူထားစေကာမူ ‘တို့ဗိုလ်ချုပ်’ဟု လူထုက ကြည်ညိုလေးစားစွာ အခေါ်ခံခဲ့ရသူ ကတော့ မြန်မာပြည်တွင် တစ်ဦးတည်းသာ ရှိခဲ့ပါသည်။ ထိုသူကား သခင်အောင်ဆန်း (ဝါ) ဗိုလ်ချုပ်အောင်ဆန်း။ မြန်မာတစ်မျိုးသားလုံးကို ကျွန်ဘဝမှ ကယ်တင်ခဲ့သူ၊ ကိုယ်ကျိုးမဖက်ပဲ လူထုအကျိုးကိုသာ သယ်ပိုးခဲ့သူ၊ နယ်ချဲ့အစိုးရတို့ နည်းမျိုးစုံဖြင့် သွေးခွဲနေသည့်ကြားမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဆောင်ကျဉ်းနိုင်ခဲ့သူ၊ မြန်မာပြည်သူတို့အတွက် အသက်နှင့်ဘဝကို စွန့်လွှတ်ခဲ့သည့် တကယ့်ခေါင်းဆောင်ကောင်း၊ သူရဲကောင်းတစ်ယောက်။


မြန်မာပြည်ကြီး ထီးသုဉ်း၊ နန်းသုဉ်း၊ ကြငှန်းသုံး၍ သူ့ကျွန်ဘဝသို့ အလုံးစုံ ကျရောက်ပြီးနောက်ပိုင်း အနှစ်နှစ်ဆယ်ကာလတစ်ခုတွင် မြန်မာပြည်အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့၌ သူရဲကောင်း တစ်ဦး ဖွားမြင်လာခဲ့သည်။ အချိန်အတိအကျဆိုလျှင်တော့ (၁၉၁၅)ခု၊ ဖေဖော်ဝါရီလ (၁၃)ရက်။ ‘ခေါင်းဆောင်ဟူသည် မွေးရာပါဖြစ်သည်’ဟု အချို့သော ခေါင်းဆောင်မှုပညာ လေ့လာသူ သုတေသနပညာရှင်များက ဆိုကြပါသည်။ အချို့ကလဲ ‘ခေါင်းဆောင်မှုဟူသည် လေ့ကျင့်ယူ၍ ရသည်’ဟု ဆိုကြသည်။ အဆိုပါ ပညာရှင်တို့သည် ဗိုလ်ချုပ်ကိုကား မွေးရာပါခေါင်းဆောင်ဟု သတ်မှတ်ကြမည်လား။ လေ့လာလေ့ကျင့်မှုမှ တိုးတက်လာသော ခေါင်းဆောင်ဟု သတ်မှတ်ကြမည်လား မသိ။ ဗိုလ်ချုပ်၏ ခေါင်းဆောင်မှုကို ခေါင်းဆောင်မှု ပညာရပ် ရှုထောင့်မှ ဆန်းစစ်ထားသော စာတမ်းများကား ပေါ်ထွက်လာခြင်း မရှိသေး။ မည်သို့ဆိုစေ ခေါင်းဆောင်ကောင်း အရည်အချင်းရှိ၍ လူထုက ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု တင်မြှောက်ခြင်း ခံခဲ့ရကဲ့သို့၊ လူထု၏ အသိအမှတ်ပြုမှုနဲ့ ထိုက်တန်စွာ ခေါင်းဆောင်ကောင်း ပီသခဲ့သူ ဖြစ်သည်မှာကား သိသာ ထင်ရှားလှပါသည်။


ခေါင်းဆောင်တယောက်၏ တာဝန်ယူမှု၊ တာဝန်သိမှုနှင့် မိမိခေါင်းဆောင်နေသည့် လုပ်ငန်းဆောင်တာ အပေါ်တွင် ထားရှိသော သစ္စာတရားတို့ကို ဗိုလ်ချုပ်ထံတွင် ရှင်းရှင်းလင်းလင်း တွေ့မြင်ကြရပါသည်။အထင်ရှားဆုံး ဥပမာ သာဓက တခုကား “ငရဲခွေးကြီးလွတ်နေပြီ” ဆောင်းပါး ဂယက်တွင် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းဘ၀၏ တာဝန်ယူမှုနှင့် သစ္စာရှိမှု။ ကျောင်းသားဘ၀တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ အလုပ်မှုဆောင် ကော်မတီဝင်ဖြစ်လာခဲ့ပြီး၊ သမဂ္ဂမှ ထုတ်ဝေသော မဂ္ဂဇင်း၏ အယ်ဒီတာဖြစ်လာခဲ့သော အချိန်ကာလတွင် တာဝန်ယူထားသော အလုပ်နှင့် ရဲဘော်ရဲဘက်အပေါ်တွင် ထားရှိသော သစ္စာတရား၊ စွန့်လွှတ်အနစ်နာခံသည့် ခေါင်းဆောင်ပီသသော စိတ်ထားကား ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့ပါသည်။


(၁၉၃၆)ခု၊ ဖေဖော်ဝါရီလတွင် အိုးဝေမဂ္ဂဇင်းပါ “ငရဲခွေးကြီးလွတ်နေပြီ’ ဆောင်းပါးနှင့် ပတ်သက်သည့် အာဏာဖီဆန်ရေး ဂယက်ကြီး ပေါ်ထွက်လာခဲ့ပါသည်။ ဆောင်းပါးရေးသူ၏ အမည်ရင်းကို တက္ကသိုလ်အာဏာပိုင်တို့က မေးမြန်းစစ်ဆေးသော်လဲ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းသည် တာဝန်ခံအယ်ဒီတာ ပီသစွာ ဆောင်းပါးရေးသူ၏ အမည်ရင်းကို ထုတ်ဖော်မပြောခဲ့။ ရဲဘော်ရဲဘက် အချင်းချင်းအပေါ်တွင် သစ္စာစောင့်သိခဲ့သည်။ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သည်။ အာဏာပိုင်တို့၏ ကျောင်းမှထုတ်ပယ် အရေးယူမှုကို ကျေနပ်စွာ ခံယူခဲ့သည်။ မခံရပ်နိုင်သူများက အချင်းချင်း သစ္စာစောင့်သိတတ်သည့် တက္ကသိုလ်ကျောင်းသားများ။ ကျောင်းသားခေါင်းဆောင် ကိုနုနှင့် ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံရမှုကို ‘ငါနှင့်မဆိုင်၊ ငါဘီအေ၊ ဘီအယ်လ်၊ အိုင်စီအက်စ်ရပြီး အရေးပိုင်ဖြစ်ရင်ပြီးရော’ဟူသည့် စိတ်ထားမျိုး မထားခဲ့ကြ။ ကိုယ်ကျိုးရှာရုန်းထွက်လိုစိတ်တွေ မမွေးခဲ့ကြ။ လက်သည်းဆိတ်လျှင် လက်ထိတ်နာ ဆိုသကဲ့သို့ ဝန်းရံပေးခဲ့ကြပြီး၊ ကျောင်းသားသပိတ် အရေးတော်ပုံကြီးပင် ဖြစ်လာခဲ့ရသည်။ ‘စုစည်းမှုတစ်ရပ်ဆီမှ ထွက်ပေါ်လာသောအင်အားတစ်ရပ်ကို အဘယ်သို့သော အာဏာပိုင်သည် မာန်တင်းခံနိုင်ပါအံ့နည်း’။ နောက်ဆုံးတော့ အာဏာပိုင်များ အလျှော့ပေးကာ တောင်းဆိုချက်များကို လိုက်လျောခဲ့ရသည်။


အရေးကြုံလာသော အခြေအနေနှင့် အချိန်အခါတွင် ကိုယ်လွတ်မရုန်းတတ်သော သူများကိုသာ လူအများက ခေါင်းဆောင်ကောင်းအဖြစ် အထင်ကြီး လေးစားတတ်ကြသည်မှာကလဲ လူ့သဘာဝ။ ခါတော်မှီခေါင်းဆောင်နှင့် လူအများရင်ထဲကို စွဲစွဲမြဲမြဲ စူးစိုက်ဝင်ရောက်နိုင်သည့် ခေါင်းဆောင် တို့၏ တန်ဖိုးက တခြားစီဖြစ်သည်။ ခေါင်းဆောင်ဟူသည် ဆုတ်ခွာချိန်တွင်ပင် နောက်လိုက်များကို စွန့်ခွာမထားခဲ့ရ။ ပြေးဖို့ လိုအပ်လျှင်လဲ ကိုယ်လွတ်ရုန်း မပြေးရ။ ထမ်းပိုးပြေးသင့်လျှင်ပင် ထမ်းပိုးပြေးရမည်။ တာဝန်ခံရမည်။ တာဝန်ယူရမည်။ အနစ်နာခံရမည်။ “နောက်ကျခြေထောက်၊ သစ္စာဖောက်” ဆိုပြီး အရေးကြုံသည့်အချိန်တွင် စွန့်ခွာ ပြေးတတ်သူများကို ခါတော်မှီခေါင်းဆောင် ဖြစ်နေစေကာမူ ခေါင်းဆောင်ကောင်းအဖြစ် လူအများက သတ်မှတ်လေ့မရှိကြ။ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းကား ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းနှင့် သတ္တိသွေးတို့ ပြည့်စုံလှသည်ဖြစ်ရာ ကျောင်းသားခေါင်းဆောင်ဘ၀မှ အမျိုးသားခေါင်းဆောင်အဖြစ်သို့ တမုဟုတ်ချင်း ရောက်ရှိလာခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ဥက္ကဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ဥက္ကဌ၊ တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ရန် လူအများက ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ထိုမှတဆင့် တို့ဗမာအစည်းအရုံးဝင်ဖြစ်ကာ သခင်အမည်ခံယူ၍ သခင်အောင်ဆန်းဟူ၍ မြန်မာပြည်တဝှမ်းဝှမ်း ဟိုးဟိုးကျော်လာသောအခါတွင်ကား နယ်ချဲ့တို့ လျစ်လျူမရှုရဲကြတော့။ ဆုငွေထုတ်၊ ဖမ်းဝရမ်းထုတ်ကာ အပူတပြင်း လိုက်လံ ဖမ်းဆီးကြတော့သည်။


သခင်အောင်ဆန်းကား ကမ္ဘာ့အရေး၊ မြန်မာ့အရေးကို ဆက်စပ်စဉ်းစားနိုင်သော အမြော်အမြင်ရှိသည့် ခေါင်းဆောင်ကောင်း တစ်ဦးလည်းဖြစ်သည်။ မည်သို့သောအခြေအနေတွင် မည်သည့်တိုက်ပွဲဝင်ပုံစံကို အကောင်အထည်ဖော်ရမည်ကို စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိသည်။ သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် ချပြဆွေးနွေးပြီး၊ သဘောတူဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်နိုင်စွမ်းလဲ ရှိသည်။ လူအများနှင့် ချပြဆွေးနွေးရာတွင် လှေကားချ စည်းရုံးနိုင်စွမ်း ရှိရမည်။ “ငါသိ၊ ငါတတ်” သဘောမျိုးနှင့် အပေါ်စီးက ဆွေးနွေးတတ်သူကို မည်သူမှ ခေါင်းဆောင်ကောင်း မသတ်မှတ်။ “ငါ့စကားနွားရ” ပြောတတ်သူဟုသာ သတ်မှတ်ပြီး ရှောင်ဖယ်သွားလေ့ ရှိကြသည်။


သခင်အောင်ဆန်းကား အားတက်သရော ငြင်းခုန်ဆွေးနွေးတတ်သော်လည်း အချက်အလက်နှင့် ဆွေးနွေးတတ်သူဖြစ်သည်။ တောင်စဉ်ရေမရ ပြောချင်ရာ၊ ပြောနေတတ်သူ မဟုတ်။ မြန်မာလူ့ဘောင်၏ အခက်အခဲနှင့် အခြေအနေကို နားလည်သကဲ့သို့၊ ကမ္ဘာ့အခင်းအကျင်းကိုလဲ နားလည်ခဲ့သူ ဖြစ်သည်။ ကမ္ဘာစစ်ဖြစ်ပွားနေသော ခေတ်အခါသမယတွင် လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် ကိုင်ဆောင်ခွင့် မရသော မြန်မာတို့အဖြစ်၊ တနေ့တခြား လုံးပါးပါးတော့မည်ကို သူနားလည်ခဲ့သည်။ လက်နက်ကိုင် တော်လှန်ရေးမလုပ်ပဲ နယ်ချဲ့စနစ်ကို သုတ်သင်နိုင်မည်မဟုတ်ကြောင်း သိမြင်သည်။ ဤသို့သောအကြောင်းများဖြင့် ရဲဘော်သုံးကျိပ်ပေါ်လာခဲ့ကာ မြန်မာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မွေးဖွားလာခဲ့ရသည်။ သခင်အောင်ဆန်းသည် မြန်မာ့ တပ်မတော်၏ ဖခင်ရင်းအစစ်။


နယ်ချဲ့ထွက်ပြီး၊ ဖက်ဆစ်ဝင်လာ၍ မင်းသားရုပ်ကိုခွာကာ ဘီလူးရုပ်ကို လှစ်ပြပြန်တော့လဲ ဖက်ဆစ်ပေးထားသော ရာထူးစည်းစိမ်တို့တွင် မွေ့လျော်ခြင်းမရှိ။ ပြည်သူ့မျက်နှာ တစ်မျက်နှာတည်းကိုသာ ကြည့်ခဲ့သည်။ ပြည်သူ့သစ္စာကိုသာခံယူခဲ့သည်။ နိုင်ငံတကာအခြေအနေကို စောင့်စားခဲ့သည်။ အချိန်အခါကောင်းကို စောင့်၍ ဂျပန်တို့ ကမ္ဘာစစ်တွင် အရေးနိမ့်စ ပြုလာသောအချိန်တွင်မှ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်လူထု တစ်ရပ်လုံးပါဝင်သည့် ဖက်ဆစ်တော်လှန်ရေးကြီးကို ဦးဆောင်ဆင်နွှဲခဲ့သည်။ အခွင့်အခါကောင်းကို စနစ်တကျ အသုံးချတတ်ခဲ့သူ ဖြစ်သည်။


ဖက်ဆစ်တော်လှန်ရေးအပြီး၊ ဖတပလမှ အမည်ပြောင်းလာသော ဖဆပလအဖွဲ့ချုပ်ကြီး၏ ဥက္ကဌအဖြစ် အရွေးချယ်ခံရပြီး မြန်မာ့လွတ်လပ်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက် သမိုင်းဝင် အောင်ဆန်း၊ အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ပြည်မနှင့် တောင်တန်းသားများ သွေးစည်းညီညွတ်ရေးအတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကာ ပြည်ထောင်စုကြီး မပြိုကွဲအောင် ထိန်းသိမ်းနိုင်ခဲ့သည်။


တောင်တန်းဒေသများတို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့သည်။ ဗိုလ်ချုပ်ကျဆုံးပြီး နောက်တနေ့၌ ဒူးဝါးကြီးဆမားဆင်ဝါနောင်သည် တာဝါလိမ်းအိမ်ရှိ ဗိုလ်ချုပ်ရုပ်ကလာဘ်ကိုကြည့်ပြီး မျက်ရည်ပေါက်ကြီးငယ်ပင် ကျခဲ့သည်။ ဤမျှအထိ တောင်တန်းသား ခေါင်းဆောင်ကြီးများ၏ ခင်မင်ရင်းနှီးမှုကို ရရှိခဲ့သူဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေးတွင် ဂျင်းဖော၊ ကရင်၊မွန်၊ချင်း၊ သျှမ်းစသော တိုင်းရင်းသားများအားလုံး ဗမာများနှင့်အတူ လက်တွဲပါဝင်ခဲ့ပုံနှင့် ပတ်သက်၍ ဦးပုကလေးရေးသားသော ‘ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ’ စာအုပ်တွင် ‘ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ဘွား တိုင်းရင်းသား အားလုံးအပေါ် ညီရင်းအစ်ကို ဆွေမျိုးဥာတိအစစ်ကဲ့သို့ ယူဆထားလျက် တိုင်းရင်းသားများ၏ အခွင့်အရေးကို မည်သည့်ဘက်ကမှ မငဲ့ညှာပဲ အဂတိတရားကင်းရှင်းစွာ ထာဝစဉ် ကာကွယ်စောင့်ရှောက်ပေးလိမ့်မည် ဟူသော အသိဥာဏ်သည် တိုင်းရင်းသား လူနည်းစုတိုင်း၏ ဦးနှောက်တွင် စွဲမြဲလျက်ရှိလေပြီ’ ဟူ၍ ဗိုလ်ထွန်းလှက နိဒါန်းရေးထားခဲ့လေသည်။


ထိုသို့ တိုင်းရင်းသားပြည်သူလူထုအားလုံး၏ ချစ်ခင်လေးစား၊ အားကိုးအားထားခြင်းကို ခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းကား ၁၉၄၇ခု၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် မသမာသူများ လက်ချက်ကြောင့်၊ အခြားအစိုးရအဖွဲ့ဝင် ခေါင်းဆောင်ကြီးများ၊ သက်တော်စောင့် ကိုထွေးတို့နှင့်အတူ ကျဆုံးခဲ့ရလေသည်။ ဗိုလ်ချုပ်ကား သူချစ်သော မြန်မာပြည်သူပြည်သားတို့အတွက် သူ၏ အသက်ခန္ဓာကို ပေးလှူသွားခဲ့သည်။ မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာ ဗိုလ်ချုပ်ကျေးဇူးကြီးမားပေစွတကား။


သို့ပေမယ့် ကျေးဇူးဟူသည် ကျေးဇူးသိနေရုံနှင့် မပြီးသေး။ “ဗိုလ်ချုပ်ပုံကို အိမ်မှာချိတ်ကာ နေ့စဉ်ထိုင်ကန်တော့ပါသည်၊ ဗိုလ်ချုပ်မွေးနေ့တိုင်း အခမ်းအနားတွေ ကျင်းပပါသည်” ဆိုသည်က ကျေးဇူးသိတတ်မှုမျှသာ ဖြစ်သည်။ ကျေးဇူးဆပ်ခြင်းကား မဟုတ်။ ကျေးဇူးသိလျှင် ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြဖို့လိုသည်။


ဗိုလ်ချုပ်၏ ကျေးဇူးအားဆပ်ရန်နှင့် ပတ်သက်၍ ဆရာကြီးရန်အောင်က


‘မြန်မာပြည်ဖွား၊ ပြည်ထောင်သားတို့

ကွဲပြားမရှိ၊ မြင်လိုဘိ၏။

နတ္ထိဝမ်းစာ၊ စုတ်ချာအိုးအိမ်

ရောင်မှိန်အဝတ်၊ မွဲငတ်အလုပ်သမား

လယ်သမားတို့၊ ဖွံ့ထွားချမ်းသာ

ဆန္ဒာတောင့်တ၊ တွေ့လိုလှ၏။

မွေးဖဗိုလ်ချုပ်

အားထုတ်တောင့်တ၊အဝဝကို

စေ့ငပြီးပြေ၊ ဆောင်ရွက်လေလျှင်

မည်ပေကျေးဇူးဆပ်ခြင်းတည်း’ဟု စပ်ဆိုခဲ့လေသည်။


ယခုကား အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည်မှာ အနှစ်ခြောက်ဆယ်ကျော် ခဲ့လေပြီ။ သူအသက်ပေးပြီး ရယူပေးခဲ့သည့် လွတ်လပ်ရေးအရသာကို သူချစ်သော တိုင်းရင်းသားပြည်သူများကား ယခုအချိန်ထိ မခံစားကြရသေး။ ဤအဖြစ်ကိုသာ တမလွန်မှ တွေ့မြင်နေပါက မည်မျှ ဝမ်းနည်းနေရှာမည်မသိ။ သူတည်ထောင်ခဲ့သော ပြည်သူ့တပ်မတော်ကြီး၊ စစ်အာဏာရှင်လက်ကိုင်ဒုတ် လူသတ်စစ်တပ်ကြီးအဖြစ်သို့ အသွင်ကူးပြောင်းနေသည်ကို ကြည့်ရင်းဖြင့်လည်း မည်မျှ နှမြောတသ ဖြစ်နေမည်မသိ။ သူမြင်တွေ့လိုသော ပြည့်စုံကုံလုံသည့် မြန်မာပြည်သူပြည်သားတို့ဘဝမှာ အာဏာရှင် လက်ပါးစေများကြောင့် မသေချာမရေရာ၊ ပုံပြင်ပမာဖြစ်နေရသည်ကို တွေ့မြင်ရင်း မည်မျှ ယူကြုံးမရ ဖြစ်နေရှာမည်မသိ။ (၁၉၈၉)ခုနှစ်က သူကျဆုံးခဲ့သော အာဇာနည်နေ့အထိမ်းအမှတ် နှစ်ပတ်လည် ချီတက်ပွဲအား ရေခဲဆိုင်မှတ်တိုင်၊ မြေနီကုန်းလမ်းဆုံအထွက်၊ ဗီယက်နမ်သံရုံးရှေ့တွင် အာဏာရှင်များက ပိတ်ဆို့တားဆီး၊ ဝိုင်းဝန်း ရိုက်နှက်သဖြင့် သွေးချောင်းစီးဖြစ်ခဲ့ရသည်ကို ကြည့်ရင်းဖြင့် လူထုကြီးကိုယ်စား မည်မျှ ဒေါသထွက်နေရှာမည်မသိ။


မည်သို့ဆိုစေ သူသာ သက်ရှိထင်ရှား ရှိနေသည်ဆိုပါက ဒီမိုကရေစီတိုက်ပွဲဝင်နေကြသော မြန်မာပြည်သူ လူထုကြီးအား စကားတစ်ခွန်းတော့ သေချာပေါက်မှာလိမ့်မည် မလွဲပါ။ ဤအရာသည် ‘ရရင်ရ၊ မရရင်ချ’ မှလွဲ၍ မည်သည်များ ဖြစ်နိုင်ပါဦးမည်နည်း။


ခင်မမမျိုး (၂၀၀၇)

 http://articles-readingroom.blogspot.com မှ ရယူပါသည်။