Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, October 1, 2013

ဟေရာကလိုက်တပ်စ်ကို လက်ဆွဲနုတ်ဆက်ခြင်း



ချက် ချက် ချက် ချက် နဲ့
ငါ့အိပ်ရာဘေးက ဒိတ်အောက်နာရီလေးက
ငါ့ ကို ငေး အကြည့် ။
ဒေါင်းနွယ်ဆွေရဲ့ အဘိဓမ္မာ၏ သစ်ရွက်တစ်ရွက်
ဒဂုန်တာရာရဲ့ ဗညားသီဟ
ဗန်းမော်တင်အောင် ရဲ့ အိန်းစတိန်း
ကြည်အေးရဲ့ မြနနန္ဒာ
မမအိရဲ့ ရင်ကွဲတောင်
ဂျူးရဲ့ အမှတ်တရ
ညအခါ စုန်းတောက်စားဆဲ
အိပ်မက်ထဲက သက်တံပေါ်မှာ
ဒိုင်ယာစီဗင် လှေကလေးစီးဆင်း
လေးဖြူရဲ့ “ အလင်းရောင်” သီချင်း ငါကြိုက်တယ် ။
မပျော်ပိုက်တာတွေ မရေးနဲ့တဲ့
စိတ်ပျက်တာတွေ မရေးနဲ့ တဲ့
မတွေးရဲတာတွေ အရေးမရဲနဲ့ တဲ့
သြော် ..... ဟုတ်ကဲ့ ... ဟုတ်ကဲ့
မောင်ကြည်သစ် ရဲ့
“ ငြင်းပယ်ခြင်းအလှ စာအုပ်ဟာ ရောင်းကောင်းတယ်။
ရှင်ပါးစပ် ပိတ်ထား လိုက်
ရှင့် ပါးစပ် ပိတ်ထားး နော်
ရှင့်ဟာက မြင့်လွန်းတယ်
ရှင့်ဟာကို ဘယ်သူက လက်ခံမှာတုံး
လုံးလုံး ရှင်မသိဘူး မဟုတ်လားတဲ့
ဟုတ်ကဲ့ မိန်းမ ကလည်း တဆူဆူဗျ ။
ပုထုဇဉ် သက်သက်ကို ဘာသွားတောင်းဆိုမလို့ လဲ
ကိုစိုးမြင့်သိန်း တစ်ယောက်တော့ တော်တော်ခက်နေပြီပဲ
( မိတ်ဆွေတွေ ကလည်း ဝေဖန် )
မနက်မနက် မြို့ထဲမထွက်ခင်
ဘုရားစင် ရှေ့မှာ သံဗုဒ္ဓေကို အကြိမ် ၁ဝဝဝ ရွတ်ရတယ် ။
ယုံကြည်လို့ လုပ်တာလား ဟင်( ဟုတ်ပါတယ် )
မယုံကြည် တာတွေ လုပ်နေတာကကော(အဲဒါလည်းဟုတ်ပါတယ်)
အခု အဲဒီ ခင်စပယ်ဖြူ ဆိုတဲ့ ကောင်မလေးကို
ကျွန်တော် ချစ်နေပြီ ။ ။

စိုးမြင့်သိန်း

97 လက်ရွေးစင်ကဗျာ မှ

အိမ်အပြန်



ရှင်သန်ခြင်းမှာ
အဓိပ္ပယ်ဖွဲ့ဖူးခဲ့ ။
တောင့်တောင့်ခဲခဲကြီးပဲ
ငါက ရပ်နေတာလား
မှတ်တိုင်က ရပ်နေတာလား
ကြားကား ........တဲ့
ကြားသမားကို ဆွဲတင်သွားခဲ့ပြီ ။
မိုးကြီးစုံးစုံး ချုပ်တဲ့ထိ
ဓာတ်တိုင်တို့ အိပ်မောကျနေဆဲ
ဖယောင်းတိုင်တိုတိုနဲ့ သူမ
ငါ့ကို ထိုင်စောင့်နေပေလိမ့် ။
အကြောသေ သံချောင်းသံတွေ
တရွတ်တိုက်ဆွဲခေါ်လာတဲ့ အထိ
လရောင်လည်း ဝမ်းနည်းဖွယ်ပင် ။
ဟောဒီ ၃၁ ဘုံမှာ
ချစ်ခြင်း အနုပညာ ပင့်သက်
ချစ်ဇနီးလေး မိနန်းရေ
ဘဝကလွဲရင် အာလုံးဈေးကြီးပါတယ်ကွယ် ။ ။

အောင်ဘညို
သောင်းပြောင်းထွေလာ မေ၊၁၉၉၇
၁၉၉၇ မဂ္ဂဇင်းကဗျာလက်ရွေးစင် မှ

နတ်ပူးနေတဲ့ ကောင်



လွင့်လိုက်ရတာ
မုတ်သုန်ဘယ်နှမြို့တိုင်ခဲ့ပြီလဲ
တယ်လီဖုံးခေါ်သံတွေ ကြားတာတောင်
ပြန်မထူးဖြစ်ခဲ့တဲ့ ကောင်ပါ ။

ဖေဖေရေ
မိုးတိမ်ကြီးထဲမှာ
ခြေပစ်လက်ပစ် သားဝင် အိပ် လိုက်ချင်ရဲ့
ကောင်းကင်ကို ပြန် တည့် ရတာ
............မောတယ် ။ ။

တာရာမင်းဝေ
မဟေသီ၊ဇွန် ၁၉၉၇
၁၉၉၇ မဂ္ဂဇင်းကဗျာလက်ရွေးစင် မှ

ရန်ကုန်မြို့က ကြောင်



ကြောင်ဟာ
ဂျင်းဘောင်းဘီ ဖင်ကျပ်နဲ့
ရဲဘော် “ ချေ ” ပုံပါတဲ့
တီရှပ်အနက်ကို ဝတ်တယ်
နားတစ်ဖက်မှာ မိန်းမအဆောင်အယောင်နဲ့
သူ့စိတ်ကလည်း ဒီအတိုင်း ။

ဝီစကီကို ရေမရောဘဲ
ရေခဲထည့်ပြီး သောက်တတ်တယ်
အသားကြော် တစ်ပွဲ
အရည်သောက် တစ်ပွဲ
ဘယ်ဂျီတေဘယ် တစ်ပွဲ
စပွန်ဆာအိပ်ကပ်ထဲ
သူ့လက်သည်းနဲ့ အဓမ္မကုတ်ခြစ်တယ် ။

ကြောင်ဟာ
လူလိုလည်း
ရက်ဂေးသီချင်းဆိုတတ်သေးရဲ့

ကြောင်ဟာ
အပေါ်လိုလို
အောက်လိုလို
ဗေဒင်ဆန်းကျမ်းကိုလည်း အာဂုံဆောင်တတ်သေးရဲ့ ။

ကြောင်ဟာ
မျက်နှာပြောင်တဲ့ တစ်ပွဲထိုးပါ ။

ကြောင်ဟာ
ကြယ်ငါးပွင့်ဟိုတယ်ကနေ
လူလေလူလွင့်ရပ်ကွက်ထိ
သူ့စားကျက်ကို ဖြန့်ကြက်ထားတယ် ။

ကြောင်ဟာ ကြွက်မခုတ်ဘူး
ဘီယာစုပ်ဖို့ အမြဲချောင်းတယ် ။

ကြောင်ရဲ့ဗိုက်ထဲမှာ
ကိလေသာနဲ့ အလိုရမ္မက်
သိမ်းထုပ်ထားရဲ့ ။

ကြောင်ဟာ ပျင်းတဲ့အခါ
မန္တလေးက ဖမ်းလာတဲ့
ကြွက်ဖြူလေးကို ထုတ်ပြီး
ထိပ်ပုတ်ခေါင်းပုတ် ကစားတယ် ။

နောက်ဆုံးတော့
ကြောင်ရဲ့မစင်ကလည်း
သူ့ဗီဇအတိုင်း
နံလို့ဟောင်လို့ လေထုကို ညစ်ညမ်းစေရဲ့ ။

အောင်ဘညို
(ရုပ်ရှင်တေးကဗျာ)

ပိတောက်တွေပွင့်ပြီးမှ ပို့တဲ့ကဗျာ




ပန်းပွင့်လေးကို ပန်းအိုးထဲမှာ သတ်လိုက်ပြီး
ရွှေငါးလေးကို ရေကန်ထဲမှာ သတ်လိုက်သူ
လူသားဟာ
ဧည့်ခန်းထဲမှာ သူ့ကိုယ်သူ
ယဉ်ကျေးသူ
အလှတရားမြတ်နိုးသူအဖြစ် သတ်လိုက်ပြီ ။

ငါ့ကဗျာတွေ
စာမျက်နှာပေါ်မှာ
ပါဖို့ ကြိုးစားခဲ့သလို ။

သုခမိန်လှိုင်

လွှတ်တော်နံရံမှာရေးထွှင်းထားရမယ့်ကဗျာ



(နောင်တစ်ချိန်မှာ...
မြန်မာ့ကျောက်စိမ်းတွေဟာ
ငါတို့တရုပ်နိုင်ငံကနေ တစ်ကမ္ဘာလုံးကို
တန်ဖိုးကြီးရတနာအဖြစ်
ဖြန့်ဖြူးရောင်းချတဲ့အခြေအနေရောက်လာလိမ့်မယ်
မင်းတို့ရဲ့မြေး မြစ်တွေကို
ပြောပြပြီးစောင့်ကြည့်ခိုင်းထား) တဲ့
စိနတိုင်းသားရဲ့စိနလေသံဟာ ရင်ဘတ်ကိုလာမှန်တယ်
စိနတိုင်းသားရဲ့စိနလေသံဟာ မျက်နှာကိုတံတွေးစင်တယ်
လူကြီးမင်းတို့
လူကြီးမင်းတို့ရဲ့
်မြေး မြစ် တီ တွတ် ကျွတ် ဖွတ် ပဒတ်တွေကို
မှာကြားပြီးပြီလား
သစ်ပင်တွေပျိုးသလို
တောင်ပင်တွေပျိုးထားဖို့
မှာကြားပြီးပြီလား
ကြက်ကလေးတွေအကောင်ဖောက်မွေးမြူသလို
ကျောက်စိမ်းလေးတွေအကောင်ဖောက်မွေးမြူထားဖို့
မှာကြားပြီးပြီလား
ကျောက်စိမ်းကြည့်ချင်သလား တရုပ်ပြည်ကိုသွား
မှာကြားပြီးပြီလား
ပညာဓါတ်ခန်းနေပြီလား
ပညာတတ်ကြီးများ စားသောက်ဖွယ်ရာများ
မှာကြားပြီးပြီလား
မှာစားပြီးပြီလား
မှာကြားပြီးပြီလားးးးး?

ကိုရွေး
၎-၉-၂၀၁၃
(၄-၉-၁၃ ဒေးလီးအလဲဗင်း ပါ မြန်မာ့ကျောက်စိမ်းဈေးကွက်တည်ရှိရာ ဖျင်ကျိုးမြို့ သတင်းဆောင်းပါးကိုဖတ်ပြီးရေးပါတယ်။)

မိုး လေ ၀ သ



ကုတ်အင်္ကျီ တစ်ထည်
ဘယ်လောက်ပါလဲ ?
ဒီလူတွေရဲ့လေနဲ့
သား ........
ဆောင်း မရောက်သေးဘူး
ချမ်းနေပြီ
မေမေ ။ ။

Bo Han

** အထူးပြုလုပ်ချက်များဖြင့် မိုးဟာ အဆက်မပြတ် ရွာချနေပါတယ် **



ရွာနေတဲ့မိုးအောက်
အိမ်ထဲကလူ အိမ်ပြင်မထွက်
အိမ်အပြင်ထွက် အစာရှာသွားသူ အိမ်ပြန်မလာ
ပြောနေကြတာ
ရာသီဥတုက ကိုယ့်ဘက်ပါနေဆိုပဲ .....
မိုးမိပြီးသေတဲ့ မသာများ ......
မိုးခိုတွင်းအောင်းရင်း သေတဲ့ မသာများ .......
ကျန်ရစ်သူများ ခမျာ ထားရာနေ စေရာသွားတဲ့ မိုး ........
သွေးရိုးသားရိုး
မဟုတ်တော့ .................... ။

Bo Han

* ........................ *



တစ်ဆိတ်ဗျာ !
ပက်လက်လှန်ထားတဲ့ လိပ်မှာလည်း
ပုံပြင်ထဲက ယုံကို နိုင်လိုစိတ်နဲ့
ရုန်း ကန် , ယက် ကန်
တစ်ကွေ့ကွေ့
တစ်နေ့နေ့မှာ
ခြေထောက် နဲ့ လမ်းတွေ့ရင်
ပုံပြင်သစ်တွေ ရေးခြစ်ပါမယ် .......... ။

ခင်ဗျားတို့ ကျွန်တော်တို့ဟာ
မဆုံးနိုင်တဲ့ ပုံပြင်ရှည်ကြီးမှာ .................................................

Bo Han

** အဲသလို ဖြစ်ခဲ့တယ် **



ငါတို့ အဲသလို ဖြစ်ခဲ့တယ်
အမေးကို မဖြေဘူး
အဖြေကို ဖြေခဲ့တယ် ။

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
(လာမွန်တော့ဖ် ပြောသလို)
ချစ်စွာသော မိတ်ဆွေနှစ်ဦးမှာ
တစ်ဦးမှာ တစ်ဦး၏ အစေခံ ဖြစ်လေသည် ။

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
ဆေးအမျိုးမျိုး သောက်တယ်
သေမလိုလို အကြိမ်ကြိမ် ဖြစ်တယ် ။

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
အရက်ခွက်ဟာ စားပွဲ၏ အစွန်မှာ
တံတောင်နဲ့ တိုက်မိလိမ့်မယ်။

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
မတော်တဆနဲ့
တကယ် ဖြစ်တာနဲ့။

အောင်ချိမ့်

စက်တင်ဘာ၊ 2011 ၊ သရဖူ မဂ္ဂဇင်း

** သတိ ! မောင်ပုံ စောင်းမတီးတော့ပါ **



ခုချိန်ထိ
လူတွေရဲ့ ပါးစပ်ဖျား
ကဲ့ရဲ့စကားတွေပဲ ကြားနေရတော့
ဒီမတတ်တဲ့ စောင်းကြီးကို
မတီးတာ ကြာပါပြီ ....... ။

နောက်တစ်ခါ
ခင်ဗျားလာရင်
အရင်တေးသွားကိုပဲ
နှဲကြီးနဲ့မှုတ်ပြဖို့စီစဉ်ထားပါတယ်။ ။

Bo Han

** မတွေ့ ရတဲ့နေ့ ** - အောင်ချိမ့်



မတွေ့ရတဲ့နေ့မို့
ငါတို့ မတွေ့ရ ။

ပွဲလမ်းသဘင်နဲ့
ချိုချဉ်မုန့်ထုပ်နဲ့
တံလျှပ်လို
ဘောလုံးလို
မင်းသား အယ်လ်ပါစီနီလို
သတင်းစာလို
စီးကရက်လို
ပြတယ် ထုတ်ပြတယ်
ကျေနပ်ဖွယ်ရှိပါတယ်
ဒါပေမယ့် မတွေ့ရတဲ့နေ့မှမဟုတ်ပဲ ။

ဆာခဲ့
ငါမျှော်ခဲ့
တစ်သိန်းလောက်
တစ်သန်းလောက် ။
မတွေ့ ရတဲ့နေ့ဟာ
ပေါ့ကျ လက်ဖက်ရည်လောက် လေးနက်တယ် ။
မတွေ့ရတဲ့နေ့ဟာ
ဆောင့်ကြီး အောင့်ကြီး သီချင်းလောက် ပွင့်လင်းတယ် ။
ပိုကောင်းမယ်
ပြောစမှတ်ဖြစ်လိမ့်မယ် ။
ရည်းစား မရနိုင်တဲ့ အချိန်မှာ
ရည်းစားရခဲ့တာ ဖြစ်လိမ့်မယ်။
မတွေ့ ရတဲ့နေ့ဟာ
တွေ့ရတဲ့နေ့မဟုတ်ဘူး ။
မတွေ့ရသေးဘူး
မတွေ့ရတဲ့နေ့များ ။
အတူကံနည်းခဲ့
မတွေ့ရတဲ့နေ့များ ။ ။

အောင်ချိမ့်

** ရွှင်ပျော်မြူး ပြဇာတ် ** အောင်ချိမ့်



ရေတံခွန်လို တဝေါဝေါ စက်လှေကားမှာ
တစ်ရက်ရှေ့တိုး တရက်နောက်ဆုတ်လို့ ရသလိုကြီး
ငါတို့ မျက်နှာချင်းဆိုင်မိကြ
နီးရာဆိုင်တစ်ဆိုင် ဝင်ထိုင်ကြ
ငါက အရက်ကောင်းကောင်းတွေကြိုက်
သူက “ မော် ” စီးကရက်ကြိုက်သလို စီးကရက်ကြိုက်
တစ်ယောက်နဲ့ တယောက်တော့ မကြိုက်တော့
ခုတော့ ဒီမှာ ။

တစ်ယောက်ကိုတစ်ယောက် မကြိုက်တာကိုက “ လွမ်းစရာ”
ငါက ကဗျာဆန်ပြတော့ သူ့ခပ်မျှင်းမျှင်း အလာပ သလ္လာပ
ဟိုတုန်းကလို လိင်ဆွဲဆောင်မှုမရနိုင်တော့တဲ့ ကုန်လွန်မှု
ငိုလည်း ရယ်လည်း အငိုအရယ်တွေက ရယ်စရာမဟုတ် ချောက်ချားစရာ
ထိုင်ကြည့်နေချင်စရာမဟုတ် မျက်နှာလွှဲပစ်စရာ
နာရီဝက်လောက်သာသာမှာ
စကားလုံးတွေလိုချင်
အတိတ်ကိုလိုချင် ပစ္စုပ္ပန်ကိုလိုချင် အနာဂတ်ကိုလိုချင်
အဲဒီအရာတွေ ပြည့်ဖောင်းလာခဲ့
ကြော်ငြာပူပေါင်းအကြီးကြီးလို
ကျီးအာသီးလို ။

သူက သူ့လက်ပတ်နာရီကိုကြည့်
ငါက ဆိုင်က နံရံကပ်နာရီကိုကြည့်ပြီး
ဖက်ငိုသလို
ငါတို့ ရယ်မောလိုက်ကြတယ်။ ။

အောင်ချိမ့်
ဟန်သစ်၊ နိုဝင်ဘာ ၂ဝဝ၎

** သောကြာနေ့တိုင်း ** အောင်ချိမ့်



လေ၊ ကျင်ကြီး၊ ကျင်ငယ်၊ ချောင်းဆိုးလိုခြင်း
အန်လိုခြင်း၊ ကြို့ထိုးလိုခြင်း ၊ အိပ်လိုခြင်း
အစရှိသည်တို့ကို တရံတဆစ်မျှမတား
မမြစ်ရာ၊ မအောင့်ရာ ။ အောင့်လျင်
ရောဂါဥပဒ် ရောက်တတ်သည်။
( ဥတုဘောဇနကျမ်းမှ...)

ဒီအတိုင်းမနေပါနဲ့
မရယ်ပဲ မနေပါနဲ့
စကားတိုးတိုးမပြောပါနဲ့
အကာအစွပ်မပါပဲ မနမ်းပါနဲ့ - စသဖြင့် စသဖြင့်တွေ
ငါတို့နားလည်ထားသင့်တယ် - စသဖြင့် စသဖြင့်တွေ ။

တွေ့ဖူးတယ် တဝက်ပြိုကျနေတဲ့ အခုလိုလူ
အဲဒါ ငါကိုယ်တိုင်တောင်ဖြစ်နိုင်သေးတယ်
လမ်းသွားရင်း ပိုက်ဆံအကြီးဆုံးအတန် ကောက်ရနိုင်သလိုပါပဲ
မထင်မှတ်ပဲ ဘာလုပ်ရမှန်းမသိအောင် ဖိနပ်သဲကြိုးပြတ်သွားနိုင်တယ် ဘယ့်နှယ်လဲ ။

မြန်မာပြည်ဈေးကွက်ကို ဖြည့်တင်းရန်
နောက်ထပ် ငါ့ကဗျာအသစ်တပုဒ်ပေါ့
ကိတ်မုန့်လို၊ ဝီစကီလို၊ အရည်းကြီးလို၊ ဇီးသီးလို
အလိုပြည့်စေမယ်ပေါ့ သောကြာနေ့တိုင်း ။ ။

အောင်ချိမ့်
လှိုင်းသစ်မဂ္ဂဇင်း ၂ဝဝ၉ ဇန်နဝါရီလ

ပိန်းရွက်ထီး



လေပြင်းကလာ
ရွာပါတဲ့သည်မိုး
တို့တစ်တွေ အိမ်ပြန်ခက်လို့
ပိန်းရွက်ကို ကိုင်ကာချိုး
ထီးလုပ်လို့မိုး ။

နုယဉ်

ဖိုးစော်ကဲ



လွမ်းမပြေ မန်းမြေတမိတော့
ကမ်းခြေမှာ စမ်းရေစရယ်နဲ့
ဖျန်းလေက တသုန်သုန် ။
တဲတဖက်
ဆွဲဖျက်ကာ အရင်လိုရော့ထင်
ကရင်အို ယာပြင်ကြီးမှာ
မီးထဲ့လို့လှုံ ။
မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
လွှမ်းတဲ့လို့ လွှားကာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း ။
ဘေးအိတ်ကယ်လျှို
ဆေးလိပ်တို နားမှာထိုးပါလို့
တောင်ရိုးမှာ ဘာသာသူတို့
ကွင်းအငူ နှင်းမြူက စဲချိန်မို့
အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်စခန်း ။

လေးချိုး
အချုပ်တန်းဆရာဖေ

** အလွမ်းပြေစာတစောင် ** ( တင်မိုး )




အလွမ်းပြေအမေရေးတဲ့
ကောက်ကွေးကွေးအက္ခရာ ။

ခဲတံကိုတံတွေးဆွတ်လို့
ဖျက်ပွတ်ရာအစုံစုံနဲ့
စာသတ်ပုံမှန်ကန်လဲ
အမေ့ဥာဏ်ဘယ်လိုကောင်းပါလိမ့်
ပျောင်းညွတ်သည့်စာ ။

ဖိုးသာယာကျောင်းမှာတုန်းဆီက
သင်ပုန်းကုန်ကျွတ်အောင်မတတ်သော်လဲ
အမေ့မှာစေတနာဓါတ်တွေက
ဖြတ်ကနဲယိုလို့လာ
လွမ်းစာတဲ့ဆောင်ပါး ။

အမေမရှိသော်လဲ
ဖြေမိ ဖြေစရာပေါ့
သည်းလွမ်းစာ သည်လက်ရေးရယ်က
ပဲတီချဉ်သွယ်သွယ်ကွေးလိုပ
စီရေးပုံမပြေပါလဲ
စေတနာအလွန်သန့်တာမို့
အမေ့စာတကယ်ခန့်တယ်
အံ့မိပါတကား ။

တင်မိုး

** ဝေစု ** အောင်ချိမ့်



လမ်းထောင့်မှာ
ရပ်နေရှာတယ်
သစ်ပင်နဲ့ သစ်ရိပ်မှာ သူမဟာ ရောနှောလို့ ။

ပျံလွှားငှက်တွေ ကောင်းကင်ပေါ်လူးလာ
ချစ်ခြင်းမေတ္တာနဲ့ နည်းပါးတဲ့ မျှော်လင့်ချက်များ
မထုံတက်တေး မြင်တွေ့လေခဲ့
မိုးချုပ်တော့မယ် . . . တဲ့ ။

အမျိုးသမီးရေ
ငါ့အမျိုးသမီးရေ
လောကကြီးဟာ ဇာတ်လမ်းဇာတ်ကွက် ကြွယ်ဝလှတယ်
ငါတို့က စီးဆင်းကြရမြဲပဲကွယ် ။

အားလုံးပဲ ပျော်ရွှင်မှုရပါစေ
မနာလိုမရှိပါဘူး ။

ဖန်လာပုံက
အမှားကမ်းတစ်ဖက်စီ ငါတို့နှစ်ယောက်သား
ဒီတစ်ချီလည်း တင်းထားကြဦးစို့ ။ ။

အောင်ချိမ့်

** သတိရခြင်းများမှတ်စု ** အောင်ချိမ့်



မွေးဖွားစ အဲဒီတုန်းက
တွေးထင်ကိုင်တွယ်ခဲ့သလိုပင်
ခပ်ဖွဲဖွဲအပြာပါးပါး နှင်းတွေဝေလို့ရယ်
ငါ အခုပြက်ရယ်ပြုပုံမျိုးနဲ့ ခြားနားလွန်းတယ် ။

တစ်ခါစစ်ရှုံး၍
နှစ်သုံးဆယ် သည်းခံတတ်ခဲ့ခြင်းအတတ်
မွှေးကြူလိုသော ပန်းခင်းမှာ
တစ်ဆစ်ဆစ် ပျားများတုပ်သော ဒဏ်ရာ
ရောင်ကိုင်းစဉ်
မခင်တွယ်လိုတော့ခြင်း အဆိပ်ခွက်
ငါ့လက်မှာ တုန်ရီလျက် ။

စုဆောင်းမိတဲ့ ဝါးကျည်တောက်နဲ့အပြည့်
ခေတ်၏ ကာလ၏ . . . တဲ့
သူ့ရဲ့ရည်းစားစကားကြောင့် ပင်လယ်သွားမယ် ။

လက်နှိပ်ဓာတ်မီး ပစ်ကွင်းထဲ
မဲမဲတစ်အုပ်ပြီးတစ်အုပ်
ရွရွလှုပ်လို့ ပူဖောင်းတွေ ။

နေ့အတူ ညအတူ
အဖြူသုံးဖို့ဝန်လေး
အရေးကြီးတဲ့ အချိန်များကို ဇွန်းနဲ့ခပ်
ခင်ဗျား သိပ်ပြတ်သားပါတယ် ။

ရမက်အလိုကြီးလွန်းလိုပေါ့
ဒီလူမသေတော့တာ ။

အားလုံးအပေါ် မကောင်းနိုင်သေးပါ
အကောင်းဆုံးလူနည်းနည်းကို ကောင်းခဲ့ရန် . . .
ရင်ကွဲနာကျ ခေါင်းဖွက်ထားဆဲ ။

ပခြုပ်တွင်းမှ သီချင်းထွက်ပေါ်လာရာ
ငါ့ဦးခေါင်းအရေပြားတစ်ပြင်မှာ
မြွေဟောက်တွေ ရှုပ်ထွေးရှည်လျားလှပေါ့ ။

“ ဘယ်နှယ့်လဲ ”
သူရဲကောင်းက မေးခွန်းထမ်းလို့ ။

“တစ်လမ်းသာရှိပါတယ်”
လူမိုက်မို့ ယဉ်ကျေးမှုရွက်လို့ ။

တစ်ခါ . . .
အစွန်းတွက်စကားသံ
ကားသံနဲ့ ပေါက်တူးသံ
အဘိဓမ္မာများ ခြေဒရွတ်ဆွဲ
ဟောပြောပွဲနေ့များ နီးကပ်လာပြန်ပါပြီ ။

မြင်နေကျ ဆင်ခြင်တုံတရားဟာ
ခါးလိုက် . . .ချိုလိုက်။

လူငယ်ဟာ လူငယ်နဲ့မတူတဲ့ အရသာဟာ
အဝိုင်းစက်စက်
လေးထောင့်ကွက်ကွက် ။

မိန်းမရယ်
အပြစ်မရှိသော အိပ်ပျော်ခြင်းတစ်ခု
ငါ့အတွက် ပြုစုပေးဖို့ပဲပြောတာပါ ။

နာကျင်မှုများ သိပ်သည်းမှ
အကြောပြေလာသောသွေးများ
သေသပ်စွာ နှုတ်ခမ်းသုတ်တာ ကြုံဖူးတယ်။

ဟောဟို လူအရောက်နည်းတဲ့ တောင်ကုန်းနံဘေးမှာ
ရာဇဝင်ဆိုတာကို ပူဇော်ပါတယ် ။

အိပ်မက်ကိုနွားနို့နဲ့
တပ်ဆင်ပြီးစ စက်တင်ဘာညနေမှာ
ဖျင်ကုလားထိုင်နဲ့ အရုပ်ကြိုးပြတ်ထိုင်နေသူဟာ
ငါ့ပေါ့ ။ ။

အောင်ချိမ့်

ကဗျာ (၆)



တစ်ကိုယ်စာတောင်
မလောက်ငှရတဲ့အထဲမှာ
ငါ့ ဖျာပေါ်က ကြမ်းပိုး
တော်တော်သွေးဆိုးတယ် ...... ။

Bo Han

ကဗျာ (၅)



ဂျင်း ၊ ကြက်သွန်ဖြူမပါ
ဆီ ၊ ဆား ၊ ငံပြာရည် ၊ အချိုမှုန်မပါ
အသီးအရွက် ၊ အသားငါး မပါ
ဘာ Decoration မှ ပြင်မထားတဲ့
ဟင်းတစ်ပွဲ
ရင်ဘတ်ကို အပူတိုက်ပြီး
သင်တို့ အဆင်သင့်စားသုံးနိုင်ရန်
ချက်လုပ်လိုက်ပါသည် ။

( ...................
........................
............................. )

သင်တို့ ဆန္ဒအတိုင်းသာ
ပါးစပ် နဲ့ အရသာခံစားချင်လည်းစားပါ
ရင်ဘတ် နဲ့ တိုက်ပြီး စားချင်လည်း စားလိုက်ပါ
ဦးခေါင်းနဲ့ ဖြည်းဖြည်းချင်း တစ်တို့ခြင်းတို့ပြီးလည်း စားပါ
အထူးသတိပြုရန်မှာ “ ကဗျာဆရာကို ခေါင်းမစား ရန်သာ ”

“ ဘာ ဟင်းဖြစ်မယ်လို့ သင်ထင်ပါသလဲ ” 


ဘိုဟန်

ကဗျာ (၄)



အပျော်မယား လောက်တောင်
စကားမပေါက်ရှာတော့
ငါ့ ကဗျာဟာ
မျက်နှာ အတော်ငယ်ရှာတယ် ။

Bo Han

ကဗျာ (၃)



အစားမှားပြီး ၀င်လာတဲ့
ရောဂါလား
မျက်လုံးတွေက မသည်းကွဲဘူး
လမ်းတွေများရတဲ့အထဲ
ခြေဖ၀ါးနှစ်ဖက်က
လမ်းနဲ့ ခဏခဏလွဲတဲ့အခါ
ကိုယ့်အသိုက်အမြုံကို
အဖန်ဖန်ပြန်အားနာနေရတဲ့
နာတာရှည် ရောဂါ ။

Bo Han

ကဗျာ(၂)



ဘုရားသခင်ရဲ့
ဗျာဒိတ်တော်မှာတောင်
ဘယ်သူကဗျာဆရာ ဖြစ်ရေး
မပေးခဲ့ဘူး ။

ဖျာအောက် ထိုးထားလည်း
ကဗျာဟာ ကဗျာပါပဲ ။

ကဗျာဟာ ကဗျာဆန်ဖို့တော့ လိုတာပေါ့ ။

Bo Han

သမီးပြန်မလာတော့ဘူး အဖေ .......


September 23, 2013 at 5:04pm


“  နေစရာ ၊ စားစရာ မရှိရင်
အပင်ပမ်းခံ အစိုးရငြိုငြင်ခံမနေနဲ့
ဆန္ဒပြတာ၊သပိတ်မှောက်၊သပိတ်လှန်တာတွေ မလုပ်နဲ့
ထောင်ကျ တန်းကျ မိသားစုနဲ့
ဝေးရမှာ ညည်းတွေးမိလား 
ပြန်လာခဲ့ပါ သမီးရယ် ” တဲ့လား  ..... အဖေရယ်  ။

ခု သမီးပြန်မလာတော့ဘူး အဖေ ......


ဟုန်ရှင်းဟာ
ဘာအကြောင်းပြချက်မှ မပါပဲ
စက်ရုံကိုပိတ်
သမီးတို့ဘ၀တွေပါ ချုပ်ငြိမ်းပစ်ခဲ့တာပါ
ဒီ တူ လို လူတန်းစားတွေရဲ့
မျက်နှာလွဲ ခဲပစ် အနိုင်ကျင့်စော်ကားတာကို
ခံခဲ့ရရှာတဲ့
သမီးတို့လို့ အလုပ်သမ တွေရဲ့ဘ၀ကို တွေးမိရဲ့လား  အဖေ ။

ခု ခေတ်မှာ
ဒီလို လူမဆန်တာတွေကြောင့်ပဲ
တောကတက်လာတဲ့ အလုပ်သမတွေ
ဘ၀ကိုလမ်းပေါ်တင် ၊ ဗန်းပေါ်တင်ခဲ့ရတာတွေ
ဟော်တယ်ပေါ်တက် ၊ ကလပ်မှာပျက်ခဲ့
မျောခဲ့ရတဲ့ ဘ၀တွေ
အဖေ .... စာနာဖို့မေ့နေပြီလား
ဟိုအရင် အဖေ .... အသံထွက် ကျခဲ့တဲ့ မျက်ရည်တွေလေ ။

ခု သမီးပြန်မလာတော့ဘူး အဖေ ......
ခု သမီးပြန်လာရင်
နောင် သမီး မောင်လေး
အလှည့်မှာ ပြန်လာရမယ်
ခု သမီးပြန်လာရင်
နောင် သမီး ညီမလေး
အလှည့်မှာ ပြန်လာရမှာပဲ
အဖေ တွေးထားတဲ့ ခေတ်လို ရိုးရိုးခေတ် မဟုတ်ဘူး အဖေ
အဖေ ကြားထားသလို ဒီမိုကရေစီဟာ
ရန်ကုန်မြို့မှာ ရနေပြီ ဆိုတာ မဟုတ်သေးဘူး အဖေ ...... ။

ခု သမီးပြန်မလာတော့ဘူး  အဖေ ......

ဟောင်းနွမ်း ညစ်ထေးနေတဲ့ အလုပ်သမားဝတ်စုံကို ၀တ်
သမီးတိုတစ်တွေ အော်ဟစ်ကြွေးကြော်နေတယ်

ဒီ အလုပ်သမ အားလုံးဟာ ငွေတစ်ခုထဲကိုတောင်းဆိုခဲ့ကြတာမဟုတ်ဖူး အဖေ
ဒီ အလုပ်သမ အားလုံးဟာ အလုပ်မဲ့နေတဲ့ ခြေတွေလက်တွေအတွက်        
                                  လုပ်အားတွေ တောင်းနေခဲ့တာ အဖေ
ဒီ အလုပ်သမ အားလုံးဟာ နောင်မျိုးဆက်တွေရဲ့လှုံခြုံမှုအတွက်
                                  တိုက်ပွဲဝင်တေးကို ရေးပေးနေတာ အဖေ
ဒီ အလုပ်သမ အားလုံးဟာ နင်းပြား လူထုအတွက် 
                                  စွန့်စားစိတ်ကို ထုဆစ်ပေးနေခဲ့တာ အဖေ
တပြည်လုံးက လူ့သားတွေရဲ့မွေးရာပါ အခွင့်အရေးတရပ်ကို
မိုးထဲရေထဲမတ်တပ်ရပ်ပြီး  အော်ဟစ်တောင်ဆိုပေးနေခဲ့တာပါ အဖေရယ် .......

ခုလို မိုးထဲရေထဲ
တိုက်ပွဲဝင်ရမယ့် ခေတ်ကြီးထဲမှာ
တချိန်က သူရဲကောင်းတွေဟာ
ဝိဒေဟရာဇ် ပုပ်သင်လို
ပဲဝက်ဆွဲပေးလိုက်တာနဲ့ ဘ၀မေ့ကုန်ပြီ အဖေ ။
ဖိနှိပ်သူလူတန်းစားတွေရှေ့မှာ
ဇက်ထိုးပေးရင် ဇက်ပြတ်မှာပဲ
ဘ၀ထိုးပေးရင် အစရှာမရအောင်ပျောက်သွားမှာပဲ
သမီးတို့ရွက်ထားရတာက သူတို့ရဲ့ခြေဖ၀ါးတွေပါ
သူတို့ ဆိုရာမှာ
အဖေထင်တဲ့သူတွေပါတယ်
အဖေမထင်တဲ့ သူတွေ အကုန်ပါတယ် အဖေ ။

ခု သမီးပြန်မလာတော့ဘူး  အဖေ ......

ခုနေသမီးပြန်လာခဲ့ရင်
သမီးတို့ တကယ်လိုအပ်တာကို မမှုပဲ တောင်းဆို အံတုပေးမယ့်
NLD ဆိုတဲ့ အတိုက်အခံပါတီ မရှိတော့ဘူး အဖေ
သမီးတို့နဲ့ရင်ဘောင်းတန်း  လျှောက်လှမ်းဖို့
88 ဆိုတဲ့ကျောင်းသားအုပ်စု မရှိတော့ဘူး အဖေ
အခွင့်အရေးဆိုတာ ဇာတ်တိုက်ထားသလို အရစ်ကျ ပေးနေတဲ့

ခုလို ကြားခေတ်ကြီးမှာ သမီးပြန်လာရင် ဘယ်သူတွေ ဆက်လှုပ်ရှားကြမလဲ
ခုလို ကြားခေတ်ကြီးမှာ သမီးတို့ရလာတာ မသေချာမရေရာတဲ့အာမခံစကား နဲနဲပါးပါးလေးပါ
ခုလို ကြားခေတ်ကြီးမှာ ကြားပွဲစားတွေက ကြားကားဆွဲသွားမှာ သမီးတို့ရဲ့
                             တော်လှန်စိတ်ဓာတ် အဖေ ....
ခုလို ကြားခေတ်ကြီးမှာ သမီးတို့ရဲ့ နောင်မျိုးဆက်တွေရဲ့အနာဂတ် ရိုက်သတ်ခံရမှာ အဖေ .....
ခုလို ကြားခေတ်ကြီးမှာ ကြားညှပ်သွားသူတွေကို အဖေမကြားမိ ၊ မမြင်မိဘူးလား
ခုလို ကြားခေတ်ကြီးမှာ လူတိုင်း အမေခေါ် အမျှော်ကြီးမျှော်နေတဲ့
လူထုခေါင်းဆောင် ကိုယ်တိုင် လူထုအတွက် နှုတ်ဆိတ် ၊ နှုတ်ပိတ်နေတော့ရာ  ။

ခွင့်လွှတ်ပါ
ခုလို
ဒိုင်း ၊ လွှ ၊ ကာ မရှိတဲ့
ဂဂျိုး ၊ ဂဂျောင် ခေတ်ကြီးထဲမှာ
သမီးတို့ဟာ
ကိုယ်တိုင် ဘ၀နဲ့ အနာခံ တိုက်ယူမှ ရတော့မှာမို့

ခု သမီးပြန်မလာတော့ဘူး  အဖေ ............. ။


Bo Han

ကဗျာ(၁)



တောင်ကြည့် မြောက်ကြည့်
ဘယ်အရပ် မှ မသိတဲ့ကောင်ပါ ။

ကိုယ်ဝတ်စုံ ကိုယ်ထမ်း ထွက်ခဲ့မိတယ် ။

ဘ၀တွေ
အလှတွေ
အက္ခရာတွေ ဖွေရှာ
ခု
သား ချုပ်ကြောင်းတွေ ပြုတ်ထွက်နေပြီ မေမေ ။

မေမေ သီချုပ်ပေးမယ်ဆိုတာ သိပေမယ့်
ခြေဦးတည်ရာကိုကြည့်မိတော့
ပြန်လှည့်လာလို့ မရတော့တဲ့ အခါကြီးရက်ကြီး မေမေ ။

ဘိုဟန်

အ ရူး နဲ့ေ အာ် စ ကာ ဆု



အရူးဟာ
သူသရုပ်မ ဆောင် ခဲ့ရတဲ့ဇာတ်ကားအတွက်
အော်စကာဆုကိုတတ်ယူတယ်
စကားတွေကိုမပြတ်တမ်းပြောတယ်
လက်နှစ်ဖက်ကိုမြှောက်ပြီးအော်ဟစ်တယ်
လမ်းမထက်ပတ်ပြေးတယ်သူမ ပျော်ဘူးပြောပြီးရယ်တယ်
သူနဲ့ မတန်ဘူးလို့ ပြောပြီးငိုတယ်
သူရယူခဲ့တဲ့ရုပ်ထုကိုလူတကာလိုက်ပြတယ်
သူ့ ဘဝမှာဘယ် ဇာတ်ကားကိုမှသရုပ်မ ဆောင် ဖူးခဲ့တဲ့အ ကြောင်းရှင်းပြတယ်
အရူးဟာအရူးများနည်းတူအရူးစကားမတတ်ဘူး
ဂဏန်းသင်္ချာမ ပေးဘူးချောင်းမရိုက်ဘူး
ခေတ်ကိုလည်းမျက်ခြေမပြတ်ဘူး
ဘရစ်တ နေစပီးယားစိတ်ကျရောဂါရပြီး
ကိုယ့်ကိုကိုယ်လုပ်ကြံတာလည်းသိတယ်
ဆင် သွားရင် လမ်းဖြစ်တာလည်းသိတယ်
လမ်းဟာကွေ့ သင့်တဲ့နေရာမှာကွေ့ ပြီး
ချဲ့ သင့်တဲ့ချဲ့ တာလည်းသိတယ်
နေ့ ခင်းကြောင်တောင် ကားတွေမီးထိုးမောင်းတာလည်းမကြိုက်ဘူး
အရိပ် ရှိလို့ အ ရောင် ထင် တာကိုလည်းအားမ ပေးဘူး
အပွင့်ရှိလို့ သူ့ ကိုယ်သူကာကွယ်နေတဲ့
နှင်းဆီဆူးတွေကိုလည်းအထင်မကြီးဘူး
အရူးဟာ
သူသရုပ်မ ဆောင် ခဲ့ရတဲ့ဇာတ်ကားအတွက်
အော်စကာဆုကိုတတ်ယူတယ်
သူ ရင် ခုန်မ နေဘူးအ ကြောင်းအပါအဝင်
အ ရောင်တွေကိုလည်းမသင်္ကာတဲ့အ ကြောင်း
အရူးဟာကျေးဇူးတင် စကားပြောတယ်
သူ ၁၀ နှစ် ၁၀မိုးမျှော်လင့်ခဲ့ပြီးခုထိလည်းချစ်နေ သေးတဲ့
သူ့ ကိုမချစ်သူရည်းစားကိုအမွှန်းတင် တယ်
သူ့ ရဲ့ မမြင် ဖူးလိုက်တဲ့မိဘကိုကန့်ေ့ တယ်
အရူးဟာ
အော်စကာဆုကို
ယူပြီးတဲ့နောက်
ဝါးခနဲငိုပြီးပြောချလိုက်တယ်
ဒီလိုပါပဲ
လူပြိန်းတွေသာအိပ်ယာကိုစောစောဝင်ကြတာမဟုတ်လား
လူညံ့တွေသာမရူးဘဲနေကြတယ်မဟုတ်လား
အရူးဟာ
အော်စကာဆုကို ယူပြီးတဲ့နောက်
ယူခဲ့ပြီးတဲ့နောက်
အရက်ကိုပဲဖိေ သာက်တယ်ပြီးတော့ရယ်တယ်
ရယ်နေတုန်းမှာပဲငိုတယ် ငိုရင်းအရက်ကိုဆဲတယ်
အရက်ဟာမ ကောင်းဘူးဘဝဟာထင် သ လောက်မလွယ်ဘူး
အော်စကာဆုကလည်းလူတိုင်း မရဘူး
အရူးဟာ မ ပျော်ဘူး
ဟားတိုက်ပြီးပဲ ရယ်ချင်နေ တော့တယ်

ေ က မျိုး ငြိ မ်း
ပေဖူးလွှာ ဇန်နဝါရီ ၂၀၁၃

“ ဖြစ်နေကြပုံက ”



“ဟေ့… ဟေ့
ဘာတွေလုပ်နေကြပြန်ပြီလဲ
ဘီးတွေနောက်ပြန်လည်ကုန်မှဖြင့်…..”
ဒီလို စကားသံတွေ လျှံနေတော့။

ဗားဒေါ့ဘရက်က
ညည်းရှာသတဲ့။

“အမှောင်ခေတ်ကြီးထဲမှာ
မျက်မှောင်မကြုတ်တဲ့သူဟာ
ခေတ်ရဲ့ဒုက္ခတွေကို
မခံစားတတ်လို့” တဲ့။
……………………..

“ချစ်သူနဲ့ချစ်တဲ့အခါတောင်မှ
ဥပက္ခာစိတ်နဲ့
တဝက်ပဲချစ်နိုင်ခဲ့သတဲ့”

……………………

ပညာခေတ်က ညီလေးရေ
အနောက်လေနဲ့လွင့်လာတဲ့
အပေါစားကျမ်းဂန်တွေက
တမနက်ခံဂါထာတွေနဲ့
ငါတို့ခေတ်ကို
မန်းကြမှုတ်ကြပေါ့။

ရှောင်နေ
အေးအေးဆေးဆေးနေ
အကြမ်းမဖက်နဲ့
သူကဆိုပေမယ့်
ကိုယ်ကမတိုးနဲ့။

စိတ်အလိုဆန္ဒကို
ချုပ်တည်းပါ၊
တံခါးတွေကို
စကားတွေနဲ့ဖွင့်ကြ
ဘုရားတွေပါ ပွင့်လာတော့မယ့်ပုံ။

စိတ်တွေကို
ရေလောင်းပေါင်းသင်ပါ။
အတိတ်တွေကို
စိတ်အလိုအရ ဖြီးလိမ်းကြပါ။
မခံချင်စိတ်တွေနဲ့
အပေါင်းအသင်းမလုပ်နဲ့။
ကြေကွဲစရာခံစားမှုတွေနဲ့
မိတ်မဖွဲ့နဲ့။
မရှိမဖြစ်လိုအပ်ချက်တွေကို
မနက်ဖြန်သဘက်ခါ ချိန်းဆိုထားပြီး
မုန်တိုင်းကို သင်းသတ်ခဲ့တာ
ကောင်းကင်ကကြယ်တွေတောင်
ပျော့ဖတ်နေလေရဲ့။ ။

ထွန်းဝင်းငြိမ်း
[မဟေသီ ၂၈ နှစ်ပြည့်အမှတ်တရစာအုပ်မှ ကူးယူဖော်ပြပါတယ်]

ကျေးဇူးရှင်မိဘပြည်သူများခင်ဗျား


တကယ်တော့...

ဒီကိစ္စဟာတကယ်တော့မလွယ်ပါဘူး
မလွယ်ဘူးဆိုပေမယ့်လည်းခက်တော့လည်းမခက်ပါဘူး
ဘယ်လိုပြောရမလဲဆိုတော့ ဟိုဗျာ..
ခင်ဗျားတို့လည်းသိမှာပါ၊သိပြီးသားတွေပါ ဟုတ်တယ်မဟုတ်လား
အဲဒါပဲဗျ အဲဒါပဲ
တကယ်တော့ရှင်းပြီးသားတွေပါ
ခင်ဗျားတို့မရှင်းဘူးဆိုတာကိုပဲ ကျွန်တော်မရှင်းဘူးဖြစ်နေတယ်
တကယ်တော့စောစောကကျွန်တော်ပြောခဲ့သလိုပေါ့
ဘယ်လိုလဲဆိုတော့ အဲဒီလိုပေါ့ဗျာ...
ကျွန်တော်ပြောတာရှင်းတယ်မို့လား
ရှင်းရမယ်လေ ခင်ဗျားတို့လည်းဦးနှောက်ရှိတဲ့လူတွေပဲဟာ
ခင်ဗျားတို့စဉ်းစားကြပေါ့
တကယ်တော့ရှေ့ကအထုပ်တွေကို ကျွန်တော်တို့ကဆက်ပြီးထမ်းနေရတာပါ
ရှေ့ကလူတွေဆိုတာကလည်း ခင်ဗျားတို့သိတဲ့အတိုင်းပဲ
ကျွန်တော်တို့အားလုံးဟာ သမိုင်းအမွေကိုဆက်ခံနေကြရတာမဟုတ်လား
ခင်ဗျားတို့အတွက်စိတ်မကောင်းပါဘူးဗျာ တကယ်ပါ
ကိုယ့်ကိုယ်ကိုယ်လည်းသနားမိပါတယ် ဟဲဟဲ (မျက်ရည်ဝဲလျက်)
တကယ်တော့ဗျာ ဒီတောင်ကြီးတွေကိုမဖြိုချင်ပါဘူး
ဘာဖြိုစရာလိုလဲ ဟဲဟဲ
တကယ်တော့ဗျာ ဒီမြစ်ကြီးတွေကိုလည်းရောင်းမစားချင်ပါဘူး
ဘာရောင်းစရာလိုလဲ ဟဲ ဟဲ
တကယ်တော့ဗျာ ဒီပြည်တွင်းစစ်တွေကိုလည်းမတိုက်ချင်ပါဘူး
ဘာတိုက်စရာလိုလဲ ဟဲဟဲ
တကယ်တော့ဗျာ ဒီမြေတွေကိုလည်းမသိမ်းချင်ပါဘူး
ဘာသိမ်းစရာလိုလဲ ဟဲဟဲ
အဲဒီလိုပေါ့ဗျာ ကျွန်တော်တို့မှာကလည်းအမျှင်တန်းနေတော့
ဘ၀င်ချမ်းမြေ့တယ်
လို့တော့လည်းမဟုတ်ဘူးပေါ့ဗျာ
ကျွန်တော်တို့မှာက မလုပ်ချင်လည်းလုပ်နေရ
မစားချင်လည်းစားနေရဆိုတော့ ဟဲဟဲ
ကျွန်တော်တို့ဒုက္ခတွေ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ
ဘယ်လိုပြောရမလဲဆိုတော့ စောစောကကျွန်တော်ပြောခဲ့သလိုပေါ့
ကဲကဲ ခင်ဗျားတို့လည်းမတ်တတ်ရပ်နားထောင်နေရတာဆိုတော့ညောင်းနေရောပေါ့
ကျွန်တော်လည်းထိုင်ပြောနေရတာအတော်ညောင်းနေပြီ
ခင်ဗျားတို့ဘက်ကလည်းပြောစရာတွေရှိမှာပေါ့
ပြည်သူ့အသံကိုကျွန်တော်တို့ကြားချင်ပါတယ်
ပြောကြပါ ပြောကြပါ ပွင့်ပွင့်လင်းလင်းပြောကြပါ
ဒါပေမယ့် အခုတော့မဟုတ်သေးဘူး နောင်ကြုံတဲ့အခါပေါ့
ကျွန်တော့မှာက တခြားလုပ်စရာတွေကလည်း အများကြီးဆိုတော့
နောက် ကြုံတဲ့အခါပေါ့ ကျွန်တော်သွားလိုက်ပါဦးမယ်
ကျေးဇူးရှင် မိဘပြည်သူတွေရဲ့အသံကိုအမြဲတန်းဦးထိပ်ပန်ဆင်ထားနေပါတယ်
ကျေးဇူးတင်ပါတယ်

ကိုရွေး
၂၆-၉-၂၀၁၃

အပျင်းထူတမ်း - တင်မိုး



အဆင်းဖြူဖြူ နှင်းမြူတွေကြား
ပြဒါးလင်းဂူ သွားပြီး
အပျင်းထူထူနဲ့ ကစားချင်တယ်။

ဗိုက်ဆာမှ အမဲလိုက်
သူရဲတသိုက်လို ဆူညံ ဆူညံ
လူသံ သူသံနဲ့ ကင်းဝေး
အပျင်းမွေးပြီး အိပ်နေမယ်။

တဏှာလောဘတွေနဲ့
ကမ္ဘာလောကကို ရွ့ံမုန်း
ကိုယ်တုံးလုံးနဲ့ နေချင်နေ
နေမသိ လ မသိ
ညမရှိ နေ့မရှိ
အဲဒါမှ ဘ၀ပီတိ။

မငြင်းမခုန်ဘဲ
သီချင်းအစုံ ဆိုချင်ရာဆို
စိတ်လိုတိုင်း ဖန်တီး
ကကြီး ခခွေးတွေ
ရေးချင်ရာရေး
တွေးချင်ရာ တွေးနေမယ်။

အဟံ ငါတကား တွေနဲ့
ဈာန်ပျံကာ ကြွားနေတဲ့
မာန်သတ္တ၀ါသမားတွေကို
ဟားတိုက်လို့ ရယ်မောပြီး
တခေါခေါ အိပ်ပစ်မယ်။

မင်းရှိတာ ငါယူစား
ငါရှိတာ မင်းယူစား
အသားတွေ တဖဲ့စီဝေ
ရေအိုင်မှာ အတူသောက်
ဗိုက်မှောက်ပြီး နေတန်နေ
ဒီမြေဟာ အတူပိုင်တယ်
တူပြိုင် ဂူလိုဏ် သစ္စာတိုင်။

လမ်းတွေ အတူဖောက်
စမ်းရေ အတူသောက်ကြစို့
ဂူပေါက်ကို သွား၊ ဂူထဲမှာ နားမယ်
အမှားတွေ လုပ်ရတာ ပျင်းတယ်။

ပြဒါးလင်းဂူသွားပြီး
အပျင်းထူတမ်း ကစားရအောင် ။ ။

တင်မိုး
၂၆၊ ၆၊ ၂၀၀၄