Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Friday, January 3, 2014

** သိပ်မစဉ်းစားဘူးဆိုရင် ** ကြည်ဇော်အေး



လမ်းပေါ်မှာ ပြေးလွှား
ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့ ခေတ်ထဲမှာ
နဖူးကချွေး ဘယ်နေရာကျရမှန်းမသိအောင်
အစချီ ညည်းညူတော့မယ် မထင်လေနဲ့
လိုက်လျောညီထွေ အဆင်ပြေပြေ
ပေါ့ပေါ့ပါးပါး ဆိုပါတော့
ဘယ်စာအုပ်မှ ခေါင်းအုံးမထားဘဲ
သက်တောင့်သက်သာ အိပ်ပျော်နည်းစာအုပ်ဖတ်ပြီး
အိပ်မက်လှလှ မက်ပါစေဆိုလည်း
အလိုမပြည့်တာလေးတစ်ခုပါပဲ
ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့ လှော်ရအောင်ကလည်း
ဘယ်တက်က ဘယ်နေရာရှိမှန်း မသိတာလေးတစ်ခုပါပဲ
လာမယ်မှန်းမသိ မလာမယ်မှန်းမသိ
တောင်ငေးရင်း မြောက်ငေးရင်း
တောင်မှန်း မြောက်မှန်းမသိ ဖြစ်နေတာလေးတစ်ခုပါပဲ
နှစ်သုံးဆယ်လုံးလုံး နှုတ်ခမ်းကိုချည်း ဖိကိုက်ခဲ့ရတော့
နှုတ်ခမ်းဟာ သွေးသံရဲရဲ ဖြစ်နေတာလေးတစ်ခုပါပဲ
အရည်မရ အဖတ်မရ
လူမုန်းစုန်းစာအဖြစ် အဖတ်တင်ခဲ့တာလေးတစ်ခုပါပဲ
သည်းခံခြင်းဟာ ဘတ်စ်ကားစီးရင်းရခဲ့တာလို့
ပေါ့ပျက်ပျက် သံဝေဂတွေလည်း ပျင်းစရာကောင်းပါတယ်
သီချင်းကျယ်ကျယ်အော်ဆိုရင်း
ကမ္ဘာကြီးကျဉ်းလာတယ်ဆိုတော့
နောက်ထပ်ဟာသတစ်ခု နားထောင်ရသလိုပေါ့လေ
ဒီလိုပဲ သဘောထားပါတယ်
ဒီလိုသဘောထားမျိုးနဲ့ တစ်လမ်းဝင် တစ်လမ်းထွက်
တစ်ခွက်ပြီး တစ်ခွက် ရက်ရက်စက်စက်
ဘာပဲဖြစ်ဖြစ် သိပ်မစဉ်းစားဘူးဆိုရင်ပေါ့လေ
ဘာပဲဖြစ်ဖြစ် လိုက်လျောညီထွေ အဆင်ပြေပြေပါပဲ။ ။


ကြည်ဇော်အေး
ရယ်စရာမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၆

No comments:

Post a Comment