Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့
Showing posts with label ကဗျာ - သားကြီးမောင်ဇေယျ. Show all posts
Showing posts with label ကဗျာ - သားကြီးမောင်ဇေယျ. Show all posts

Sunday, April 28, 2013

ဝမ်းနည်းပက်လက် မြို့

အဲဒီမြို့မှာ
ဘယ်ဘုရားအရင် ဦးချရမှန်း
မသိသူတွေ နေကြတယ် ။

အဲဒီမြို့မှာ
ခွေးဆိုးတောတိုးဘဝ
ရောက်နေသူတွေ နေကြတယ် ။

အဲဒီမြို့မှာ
လယ်သမားတွေ
လယ်ပျောက်ရှာ နေကြတယ် ။

အဲဒီမြို့မှာ
ကိုယ့်အိမ်မှာနေရင်း
ကျူးကျော်မှုနဲ့ အရေးယူခံနေရတယ် ။

အဲဒီမြို့မှာ
လယ်သမားတွေရဲ့
နံရိုးနဲ့ခင်းထားတဲ့
တံတားတွေရှိတယ် ။

အဲဒီမြို့မှာ
တောသူတောင်သားတွေရဲ့
အဆီနဲ့ထွန်းထားတဲ့
မီးတွေ ထိန်ထိန်လင်းနေတယ် ။

အဲဒီမြို့မှာ
ရွာသားကျောမွဲတွေနဲ့
ခင်းထားတဲ့
လမ်းမကြီးတွေရှိတယ် ။

အဲဒီမြို့မှာ
ဓားပြကြီးတွေရဲ့
ဆင်စွယ်ရဲတိုက်ကြီးတွေ ရှိတယ် ။

အဲဒီမြို့မှာ
သူခိုးတွေရဲ့
ဘဏ္ဍာတွေ
မြှုပ်ထားတဲ့
သိုက်နန်းတွေရှိတယ် ။

အဲဒီမြို့မှာ
ငိုရှိုက်သံတွေနဲ့
ယက်လုပ်ထားတဲ့
သီချင်းတွေကြားမှာ
ကခုန်သူတွေရှိတယ် ။

အဲဒီမြို့မှာ
မုဆိုးမမျက်ရည်တွေနဲ့
တည်ဆောက်ထားတဲ့
အလှပြ ရေပန်းတွေရှိတယ် ။

အဲဒီမြို့
တောတွင်းဥပဒေလွှမ်းမိုးတဲ့
ခေတ်မီ တိရစ္ဆာရုံကြီးရှိတယ် ။

အဲဒီမြို့မှာ
ခြင်္သေ့ယောင်ဆောင်တဲ့
မြေခွေးတွေ မင်းမူနေသတဲ့ ။

အဲဒီမြို့မှာ ......
အဲဒီမြို့မှာ ......
အဲဒီမြို့မှာ ......

သားကြီးမောင်ဇေယျ

သေတွင်း

ငါတို့ဟာ
သေတွင်းထဲမှာ
မွေးခဲ့ရ ။

ငါတို့ဟာ
သေတွင်းထဲကရွံ့နဲ့
အိုးပုတ် ၊ ဂျိုးရုပ်
လုပ်ခဲ့ရ ။

ငါတို့ဟာ
သေတွင်းနံရံ
မှန်လိုကြည့်ခဲ့ရ ။

ငါတို့ဟာ .....
သေတွင်းထဲကကြွက်
မကျက်တကျက်စားခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းထဲကမျက်နှာ
ဥပေက္ခာပြုခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းထဲက လက်တစ်ဖက်
ဆုပ်လျက်ပြုတ်ထွက်ခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းထဲကခရီး
မငြီးစတမ်းသွားခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းဝက
တမ်ပြေးတစ်အုပ်
ငုတ်တုတ်ငေးခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းထဲမှာ
ဘယ်လိုနည်းနဲ့မှ
မသေခဲ့ကြ ။ ။

သားကြီးမောင်ဇေယျ